စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Wednesday, October 31, 2007

Engineering Forum ကြေငြာ ခြင်း

အားလုံး မင်္ဂလာပါ။

ဒီနေ့ကစပြီး စိတ်မီးအိမ် မှာ Engineering Forum ကို စတင်ဖွင့်လှစ်ကြောင်းကြေညာအပ်ပါတယ်။

ရည်ရွယ်ချက်များ

၁။ မိမိကိုယ်တိုင်ရော တခြားသူပါ အင်ဂျင်နီယာ ဗဟုသုတ တိုးပွားရန်အတွက် အပြန်အလှန် ဆွေးနွေးတိုင်ပင်ကြရန်၊

၂။ လုပ်ငန်းပိုင်ဆိုင်ရာ နှင့် သင်ကြားရေး (သို့မဟုတ်) သုတေသန ဆိုင်ရာ ပြဿနာ များ နှီးနှောဆွေးနွေး အဖြေရှာရန်။

၃။ အဖွဲ့ ၀င်များ၏ Engineering English တိုးတက်လာစေရန်

၎။ အဖွဲ့ဝင်များအတွင်း သက်ဆိုင်ရာ Specialization အလိုက် နည်းပညာ ကွာဟမှု နည်းပါးစေရန်။

၅။ သိသင့်သိထိုက်သည့်နည်းပညာများ လေ့လာသိရှိနိုင်ရန် နည်းလမ်းညွှန်ပြဆွေးနွေးနိုင်စေရန်

၅။ အဖွဲ့ဝင်များအတွင်း နှီးနှောဖလှယ်မှု၊ မေတ္တာတရားတို့ကို ရှေ့တန်းတင်ပြီး အကောင်းမြင်သောနည်းဖြင့်အင်ဂျင်နီယာ ပန်းတိုင်များချမှတ် အကောင်အထည်ဖော်နိုင်ရန်

 

စည်းကမ်းများ

 

၁။ Engineering Education and Practice၊ မိမိကြုံတွေ့နေရသော အင်ဂျင်နီယာပိုင်းဆိုင်ရာ ပြဿနာများ နှင့် ပတ်သက်သော မေးခွန်းများ ကို လုပ်ငန်းပိုင်းဆိုင်ရာ သို့ သုတေသန ပိုင်းဆိုင်ရာ နှင့် ဆက်စပ် မေးမြန်းရမည်။

၂။ မေးခွန်းများကို အကိုးအကား၊ အထောက်အထားများနှင့်တကွ ဖြေဆို အကြံပြုရမည်။

၃။ ဤဖိုရမ် နှင့် ပတ်သက်သော  Post များကို "Engineering Forum" ဟု Label တပ်၍ တင်ရမည်။

၎။ အင်္ဂလိပ်စာတိုးတက်မှုကိုရည်ရွယ်ထားသောကြောင့် ပထမဦးစားပေး အင်္ဂလိပ်လိုရေးသားကြရမည်။ (Engineering Forum အတွက်သာ)

၅။ ဆွေးနွေးသည့်အခါ ပုဂ္ဂိုလ်ရေး ဦးတည်ချက်မထားဘဲ အကြောင်းအရာပေါ်တွင်သာ ဦးတည်ဆွေးနွေးရမည်။

၆။ Specialization အလိုက် ဆွေးနွေးမှုများ ပိုမိုတွင်ကျယ်လာပါက ဖိုရမ်ခွဲများ subforum ကို ဖွဲ့စည်း ဆွေးနွေးစေမည်။

၇။ အများသိရန်မလိုအပ်သည့် အမှားအယွင်းအသေးအဖွဲများကို gtalk မှတဆင့် ကူညီအသိပေးရမည်။

 

မှတ်ချက်။      ။ ဤဖိုရမ်သည် စိတ်မီးအိမ် ၏ တက်ကြွသော အစိတ်အပိုင်း တစ်ခုဖြစ်သောကြောင့် အားလုံး အသေးအဖွဲမှအစ တက်ကြွစွာ အသုံးချ ဆွေးနွေးစေလိုပါသည်။

လက်ရှိ အနေအထားတွင် ဖိုရမ်ကို ယေဘုယျသဘောအနေဖြင့် Specialization များအားလုံးကို Engineering Forum အောက်တွင်သာ ပေါင်းစုထားပါမည်။ နောင်တွင်ကျယ်လာလျှင် subforum များ ခွဲခြားစေပါမည်။

စိတ်မီးအိမ် ဥယျာဉ်မှူးများ

[+/-] အပြည့်အစုံသို့...

Tuesday, October 30, 2007

တမိတည်းဖွားသည့် သံယောဇဉ်

ဒီခေါင်းစဉ် ကို ရဖို့ တော်တော် စဉ်းစားခဲ့ရပါသည်။ ရေးချင် တဲ့ အကြောင်းအရာကတော့

စိတ်ထဲရှိပြီးသားပါ။ အကြောင်းအရာကို ခြုံငုံမိသည့် ခေါင်းစဉ် ပေးဖို့ စဉ်းစားနေတာကြာပြီ။ ဒီနေ့မှ ခေါင်းစဉ် စိတ်ထဲ တက်လာသဖြင့် ကောက်ရေးလိုက်ခြင်းဖြစ်သည်။

အဖြစ်က ဒီလိုပါ။ ကျောင်းသူ၊ကျောင်းသားတွေသည် ကျောင်းစတက်စ ပထမနှစ်၊ ဒုတိယနှစ်မှာ နယ်တူရာကို မိတ်ဆွေဖွဲ့ပြီး သံယောဇဉ်ထားတတ်ပါသည်။ နောက် တစ်နှစ်လောက် ကြာပြန်လျှင် မိမိတို့ စိတ်တူ၊ကိုယ်တူ အဖွဲ့လေးကို ပိုလို့ သံယောဇဉ် တိုးတတ်ကြပြန်ပါသည်။ သို့ပေမယ့် ကျောင်းပြီးသွား၍ နှစ်ပေါင်းများစွာ ကြာသည့် အခါ တမိတည်းဖွားသည့် သံယောဇဉ်ကလေး မသိမသာ ကိန်းအောင် ရင့်သန်လာတတ်ပါသည်။ မိမိတို့ မိခင် ကျောင်းတော်ကို တမ်းတ အောက်မေ့ရင်း မိခင်ကျောင်းက ထွက်သူတိုင်းသည် မိမိနှင့် မွေးချင်း မောင်နှမ တော်စပ်သူတွေလိုပင် ခံစားလာရတတ်ပါသည်။

(၁)

အချိန်သည် ၂၀၀၆ ခုနှစ်။ ကောင်းတမန်သည် အင်ဒိုနီးရှားနိုင်ငံ၊ဘန်ဒေါင်းမြို့တွင် ပညာသင်ဆဲဖြစ်သည်။ ချောက်ဂျီတီအိုင် ကျောင်းသားဟောင်းများ စုစည်းနိုင်ရန် နေရာလေးတစ်ခု ရှာဖွေနေချိန်ပင်ဖြစ်သည်။ ထိုနေရာသည် အခြားနေရာမဟုတ်။လိုင်းပေါ်က တနေရာရာ။ ဒီတော့ သူငယ်ချင်းဟောင်းတွေ အကုန် စုရမည်။ လိုက်ရှာသည်။ ထိုကဲ့သို့ လိုက်ရှာရင်း ကောင်းတမန် လိုင်းပေါ်တွင် ၀င်းအေး၏ မိတ်ဆက်ပေးမှုကြောင့် အရိပ်ကို စတင်တွေ့ရှိခဲ့သည်။

အရိပ်ဆိုသူ ကို ကောင်းတမန်မသိ။ သို့ရာတွင် သူ့အမကို သိသည်။ အရိပ်ကို မသိဆိုသော်လည်း လူကိုသိ၏။ နာမည် ကို လည်း သိ၏။ သို့ရာတွင် ကျောင်းတက်တုန်းက မရင်းနှီးခဲ့သည့်အတွက် ထိုလူနှင့် ထိုနာမည်ကို တွဲ၍မသိပေ။ အရိပ်သည် လည်း ထို့အတူပင်။ မိမိကို မသိ။ သို့ရာတွင် ကိစ္စမရှိ။ တမိတည်းဖွားမောင်နှမတွေ၊ ချောက်မြို့၏တခွင်၊ ဖိုးလှကြီး၏ ရင် မှာ အတူတူ ကြီးသူတွေ။ ဒီတော့ မောင်နှမတွေ နွေးထွေးစွာ နှုတ်ဆက်သည်။ ကျောင်းဆင်းဖော် မဲ့နေသူတွေ ပီပီ ကျောင်းတုန်းက အကြောင်းတွေကို စားမြုံ့ပြန်ကြသည်။

ထိုသူတို့အဖွဲ့သည် မယ်မယ်ရရမဟုတ်။ အရိပ်က ပြောတတ်သည်။

"နင်သိလား။ ငါတို့ အဖွဲ့က ခေတာ မဟုတ်ဘူး။ဒေါ်စန်းဦးမော် အချိန်ကြီးကို ကျောင်းသားတွေအကုန် ချင်တောင်မ ခေါ်သွားပြီး အခန်းကြီးပိတ်ထားခဲ့တာလေ။ ဒေါ်စန်းဦးမော် နဲ့တွေ့ရော သိလား။ ငါတို့ အဖွဲ့ တော်တော် အကျိမ်းခံလိုက်ရတယ်။ ငါတို့ မြို့ပြမှာ ဆရာမက ထက်တယ်လေ။ သူက စည်းကမ်း အတင်းဆုံးပဲလေ။ ဒါပေမယ့် နောက်တော့လည်း ဆရာမနဲ့ ရင်းနှီးသွားတယ်ဟ"

ကျွန်တော်ကလည်း သူပြောသမျှ ချင်တောင်မ၊ဒေါ်စန်းဦးမော် စသည်တို့ကို ပြန်လည် စဉ်းစား လွမ်းဆွတ်ပြန်သည်။ သို့ပေမယ့် ကျွန်တော် က မြို့ပြမှမဟုတ်ပေ။ သို့ပေမယ့် ဘာပဲပြောပြော ချောက် ဂျီတီအိုင် အကြောင်းကိုတော့ မိမိနားထောင် ချင်တာ အမှန်ပင်။

ကျောင်းတုန်း က တစ်ခါမှမျှ စကားမပြောဖူးသော မောင်နှမတွေ ခုလို လိုင်းပေါ်မှာ မနားတမ်း စကား

ဝိုင်းဖွဲ့တတ်တာ ချစ်စရာ ဓလေ့ပင်။ ၈ နှစ်မျှသော အချိန်တို့သည် မသိသူတို့ကို မောင်နှမ ပြုလုပ်နိုင်စွမ်းရှိခဲ့ပေပြီ။ အမိ ဂျီတီအိုင် ကို လွမ်းမိပါ၏။

ဤသို့ဖြင့် အရိပ်နှင့် စကားဝိုင်းမှ တဆင့် ကျောင်းဆင်းဖော် သူငယ်ချင်းတို့သည် အသီးတစ်ရာ အညှာတစ်ခု အဖြစ် ကျရာနေရာ မှာ ရရာစား၍ ဘ၀ အတွက်၊ တိုင်းပြည်အတွက် အလုပ်လုပ်နေကြရကြောင်းသိရှိရ၏။ နှစ်ပေင်းများစွာ ခွဲခွာနေရသော တစ်ဆောင်တည်း နေ သူငယ်ချင်းဇော်ထိုက် အကြောင်းကိုလည်း အရိပ်မှ တဆင့် ပြန်လည် သိရှိခဲ့ရ၏။ ဆက်သွယ်ခွင့်ရရှိခဲ့ပေ၏။ ဇော်ထိုက်သည် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအောက်ရှိ ရေအားလျှပ်စစ်ဆောက်လုပ်ရေး ဌာနတွင် အင်ဂျင်နီယာတာဝန်များ ကို ထမ်းဆောင်နေပေသည်။ သူသည် တောင်ငူတွင် အခြေစိုက်၍ နယ်များတွင် ကွင်းဆင်းလုပ်ငန်းရကြောင်းလည်း သိရှိရပေ၏။

အရိပ်သည် ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသော အင်ဂျင်နီယာတစ်ဦးဖြစ်နေပေပြီ။

အကြောင်းအားလျော်လျှင် သူငယ်ချင်းများ တွေ့ဆုံဖို့ စကားဆိုမိကြ၏။ ထိုသို့ တွေ့ဆုံခွင့်ရခဲ့ပါမူ အနွေးထွေးဆုံးသော စကားဝိုင်းတို့ ရရှိဦးမည်ထင်သည်။ လောကဓံအောက်တွင် ထိုကဲ့သို့သော စကားဝိုင်းများ မပြောရသည်မှာ ကြာမြင့်ခဲ့ပြီမဟုတ်လား။

(၂)

ဖေးမ ကူညီမှုသည် ထုတ်ဖော် ၀င့်ကြွားမှုများ မပါသောအခါ ပို၍ မင်္ဂလာရှိပေ၏။

ကျောင်းတော်သူ ကျောင်းတော်သား တို့သည် ဖေးမ ကူညီမှုကို နောက်တော်ထုံးတမ်း မပျက်တမ်း ပို့ချပေးခဲ့၏။ အတန်းကြီးသူသည် အတန်းငယ်သူကို ကောင်းမှု၊မကောင်းမှု အားလုံး သင်ပြပေးလေ့ရှိ၏။ ထိုအရာသည် သင်လိုချင်သည် ဖြစ်စေ၊ မလိုချင်သည် ဖြစ်စေ ကျောင်းတော် သာတို့၌ လက်ဆင့်ကမ်းမြဲဖြစ်၏။

ထိုလက်ဆင့်ကမ်း သည့်အထဲမှ ကျောင်းတော်မှ ထွက်ခွာ၍ နှစ်ပေါင်းများစွာ ကြာမြင့်သည့်အခါ ကြွင်းကျန်ရစ်နေမည့် အရာသည်ကား ကောင်းမှု လက်ဆင့်ကမ်းခြင်းဖြစ်ပေသည်။

အချိန်သည် ပြောင်းလဲလာသည် နှင့်အမျှ ကောင်းတမန် တစ်ယောက် အင်ဒိုနီးရှားမှ ပြန်လာပေပြီ။ ထိုအချိန်ကား ၂၀၀၇ ခုနှစ် ဇူလိုင်လ။

ထိုလသည် ကောင်းတမန် ကို အသေသတ်မတတ် ရက်စက်ခဲ့သောလ။ အမှန်အတိုင်း ပြောရလျှင် ကောင်းတမန် ငိုခဲ့ရသောလပင်။

အခြေအနေ တစ်ခု၏ လိုအပ်ချက် အရ ကောင်းတမန် နေပြည်တော်သို့ ခရီးထွက်ရသည်။ ကောင်းတမန် ၏ အဖေသည် လည်း သနားစရာပင်။ သားတစ်ယောက်ကို ယခုအချိန်ထိ ပညာသင်ပေးခဲ့ပြီးပြီ။ ယခုထိလည်း လိုက်လံစောင့်ရှောက်နေရဆဲ။ ထိုနေ့က ကောင်းတမန် နှင့် အဖေသည် နေပြည်တော်ကို ရန်ကုန်မှ ရထားဖြင့် ဆန်တက်လာသည်။ နေပြည်တော် ရောက်သည်နှင့် ကိုရွှေမိုးက ကြိုဆိုသည်။ မြန်မာ နိုင်ငံ၏ မုတ်သုံမိုးသည် နေပြည်တော် ကို မပီဝိုးတ၀ါး ရေးဆွဲနေသည်။ နေပြည်တော် သည် ကောင်းတမန် အတွက် အသစ်။ ထို့အတူ နေပြည်တော်သည် သူ့အတွက်လည်း သူ့ကိုယ်တိုင်သည် အသစ်ပေ။ ထို့ကြောင့် အရာရာသည်စနစ်တကျမရှိလှပေ။

ကျွန်တော် နှင့် အဖေသည် မိုးကို အံတုကာ ဆိုင်ကယ် ငှား၍ သွားလိုရာ ဦးတည်ရာကို ချေဆန့်ကြသည်။ လက်မှတ်ထိုးစရာ ရှိသည် များ ထိုး၍ ပြီးစီးသည့်အခါ ကျွန်တော် အဖေ့ကို ဒီထက် ပို၍ မနှိပ်စက်ချင်တော့။ ထို့ကြောင့် သူငယ်ချင်း အသိဝန်ထမ်း အရာရှိတစ်ယောက် အခန်းတွင် တစ်ညမျှတည်းခိုပြီး နောက်နေ့ မနက်စောစော ၅ နာရီ ကားဖြင့် အဖေ့အား အိမ်ပြန်စေသည်။ အိမ်ရောက်မှ အဖေ စိတ်ချလက်ချ နားနေနိုင်မည် မဟုတ်လား။ အဖေသည် ကျွန်တော့် ကို နေပြည်တော် တွင် ရာသီဥတု ကြမ်းချိန်ဖြစ်၍ ကျန်းမာရေးဂရုစိုက်ရန် သတိပေး၍ ထွက်ခွာသွားသည်။

ကျွန်တော် လုပ်စရာရှိသည်များ လုပ်ကိုင်ရန် နေပြည်တော်တွင် အနည်းဆုံး တစ်ပတ်ခန့် နေထိုင်ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ အရာရှိကဆို၏။ ကိစ္စ မရှိ။ ကျွန်တော် တွေးမိ၏။ သို့နှင့် နေတဓူဝ ရုံးကိစ္စ တို့ဖြင့် အချိန်ကို ကုန်လွန်စေ၏။ သို့ရာတွင် မမြင်ဖူးသေးသော တမိတည်းဖွားသည့် အရိပ်ကို တွေ့ချင်၏။ ဇော်ထိုက်ကို တွေ့ချင်၏။ ထို့ကြောင့် ရက်ပိုတချို့ရရန် အချိန်ကို လုယက်၍ သေချာစီစဉ်ကာ ကိစ္စများ မြန်မြန်ပြီးစီးအောင် လုပ်ဆောင် မိသည်။

သို့ရာတွင် မှန်းချက်နှင့် နှမ်းထွက်မှာ တခါတရံတွင် သက်သက်စင် အောင် လွှဲတတ်သည်။ နေပြည်တော်တွင် သယ်ယူပို့ဆောင်ရေးအတွက် လိုင်းကားများရှိသော်လည်း တစ်နာရီခြားစီခန့် သာပြေးဆွဲကြသည်။ဝန်ထမ်းဖယ်ရီများ ရှိသော်လည်း ရုံးဆင်းချိန်၊ရုံးတက်ချိန်များသာ။ သို့အတွက် ခေတ္တမျှလာသော ကျွန်တော်သည် အခက်အခဲများ စတင်တွေ့ရပြီ။ အချိန်မှီ ပြီးစီးရေး၊သူငယ်ချင်းများကို တွေ့ခွင့်ရရှိရေးတို့အတွက် ကျွန်တော် အပြေးတလွှားလုပ်ရမည်။ ထို့ကြောင့် ဆိုင်ကယ်များကိုသာ ငှားရမ်း၍ ဌာနပေါင်းများစွာ နှင့် မိတ္တူကူးသည့် နေရာများကို ပြေးလွှား ရသည်။ ဖုန်းဆိုင်များကို လူးလွန့် ခေါက်တုံ့ပြေးရသည်။ မုတ်သုန်မိုးများ သည်းထန်နေသော်လည်း ကျွန်တော်က ဆိုင်ကယ် ဖြင့်သွားရသဖြင့် ထီး မဆောင်းနိုင်။ မိုးကာ အကျီကိုလည်း နေပြည်တော်ကို ခုမှ ရောက်သည့် လူသစ် ကျွန်တော် ဘယ်နေရာတွင် ၀ယ်ရမှန်းမသိ။ အမှန်တော့ ခေါင်းမာတာလည်း ပါသည်။ တကယ်ဆို ဈေး၌  ၀ယ်၍ရမည်ဖြစ်သည်။ သည်လိုနှင့် မိုးထဲတွင် နေ့ပေါင်းများစွာ ဆိုင်ကယ်စီးရာမှ အဆုတ်သည် အအေးပတ်စပြုလာသည်။ ထိုကဲ့သို့ ဖြစ်ဖူးပေါင်း များပြီဖြစ်၍ ဆိုးရွားစွာဖြစ်မည်ဟု မထင်။ ထို့ကြောင့် အင်ဒိုနီးရှားမှ ပင် စိတ်ကူးယဉ်ခဲ့ရသော ချဉ်ပေါင်ကြော်များ ကို အ၀တုတ်လိုက်သည်။ ပြီးလျှင် ရိုးရိုးဆေးဆေးများ သောက်သည်။ သို့သော် နေပြည်တော်တွင် အစားအာဟာရ မျှတစွာ            

ဝယ်ယူမစားသုံးတတ်။ ထိုနှစ်ခု ပေါင်းသော အခါ ကျွန်တော်သည် အဖျားကြီးစွာ ရတော့သည်။ လုပ်လက်စ ကိစ္စများ ရပ်၍ အိပ်ရာထက် လှဲလေသည်။

သို့ရာတွင် ကျွန်တော်သည် ဆေးရုံကို မည့်သို့ သွားရမည်မှန်းမသိ။ မိုးရွာထဲတွင် ဆိုင်ကယ်ခေါ်လိုလျှင်ပင် လက်ရှိတည်းခိုနေသော အဆောင်မှ မိုင်ဝက်ခန့် လှမ်းလျှောက်ရမည်။ ထိုမိုးသဲထဲတွင် တစ်မိုင်ခန့် လှမ်းလျှောက်ရန် ကျွန်တော် မှာ အင်အားတို့ မရှိပြီ။ အလိုလို တိုက်ခန်းထဲ နေလျှင်ပင် မေးချင်ရိုက်အောင် ချမ်းနေသည်။ သို့သော် ချမ်း၍ အနွေးထည် ၀တ်ပြန်လျှင် ချွေးစေးများပြန်လာပြန်သည်။ ဘာလုပ်ရမှန်းမသိ။ သည်လိုနှင့် ဘာမှ မစားဖြစ်။ ကံဆိုးချင်တော့ ကျွန်တော် တည်းခိုသော အခန်းပိုင်ရှင်သူငယ်ချင်းသည် တာဝန်ဖြင့် ဓါတ်တော် သို့ ခရီးဆန့်လေပြီ။ သို့သော် ကျွန်တော် စိတ်တင်းသည်။ ဘာမျှ ထွေထွေထူးထူး ဖြစ်မည် မဟုတ်။ အဖျားတို့ ၏ ထုံးစံအတိုင်း အချိန်တန်လျှင် ပြန်ကျမည်ဟု ပေါ့ပေါ့တွေးမိသည်။

 

(၃)

္က္ကဤသို့ ဖျားနေစဉ်တွင် ကိုကြွက်ကို တွေ့၏။ ကျွန်တော် နေပြည်တော် ရောက်ရှိနေမှန်းသိ၍ သူ့သူငယ်ချင်း ဆိုင်ကယ် ယူလာ၍ ကျွန်တော့်ကို လာတွေ့သည်။ ကျွန်တော့်ကို ဖျားရက် တွေ့သောအခါ သူအံ့အားသင့်နေ၏။ သူလာသော အချိန်တွင် ညနေပိုင်းဖြစ်၍ ကျွန်တော်သည် ဟန်ဆောင်၍ ထနိုင်၊စကားပြောနိုင်၏။ ညပိုင်းသာ ဖြစ်လျှင် စကားပြောနိုင်မည်မဟုတ်။ ထို့နောက် သူ၏ စီစဉ်မှုဖြင့် ကျွန်တော် နေပြည်တော် ကုတင် (၃၀၀) ဆေးရုံသို့ သွားရောက်ပြသ၏။ ဆရာမ သည် အပူချိန်ကို တိုင်း၏။ ထို့နောက် ဆရာဝန်မ အား ဆေးစာရေးပေးသည်။ ဆရာဝန်မ နှင့် ဆရာမသည် ကျောင်းမှ ဆင်းခါစ လူငယ်များဖြစ်သည်။ သမားဆို အိုမှတဲ့။ ဒုက္ခပဲ ကျွန်တော် ဘာဆက်ဖြစ်မလဲ တွေးနေမိသည်။ သို့ရာတွင် ဆေးခန်း တစ်ခု မျှမရှိသော နေပြည်တော်တွင် ဤသည်ပင်လျှင် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။ ဆရာမ သည် ကျွန်တော် တွင် ငှက်ဖျားသွေးမရှိဟု ဆို၏။ ဆရာဝန်မသည် ငှက်ဖျားဆေးမရှိသော်လည်း ကျွန်တော် ကို ငှက်ဖျားဆေးများ ပေး၏။ ကျွန်တော် မသောက်ချင်။ ဖတ်ဖူးသော စာအများ အရ ငှက်ဖျားဆေးသည် ငှက်ဖျား မရှိပဲ မသောက်သုံးရ။ ပိုဆိုးတာက ကျွန်တော်တွင် ဘာအစားအစာ အာဟာရမှ ဓါတ်ခံမရှိ။ ဘာလုပ်မည်နည်း။ နောက်နေ့တွင် ထပ်မံပြသရဦးမည်။ ဆေးမသောက်ခဲ့လျှင် မသောက်ခဲ့၍ မပျောက်ကြောင်းပြောဦးမည်။ သောက်လိုက်ရုံသာ။ ဒီလိုနှင့် အဲသည်ည ကိုကြွက်တို့ မြို့တော် စည်ပင် အိမ်ရာတွင် လိုက်အိပ်သည်။

သူငယ်ချင်းများနှင့် နွေးနွေးထွေးထွေးပေါ့။ အဖျားပျောက်နိုင်မည် ဟု ယုံကြည်မိသည်။ သို့ရာတွင် မမျှော်လင့်ထားသည့်နောက်ဖြစ်ရပ်တစ်ခု ကြုံရပြန်သည်။ ကိုကြွက်တို့ စည်ပင် တစ်စုလုံး နေပြည်တော် မြို့တော်ခန်းမသို့ပြောင်းရသည်။ ချက်ချင်းဆိုသလို ကြိုတင် အသိမပေးပဲ တီအီးကားစိမ်းကြီးဖြင့် ပစ္စည်းများ လာတင်သည်။ ထိုအချိန်တွင် ကျွန်တော်က ငှက်ဖျားမရှိပဲ၊ ငှက်ဖျားဆေးများကို စားသုံးထားခြင်း၊ အစားအသောက်ပျက်ခြင်းတို့ ဖြင့် ကိုယ့်ရှေ့က အရာကို ပင် သဲကွဲစွာမမြင်နိုင်အောင် မူးဝေနေပြီ။ ကိုကြွက်သည် ကောင်းရှာ၏။ ကျွန်တော့်ကို စောင်တစ်ထည်ခြုံစေ၍ ဆိုင်ကယ်ဖြင့် ယခင် အခန်းသို့ လိုက်ပို့သည်။ သူသည် ကျွန်တော်ကို လိုက်ပို့ပြီး ပစ္စည်းများ ချရန် သွားလေပြီ။ ကျွန်တော့်ကို စိတ်မပူဖို့အကြောင်း သူတစ်ခေါက်လာကြည့်မည့်အကြောင်းပြော၍ ထွက်ခွာသွားလေသည်။

သူထွက်ခွာသွားသောအခါ တင်းထားသော စိတ်ကို လျှော့၍ အဖျားတက်လိုက်မိသည်။ အတွင်းထဲမှ လှိုက်၍ လှိုက်၍ ချမ်းတော့သည်။ ချမ်းသော်လည်း ချွေးစေးများထွက်ပြန်သည်။ ဘာလုပ်ရမည်နည်း။ ဘာမှမလုပ်တတ်။ ဘယ်မှ မသွားတတ်။ ဘယ်သူမှ မရှိ။ ကြိတ်မိတ်ပြီးအိပ်သည်။ အိပ်ရာကနိုးတော့ နည်းနည်း သက်သာသလိုပင်။ အချိန်က ည ၂ နာရီလောက်။ ဒုက္ခပဲ။ ဗိုက်ဆာသည်။ စားစရာမရှိ။ သို့ဖြင် ထပ်၍ အိပ်ဖို့သာ။ သို့သော် မပြီးသေးသော အလုပ်ကိစ္စများ ကို စဉ်းစားမိသည့်အခါ အိပ်မပျော်နိုင်။ နံနက်လင်းခါနီးချိန်အိပ်ပျော်ပြန်သည်။ နံနက် ၉ နာရီနိုးသည်။ မိုးကျနေသည့်ကြားမှ အင်္ကျီကို ဆောင်းကာ ဆိုင်မှာ ထမင်းဆီဆမ်းသွားစားသည်။ ပဲကိတ်တစ်ထုပ် ၀ယ်၍ နေ့လည်စာအတွက်ယူလာသည်။ နေ့လည်ရောက်တော့ လဲစရာမရှိတော့သော အ၀တ်များကို မလျှော်နိုင်သဖြင့် ချေးထူသည့် အင်္ကျီတွေကို ပြန်ဝတ်ရပြန်သည်။

ဘာပဲပြောပြော တစ်ယောက်ယောက်ကို မျှော်မိသည်။ အိမ်ကို သတိရသည်။ အိမ်တွင်ဆိုလျှင် အမေသည် ရေနွေးပူပူ ကို မပြတ် အိုးတည်၍ သောက်ခိုင်းမည်။ အ၀တ်များကို ချွေစိုနေလျှင် မနားတမ်း လျှော်၍ မနားတမ်း လဲခိုင်းမည်။ မြန်မာ့ဆေးများဖြင့် ကုမည်။ ချွေးထုတ်ခိုင်းမည်။ တည့်သည့် အာဟာရဖြစ်သည့် ကျွန်တော် ကြိက်သည်များကို ချက်ပြုတ်ကျွေးမွေးပြုစုမည်။ ခလုတ်ထိမှ အမိတသည် ပြောပြော။ ကျွန်တော် အမေ့အိမ်ကို လွမ်းသည်။ သို့မဟုတ် သူငယ်ချင်း တစ်ယောက်ယောက်ဖြစ်ဖြစ် အနားရှိစေချင်သည်။ အားပေးစေချင်သည်။ အဖျားတက်နေချိန် အဖော်တစ်ယောက်ကို တမ်းတသည်။

သေချာသည်မှာ ကိုကြွက်ပြန်လာနိုင်မည် မဟုတ်။ မြို့တော်ခန်းမ သည် ကျွန်တော်တို့ တည်းခိုသောနေရာမှ လွန်စွာ ဝေးကွာလှသည်။ သူ့ပစ္စည်းများ ချရမည်။ ပြန်စီရမည်။ အခန်းသစ်ရှင်းရမည်။ ဘယ်သူလာနိုင်မည်နည်း။ ဘယ်သူမှ မလာနိုင်။ သို့သော် မတတ်နိုင်။ သည်တည တော့ စိတ်ကို တင်းထားရမည်။ မနက်ဖြန် နိုးသောအခါ အနီးဆုံးတွေ့သူကို အတင်းအကူအညီတောင်းမည် ဟု စဉ်းစားထားသည်။

ဤမျှ သက်သာကောင်းမွန်နေခြင်းသည်ပင် ကိုကြွက်၏ ကောင်းမှုကြောင့်ဖြစ်သည်။

(၄)

ထို့သို့စဉ်းစားပြီး လုပ်စရာ၊စားစရာ မရှိသောအခါ သောက်လက်စ ငှက်ဖျားဆေးများ သောက်၍ ထပ်မံ အိပ်ပျော်ရန် ကြိုးစားသည်။ အိပ်ပျော်လျှင် အဖျားကို မေ့သွားနိုင်သည်။ သို့သော် အိပ်မပျော်။ အဖျားသည် သူ၏ ဒီဂရီကို မြှင့်တင်နေလေပြီ။ အပူချိန်သည် ရုတ်ချည်း ထိုးတက်သွားသည်။ အတန်ငယ်ကြာလျှင် ရုတ်ချည် ပြန်ဆင်းသွားပြန်သည်။ ထိုဒဏ်ကို ခန္ဓာကိုယ်သည် အလူးအလဲ ခံနေရသည်။ ချမ်းလွန်းလျှင် အရမ်း ချမ်းတုန်နေပြီ။ ပူလျှင်လည်း အတွင်းအစိတ်အပိုင်း အားလုံး ကွဲထွက်မတတ်ပူနေသည်။ ကျွန်တော် နေပြည်တော် ငှက်မိပြီလား။ တွေး၍ ကြောက်နေမိသည်။ ဒီနေ့ည ဘယ်သူမှငါ့ကို မတွေ့လိုက်ပဲ ငါ လျှောတော့မည်လား။ ထိုမျှ တွေးပူနေပြီ။ ကျွန်တော့်မှာ အဖော်မရှိ။ ဆေးမရှိ။ စားစရာမရှိ။ ဖျားနားမှု ဒဏ်ကို တကယ် ကို မဖော်ပြတတ်တော့။ နံပေနေ့သည် ဂျင်းအင်္ကျီကို ထပ်မံ      

ဝတ်၍ ထိုင်တချည် အိပ်တလှည့် ကြိုးစား၍ စိတ်ကို စုသည်။ မည်သို့မှ မရ။ ခေါင်းသည်  

ဝင်္ကပါလှည့်နေ၏။ အပူသည် ခေါင်းကို တဒိတ်ဒိတ် တိုးနေ၏။ ငှက်ဖျားပိုး ဦးနှောက်ကို ရောက်ပြီလား။ ငါ မသေရဘူး။ ငါ မသေရဘူး။ စိတ်ကို ကြိုးစားစုစည်း၏။သို့သော် မရ။ မမေ့တချက်။ မေ့တချက်။ အိပ်ပျော်ပြန်သည်။ နိုးပြန်သည်။ နိုးလျှင် မျက်စိထဲတွင် ကြယ်၊လတို့စုံနေပြန်၏။ ငါ ဒီအတိုင်းဆက်နေရင် သွားတော့မယ်။ ကျွန်တော် ကုန်ရုံးထမိ၏။ မရ။ အော်ကြည့်၏။ မရ။ ထိုသို့ အပြန်အလှန် ဖြစ်ပျက်နေရင်း မည်ကဲ့သို့ ဖြစ်သည် မသိ။ ကျွန်တော် အိပ်ပျော်သွားသည်။ သို့မဟုတ် မေ့မျောနေသည်။

နောက်ဆက်သိချိန်တွင် ကျွန်တော်ခန္ဓာသည် အရုပ်ကြိုးပြတ်။ ကျွန်တော် ကိုယ်ကိုကိုယ်ပြန်သိခြင်းမှာ အသံတခုကြောင့်ဖြစ်မှန်းသိရသည်။ ထိုအသံသည် တံခါးခေါက်သံ။ ထို့နောက်က လူသံများ ကြားရသည်။ ငါ့အခန်းကို ခေါက်တာလား။ ထို့နောက် သဲကွဲစွာကြားရသည်။ ဒီအခန်းကို ခေါက်တာ။ ကျွန်တော် အားတက်သွားသည်။ ဘာပဲပြောပြော တစ်ယောက်ယောက်လာလျှင် အကူအညီ ပေးတန်ကောင်းမည်။ ကုန်းရုံးထသည်။ ဟန်မဆောင်နိုင်။ နုံးရနေသော ခန္ဓာကို သယ်၍ တံခါးဝဆီသွားပြီး ဖွင့်ပေးလိုက်သည်။

ဟင်.............အရိပ်။

လိုင်းပေါ်မှာတွေ့တဲ့ တမိတည်း ဆင်းတဲ့ သူငယ်ချင်း။ မျက်စိတို့ မယုံချင်။ တကယ် 

ဝမ်းမြောက်သွားသည်။ နေမကောင်း တကောင်းက ဖုန်းဆက် စဉ် ပေးခဲ့သော မပြည့်စုံသော လိပ်စာဖြင့် သူရောက်အောင်လာခြင်းဖြစ်သည်။

"ဟေး..သယ်ရင်း၊ ကြည့်စမ်း နင်ဖျားနေတာလား"

"အေး......ဟုတ်တယ်။ ငါမရတော့ဘူးဟာ"

"ငါ လုပ်ငန်းက ကားပါတယ်လေ။ လာ ဆေးရုံးသွားရအောင်"

ဆေးရုံ။ တွေးမိသည်။ ငှက်ဖျားဆေးများ မလိုအပ်ပဲ ပေးခဲ့သော ဆေးရုံကိုပြန်မသွားချင်။ ဒါပေမယ့် တခြားနည်းလမ်းမရှိ။ ဆရာဝန်မ ကို သေချာ ရှင်းပြရမည်သာ။ ကားပေါ်ရောက်မှ အရိပ်ကို ရှင်းပြသည်။

"ငါ့ကို ဆရာဝန်မ က မဖျားပဲ ငှက်ဖျားဆေးတွေ သောက်ခိုင်းလို့ ခုလိုဖျားတာဟ"

"ဟုတ်လား။ ဒါဆိုလည်း ဆေးရုံရောက်ရင် သေချာပြောတာပေါ့ဟာ"

သည်လိုနှင့် ဆေးရုံကို ရောက်သည်။ အရေးပေါ်လူနာတစ်ယောက် ရောက်နေ၍ ခဏ စောင့်ကြရသည်။

ဆရာဝန် မ အသစ် ကို တွေ့ရသည်။ သူနာပြုဆရာမတော့ မပြောင်း။ ဆရာဝန်မ က သောက်ထားသော ဆေးတွေ အကုန်မေးသည်။ မဖျားပဲ ငှက်ဖျားဆေးများ သောက်ခိုင်းခြင်းကြောင့် ယခုကဲ့သို့ ဖြစ်ရကြောင်းသူကရှင်းပြသည်။ ၀မ်းသာလိုက်သည့် ဖြစ်ခြင်း။

"အပျောက်ကုပြမယ်။ ဒီဆေးတွေကို အပတ်ကုန်အောင် သောက်လိုက်" ဟုဆို၍ ဆရာဝန်မ က ဆေးအသစ်တွေပေးသည်။ ထိုးဆေး တစ်လုံးလည်း ထိုးသည်။ ဘာပဲ ပြောပြော စိတ်ပေါ့သွားသည်။ ထိုးဆေး နှံ့သောအခါ ကိုယ်ပါပေါ့သွားသည်။ အားတက်သွားသည်။

ဆေးရုံမှ ပြန်သောအခါ အရိပ်က

"ငါ့ သူငယ်ချင်းကို သနားပါတယ်ဟာ၊ ငှက်ဖျားဆေးကြောင့် နင်ခံရာတာ၊ အစားကို မျှတအောင်၊ အားဖြစ်အောင် စားနော်သယ်ရင်း။ ငါ အချိန်မရလို့။ အချိန်ရရင် ကြေးအိုး ၀င်တိုက်တယ်။ ငါတို့က ပျဉ်းမနား ဟိုဘက်ထိ ဆက်မောင်းရဦးမှာ။ ဒီတော့ နင့်ကို ခု ပြန်လိုက်ပို့မယ်။ နင် မနက်ဖြန် သေချာ အားဖြစ်အောင် ၀ယ်စားနော်"

ဆိုပြီး အရိပ် က ကျွန်တော့်ကို အဆောင် ကို လိုက်ပို့ပါသည်။ ပေါင်းလောင် ကနေ နေပြည်တော် အထိ တကူးတက လာတွေ့သည့်၊ ဆေးရုံလိုက်ပြသည့် အရိပ်နှင့် ကားမောင်းဆရာ၊ ပြီးတော့ သူနှင့်အတူ ပါလာသည့် သူငယ်ချင်း ၂ ယောက် အားလုံးကို ကျေးဇူးတင်သည်။ အဖော်မဲ့ နေချိန်တွင် ကူညီဖေးမပေးခဲ့တာ မမေ့နိုင်ပါ။ မိမိတစ်ယောက်တည်းဆို ထိုည ဘာဖြစ်မည် မသိ။ အသက်သခင် ကျေးဇူးရှင်များ ကို ကျေးဇူးတင်မိသည်။

(၅)

တကယ်တော့ အရိပ် ကို ကျွန်တော် ကျောင်းတုန်းက ကောင်းကောင်းမသိပါ။ သို့သော် သူသည် ငယ်သူငယ်ချင်း တစ်ယောက်ပမာ ဖြစ်ခဲ့ပြီမဟုတ်လား။ တမိတည်းဖွားသည့် သံယောဇဉ် သည် မရင်းနှီးဖူးသော်လည်း ရင်းနှီးဖူးသည်ထက် ပို၍ရင်းနှီးစေသည်။ မောင်နှမတို့သည် ထာဝရ အေးချမ်းကြပေ၏။ အရိပ်၊ကိုကြွက် တို့ အားလုံးကို ကျေးဇူးတင်၍ မဆုံးတော့။

ထိုနည်းတူစွာ မိမိ အလှည့်ကျလျှင် မောင်နှမသွေး၊ညီအစ်ကိုသွေးပြရန် အဆင့်သင့်ဖြစ်အောင် ကြိုးစားနေမိပါသည်။

ဖေးမ ကူညီမှုသည် ထုတ်ဖော် ၀င့်ကြွားမှုများ မပါသောအခါ ပို၍ မင်္ဂလာရှိပေ၏။

[+/-] အပြည့်အစုံသို့...

ဒို့ ချစ်ရတဲ့ ဆရာ ဆရာမ များ အကြောင်း (၂)

ဒီနေ့တော့ ကောင်းတမန် စာနည်းနည်းဆို နည်းနည်းလေးကြည့်ပြီး ကိုယ့်ဘာသာ စိတ်ကျေနပ်ချင်ယောင်ဆောင်လိုက်ပြီး ဒီစာကို ကောက်ရေးလိုက်တာ။

ဒုတိယပိုင်း အနေနဲ့ ပွင့်လင်း၊ရိုးသားပြီး တပည့်တွေ ကို သံယောဇဉ်ကြီးတတ်သူ ဆရာမတစ်ယောက်ကြောင်း ပြောချင်ပါတယ်။

အဲဒီဆရာမ က ဘုတလင်သူ။ ရုပ်က ပြတ်သားသလို စကားပြောလည်း အရမ်းပြတ်သားတယ်။ စာကိုလေးစားသလောက် အလုပ်လည်း စည်းကမ်းတကျ နဲ့ အရမ်းလုပ်တတ်သူပါ။ ကောင်းတမန် အမ်တီယူ တက်တုန်း က ဆရာမ နဲ့ စသိခဲ့ရတာပါ။

ပထမဆုံး ဆရာမ ကို စတွေ့တာ အမ်တီယူ မှာ အင်တာနက် သုံးဖို့ ကျောင်းသားအားလုံးကို စတင် ပညာပေးပွဲလေး တစ်ခုမှာပါ။ ဒီ ပညာပေးပွဲလေးကို ဆရာကြီး ဒေါက်တာ အောင်ကျော်မြတ် ဦးဆောင် မှုနဲ့ ဆရာမ ရဲ့ ပို့ချမှုတွေနဲ့ စခဲ့တာပါ။ ဂေါ်ဂယ် လောက်ကိုတောင် အထူးတဆန်း ဖြစ်နေတဲ့ သူ့တပည့်တွေ သိလိုဇောနဲ့ မေးတာတွေ ဖြေရင်း "နောက်ထပ် လင့်ခ်တွေ လိုက်ချင်ရင် လက်ပုံလေးကို ဆက်နှိပ်ပါ" လို့ မနားတမ်း စေတနာ အပြည့် နဲ့ ရှင်းပြတဲ့ ဆရာမ ကို အဲဒီပွဲလေးကနေ စတွေ့သိခဲ့တာပါ။

ဆရာမ နာမည်ကတော့ ဒေါ်ခင်လေးမြင့် လို့ ခေါ်ပါတယ်။ နာမည် က မြန်မာဆန် သလောက် ရုပ်ရည် က လည်း မဟာဆန်၊မြန်မာဆန် တဲ့ ဆရာမပါ။ အထူးသဖြင့် ဆရာမဟာ ကျောင်းသူ၊ကျောင်းသားတွေကို နှစ်လိုတဲ့ အပြုံးလေး အမြဲတမ်း လက်ဆောင် ပေးတတ်ပါတယ်။ ကျောင်းသူ၊ကျောင်းသား တွေနဲ့ မောင်နှမတွေလို ရင်းရင်းနှီးနှီး ပေါင်းတတ်ပါတယ်။ စကားပြောခါနီးရင် နာမည်ကို အရင်ခေါ်လေ့ရှိပါတယ်။ ပြီးရင် တည်တည်ကြီး ကြည့်ပြီး တည့်တည့် ပဲ ပြောတတ်တဲ့ ဆရာမကို တွေ့စ၊ သိစက တပည့်တွေ ကြောက်လည်းကြောက်၊လေးလည်း လေးစားခဲ့ရပါတယ်။

daw khin lay myint

(ပုံ) အညာတမာတန်း နှင့် မြန်မာဆန်သည့်ဆရာမ

 

ဒီလို နဲ့ အမ်တီယူ Main Building ဒုတိယထပ်က အင်တာနက် ခန်းလေးမှာ အီးမေးလ် ဘယ်လိုသုံးမလဲ၊ News group တွေနဲ့ ဘယ်လိုချိတ်မလဲ စတာတွေ ကို စိတ်ရှည်လက်ရှည် သင်ကြားပေးခဲ့ တဲ့ဆရာမကို ခုလို ဘလော့ပေါ်မှာ ကန်တော့ခွင့်ရတာ တော်တော်လေး ကို ၀မ်းသာပါတယ်။ အရေးကြီး ပြီး ဆိုက်ဒ်သိပ်ကြီးတဲ့ ဖိုင်တွေကို အချိန်ကန့်သတ်ချက် ကြောင့် လိုင်း အပြည့်အ၀ မသုံးနိုင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် ဆာဗာမှာ မနားတမ်း ထိုင်ကူး၊ စီဒီတွေ မနားတမ်း ရိုက်ပေးတဲ့ ဆရာမကို ကျွန်တော်တို့ အားလုံး အရမ်း ချစ်ကြပါတယ်။

နောက်နှစ်မှာ ကျွန်တော် တို့ အတန်းကို ဆရာမ က Computer Applicationဆိုတဲ့ဘာသာရပ် ကို အင်ဂျင်နီယာတန်းတွေအားလုံးအတွက် မိတ်ဆက်သင်ကြားပေးပါတယ်။ စာကို အမြဲတမ်း အလေးအနက် ထားတတ်တဲ့ဆရာမ က အတန်းစာတွေ ကုန်အောင် သင်ပြီးတဲ့ အချိန်မှာ ကျောင်းသားတွေ နားလည်တတ်ကျွမ်းမှု စစ်ဆေးရန် စာတမ်းအသေးစားလေးတွေ ပြုစုပြီး အတန်းရှေ့မှာ အဖတ်ခိုင်းခဲ့တာ ကို သတိရသေးတယ်။ ဘာကိုမဆို စနစ်တကျ လုပ်တတ်တဲ့ ဆရာမကို ခုအချိန်မှာ ကျေးဇူးတင်မိပါတယ်။ အတန်းရှေ့မှာ အင်္ဂလိပ်စကားမပြောသူတွေကို အင်္ဂလိပ်လို ခပ်တည်တည် ထွက်ပြောခိုင်းတော့ ရလာတဲ့ အတွေ့အကြုံတွေကို တနေ့မှာ ကျောင်းသားတွေ လုပ်ငန်းခွင် သို့မဟုတ် သက်ဆိုင်ရာနယ်ပယ်မှာ ကောင်းကောင်း အသုံးချ ဖို့ မြေတောင်မြှောက်ပေးတာပါလားလို့တွေ့းပြီး နောက်မှ တကယ်ကြုံမှ ဆရာမကို ကျေးဇူးတွေတင်လို့ဗျာ။

ဒီလို နဲ့ အမ်တီယူမြေရဲ့ ခြောက်သွေ့တဲ့ တမာတန်း နဲ့ ပင်လက်ပံ နီရဲရဲ၊ မြူနှင်းတွေ ခ တဲ့ ရေတံခွန်၊ မြခနောက် နဲ့ ရန်ကင်းတောင် တွေ၊ မိုးသည်းလွန်းရင် မလုံတတ်တဲ့ ကနောင်၊မက္ခရာ၊ပြင်စည် နဲ့ ညောင်ရမ်း၊ လှပတဲ့ ကျောင်းဆောင်၊ ကျောင်းတော်သားတွေ အားလုံးဟာ အနာဂတ်တွေ ကို အနာဂတ်မှန်းမသိအောင် ဖိစီးသိမ်းဆည်းရင်း နဲ့ နှစ်တွေ ကုန်လွန်ခဲ့ပါတယ်။ ဒီလို နဲ့ ကျွန်တော် တို့လည်း အမ်တီယူမြေကို နှုတ်ဆက်ခဲ့ရတယ်။ ဆရာမကို လည်း နှုတ်ဆက်ခဲ့ရပါတယ်။

နောက်နှစ်တွေမှာ ဆရာမလည်း မြန်မာပြည် အထက်အောက် ကူးရပြန်တယ်။ ဆရာမ နဲ့ ကျွန်တော်တို့လည်း ကွဲသွားလိုက်။ ပြန်တွေ့လိုက်။ ဟော ပြန်ကွဲလိုက်။ တခါတလေ ပြန်တွေ့လိုက်။ ခဏ တဖြုတ်ပါ။ နောက် ကျွန်တော် အဝေးတနေရာ ရောက်သွားတဲ့ အခါ ဆရာမ က မုံရွာ ကွန်ပျုတာ ဘက်မှာ ရောက်နေတယ်တဲ့။ သူ့နယ်နား နီးတဲ့ နယ်မှာ တာဝန်ထမ်းဆောင်ရတာ ဆရာမ ပျော်မှာပါလို့ တွေးမိခဲ့တယ်။ တခါတလေ ဆရာမ ဆီ က မမျှော်လင့်ချိန် မေးလ် တွေ လာတတ်တယ်။ ဆရာမ က တပည့်တွေကို အချိန်မရွေး၊ နေရာမရွေး ဂရုစိုက်ခဲ့တယ်လေ။ မေးလ်နဲ့ ဆုံးမပြန်တယ်။ စာကြိုးစားရမယ်။ သုတေသန ကို သေချာ ဖိလုပ်ရမယ်။ စသဖြင့်ပေါ့။

အဝေးတနေရာ ရောက်နေခဲ့တဲ့ ကျွန်တော်ဟာ တခါတလေ မှာ အလုပ်တွေ အရမ်းပိပြီး ဖိအားတွေများ နေရင် လုပ်လက်စ ကို ရပ်၊ရပ်နေမိတတ်ပါတယ်။ အဲလို အချိန်မျိုး ဆရာမကို လိုင်းပေါ် ခဏတွေ့ခဲ့ရင် ဆရာမဟာ သူ့တပည့်ရဲ့ ပြဿနာ တွေ ကို ဘယ်လို ဖြေရှင်းရမလဲ ဆို တာ သွန်သင်ပြန်တယ်။ တရားထိုင် ခိုင်းမယ်။စိတ်ငြိမ်ရင် အရာအားလုံး ချောမွေ့စေဖို့တဲ့။ ဆရာမရဲ့ တပည့်တယောက် အပေါ်ထားတဲ့ စေတနာပါ။ မှတ်မှတ်ရရ ကျွန်တော် အဝေးတနေရာကနေ ပြန်လာခါနီးမှာ သုတေသန လုပ်နေတုန်း တော်တော် ကြီးကို စိတ်ဓါတ်ကျစရာ တခု ကြုံခဲ့ရဖူးပါတယ်။ ဆရာမက လိုင်းပေါ်တွေ့တိုင်း ပြောတယ်။ သူတပည့်တွေကို မေတ္တာ ပို့တဲ့ အကြောင်း။ ကျွန်တော်လည်း သူ့ပို့သတဲ့ မေတ္တာကြောင့် ဘယ်လို အဆင်ပြေမယ့်အကြောင့်ပေါ့။ မိခင် ငုံးမကြီးက ငုံးဥတွေ ကို အဝေးက မေတ္တာပို့ အကောင်ပေါက်စေသလို ဆရာမလည်း ကျွန်တော်တို့ကို အဝေးကနေ အကောင်ပေါက်စေခဲ့ပါတယ်။ သုတေသန လုပ်နည်း တွေ၊ အချိန်မီ ပြီးစီးအောင် ဘယ်လို နည်းနာသုံး ဆောင်ရွက်ရမယ်ဆိုတာတွေ၊ ကျမ်းကြီးကျပ်သူနဲ့ ဆက်သွယ်နည်းတွေအားလုံးကို ဆရာမ သင်ပြပေးခဲ့ပါတယ်။

ဆရာမတို့ နေတဲ့ တိုက်ဝါ ဘက်ကို သွားလည် ခဲ့တဲ့ အချိန်တွေဟာလည်း အမှတ်တရပါ။ ခိုင်ဇော်လင်း၊ငြိမ်းဝေ တို့နဲ့ ဆရာမဆီကို သွားသွားလည်တတ်တယ်။ ဒါက အမ်တီယူတုန်းကပါ။ အစီအစဉ် မကျအောင် ရေးတတ်တာ ကိုက ကျွန်တော့ အကျင့်။ ခုကြည့် ပြောနေရင်း တခါ နောက်ကြောင်းလှည့်နေပြန်ပြီ။ အဲလို သွားလည်ရင် ဆရာမ က ကော်ဖီပူပူလေးနဲ့ ပေါင်မုန့်ထောပတ်သုတ်လေး လုပ်ကျွေးတတ်ပါတယ်။ အဲလို ညတွေဆို ကျွန်တော် တို့ စကားတွေ ဖောင်ဖွဲ့ကြတယ်။ ဆရာမက သူ့တို့ တက္ကသိုလ်တက် တုန်း က အဆောင်မှာ မိန်းကလေး တွေ ချည်း သူခိုးဖမ်းတဲ့ အကြောင်း ပြောချင်ပြောမယ်။ တခါတလေမှာ သူတို့ သုတေသန လုပ်တဲ့ အကြောင်းတွေ ပြောချင်ပြောမယ်။ ဆရာမ ရဲ့ ပွင့်လင်း ပြီး တည့်ပြောတတ်တဲ့ အကျင့်၊ သရုပ်ပေါ်အောင် ပြောဆိုတတ်တဲ့ အကျင့် တို့ကြောင့် အားလုံး ဟာ ကျွန်တော်တို့ အတွက် အမှတ်တရ စကားတွေပါ။ အဲလို မျိုးဆက် တစ်ခု ကနေ တစ်ခု ဆီကို သမိုင်းစကား ပါးစပ် နဲ့ သင်ပြပေးတတ်သေးတဲ့ ဆရာမပါ။

မှားတာလုပ်ရင် ငေါက်မယ်။ မှန်တာ လုပ်ရင် ထောက်ခံမယ်။ တပည့်တွေ ကို မောင်နှမတွေလို ဆက်ဆံမယ်။ အင်မတန် ရိုးသားအေးချမ်းမယ်။ မြန်မာဆန်တယ်။ အလုပ်စနစ်တကျ စည်းကမ်းကျနစွာ လုပ်တတ်တယ်။ တပည့်တွေ အကူအညီ လိုရင် မနားတမ်း၊မမောတမ်း လိုက်လုပ်ပေးတတ်တယ်။ အချိန်အခါ နဲ့ တပည့်တွေကို ကောင်းစွာ နားလည် ဖေးမတယ်။ အဲလို ဂုဏ်တွေ နဲ့ ဆရာမ ကို ကျွန်တော် နေပြည်တော် ကို ခဏရောက်တုန်း တွေ့ခဲ့ရသေးတယ်။ ဆရာမ ကို အားပါးတရ သွားကန်တော့ခဲ့ရတယ်။ တော်တော် ၀မ်းသာပါတယ်။ ဆရာတပည့် တွေ ထုံးစံ အတိုင်း မတွေ့တာ ကြာတေ့ စကားပြောကြတာ အားပါးတရပါပဲ။ အဲဒီည က နေပြည်တော်မှာ မှတ်မှတ်ရရ ဆရာမတို့ အဆောင်ကအပြန်၊ ဆိုင်ကယ် ကယ်ရီ မရလို့ အကြာကြီး စောင့်ခဲ့ရသေးတယ်။

ဒီလိုနဲ့ ဆရာမ ကို နေပြည်တော် မှာ ကန်တော့ နှုတ်ဆက်ပြီး ကျွန်တော်တို့လည်း လောကထဲကို ခုဆို ဆက်လက် ပျံသန်းနေကြပြန်ပါပြီ။

ခုတော့ ဆရာမကို ဘလော့ဂ်မှာ ဒီစာလေး နဲ့ အပဲ သီတင်းကျွတ်မှာ မှတ်မှတ်ရရ ကန်တော့ ပါတယ်။ တပည့်သားတွေသည် ဆရာမအပေါ်မှာ ကာယကံ၊၀စီကံ၊ မနောကံတို့မှ ပစ်မှားခဲ့သည်ရှိသော် ခွှင့်လွှတ်ကျေအေးပေးပါ ဆရာမ ခင်ဗျာ။

 

 

စာကြွင်း။     ။ဆရာမချက်ကျွေးတဲ့ မြန်မာဆန်ဆန် ထမင်း၊ဟင်းတွေ နောက်မှ လာစားဖြစ်အောင် စားဦးမယ်။

ဆရာမ ရဲ့ ဘလော့ဂ် ကို သွားရောက် လည်ပတ်ချင်သူများ မကြီးပါချူး ဆိုတဲ့ လင့်ခ်ကနေ သွားရောက်ကြပါခင်ဗျာ။

[+/-] အပြည့်အစုံသို့...

မြန်မာ့သစ်တောက်ငှက်

သည်နေ့တော့ ရွာသားတို့၏ ထုံးစံအတိုင်း လိုင်းပေါ်တွင် တောလည်ထွက်ခဲ့မိရာမှ မြန်မာ့သစ်တောက်ငှက်တို့ အကြောင်း စူးစမ်းလေ့လာမိပေသည်။

မြန်မာ့ သစ်တောက်ငှက်တို့ အကြောင်းမပြောမီ သစ်တောက်ငှက်အကြောင်း ယေဘုယျဆွေးနွေးလိုသည်။

သစ်တောက်ငှက်သည် သစ်တော၊သစ်အုပ်မှာ ပျော်မွေ့ပြီး သစ်ပင်တွေပေါ်မှာ နေထိုင်လေ့ရှိသည့် ငှက်အမျိုးအစားဖြစ်သည်။

အရွယ်အစား

သစ်တောက်ငှက်တို့ကို အသေး၊အလတ်နှင့် အလယ်အလတ်အဆင့်အကြီးစား ငှက်များ အနေဖြင့် သုံးမျိုးတွေ့နိုင်ပေသည်။ အကြီးဆုံး သစ်တောက်ငှက်သည် (၁၉) လက်မမှ (၂၁) လက်မ အထိ အရှည်ရှိပြီး (၁) ပေါင် မှ (၁.၂၅) ပေါင် အလေးချိန် ထိ ရှိသည်။ ပျမ်းမျှသက်တမ်း မှာ (၄) နှစ်မှ (၁၁) နှစ်ထိ အသက်ရှင် နေထိုင်ကြသည်။

ထူးခြားသည့် ၀ိသေသ

၎င်းတို့သည် ၄င်းတို့၏ အသက်မွေးဝမ်းကြောင်း ထူးခြားမှု နှင့် နေထိုင်ကျက်စားရာ နေရာဒေသ တို့ ကြောင့် လူသိများ ထင်ရှားသည့် ငှက်မျိုးပင်ဖြစ်သည်။ အထူးသဖြင့် ဆောက်သွားကဲ့သို့ ထက်မြက်သော နှုတ်သီးများ အသုံးချ၍ သစ်ပင်၏ပင်စည် ကို ထိုးဖောက်ကွဲအက်စေ၍ အထဲရှိ ပိုးမွှားများကို စားသုံးခြင်းဖြင့် တောင်သူလယ်သမား များကို အကူအညီပေးသည့် မိတ်ဆွေငှက်များဖြစ်ပေသည်။ ထို့ပြင် နှုတ်သီးကို အခြားအပင်ငယ်များအောက်ရှိ ပိုးမွှားများ ရှာဖွေရန် မြေကို တူးဆွခြင်း၊ အသိုက်အမြုံဆောင်လုပ်ခြင်းတို့ အတွက်လည်း အသုံးပြုကြပေသည်။

ထူးခြားသည့် ၀ိသေသမှာ ရှေ့ ဘက်သို့ ထိုးထွက်သည့် ခြေချောင်း နှစ်ချောင်း၊ ဘေးဘက် သို့မဟုတ် နောက်ဘက် သို့ ထိုးထွက်သည့် ခြေချောင်း နှစ်ချောင်း ပါရှိခြင်းပင်ဖြစ်သည်။ ယင်းဝိသေသကြောင့်ပင် ၎င်းတို့သည် ခန္ဓာကိုယ် ကို သစ်ပင် ပင်စည် ဖြင့် ထောင့်မှတ်ကျ ကျက်ခြေခတ်၍ အထက်၊ အောက် သွားလာနိုင်ကြပေသည်။

အစားအစာ

အဓိက အစားအစာမှာ အင်းဆက်ပိုးမွှားများ၊ သစ်သီးများ၊ နှင့် အခွံမာ အသီးများ ဖြစ်သည်။

အမျိုးကွဲ နှင့် အရေအတွက်

ကမ္ဘာပေါ်တွင် သစ်တောက်ငှက် မျိုးကွဲများ (၂၈) မျိုးရှိပြီး မျိုးစိတ် (၂၁၅) မျိုး ထပ်မံခွဲခြားနိုင်ပေသည်။ တိကျ သည့် သစ်တောက်ငှက် အရေအတွက် ကို ကမ္ဘာပေါ်တွင် သုတေသန ပြု ကောက်ယူထားခြင်း မရှိသေးပါ။

မိတ်လိုက်ရာသီ

အမျိုးကွဲ အမျိုးမျိုးပေါ် မူတည်၍ ကွဲပြားကြသည်။

သိုက်မြုံဥ နှင့် မျိုးပွားခြင်း

ဥ (၄) လုံး ခန့် အထိ ဥကြသည်။အမိ နှင့် အဖ တို့သည် သစ်ပင်၏ အခေါင်းတွင် အသိုက်ဆောက်၍ ဥများ ကို မျိုးပွားစေသည်။ ဥ စဥချိန်မှ အကောင်ပေါက်ချိန်အထိ (၂)ပတ်ခန့် အချိန်ယူသည်။ မွေးကင်းစ သစ်တောက်ငှက်သည် အတောင်များ မပါရှိသေးပဲ အမြင်အာရုံလည်း မရရှိသေးပေ။မွေးကင်စ သားသမီး များကို အမိ၊အဖ အနက် တစ်ကောင်မှ စောင့်ရှောက်၍ တစ်ကောင်မှာ အားလုံးအတွက် အစာရှာရပေသည်။ အကောင်ပေါက် သားငယ် များအတွက် အရွယ်ရောက်၍ အသိုက်မှ ထွက်ခွာနိုင်သည်အထိ (၂၅) ရက်မှ ရက် (၂၀) ထိ ကြာမြင့်ပေသည်။

မြန်မာနိုင်ငံတွင် တွေ့ရှိနိုင်သော သစ်တောက်ငှက် အမျိုးအစား တချို့ ကို တွေ့ရှိနိုင်သော နေရာနှင့်တကွပူးတွဲတင်ပြအပ်ပါသည်။

အမျိုးအစား

ကျက်စားရာ နေရာ

ရင်ကျား သစ်တောက်ငှက်ဝိတိုရိယတောင်
ဒါဂျီလင်း သစ်တောက်ငှက်ဝိတိုရိယတောင်

ဝမ်းဗိုက်နီညို သစ်တောက်ငှက်

ဝိတိုရိယတောင်

ခရမ်းရင်သားရှိ သစ်တောက်ငှက်ဝိတိုရိယတောင်၊ ဖုန်ကမ်ရာဇီ
လည်ချောင်းနက် သစ်တောက်ငှက်ဝိတိုရိယတောင်
ရင်ပုတ် သစ်တောက်ငှက်ရွှေစက်တော်
လည်ချောင်းပုတ် သစ်တောက်ငှက်ရွှေစက်တော်
လည်ချောင်းဖြူ သစ်တောက်ငှက်ရွှေစက်တော်
မီးခိုးဦးထိပ် သစ်တောက်ငှက်ရွှေစက်တော်
ခေါင်းညို သစ်တောက်ငှက်ဖုန်ကမ်ရာဇီ
မီးတောက်မြီး သစ်တောက်ငှက်ဖုန်ကမ်ရာဇီ
အနီရောင်အမြီး သစ်တောက်ငှက်ဖုန်ကမ်ရာဇီ
နီညိုတောင်ပံ သစ်တောက်ငှက်ဖုန်ကမ်ရာဇီ
ထူးစက်ပြောက် သစ်တောက်ငှက်-
သံခြေးရောင်ဝမ်းဗိုက် သစ်တောက်ငှက်-
ရင်ထိုး သစ်တောက်ငှက်ဖုန်ကမ်ရာဇီ
ဝါကြန့်လည်ပင်း သစ်တောက်ငှက်-
ဝါကြန့်မီးခိုး သစ်တောက်ငှက်အလောင်းတော် ကဿပ
မြဲစိမ်းကျော သစ်တောက်ငှက်
ထူးခြားကျောက်ခဲရောင် သစ်တောက်ငှက်အလောင်းတော် ကဿပ
မြဲစိမ်းကျော သုံးချောင်းထောက် သစ်တောက်ငှက်-
ထူးခြားမီးတောက်ကျော သစ်တောက်ငှက်အလောင်းတော် ကဿပ

clip_image001clip_image002

ပုံ(၁) ၀ါကြန့်မီးခိုး သစ်တောက်ငှက်ထီး ပုံ(၂) ထူးခြားကျောက်ခဲရောင် သစ်တောက်ငှက်မ

clip_image003

ပုံ(၃) ထူးခြားမီးတောက်ကျော သစ်တောက်ငှက်

မြန်မာနိုင်ငံတွင် ဖုန်ကမ်ရာဇီ၊အလောင်းတော်ကဿပ၊ ရွှေစက်တော် သည့် နယ်မြေများတွင် သစ်တောက်ငှက်များ ထူထပ်စွာ နေထိုင်ကျက်စားကြကြောင်း ဖတ်ရှုမှတ်သားရသည်။ ၎င်းစာရင်းသည် နိုင်ငံခြားသား ခရီးသွားများ၏ မှတ်တမ်းများမှ သိရှိရသဖြင့် ဖေးမဲ့တောများနှင့် ခရီးသွးတို့ စိတ်ဝင်စားသည့် နေရာများတွင်သာ ကောက်ယူမှတ်တမ်းတင်ထားကြောင်း သိသာပေသည်။ သို့ရာတွင် သဘာဝ တောတောင် ရေမြေ သစ်တောတို့ ထူထပ်သော မြန်မာနိုင်ငံတွင် သစ်တောက်ငှက် မျိုးကွဲများ ယခုထက် ပိုမိုပေါများ၍ ရှိမည်မှာ အမှန်မသွေပင်ဖြစ်သည်။ စာရေးသူနေထိုင်သည့်ကျေးရွာ၌ပင် သစ်တောက်ငှက်မျိုးများစွာ ရှိပေသည်။

အလောင်းတော် ကဿပ ကို လာလှည်သည့် ခရီးသွားဧည့်သည် ပါမောက္ခတွေသည်ပင်လျှင် အမေရိကန်နိုင်ငံ၊ ဒဲ့ဒရိတ် ပြည်နယ်၌ သစ်တောက်ငှက် သုတေသန ပြုလုပ်ရန် အလောင်းတော် ကဿပ မှ သစ်တောက်ငှက်DNA ရယူသွားချိန်တွင် ကျွန်တော်တို့ မြန်မာတွေ ဘာမှ မလုပ်နိုင်ကြသေးပေ။ ကမ္ဘာ့သိပ္ပံပညာရှင်များသည် သစ်တောက်ငှက် မျိုးကွဲများစွာ အဘယ်အကြောင်းအရင်းပေါ်တွေမူတည် ကွဲပြားခြားနားသည်ကို သိရှိရန် သုတေသန အပူတပြင်း လုပ်ဆောင်နေကြပေပြီ။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ဘာသာရပ်လေ့လာ ကျောင်းသား၊ကျောင်းသူများ အနေဖြင့် သစ်တောက်ငှက်တို့ အကြောင်းကို သုတေသန ပြုလုပ်၍ မှတ်တမ်းပြုစုအပ်ပေသည်။

( မှတ်ချက် - ဤဆောင်းပါးတွင် သုံးနှုန်းထားသော သစ်တောက်ငှက် အမည်များသည် စာရေးသူ၏ ဘာသာပြန်ဆိုမှုပင်ဖြစ်သည်။ စာရေးသူသည် လက်ရှိ သစ်တောက်ငှက်မျိုးကွဲများ ကို အမည်မပေးရသေးဟု ယူဆပါ၍ ယခုကဲ့သို့ နာမည်ပေးခြင်းဖြစ်ပါသည်။ အကယ်၍ နာမည် ပေးပြီး အဖွဲ့အစည်းဖြင့်သတ်မှတ်ထားသော နာမည်များ စနစ်တကျ ရှိပါလျှင် စောဒက တက်ကြပါရန် ဖိတ်ခေါ်ပတ်အပ်ပါသည်။

ဤဆောင်းပါးကိုစီးပွားဖြစ်အတွက် မည်သည့် နည်းဖြင့်ဖြစ်စေ အသုံးပြုလိုပါက စာရေးသူ ခွင့်ပြုချက်ယူကြရန် တောင်းပန်အပ်ပါသည်။ အကယ်၍ တစ်သီးပုဂ္ဂလိက အသုံးပြုလိုပါကဤဘလော့ဂ် အမည် ဖြစ်စေ၊စာရေးသူနာမည်ဖြစ်စေ ညွှန်းဆိုဖော်ပြရန် တောင်းပန်ပါသည်။

ဆက်လက်၍လည်း မြန်မာ့ သစ်တောက်ငှက်များ အကြောင်းကို စောင့်ကြည့် မှတ်တမ်းတင်သွားပေးပါမည်။)

အညွန်းအကိုးများ

၁။ http://www.defenders.org/wildlife_and_habitat/wildlife/woodpeckers.php

၂။ http://myanmartravelinformation.com/mti-ecotourism/alaungdaw-kathaphar.htm

၃။ http://www.birds.cornell.edu/AllAboutBirds/conservation/success/myanmar

၎။ http://bio.fsu.edu/~jameslab/woodpkr.html

၅။ http://www.pbase.com/lilwings/piciformes

၆။ http://www.birdtourasia.com/myanmarreport06.html

[+/-] အပြည့်အစုံသို့...

CGTI မှာတုန်းက ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက်ကို သတိရလို့ သူ့ရဲ့ခံစားချက်ကဗျာလေးကို အမှတ်ရမိတယ်။အခုတော့ သူဘယ်မှာလဲ မသိဘူး။

နွေတစ်ရာအောက်
ခြေရာဖျောက်လို့ ဘယ်ရောက်နေသလဲ ချစ်တဲ့နှင်း။
ဥသြအော်ငို မပျော်လိုဘူး
မိုးဦးနှောင်းလွန်
ကောင်းကင်ယုယ သူရွာချလည်း
ဘ၀ခံပြင်း ကိုယ့်ရင်တွင်းက
တမ်းတမ်းတနေ
ဆောင်းလာမှပဲ အေးပါရစေ။
အေးလျှင်ပြီးရော
မိုးရေတောမှာ မျောမပါဘူး၊
နှင်း၏ချစ်သူ ကိုယ်လိုလူက
ဘယ်သူငြိမ်းငြိမ်း မစိမ်းလန်းဘူး
ဘယ်သူလှလှ မမျှတဘူး
ဘ၀အရင် ဟိုငယ်စဉ်က
ဆောင်းလွင်ပြင်ထဲ ပျော်မွေ့မြဲမို့
နွေထဲတမ်းတ ငွေနှင်းမြဖြူ
မိုးထဲမလျှောက် နှင်းဖျောက်ဖျောက်မျှော်
ဘယ်သူခေါ်ခေါ် ကိုယ်မပျော်ခဲ့
တို့မျှော်လင့်ခြင်း
စောင့်စည်းခြင်းကြောင့်
ချိုသာနေနား ကိုယ့်အပါးသို့
ရွေ့လျားဝေဆင်း သင့်ဆောင်းတွင်းမှာ
ကောင်းခြင်းတွေ လာဝေပါ နှင်း ။
Peace

[+/-] အပြည့်အစုံသို့...

Monday, October 29, 2007

ကျေးဇူးတင်စကား

အားလုံး မင်္ဂလာပါ။

အားလုံး သီတင်းကျွတ် အတွေ့အကြုံလေးတွေ လာတင်ဖို့ ဖိတ်ခေါ်ပါတယ်။

ကျွန်တော်တော့ သီတင်းကျွတ် ကို ခြောက်ခြောက်ကပ်ကပ်နဲ့ ကုန်ဆုံးခဲ့ရတယ်ဗျာ။ ဒီမှာ တစ်ယောက်
တည်း ပျင်းနေလို့ ဘုရားတောင် မသွားလိုက်ရဘူး။ စာတွေလည်း ပိနေတယ် လေ။ ပိဆို မအားတဲ့ ကြား
တည်းက ဘလော့ဂ် ဂျိုးကပ် နေလို့ အဲလို ဖြစ်သွားတာ။

သီတင်းကျွတ် ကို ဘာမှ မလုပ်နိုင်ပေမယ့် အညာကို တော့ မှန်းပြီး ပြန်သေးတာပေါ့။ ဆီးမီးခွက်တွေ မီးငြိမ်းသွားရင် လည် ခိုးကြာတာ ကလေး အကျင့်ပေါ့။ ခုတောင် အဲဒါ ကို သတိရတော့ ပြုံးမိသေးတယ်။ ဒီလိုနဲ့ ကျွန်တော် တို့ တောင် အသက်တွေ ကြီးလာပြီးနော်။

သူငယ်ချင်းတွေရဲ့ မင်္ဂလာသတင်းတွေတော့ ဆက်တိုက်ကြားရတော့မယ် ထင်တယ်။ ဦးဦးဖျားဖျား ဈေးဦး
ဖောက်သွားတာကတော့ ဇော်ထိုက် ပေါ့ဗျာ။ ဟိုနေ့က ဒီကောင်နဲ့ လိုင်းပေါ်မှာ တော်တော် ပြောလိုက်
ရတယ်။ အားလုံး သိအောင် ပြောပေးဦးမယ်ဗျာ။ ဒီကောင် ရန်ကုန်မှာ ဆောင်ဖြစ်မယ် ပြောတယ်။ ဇော်ထိုက်ကို မသိတဲ့ လူတွေ အတွက် ပြောဦးမယ်။ သူက ကျွန်တော်နဲ့ ချောက်ဂျီတီအိုင် တုန်းက တဆောင်တည်း အတူနေ ငတ်ဖော် ငတ်ဖက် ပျော်ဖော် ပျက်ဖက် တွေပါ။ သူချက်ကျွေးတဲ့ ခရမ်း သီးရေလုံပြုတ်ဟင်း နဲ့ ကျွန်တော်ချက်ကျွေးတဲ့ ပဲဟင်း အရေကျဲ နဲ့ အတူ ကျွန်တော် တို့ သွေးသောက် ဖွဲ့ခဲ့ကြတာလေ။ ခု တော့ သူတောင် အိမ်ထောင် တစ်ခု တည်ထောင် တော့မယ်။ ဖိုးသား က တော့ သိတဲ့ အတိုင်း မလုပ်နိုင်သေးဘူးဗျာ။ မမေးကြပါနဲ့ ဘာဖြစ်လို့လဲ လို့။ ကိုယ့်အကြောင်းနဲ့ ကိုယ်မို့ လို့ပဲ ထားလိုက်။ ဒါအကောာင်းဆုံး အဖြေပဲ။ အင်း ဒီကောင့် မင်္ဂလာဆောင် ကို မတက်နိုင်တာ တော့ သိပ်မနှိပ်ဘူးဗျာ။

အားလုံး ကို ကြောငြာ ၀င်ဦးမယ်။ ကျွန်တော့် အမ တစ်ယောက် မကြီး ပါချူးဆိုတဲ့ ဘလော့ဂ် စရေးနေပြီ။ အားပေးကြပါဦး။ လာလည်သူ စာရင်းရဲ့ အပေါ်မှာ သူ့ ဘလော့ဂ်ကို လင့်ခ်တင်ပေးထားတယ်။

သီတင်းကျွတ်မှာ အားလုံး မြိုင်မြိုင်ဆိုင်ဆိုင် ၀င်ရောက် ဆင်နွှဲသွားတာကြောင့် စိတ်မီးအိမ်ဟာ အမှတ်တရဖြစ်သွားတယ်။ အဆင်ပြေတဲ့သူက သီတင်းကျွတ်ဓါတ်ပုံတွေ တင်ပေးဖို့ တောင်းဆိုချင်ပါတယ်။ မကြုံရတဲ့သူတွေ ခံစားရတာပေါ့။

သူငယ်ချင်းသစ်ပင်လေးတွေ အားလုံးလာစိုက်ပြီး သိုက်သိုက်ဝန်းဝန်းရှိသွားတာ တော်တော် ၀မ်းသာတယ်
ဗျာ။ သစ်ပင် သစ်လေးတွေ ပေါက်လာတာ တွေ့ရလို့ ၀မ်းသာပါတယ်။ သနပ်ခါး နဲ့ အိမ်မက်စိမ်း ကို ကြိုဆိုပါတယ်။ နွေးထွေးတဲ့ နေရာလေးတခု အဖြစ် စိတ်မီးအိမ်ကို ဆက်တွေ့ရမယ်ဆို တာ ယုံကြည်မှုပိုရှိလာပါတယ်။

သစ်ပင်အသစ်တွေအတွက် ခိုင်မြဲ ရဲ့ တောင်းဆိုချက်အရ သစ်ပင်စိုက်ချင်သူတွေ ဘယ်လို ပို့စ်တင်ရမလဲ ထပ်ရေးပေးလိုက်ပါတယ်။

၁။ မိမိတို့ ရေးလိုတဲ့ အကြောင်းအရာကို Micorsoft Word မှာ ဇော်ဂျီနဲ့ရေးသားပါ။

၂။ လူသစ်တွေ အနေနဲ့ http://www.blogspot.com/ သို့မဟုတ် http://www.blogger.com/ သို့ သင့်ကို ဖိတ်ခေါ်ထားသော လင့်ခ် မှတဆင့် ၀င်ရောက်ပါ။ လူဟောင်းတွေက တော့ တန်း ၀င်လာနိုင်ပါတယ်။ အကယ်၍ တိုက်ရိုက် ဖွင့်လို့မရရင် ကြော်ဆီအဖြစ် http://www.proxyhide.net/ သို့မဟုတ် http://www.youhide.com/ ကို အသုံးပြုနိုင်ပါတယ်။

၃။ http://www.blogger.com/ ကို အောင်မြင်စွာ ၀င်ရောက်လာပြီဆိုပါက ပို့စ် အသစ်တွေ တင်လိုလျှင် "New Post" ဆိုတဲ့ ခလတ်လေးကို နှိပ်ပါ။

၎။ "ဒီစာကို Select လုပ်ပြီး ရေးပါ..." လို့ တွေ့ရင် မိမိရေးသားထားသော Microsoft Word မှ စာများ ကို ကူးယူ (copy) ၍ "ဒီစာကို Select လုပ်ပြီး ရေးပါ..." ဟူသော နေရာတွင် အစားထိုးရေးချပေး (paste)ပါ။

၅။ ထို့နောက် "Publish Post" ခလုတ်ကို နှိပ်၍ တင်နိုင်ပါသည်။

၆။ သင်တင်ထားသော ပို့စ် ကောင်းကောင်း ပေါ်မပေါ်ကို "View in a new window" ကို နှိပ်၍ တိုက်ရိုက်ကြည့်ရှုစစ်ဆေးနိုင်ပါသည်။

၇။ စစ်ဆေးချက်များပေါ် မူတည်၍ လိုအပ်သည် များ ကို "Edit post" ကို နှိပ်၍ တည်းဖြတ်နိုင်ပါသည်။

မှတ်ချက်။ ။ Micorsoft Office 2007 သုံးသူများ အနေဖြင့် ဇယားများ (Table) ကို တိုက်ရိုက် ကူးယူ(copy) လုပ်၍ မီးလျှံမြေခွေး Browser (http://www.mozilla.org/) ကို သုံးပြုပြီး http://www.blogger.com/ တွင် တိုက်ရိုက် တင်နိုင်ပါသည်။

Zoundry blog writer (http://www.zoundry.com/download.html) ကို လည်း အသုံးပြုနိုင်ပါသည်။

အင်း..မဆိုင်တဲ့ အကြောင်းအရာတွေကို ဆက်တိုင်းပြောရင်းနဲ့ပဲ နားလိုက်ဦးမယ်ဗျာ။

[+/-] အပြည့်အစုံသို့...

Sunday, October 28, 2007

လူဖြစ်ရတဲ့ ဒုက္ခ

မနက်အာရုဏ်ဆန်ပြုတ်
ငုံ့လို့သာတုတ်ရ
ဆုတ်မပြန်မိဖို့အရေး
ငုံ့လို့သာလွှေးရတယ်။

(ကလေးသဘာဝမို့ တရားစခန်း တခါ ထိုင်တုန်း က ဒုက္ခ တစ်ခု ရှုမိတာကို ပြန်လည် တင်ပြတာပါ။)

[+/-] အပြည့်အစုံသို့...

Saturday, October 27, 2007

BRAIN STORM ( Part 1 )

သီတင်ကျွတ်လပြည့် အဘိဓမ္မာနေ့မှာ သဗ္ဗညုတမြတ်စွာဘုရား ဟာ တာဝတိံသာနတ်ပြည်မှာဝါ
တွင်းသုံးလပတ်လုံး အဘိဓမ္မာတရားတော်ကို ဟောကြားပြီးလူ့ပြည်ကို ပြန်လည်ဆင်းသက်လာခဲ့ပါတယ်။ မြတ်ဘုရားဆင်းသက်လာတဲ့အခါမှာ လူ့ပြည်မှနေပြီး အမွှေးနံသာဆီးမီးတွေထွန်းညှိပူဇော်ပြီးတော့ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
(ဟုတ်ပြီဒါဆိုရင် အမေး၊ အဖြေလေးနဲ့ သွားကြည့်ရအောင်ဗျာ)

> ဘာအတွက်ကိုရည်ရွယ်ပြီးကြိုဆိုကြတယ်လို့ထင်ပါသလဲ?
* မြတ်ဗုဒ္ဓဟောကြားတဲ့ သစ္စာတရားတွေကိုနာကြားချင်လို့ပေါ့။

> ဘာအတွက်သစ္စာတရားတွေကိုလူ၊နတ်၊ဗြဟ္မာတွေက နာကြားလိုကြတာလဲ?
* လောကီ၊ လောကုတ္တရား အကျိုးတရားတွေရလိုကြလို့ပေါ့။

> ဘယ်လိုလောကီ၊ လောကုတ္တရာ အကျိုးတရားတွေ ရနိုင်လို့လဲ?
* လောကီမှာဆိုရင် လူချမ်းသာ၊နတ်ချမ်းသာ၊ဗြဟ္မာ့ချမ်းသာ တွေကိုရနိုင်တဲ့ သုဂတိဘုံတွေမှာပဲ ပြန်လည်ရောက်ရှိနိုင်တဲ့အကျိုးတရားတွေရှိလို့ပေါ့။
* လောကုတ္တရာမှာဆိုရင် သောတာပန်၊ သကဒါဂါမ်၊အနာဂါမ်၊ရဟန္တာ ဖြစ်ပြီး နိဗ္ဗါန်ရောက်ကြောင်း ဖြစ်တဲ့ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်တွေရနိုင်တဲ့အကျိုးတရားရှိလို့ပေါ့။

> လူချမ်းသာ၊နတ်ချမ်းသာ၊ဗြဟ္မာ့ချမ်းသာတွေနဲ့ နိဗ္ဗါန်ချမ်းသာနဲ့ ဘာကွာသလဲ?
* ချမ်းသာသာ၊ဆင်းရဲရဲ လူဖြစ်လာမယ်ဆိုကတဲ့နေပြီသေလွန်တဲ့အထိ ဒုက္ခတွေကိုခံစားရမှာပဲ။ အဲဒီလိုပဲ နတ်ဖြစ်ရင်လဲနတ်ဒုက္ခ၊ ဗြဟ္မာဖြစ်ရင်လဲ ဗြဟ္မာဒုက္ခ ဆိုတာခံစားရအုန်းမှာပဲ။ နိဗ္ဗါန်ဆိုတာကတော့ ဒုက္ခအားလုံးချုပ်ငြိမ်းရာကိုခေါ်တာပေါ့။

> ဒုက္ခအားလုံးချုပ်ငြိမ်းရာဖြစ်တဲ့မြတ်နိဗ္ဗါန်ကိုဘယ်လိုရောက်အောင်သွားနိုင်ပါလဲ?
* ဒုက္ခအားလုံးချုပ်ငြိမ်းရာဖြစ်တဲ့မြတ်နိဗ္ဗါန်ကိုသွားတဲ့နည်းလမ်းကတော့…. နိဗ္ဗါန်ကို ကိုယ်တိုင်မျက်မှောက်ပြုပြီးဖြစ်တဲ့ဗုဒ္ဓမြတ်စွာဘုရားရဲ့ သစ္စာတရားတော်တွေကို နာကြားပြီး ရနိုင်လောက်တဲ့ ဇွဲသန်သန်နဲ့ ကျင့်ကြံအားထုတ်တဲ့နည်းလမ်းပဲပေါ့။

>>> သြော်…. ဒါကြောင့်လည်း သောင်းသောင်းဖျဖျ ကြိုဆိုကြတာကို။
အပိုင်း (၁) အနေနဲ့ရပ်နားခွင့်ပြုပါ။

အနတ္တ

[+/-] အပြည့်အစုံသို့...

NUS Scholarship Opening

သူငယ်ချင်းတို့

စင်္ကာပူ အမျိုးသား တက္ကသိုလ် က ပညာသင်ဆု လျှောက်ထားခွင့်တွေ ဖွင့်လှစ်လိုက်ပါပြီ။

မဟာတန်း (ရိုးရိုး)၊ မဟာတန်း(သုတေသန)၊ ဒေါက်တာ ဘွဲ့ အများအတွက်ခေါ်ဆိုနေပါတယ်။

လျှောက်ထားလိုသူများ အောက်ပါလိပ်စာတွင် လျှောက်ထားနိုင်ပါတယ်။

http://www.gse.nus.edu.sg/applications.html#1

[+/-] အပြည့်အစုံသို့...

Friday, October 26, 2007

သီတင်းကျွတ် အထူးလက်ဆောင်

သူငယ်ချင်းတို့
မင်းတို့အားလုံးအတွက် ဆရာဇော်ဂျီရဲ့ ကဗျာတစ်ပုဒ်ကို သီတင်းကျွတ် အထူးလက်ဆောင်ပါး လိုက်တယ်။

“သင်… သေသွားသော်”


လူ့ဘုံလောက အိုရ နာရ
သေရ ဦးမည် မှန် ပေသည်တည့်။ ။

သို့ပြီတကား
သင် သေသွားသော်
သင် ဖွားသော မြေ သင်တို့ ပြည် သည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏။ ။

သင်၏မျိုးသား စာစကားလည်း
ကြီးပွားတက်မြင့်ကျန်ကောင်းသင့်၏။ ။

သင် ဦးချ၍ အမျှဝေရာ စေတီသာနှင့်
သစ္စာအရောင် ဉာဏ်တန်ဆောင်လည်း
ပြောင်လျှက် ၀င်းလျှက်
ကျန်စေသတည်း။

ခိုင်မြဲ

[+/-] အပြည့်အစုံသို့...

အမှတ်တရ စကားစု

စိတ်မီးအိမ်မှာ သစ်ပင်စိုက်ခိုင်းကြပေမယ့် မျိုးစေ့တွေက နှစ်ချို့နေလို့ မစိုက်နိုင်ခဲ့ဘူး။ အခုလည်း သစ်ပင်အသစ် မစိုက်နိုင်လို့ စိတ်မကောင်းပါဘူး။ သစ်ပင်တွေ အများကြီး စိုက်ထားတဲ့ အတွက် အသီးအပွင့်တွေ ခူးလိုက်ရတာ မောသွားတာပဲ။ သူငယ်ချင်းတို့ရေ ငါကတော့ နင်တို့လောက် သစ်ပင် မစိုက်နိုင်ဘူးဟာ။ အဟောင်းထဲက အကောင်းတစ်ပင်ပဲ စိုက်ပေးလိုက်တယ်။

ဖန်မီးအိမ်
သူ့အဆင်းသည် နေမင်းပမာ
သော်တာအလား မ၀င်းငြားလည်း
သူ့အားကိုယ်မာန် သူပိုင်ဟန်ဖြင့်
သူသန်ရာမှ လောကကို
အလှဆင်လို ဟန်တကား။
ဆရာတင်မိုး

မင်းဘယ်သူလဲဆိုတဲ့ အခွင့်အရေးကို အသုံးချပြီး ကိုယ့်ထက်အခွင့်အရေး နည်းတဲ့ သူတွေကို အကူအညီပေးနိုင်အောင် ကြိုးစားရမယ်တဲ့။ နယ်(လ်)ဆင်မန်တဲလား က ပြောဖူးတယ်။ အဲသည်လိုဘဲ စိတ်မီးအိမ်က ဥယျာဉ်မှူးတွေ အားလုံး လောကကောင်းကျိုးကို တစ်ထောင့်တစ်နေရာကနေ သယ်ပိုးနိုင်ကြပါစေလို့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ ၀ါလကင်းလွတ် သီတင်းကျွတ်မှာ မီးပုံးလေး လွှတ်တင်ပေးလိုက်ပါတယ်။
နွယ်


[+/-] အပြည့်အစုံသို့...

Thursday, October 25, 2007

သီတင်းကျွတ် နှင့် စိတ်မီးအိမ်


လူမှန်းသိစ၊ ငယ်ဘ၀မှသည်
ဤပျော်ရွှင်မြူး၊ သီတင်းကျွတ်ဦးကို
ပူဇော်အထူး၊ဆီးမီးဖူးဖြင့်
တာဝတိံသာ၊နတ်ရွာမှဆင်း
လူ့ပြည်ဝန်းကို၊ ဆင်းသက်ပြန်လာ
မေတ္တာအနန္တ၊ ဖြန့်ကာချသည့်
ဗုဒ္ဓမဟာ၊ မြတ်လှစွာအား
ငါးပါးမာန်ချ၊ ၀တ်တွားခသည်၊
ပီသညီညာ၊ပြည်မြန်မာ ဓလေ့
မမေ့မှန်စွာ၊ ယနေ့တာထိ။

မြတ်သောဘုရား၊ ၀တ်တွားပြီးသော်၊
အော် မိအဖ၊ ဆရာနှင့်တကွ
ဘိုးဘွားမကျန်၊လူကြီးမှန်ကို
ဝန်ချတောင်းပန်၊ကန်တော့ပြန်သည်
ချစ်စရာ့မြန်မာ့ ဓလေ့ပါတကား။

အခ်ါသမယ၊ ဤကာလသည်
တမျိုးတမည်၊ထူးခြားပြန်၏်။
အကြောင်းမူကား၊ငယ်ပေါင်းကြီးဖော်
အဆွေတော်တို့၊မွေးမြေရပ်ရွာ
ချက်ကြွေမှာစု၊လူမှုဘဝ
ငယ်ဘ၀ကြောင်း၊နှောင်းကြောင်းမကျန်
ပြန်ပြောင်းအောက်မေ့၊ ခွင့်ခါတွေ့သည့်
အခါသမယပါတကား။

ထိုမှတဖန်၊ကြည့်ပြန်လတ်သော်
ဖော်ကောင်းဆွေမြတ်၊ လက်တွဲထပ်ယူ
တူညီဘ၀၊စိုက်ထူကြရန်
ရည်သန်စူးထား၊ထိုဆွေနှစ်ပါး
မင်္ဂလာတရား၊ထိပ်တင်ထားကာ
ထိမ်းမြားပြန်သည်၊မင်္ဂလာခါညီ
ပီသပြန်သည့်၊ဤသီတင်းကျွတ်ပါတကား။

ထိုမျှမြတ်လှ၊ခါသမယ၌
မြတ်သထက်မြတ်၊အမြတ်ထပ်ရန်
ရည်သန်ကြိုးကုတ်၊အင်းအားထုတ်၍
ဖော်ပေါင်းတစ်အုပ်၊စုဆောင်းလုပ်ကာ
အင်တာနက်လိုင်း၊ဘလော့ဂ်တိုင်းတွင်
ဆီးမီးတထိန်၊မီးတစ်အိမ်ကို
စိတ်ပေါင်းများစွာ၊စုစည်းလာ၍
ညီညာပြုံးပြုံး၊ထွန်းကာရုံးသည်
နာမသညာ၊ခေါ်ဆိုရကား
စိတ်မီးအိမ်ဟု အစုပြု။

စိတ်မီးအိမ်ဟု၊အစုပြုထား
ဥယျာဉ်ဖွားက၊သီတင်းကျွတ်ခါ
အချိန်သာတွင်၊လေးနက်မှန်စွာ
ဘုရား တရားသံဃာ၊အမြတ်ဆုံးရတနာ
မိဘ၊ဆရာပါမကျန် ငါးဖြာအနန္တအား
မီးအိမ်တခု၊သူတို့ပြု၍
လွန်စွာရိုကျိုး၊ရှိခိုးပါ၏။

ဤကျိုးအားကြောင့်၊ စိတ်မီးအိမ်သည်
ကမ္ဘာတည်သရွေ့၊တည်ပါစေသား၊
တည်စေသား။ ။

[+/-] အပြည့်အစုံသို့...

ခရေ

လေဟုန်ကိုနင်း လွတ်လပ်ခြင်းနဲ့ 
ရွှင်မြူးနေလား အားကျမိရဲ့
ဘ၀စတည်းက စည်းကမ်းနဲ့အသားကျ
နေခဲ့ကြရတဲ့  မိန်းမသားဘဝ
ပင်ယံထက်က ပွင့် လွှာနွမ်းလျ
ကြွေမကျမချင်း ခြွေယူနင်းမယ့် 
သခင်ရှာဖွေ စပယ်ဘ၀ပါ ခရေ .........

လေနှင်ရာလိုက် လေတိုက်တိုင်းပါတဲ့
ပန်းခရေကြွေပန်းရယ်
မွှေးနံ့ ကြိုင်လှောက် ကြွေချိန်မရောက်ခင်
အမြင်အေးချမ်း ဘ၀င်လန်းစေတဲ့
စိမ်းမြတွေထက် လွလွဖြူဖွေး
စပယ်လေးကို တိတ်တခိုးနမ်း
ခြွေကာသရမ်းသွားလေတော့ 
ခဏတာလမ်းပေမယ့် 
တစ်ဘ၀တာ နွမ်းလျစေတဲ့
ဝေဒနာတွေပေးသွားလေသလားလို့ .....

ခရေ
ဘယ်ဆီရှောင်ပြေး အဝေးကိုတဲ့ 
ရှောင်ကာဖယ်နေ ဘယ်ချောင်မှာ
မင်းပုန်းကွယ်ဘိ လစန္ဒာသော်တာထွန်းတဲ့ 
သီတင်းကျွတ်သော်မှ ပေါ်မလာ
မျှော်အခါခါတ ပေမယ့်
မဆုံနိုင်ဘ၀လမ်းမှာမှ
မကြုံနိုင် ဓမ္မတာမြန်းသမို့
ကံကိုသာအပြစ်ဖို့ 

သြော်............
ကိုယ့် အဖြစ်မို့ ရှိပါစေတော့ 

ကိုယ့် အဖြစ်မို့  ရှိပါစေတော့ ......။ ။

( လေအဟုန်နဲ့ လွင့် ပါခဲ့ ပြီး သူ့ အရိပ်အောက်မှာခိုနေရတဲ့  စပယ်ကိုတိတ်တခိုးအနမ်းပေးကာ

ဝေးရာပြေးခဲ့တဲ့ ခရေသို့ အမှတ်တရ )

စံပယ်
(Jasmine)

[+/-] အပြည့်အစုံသို့...

Wednesday, October 24, 2007

"ကူညီလှည့်ပါ... မေခလာ"


ငယ်ခါချိန်ပြောင်း၊အခါကောင်းက
ထွန်းပျော်ဆီမီး၊ ထိန်ထိန်ညီးလျှက်
စုရုံးစိုက်လှူ၊ မီးပူဇော်သည့်
ဝါလွတ်ကင်းပ၊ ခါသမယ၀ယ်
ကိုကိုမမ၊ ညီ ညီမ မကျန်
ပျော်ပျော်ပြုံးပြုံး၊ ဂွမ်း ဆီဖုံးသို့
ရွှင်လုံးတက်ကြွ၊ ရုံးစုကြသည့်
သီတင်းကျွတ်ခါ၊ သမယ၀ယ်
ပူဇော်ဆီမီး၊ ထွန်းညှိပြီးသကာလ
စစနောက်နောက်၊ ပေါက်ပေါက်ဖောက်သို့
ရှေ့နောက်ဘယ်ညာ၊ မကြည့်ပါဘဲ
လိုရာခရီး၊ ဘေးစည်တီးလျှက်
အရောက်ပို့ဆောင်၊ ပေးခဲ့ပါ၏
ထိုသို့အကျိုးဆောင်၊ ပို့ဆောင်ရာတွင်
ဖယ်ခွာခရီး၊ ရှိခဲ့ပါမူ
ကြီးကြီးလတ်လတ်၊ချမ်းသာမပေး
မခန့်ရို့မကျိုး၊ ၀ါးလုံးထိုးသို့
မှိုချိုးမျှစ်နုတ်၊ ခွကာတုပ်လျှက်
စနောက်ပြောင်စပ်၊ ထပ်ခဲ့ပါ၏
ကာလ၀ိပတ်၊နောက်ပိုးထပ်လို့
ရာသီတွေပြောင်း၊ ချိန်ခါနှောင်းပြီး
ကျရောက်သမယ၊ ကိုယ့်အလှည့်မှာဖြင့်
ဘယ်ဆီကိုလွမ်း၊ ပုန်းရမှန်းမသိ
ကူညီလှည့်ပါ၊ မေခလာ……….



ဝါလကင်းလွတ်.. သီတင်းကျွတ် အတွက်
အနတ္တ

[+/-] အပြည့်အစုံသို့...

Tuesday, October 23, 2007

အင်ဂျင်နီယာ ဟာသများ (၁)

ဟာသ (၁)
အမေး။ ။စက်မှု နဲ့ မြို့ပြ အင်ဂျင်နီယာတွေ ဘာကွာလဲ။
အဖြေ။ ။စက်မှု အင်ဂျင်နီယာတွေ က လက်နက်တွေ ထုတ်လုပ်ပြီး၊ မြို့ပြ အင်ဂျင်နီယာတွေ က ပစ်မှတ်တွေ တည်ဆောက်ပါတယ်။

ဟာသ (၂)
ဆရာမ။ ။ဘိလပ်မြေနဲ့ ထုံး ရဲ့ ကွာခြားချက်တွေထဲက တစ်ခုလောက် ပြောပါဦး။
ကျောင်းသား။ ။ထုံးက ကွမ်းစားရင် ထည့်စားလို့ ရပြီး ဘိလပ်မြေက ကွမ်းယာထဲ ထည့်စားလို့ မရပါဘူး။

ဟာသ(၃)
သင်သည် အင်ဂျင်နီယာကောင်းတစ်ယောက်ဖြစ်ချင်လျှင် အောက်ပါ အချက်များကို လိုက်နာရပါမည်။

၁။ ဆားကစ် ဒီဇိုင်း တစ်ခုတွင် လူသုံးမများတော့သော အစိတ်အပိုင်း တစ်ခု၊ ရှာဖွေ၍ မရနိုင်သော အစိတ်အပိုင်း နှစ်ခု၊ လက်ရှိအချိန်တွင် ထုတ်လုပ်နေဆဲဖြစ်သော (ဈေးကွက်အတွင်း မရောက်သေးသော) အစိတ်အပိုင်း သုံးခု မဖြစ်မနေ ပါဝင် ရမည်။

၂။ မည်သည့် အရာကို မျှ သတ်မှတ်ချိန် အမီ နှင့် သတ်မှတ် ဘတ်ချက် အတိအကျ အတိုင်း ဆောက်လုပ် ခွင့်မရှိပေ။

၃။ အစိတ်အပိုင်းတစ်ခု နောက်ဆုံး စစ်ဆေးမှု မအောင်မြင်ချိန် ထိ ပျက်စီးမှု မဖြစ်အောင် ထိန်းသိမ်းနိုင်ရမည်။

၎။ အကယ်၍ သင် မပြုပြင်၊ မဆောင်ရွက် နိုင်လျှင် ထိုအကြောင်းအရာကို စာတင်လိုက်ပါ။

၅။ ဒီဇိုင်း အင်ဂျင်နီယာ ကောင်း တစ်ယောက်၏ အဓိကတာဝန်မှာ ထုတ်လုပ်သူအတွက် ထုတ်လုပ်မှု ခက်ခဲကြံ့ကြာစေသော၊ ဆားဗစ်အင်ဂျင်နီယာအတွက် ခေါင်းစားအောင် ကြိုးစားသော်လည်း မပြင်ဆင် နိုင်စေသော ဒီဇိုင်းများ ထုတ်လုပ်ရန် ဖြစ်ပါသည်။ သို့မဟုတ်ပါက ၄င်းတို့သည် သင်၏ ဒီဇိုင်းကို အထင်ကြီးမည် မဟုတ်ပါ။

အထက် ပါ စည်းမျဉ်းစည်းကမ်း ငါးရပ်ကို လိုက်နာ ရန် ပျက်ကွက်ပါက သင်သည် အင်ဂျင်နီယာကောင်း တစ်ယောက် မဖြစ်နိုင်ပေ။ လက်တွေ့စမ်းသပ်ကြည့်ကြပါခင်ဗျာ။


မှတ်ချက်။ ။ ဖတ်ဖူးသော ချောက်ဂျီတီအိုင် မဂ္ဂဇင်း တစ်ချို့နှင့် အင်္ဂလိပ် ဟာသများကို ကိုးကား ရေးသားပါသည်။

[+/-] အပြည့်အစုံသို့...

ဆွေးနွေးခြင်း

ကောင်းတမန်ကမေးတယ် အနတ္တ “ဒါနဲ့ ၀ါသနာ စွန့်နိုင်သွားပြီလား?”တဲ့ အနတ္တကပြောချင်ပါတယ် ၀ါသနာကိုစွန့်နိုင်ဖို့ဆိုတာလွယ်တာမှမဟုတ်တာ။ မစွန့်နိုင်သေးပါဘူးလို့ပဲပြောရမှာပေါ့။ အနတ္တထင်တာကတော့ ၀ါသနာဆိုတာ အချစ်လိုပဲလို့။ ကြားဖူးတာလေးတစ်ခုကိုနှစ်သက်တာနဲ့ပြန်ပြောပြပါရစေ…….. အချစ်ဆိုတာက ရှေးရေစက်ကြောင့်ရယ်၊ အနေနီးစပ်မှုကြောင့်ရယ်ကြောင့် ပေါက်ဖွားလာနိုင်တယ် ဆိုတာလေးပါ။ အဲဒီလိုပဲ ၀ါသနာဆိုတာက… ရှေးအထုံ(အလေ့အကျင့်)ကြောင့်ရယ်၊ အနေနီးစပ်လို့ရယ်ကြောင့် ပြန်လည်ရှင်သန်လာနိုင်တာပဲ မဟုတ်လား။
နောက်တစ်ခုက “ရဟန္တာ ကြီးက သင်္ကန်း အလှူခံရအောင် ရေအိုင် ကို မခုံတော့ပဲ ၀ါသနာ ကို စွန့်ဖို့ ကြိုးစားတာ။” လို့ပြောတယ်နော်… အနတ္တအထင်တော့ ရဟန္တာ ဆိုတာ လောဘစိတ်မရှိတော့လို့ အလှူခံရအောင်လို့ တော့မဟုတ်လောက်ဘူး။ ဒကာရဲ့လှူတန်းချင်တဲ့စိတ်(သဒ္ဒါတရား)ပျောက်သွားမှာစိုးလို့၊ သဒ္ဒါတရားပျောက်သွားရင် ကုသိုလ်လဲပျောက်သွားမှာစိုးလို့နေမှာပါ။ နောက်ပြီးအဲဒီအကြောင်းအရာနဲ့ပါတ်သက်ပြီးတောင်းပန်တဲ့အကြောင်းတင်ပေးပါအုန်းမယ် (ကောင်းတမန်နဲ့တော့မသက်ဆိုင်ပါဘူး)

အနတ္တ

[+/-] အပြည့်အစုံသို့...

"အမှားပြင်ဆင်တောင်းပန်ခြင်း"


ဝါသနာကိုစားသောအချစ် ဆိုတဲ့ထဲမှာ ၀ါသနာကို ဘုရား ကလွဲရင်ဘယ်သူမှ မစွန့်လွှတ်နိုင်သေးဘူးလို့ ပြောပြီး ရဟန်းဒါကြီး တစ်ပါးလို့ သုံးနှုန်းခဲ့ပါတယ်။ အဲဒီလိုရေးနေတဲ့အချိန်မှာ ကြားဘူးထားတာက ရဟန်းဒါကြီးဟာ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးလို့ ဆိုပြီး ကြားဘူးတာပါ။ ဒါပေမယ့် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး က မျောက်ဘ၀တော့ ရောက်ဘူးချင်ရောက်ဘူးခဲ့မယ် (ဘုရားအလောင်း မျောက်မင်းတောင်ရှိသေးတာကို)၊ ရေအိုင်(မြောင်း) တွေ့တိုင်း ခုန်မကူးလောက်ဘူးလို့ ၊ (ခုန်ကူးတယ်ဆိုတာကိုလက်မခံနိုင်လို့ )အတိအကျမရေးပဲ ရဟန်းဒါကြီးဆိုပြီးတော့ သုံးနှုန်းလိုက်တာပါ။ ရွှေပါရမီတောရဆရာတော် အရှဆန္ဒာဓိက ဟောကြားထားတဲ့ အနှိုင်းမဲ့ရဟန်း ဆိုတဲ့ တရားစာအုပ်ကလေးကိုဖတ်လိုက်ရတော့မှပဲ စိတ်ထဲ ရှင်းရှင်းလင်းလင်း ဖြစ်သွားတော့တယ်။ ဆရာတော်ဘုရား ဟောကြားထားတဲ့အထဲက သက်ဆိုင်ရာစာပိုဒ်ကလေးကို ဆရာတော်ဟောကြားတော်မှုတဲ့အတိုင်း ပြန်လည်ရေးသားတင်ပြ လိုက်ပါတယ်။ …………….
ဆရာတော်ဟောကြားထားတာကတော့…..
"မျောက်ဘ၀က လာခဲ့လို့ အရှင်သာရိပုတ္တရာ မြောင်းတွေ့ရင် ခုန်ချင်တယ်၊ ချောင်းတွေ့ရင် ခုန်ကူးချင်တယ် ဆိုတဲ့ စကားဟာ ထေရ၀ါဒ ပိဋကတ်တော်တွေမှာ လုံးဝမပါတဲ့ တစ်ဆင့်ကြား ပါးစပ်ရာဇ၀င်စကားသာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မဟာယာနကျမ်းတစ်ကျမ်း ကျမ်းမှာပါတဲ့ ဘုရားလောင်းဝါဒ စည်းရုံးသိမ်းသွင်းမှုသာဖြစ်ပါတယ်။ အရှင်သာရိပုတ္တရာကို သက်သက်သိက္ခာချတဲ့စကားပါ။ လုံးဝ မမှန်ပါဘူး။
အရှင်သာရိပုတ္တရာရဲ့ သန္တာန်မှာ တဏှာဆိုတဲ့ လောဘကိလေသာသာ ၀ါသနာအငွေ့အသက် မရှိသလောက် ကင်းစင်တာ မဟုတ်ပါဘူး။ ဒေါသ၊ မာန စတဲ့ တခြားကိလေသာတွေ အားလုံးလည်း ၀ါသနာ အငွေ့အသက် မရှိသလောက် ကင်းစင်ပါတယ်။"………...
မှားယွင်းစွာမှတ်သားမိခဲ့၊ ရေးမိခဲ့တဲ့ အတွက် ထေရ၀ါဒ ဗုဒ္ဓဘာသာ အားလုံးကို အထက်ပါစာပိုဒ်ကလေးနဲ့အတူ လေးစားစွာ တောင်းပန်အပ်ပါတယ်။

အမှောင်ကိုခွင်း၍ အလင်းဆောင်နိုင်ကျပါစေ…………..
အနတ္တ

[+/-] အပြည့်အစုံသို့...

Monday, October 22, 2007

စိတ်မီးအိမ် ကို နောက်မှ သစ်ပင်လာစိုက်မယ်။

ငါ စိတ်မီးအိမ် ဥယျာဉ်မှာ သစ်ပင်စိုက်ဖို့ လာမယ်ဆိုပြီး ပြင်ဆင်နေတုန်းမှာဘဲ(နင်တို့ထင်သလို ဘိနပ်တော့ မပြတ်သေးဘူးဟ သိလား ခုံဖိနပ်ဆိုတော့ပြတ်ချင်တာတောင် တော်တော်နဲ့ မပြတ်လို့ ငါ စိတ်ကုန်နေတာ ) ပြည်ပကနေနေပြည်တော်ကို အလုပ်ကိစ္စနဲ့ ခဏပြန်လာတဲ့ သူငယ်ချင်းတစ်ယောက်ကိုသွားတွေ့ရတယ်ဟာ သိလား.... ငါ့မှာလည်း အဲ့ဒီသူငယ်ချင်းက မင်းနေပြည်တော်ကိုတခါမှ မရောက်ဖူးတဲ့ တောသားလူလည်လေးဖြစ်နေတော့ ငါ မအားတဲ့ ကြားထဲကသူ့ဆီကို သွားတွေ့ရတာပေါ့ ... သူနေတဲ့ ပိတောက်အိမ်ရာကို ရှာရင်းရှာရင်း......... အဲ့လိုနဲ့ ငါရောက်သွားတော့ ငါ့ သယ်ရင်းကအဖျားတွေတက်ပြီး အိပ်ယာထဲမှာဘဲ လဲနေတယ်ဟာ . . . အဲ့ဒါနဲ့ ငါလည်း သူ့ကိုကုတင် ၃၀၀ ဆေးရုံမှာ လိုက်ပြပေးရတယ်ဟ . . . သနားစရာကောင်းတာက ငှက်ဖျားရောဂါမရှိတဲ့ ငါ့သယ်ရင်းကို ဆရာဝန်မက သေချာမစစ်ဘဲနဲ့ငှက်ဖျားဆေးတွေမှားပေးထားတော့ ဒီကောင်အလူးအလဲခံနေရတာပေါ့ဟာ သိလား . . .အဲ့ဒါနဲ့ ငါလည်း ည ၁၀ နာရီလောက်မှ အဆောင်ကို ပြန်ရောက်တယ်လေဟာ.....ဒါနဲ့ဘဲ စိတ်မီးအိမ် က ည ၁၀ နာရီကျော်ရင် ပိတ်ပြီထင်လို့ ငါ မလာတော့တာ။

အရိပ်

[+/-] အပြည့်အစုံသို့...

"၀ါသနာကိုစားသောအချစ်"

သီတင်းကျွတ်နဲ့ပါတ်သက်ပြီး ကဗျာတစ်ပုဒ်ရေးမလို့ပဲ ဒါပေမယ့် ရေးလို့မရဘူးဖြစ်နေတယ်။ အဲဒါနဲ့လွန်ခဲ့တဲ့ ငါးနှစ်ခြောက်နှစ်လောက်က အရူးထဖူးတဲ့အကြောင်းအရာလေးကို သွားသတိယတယ်။ အဲဒီအရူးထပြီးရေးတဲ့ အကြောင်းအရာလေးကတော့ " ၀ါသနာကိုစားတဲ့အချစ်" ဆိုပါတော့ဗျာ………..

"၀ါသနာကို စားတဲ့ အချစ်"

တခါတုန်းက ချောက် သခင်ဖိုးလှကြီး စက်မှုလက်မှုသိပ္ပံ ကျောင်းကလေးမှာ နေ့ကျောင်းသားတွေရယ်၊ ညကျောင်းသားတွေရယ်၊ ဆရာဖြစ်ကျောင်းသားတွေရယ် အားလုံးဆုံစည်းပြီး ကျောင်းတော်ဟာ အတော်စည်စည်ကားကား ရှိခဲ့ဘူးတယ်။ အမိကျောင်းတော်ရဲ့ အနောက်မြောက်ဘက်မှာတော့ ချင်တောင်မ ဆိုတဲ့ဘွဲ့နှင့် စေတီတစ်ဆူဟာ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်းပေါ်မှ သပ္ပါယ်စွာနဲ့ ယနေ့တိုင်အောင် တည်ရှိနေပါတယ်။ အမိကျောင်းတော်ကို လာရောက်ပြီး ပညာနို့ရည် သောက်စို့ ကြတဲ့သူတွေကတော့ အနယ်နယ်အရပ်ရပ်ကပေါ့ ။ ချင်တောင်မဘုရားကုန်းတော်မှာ မနက်စောစောပိုင်းနဲ့ ညနေပိုင်း၊ ညပိုင်း တို့မှာဆိုရင် ကျောင်းသူကျောင်းတို့နဲ့ စည်ကားနေတာပေါ့။ ကျောင်းဘက်နဲ့ အဆောင်ဘက်တွေကနေပြီး ချင်တောင်မဘုရားဆီကို သွားတဲ့အခါမှာ ဘုရားပေါ်မတက်ခင် ဘုရားဘက်ကိုလမ်းလေး ချိုးကွေ့လိုက်တော့ လမ်းရဲ့အရှေ့ဘက်မှာ "My Youk Tiger Hostel" ဆိုတဲ့အဆောင်လေး တစ်ဆောင်ရှိတယ်။ အဲ့ဒီအဆောင်လေးမှာ သူငယ်ချင်း သုံးယောက်အတူတကွ နေထိုင်ကြတယ်။ အဆောင်ရဲ့နာမည်လေးကိုတော့ အဆောင်မှာ အရင်နေသွားတဲ့ နောင်တော်ကြီးတွေ ပေးထားတဲ့အတိုင်းပဲ ထားရှိလိုက်ကြတယ်။ အဲ့ဒီ သူငယ်ချင်းသုံးယောက် ကတော့ အနိစ္စရယ်၊ ဒုက္ခရယ်၊ အနတ္တရယ် ဆိုပဲ…… သူတို့ဟာ တနယ်တည်း သူငယ်ချင်းတွေ နဲ့ရော တနယ်ခြားသူငယ်ချင်းတွေနဲ့ပါ ခင်ခင်မင်မင်၊ ပျော်ပျော်ရွှင်ရွှင် နဲ့ နေထိုင်ကြတယ်။ လိမ်လိမ်မာမာ ရှိတယ်လို့တော့ မဆိုနိုင်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ တခြားသူငယ်ချင်းတွေနဲ့ဆုံမိကြရင် အရက်ဝိုင်းဖွဲ့ ပြီး သောက်တတ်ကြတယ်၊ အဆောင်မှာနေတဲ့သူတွေစုပြီးတော့လဲ 21 ကစားကြသေးတာကို။ စာသင်ချိန်ပြင်ပမှာ အများဆုံးအချိန်ဖြုန်းတတ်တာကတော့ ခြင်းခတ်တယ်၊ ဘောလုံးကန်တယ်၊ Chess ကစားတယ်၊ ကောင်မလေး သူငယ်ချင်းတွေအဆောင်ကို သွားလည် တတ်ကြပါတယ်။ အနိစ္စက ခြင်းခတ်တာကိုဝါသနာပါတယ်၊ ဒုက္ခကတော့ သီချင်းဆိုတာကိုစိတ်ဝင်စားပြန်ရော အနတ္တကတော့ Chess ထိုးတာကို ၀ါသနာပါပြန်ရော…. အဲဒါပေမယ့် တစ်ဆောင်လုံးမှာတော့ Chess မထိုးတတ်သူရယ်လို့ မရှိကြဘူးပေါ့။ သူတို့အဖွဲ့ က အဆောင်မှာ ကစားရတာ အားမရရင် တခြားအဆောင်တွေမှာ သွားကစားတယ်၊ လမ်းထိပ်လဖက်ရည်ဆိုင်တွေမှာ သွားကစားနေကြတော့တာပဲ…. တခါတခါများဆိုရင်ဝါသနာအားကြီးတာတော့ မပြောနဲ့တော့ တစ်ဖွဲ့လုံးထမင်းစားဖို့မေ့၊ အိပ်ချိန်တွေမေ့နဲ့ ကစားခဲ့ကြတာပဲ။ အနတ္တ ဆိုရင် Chess ကစားဖို့အတွက် ကျွန်းပေပြားကြီးတွေကို သေချာစပ်ပြီး ရေပေါ်ပြောင်အောင်ထိုး ပေါလစ်တင်ထား တစ်ဘက်ကိုပြောင်နေအောင်ထား၊ တဘက်ကို Chess ခုံလုပ်ထားတာပဲ… အဲဒီလိုနဲ့ ရာသီတွေပြောင်း၊ သင်တန်းတွေပြီးဆုံးသွားတော့ ရေကြည်ရာ၊ မျက်နုရာ ဆိုသလိုပဲ တကွဲတပြားဆီးဖြစ်သွားကြတော့တာပေါ့။ ကံအကြောင်းပါပြီး အနတ္တဟာ မူယာဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ကျပြီး သမီးလေး မာယာကို မွေးဖွာလာတာ အခုဆိုရင် ကျောင်းနေတဲ့အရွယ်တောင်ရောက်ရှိနေပါရော….. ကလေးကျောင်းသုံးစရိတ်ကလည်း အလျှင်မမှီ၊ လူကြီးအိမ်သုံးစရိတ်ကလည်း မလောက်ရတဲ့ကြားထဲ သမီးလေးမာယာကလည်း စာကြည့်စားပွဲ ၀ယ်ပေးဖို့ ပူစာလာပြန်တော့ အကြံကုန်ဂဠုန်ဆားချက် ဆိုတဲ့အတိုင်းပဲ ဒေါ်ရွှေမူယာက ကိုအနတ္တရယ်တဲ့ တော့်ခေါင်းရင်းမှာ ဘာမှမသုံးပဲထားတဲ့ပျဉ်ပြားကြီးရှိတာပဲတဲ့ ခြေထောက်လေးချောင်းတပ်ပြီး အဲဒီပျဉ်ပြားကြီးကို အကွက်တွေအောက်က ထား၊ မှောက်ခင်းလိုက်ရင် ကလေးစာကြည့်ဖို့စားပွဲဖြစ်ပြီပေါ့ ဆိုတော့ မောင်အနတ္တလည်း အမိန့်တော်မြတ်အတိုင်းပါလို့ စိတ်ကတွေးပြီး စာကြည့်စာပွဲ စတင်လုပ်ဆောင်ရတော့တာပေါ့။အဲဒီအချိန်မှာ အနိစ္စရယ်၊ ဒုက္ခရယ်က ဘယ်ကနေဘယ်လိုဆုံ ပြီး ပေါက်ချလာတယ်မသိပါဘူး။အနတ္တလုပ်ကိုင်နေတဲ့အကြောင်းလည်းသိရော ကြားဖူးသမျှတွေထဲက တရားတိုတိုထွာထွာ လေးတွေကို နှစ်ကောင်သားပေါင်းပြီးဟောပါလေရောဗျာ……. ဟေ့ကောင်အနတ္တ တို့ဗုဒ္ဓမြတ်ဘုရားက သဗ္ဗညုတရွှေညာဏ်တော်ကိုရပြီးတဲ့နောက်မှာ ၀ဋ်ကျွေးရယ်၊ ၀ါသနာရယ်ဆိုတဲ့ ''၀'' နှစ်လုံးထဲက ၀ါသနာဆိုတဲ့ ''၀''တစ်လုံးကို ပယ်လိုက်နိုင်တယ်။ ဘုရားကလွဲပြီး ရဟန္တာပုဂ္ဂိုလ်တောင် အဲဒီ ၀ နှစ်လုံးစလုံးကို မပါယ်သတ်နိုင်သေးဘူးကွ။ တစ်ခါက ရဟန္တာပုဂ္ဂိုလ်မြတ်ကြီးကို ဒကာတစ်ယောက်က သင်္ကန်း (၃) စုံလှူမယ်လို့ရည်မှန်းပြီး ပင့်ဖိတ်တာပေါ့ ဒကာလှူဒါန်းမယ့် နေရာကို သွားတဲ့လမ်းမှာ ရေအိုင်လေးတွေရှိနေသတဲ့ ရေအိုင်တစ်ခုတွေ့တိုင်း ရဟန္တာကိုယ်တော်မြတ်ကြီးက ခုန်ကူးလိုက်သတဲ့ အဲဒါလဲ ကူးချင်လို့ကူးတာမဟုတ်ဘူး ဟိုအရင် မျောက်ဘ၀တုန်းက ခုန်ကူးခဲ့တဲ့ ၀ါသနာကို ရဟန္တဖြစ်နေတာတောင် မပါယ်သတ်နိုင်သေးလို့ ၊ မစွန့်လွတ်နိုင်သေးလို့ကူးမိတာကွ။ ဒါပေမယ့် အဲဒီဒကာကြီးက ရဟန်းရယ်၊ရှင်ဘုရင်ရယ်၊ဆင်ဖြူတော်ရယ်၊ အမျိုးသမီးရယ် ဟာ လမ်းသွားလို့ ပြေးလွှားခုန်ပေါက် သွားရင် ဣိနြေ္ဒပျက်တယ်ဆိုတာ ကိုသိလေတော့ လှူမယ့်သင်္ကန်း သုံးစုံထဲက တစ်စုံလျှော့လိုက်တာပေါ့။ နောက်ရေအိုင်လေးတစ်အိုင်တွေတော့ ၀ါသနာရဲ့စေ့ဆော်မှုကြောင့် ခုန်မိသွားပြန်ရောတဲ့၊ ဒါနဲ့ သင်္ကန်းတစ်စုံ ထပ်လျှော့လိုက်ပြန်ရော။ နောက်တစ်အိုင်လဲတွေ့ရော ရဟန်းဒါကြီးက အင်းဒီရေအိုင်မှာသာခုန်ကူးမိရင် ဒါကာကြီးက သင်္ကန်းတစ်စုံမှ လှူဖြစ်မှာ မဟုတ်တော့ဘူးလို့ စိတ်မှာတွေးပြီး ရေအိုင်ထဲလျှောက်သွားသတဲ့။ အဲဒီအကြောင်းကို ဒကာကြီးက မေးလို့သိပြီး ရဟန္တာပုဂ္ဂိုလ် မှန်းလဲသိရော သင်္ကန်း ခုနှစ်စုံလျှူလိုက်သတဲ့………..

အခုကြည့်ပါလား တို့ကောင်အနတ္တက သူ့ရဲ့ ၀ါသနာ ကို အချစ်နဲ့ အစားထိုးလိုက်ပြီး စာပွဲခုံလေးလုပ်လိုက်တာ အခုဆိုရင် Chess ခုံလေးကနေပြီ စားပွဲခုံလေးဖြစ်နေပြီလေ……….


အနတ္တ

(ကောင်းတမန်ရဲ့ သီတင်းကျွတ် အထူးဖိတ်ခေါ်ပွဲအတွက်)

[+/-] အပြည့်အစုံသို့...

Sunday, October 21, 2007

သီတင်းကျွတ်အထူး ဖိတ်ခေါ်ခြင်း

အားလုံး...
မကြာမီ သီတင်းကျွတ်တော့မည်။
သီတင်းကျွတ်အမှတ်တရ အထူး post များကို သီတင်းကျွတ်လပြည့်နေ့တွင် တင်ရန် ရှိပါသဖြင့် လပြည့် နေ့အမီ တင်ပေးကြပါရန် တောင်းပန်အပ်ပါသည်။ သစ်ပင်တစ်ပင်လျှင် post တခု အနည်း ဆုံး တင်ပေးကြပါခင်ဗျာ။လာလည် ဖတ်ရှုသူများ လည်း မိမိတို့ ရေးသားမှုများ post တင်စေလိုလျှင် စိတ်မီးအိမ်ကို အမြန်ဆက်သွယ်ကြပါခင်ဗျာ။
စိတ်မီးအိမ်
ဘလော့ဂ် ဥယျာဉ်

[+/-] အပြည့်အစုံသို့...

စိတ်မီးအိမ် ကို ခံစားခြင်း


အနတ္တ ရဲ့ Time Machine ကို ဖတ်ရင်း ဒီ post ကို ရေးချင်စိတ်ပေါ်လာလို့ ရေးပြီး တင်ပေးလိုက်တာ။
စိတ်မီးအိမ် ကို စတင်ဖို့ စဉ်းစားတော့ ကျွန်တော်သူငယ်ချင်း အားလုံး ကို ဖိတ်ခေါ်ချင်တာ ရူးလို့ပါ။
ဒါနဲ့ လိုင်းပေါ်တက်သူ သူငယ်ချင်း အားလုံးကို တစ်ယောက်မကျန် ဖိတ်တယ်။ ဒီရောက်မှ ပူပူနွေးနွေး ကောက်ရတဲ့ ညီငယ်တွေလည်း ဖိတ်တာပဲ။ အင်း တိုတိုပြောရရင် အင်တာနက် ဂျပိုး သူငယ်ချင်းတိုင်းကို ဖိတ်တယ်ဗျာ။

ဒီဘလော့ဂ် ဥယျာဉ်ရဲ့ နာမည်လေးပေါ်ပေါက်လာပုံကိုလည်း ပြောပြဦးမယ်ဗျာ။ တနေ့ အရိပ်ဆိုသူ နေပူက လူတယောက်နဲ့ လိုင်းပေါ်တွေ့တုန်း ဘလော့ဂ် နာမည်ပေးရေးဆွေးနွေး ဖြစ်တယ်။ ကျွန်တော် က စိတ်ရောင်စုံ လို့ပေးဖို့ အကြုံပြုတယ်။ သူက စိတ်မီးအိမ် ဆို ပိုကောင်းမယ် လို့ ပြန် အကြုံပြုတယ်။ ဒီနာမည်လေး ကြားတာနဲ့ အဓိပ္ပာယ်လည်း အရမ်းမြောက်၊ နာမည်လေး ကလည်း လှ ဆိုတော့ သူ့ကို ဥယျာဉ် နာမည်လေးအတွက် သုံးဖြစ်ခဲ့တာ။ ဒါနဲ့ ဒီဥယျာဉ်လေးကို စိတ်မီးအိမ် လို့ ခေါ်ရတဲ့ အကြောင်းအရင်းကို ကျွန်တော် ခံစားရူးသွပ်ပြီး ဥယျာဉ်ထဲမှာ တင်ထားတယ်။ မနေ့ကပဲ အနတ္တ က သူ့ရဲ့ ရှုထောင့်တစ်မျိုးကနေ မြင်တာကို post တင်ထားတယ်။ လွတ်လပ်ကျယ်ပြောစွာ ဘောင်မခတ်ပဲ ခံစားတတ်တာ ဘလော့ဂ် သစ်ပင်စိုက်သူတွေရဲ့ အကျင့်လေးပါ။ ကျန်သစ်ပင်လေးတွေနဲ့ လာလည်သူတိုင်းရဲ့ စိတ်မီးအိမ် အပေါ် ခံစားမှုလေးတွေလည်း သိချင်တယ်ဗျာ။နည်းနည်း လောက် ၀င်ရေးသွားပါဦး။ Comment မှာဖြစ်ဖြစ်၊ ဆီဗုံးမှာ ဖြစ်ဖြစ်ပေါ့။

နောက် အနတ္တ ရဲ့ ခံစားမှုကို မဆွေးနွေးခင် သစ်ပင်လေးတွေ ကို မှာစရာရှိတာ မှာထားခဲ့ဦးမယ်။

ပထမဦးဆုံး စိတ်မီးအိမ် ဆိုတဲ့ နာမည်လေးကို စအကြုံပြုပေးခဲ့တဲ့ အရိပ် ကတော့ အခုထိ ဥယျာဉ်မှာ သစ်ပင်လာမစိုက်သေးဘူးဗျာ။ အရိပ်ကို ဖိတ်ခေါ်ပါတယ်။ မြန်မြန်လာဖို့။ (လမ်းကြောင်းမှာ ဖိနပ်ပြတ်နေရင်လည်း လှမ်းအော်ပေးနော်။ ဒီကသစ်ပင်တွေမှာ ရှိတဲ့ အသီး၊အပွင့်လေးတွေ စုရောင်းပြီး ဖိနပ်အသစ် တစ်ရံဖိုးတော့ ရမယ် ထင်တာပဲ ဟဲ..ဟဲ။) အရိပ်ဆိုတာ လိုမှန်းတော့ နေပူနေဖူးတဲ့ လူတိုင်းသိတော့ အရိပ်ဆိုတဲ့ အရိပ်လည်း သိမှာပါ။ မြန်မြန်သာပြေးခဲ့ပါတော့ဗျာ။

နောက် bro ဆိုတဲ့ သစ်ပင်ညီငယ်။ ရူးသွပ်ဖော် ရဲဘော်ဟောင်း (မဟာရန်ကုန်က ကားမှတ်တိုင် နာမည် မဟုတ်ဘူးနော်။) တစ်ယောက်ပါ။ ဒီသစ်ပင်ညီငယ် နဲ့ ကျွန်တော်နဲ့ ဆယ်စုနှစ် ရဲ့ ငါးပုံတစ်ပုံစာ ကို အပေးအယူ နှစ်ခု အပြန်အလှန်လုပ်ရင်း ကုန်လွန်စေခဲ့ဖူးပါတယ်။ အသွားနဲ့အပြန်ကို လက်လေးဖက် နဲ့ ကုလားဖန် ထိုးခဲ့တာ နှစ်ရက်တည်းရယ်။ ဒါပေမယ့် အဲဒီ နှစ်ရက်ဟာ နှစ်နှစ် ဆိုတာကို လွယ်လွယ်နဲ့ မြန်မြန် အနားသတ်ပေးလိုက်တာတော့မဟုတ်ဘူး။ ခုတော့ ဒါဟာ အတိတ်တဲ့။ မဟုတ်သလိုလို နဲ့ အဲဒါဟာ တကယ် အတိတ်ပဲဗျာ။ အင်း.bro ရေ..ညီငယ်ကို ပြောရင်းနဲ့ သတိရလာပြီဗျာ။ မနားတမ်း ပြောခဲ့ဘူးတဲ့ မိုးလင်းပေါက် စကားဝိုင်းတွေ ကို bro သစ်ပင် နဲ့ အတူ နောက်မှ ပူးပေါင်းတင်ဆက်ကြသေးတာပေါ့။ (တခြားသူတွေတော့ စိတ်ညစ်ဖို့သာ ပြင်ပေတော့၊ မဖတ်ချင်လည်း ဇွတ်တင်ထားရင် ဖတ်ရမှာပဲ မဟုတ်လား..)။

အင်း အဲလို နဲ့ ကောင်းတမန်က လိုရင်းကို မရောက်ဘူး (သူများတွေ မဝေဖန်ခင် ကိုယ့်ဘာသာ ကြိုပြောထားတာဗျ..)။ အနတ္တ ခံစားမှုကို ပြန်ဆက်မယ်။ အနတ္တ ကဆိုတယ်။ လူပုဂ္ဂိုလ်၊ အချိန် နဲ့ အကြောင်းအရာတစ်ခုစီ နဲ့ ပတ်သက်တဲ့ ရူးသွပ်မှုတွေ ကို မျှဝေရင်း ကျွန်တော်တို့ စိတ်ကလေးတွေဟာ ဒီဥယျာဉ်လေးမှာ ဆုံဆည်းရပါတယ်တဲ့။ ပြီးတော့ သူက “ဟိုတစ်ချိန်တုန်းက တွေ့ကြုံ ဖြစ်ပျက်ခဲ့တာလေးတွေကို ပြန်ပြောင်းအောက်မေ့ တမ်းတပြီး လည်းရူးလို့ရတယ်၊ အခုလက်ရှိအချိန်လေးမှာလည်း တနယ်စီဝေးကွာနေရပေမယ့် ဒီဥယျာဉ်လေးထဲမှာ လာရောက်ဆုံဆည်းလို့ရတယ် ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲနော်” တဲ့။အဲဒီ ခံစားမှုလေးကို တော်တော်ကြိုက်တယ်ဗျာ။ အနတ္တပြောသလိုပါပဲ ကျွန်တော်တို့ ဥယျာဉ်လေးဆီ အားတဲ့ အချိန်မှာလာလည်ရင်း ကျွန်တော်တို့ စိတ်ရဲ့ တပိုင်းတစ ကို ချန်အပ်ထားခဲ့ကြတာပါ။ ပြီးတော့ အဲဒီစိတ်တပိုင်းလေးဟာ ဥယျာဉ်ထဲမှာ ပြေးလွှားနေရင်း၊ နောက် တယောက် ရဲ့ စိတ်တပိုင်းနဲ့ တွေ့ဆုံပျော်မြူးလို့လည်း ရပါတယ်။စိတ်တွေ အားလုံး စုံသွားတဲ့ နေ့လည်း ရှိချင်ရှိမယ်။ အဲလိုနဲ့ ဒီဥယျာဉ်လေးထဲမှာ အချိန်ကာလ၊နေရာ နဲ့ တစ်ဦးချင်စီရဲ့ အကြောင်းကို ထင်ဟပ်စေရင်း ဥယျာဉ်ရဲ့ အသီး၊အပွင့်တွေ ရောင်စုံဝေဖြာစေဖို့ ကြိုးစားရမှာပါ။

အားလုံးစုံတဲ့အကြောင်းပြောလို့ ဟိုနေ့ က နွယ်သဇင် ကို လိုင်းပေါ်မှာ ဖြုန်းစားကြီးတွေ့ခဲ့တဲ့ အကြောင်းပြောဦးမယ်ဗျာ။ သူ့နဲ့ က တနယ်သားဆိုတော့ မတွေးချင်လည်း ကိုယ့်အကြောင်းကို တွေးရင်း အလိုလို သူ့အကြောင်းက ပါလာတာပဲ။ အဲလို မတွေးချင် တွေးချင်နဲ့ ပါလာလို့ တွေးနေတုန်း ရုတ်တရက် ကိုယ်ရွှေချော က လိုင်းပေါ်တက်လာတယ်။ ဟာ..ဘယ်လို မျက်စိလှည်လာတာလဲပေါ့။ ကျွန်တော်လည်း တွေ့တာနဲ့ ဇွတ်သစ်ပင် စိုက်ခိုင်းတော့တာပဲ။ သူက လိုင်းကို ခဏတက် လာတာတဲ့။ မကြာခင်မှာ သူ လိုင်း ရက်ရှည် ပြန် အောက်မယ်တဲ့လေ (အင်း ဥပုသ်ရက်ရှည် စောင့်တယ် ပဲ ကြားဖူတာ။ လိုင်းရက်ရှည်အောက် တယ်ဆိုတာကို ဒါပထမဆုံး ကြားဖူးခြင်းပဲ)။ အင်း..ဒီတော့လည်း အေးပေါ့ ..ဘာညာ ဆိုပြီး သူ့ကဗျာတချို့ စိတ်မီးအိမ်မှာတင်ခွင့် ပြုဖို့ တောင်းရတာပေါ့။ အင်း သူကလည်း တင်ပါတဲ့။ သစ်ပင်တွေ ကို တွေ့ရတာ ၀မ်းသာတယ်ပေါ့ဘာညာနဲ့ ပြောရင်း လိုင်းအောက်ပြန်ရောက်သွားတာပဲ။

အင်း ဒီတခါ တကယ် အကျင့်ဖျောက်ပြီး လိုရင်းကို ပြန်ဆက်မယ်။ အနတ္တ တခန်းပြန်လှည့်မယ်။ သူက ဆိုပြန်ပါတယ်။ “ “မီးအိမ်” မီးအိမ်ဆိုတာ အမှောင်ကိုခွင်းပြီး အလင်းဆောင်ပေးတဲ့ သဘောပေါ့။ ရှေးလူကြီးတွေကတော့ မီးအိမ်ကို ပညာနဲ့ နှိုင်းယှဉ် ပြောလေ့ရှိတာပဲ။မီးအိမ်က မီးကို ဘယ်လောက်ပဲ ကူးယူထွန်းညှိနေပါစေ သူ့ဆီကအလင်းရောင်ကတော့ မှေးမှိန်သွားခြင်း မရှိဘူးလေ။” ဒီခံစားမှု လေးကို လည်း ကြိုက်တယ်။ ဥယျာဉ်လေးထဲမှာ ခံစားမှုတွေ၊ရူးသွပ်မှုတွေ ကို ဘောင်ခတ် မထားခြင်းသည်ပင်လျှင် ရှုထောင့်ပေါင်းစုံကနေ အလင်းဆောင်ဖို့ ကြိုးစားနေခြင်းပါပဲ။ ဒါကြောင့် ဘောင်ခတ်မထားတဲ့ အသီးအပွင့်တွေ ကို ပေးရင်း အလင်းလည်း ဆောင်ရင်း နဲ့ စိတ်မီးအိမ်ကို ဆက်လက် ထွန်းညှိကြဖို့ တိုက်တွန်းချင်ပါတယ်။ ၀ိုင်းဝန်း စိုက်ပျိုး ဘလော့ဂ် တန်ဖိုးပေါ့။

ဝိုင်းဝန်းစိုက်ပျိုးဆိုလို့ ၀ိုင်းဝန်းစိုက်ပျိုးဖို့ ဆော်သြထားတဲ့၊ အားလုံးကို သတိယတယ်ဆို တဲ့ Peace ရေ။ သစ်ပင်လေးတွေလည်း Peace ကို သတိရနေတယ်။ ရေလာလောင်းပေးလှည့်ပါဦး။ မအားရင်လည်း ခဏတဖြုတ်ပေါ့။ Jasmine နဲ့ အတူ မမျှော်လင့်ထားချိန်မှာ လာတတ်တဲ့ အညာက ထစ်ချုန်းမိုးလေးလို လာပက်ဖျန်းလှည့်ပါဦး။သစ်ပင်တွေ ပိုမို စိမ်းလန်းသွားအောင်လို့ အမြန်လာခဲ့နော်။ Peace ရဲ့ ကဗျာ၊ ရသစာပေ ခံစားတတ်မှု ကို ကောင်းကောင်းသိတော့ သစ်ပင်လေးတွေ မြန်မြန်လာစိုက်ဖို့ ဖိတ်ခေါ်ပါတယ်။

နောက် တဆက်တည်း ဆက်သတိရတာ ကိုဖိုးသု ခေါ် ကိုဗိုလ်သု။ ဘယ်မှာလဲဗျာ။ လာလေ မြန်မြန်။ ဖိုးသု ကိုတော့ Post တွေ ကို အင်္ဂလိပ်လိုတင်ဖို့ ဖိတ်ခေါ်ရမလားပဲ။ ဟဲ..ဟဲ…။ Come and post in the garden quickly 4Thu. Where do you hide most of your works in English? The sentence we studied together! Miss! Miss! Miss! She saw seesaw on the seashore. A quick brown fox quickly jumps over the lazy dog. A talk in front of CGTI. Friendship. Life. Changes. Corner? What more? Just do I want to feel your works! Come quick and post hit!

ရှမ်းလူမျိုးမဟုတ်ပဲ ရှမ်းလူမျိုးတွေ ကို ချစ်မြတ်နိုး၊ ရှမ်းရိုးရာကို ချစ်မြတ်နိုးလို့ ရှမ်းနာမည် မပါပါအောင် မှည့်ထားတဲ့ စိုင်းအောင်မိုးရော ဘယ်လိုလဲ။ ငြိမ်လှချည့်လား။ မုန်တိုင်းလား။ လေပြေလား။ လာတော့ဗျာ။ စိုင်မနေနဲ့။ တိုက်သာ ချလိုက်တော့။ ရှမ်းတွေ မပြောဖူးတဲ့ ရှမ်းပုံပြင်တွေ များပြောမလားပေါ့။ စောင့်နေတယ်ဗျ။ ဘာပဲ ဖြစ်ဖြစ် ၀တ်ထားတဲ့ အပေါစား လက်စွပ်ကလေး တောင် မိုးကြိုးပစ်မှာ ကြောက်နေရတဲ့ ရှမ်းမဟုတ်တဲ့ ကိုရှမ်းကြီး စိုင်းအောင်မိုး။ ပြောပါဦး ပါးစပ်သေနတ်တွေအကြောင်း ကို စိတ်မီးအိမ်မှာ။

အင်း အဆုံးသတ်တော့မယ်ဗျာ။ တောင်စဉ်ရေမရ ဒီကောင် လျှောက်ပြောနေတယ်လို့ ထင်နေမှာစိုးလို့။ (တကယ်တော့ အဲလို အပြောခံရဖို့လည်း လုံလောက်နေပြီပဲဗျာ)။ မမူးပဲ ရမ်းတာ ကျွန်တော်ပဲ။ အဲ မဟုတ်ပါဘူးဗျာ။ မှားသွားလို့။ အားလုံး စုံစေချင်လို့ ရေးရင်း အဆက်အစပ် မတတ်မှုကြောင့် ဖတ်ရတာ ဒေါင့်သက်သက် ဖြစ်သွားရင် ခွှင့်လွှတ်ကြဗျာ။

မပိတ်ခင် (အဲ..ဒီကောင် ခုထိကို မပိတ်သေးဘူးလား..လိုင်းပေါ်က အော်သံ တခု) လာလည် အားပေးတဲ့ Parchuu နဲ့ အားလုံး ကိုလည်း ကျေးဇူးဆိုလိုက်ပါတယ်။ သူ့ဘလော့ဂ် မှာ ထည့်ရေးဖော်ရတဲ့ ပန်းသဇင် ( http://panntz.wordpress.com/ ) ကိုလည်း ကျေးဇူးပါပဲဗျာ။ နောက်ကြုံရင် Eidi လာပေးပါ့မယ်။ ဆမိုင်လည်း လာစားပါ့မယ်။ (နောက်တခါ ထည့်ရေးခံချင်လို့..ဟဲ..ဟဲ..၊ ဖိုးသားကတော့ ငယ်ကျင့် မပျောက်သေးဘူး..သိတယ်မဟုတ်လား…။)

အင်း ဒီတခါ တကယ် အဆုံးသတ်ပါတော့မယ် ပရိသတ်ကြီး။ (လက်ခုပ်သံများ…လိုင်းပေါ်မှ..)

ပွင့်လင်းမှု၊နွေးထွေးမှု၊ဟန်မဆောင်တတ်မှု၊ရိုးသားမှု၊လွတ်လပ်မှု၊ သိတတ်မှု၊ကူညီဖေးမမှု၊ကြိုးစားမှု တို့ နဲ့အတူ စိတ်မီးအိမ်ဟာ အနည်းဆုံးတော့ သူ့စွမ်းအား ရှိသလောက်ကြိုးစားရင်း လောကကို အလင်းပေးထွန်းညှိပေးဖို့ အထိ မလုပ်ဆောင်နိုင်ခဲ့ရင်တောင် လောကအတွက် အလင်းဆိုတာ ရှိတယ်လို့ ပြဆိုနိုင်ခဲ့ရင် ဥယျာဉ်ထဲက သစ်ပင်လေးတွေ စိုက်ပျိုးရကျိုးနပ်ပါပြီ။ ပြဆိုနိုင်ဖို့လည်း ဇွဲ၊လုံ့လ၊၀ီရီယတို့ နဲ့ ကြိုးစားသွားကြပါစို့။

စိတ်မီးအိမ် ဘလော့ဂ်ဥယျာဉ် မှ သစ်ပင်တစ်ပင်
ကောင်းတမန်

[+/-] အပြည့်အစုံသို့...

Saturday, October 20, 2007

TIME MACHINE

ထေရ၀ါဒ ဗုဒ္ဓမြတ်စွာဘုရားက စိတ် စေတနာ နဲ့ပါတ်သက်ပြီးတော့ အမျိုးမျိုး အဖုံဖုံ ဟောဖော်ကြားခဲ့ပါတယ်။ ကျွန်တော်အခုပြောချင်တာကတော့ အဲဒီလောကုတ္တရားနဲ့ပါတ်သက်နေတဲ့စိတ်အကြောင်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ဥယျာဉ်လေဖြစ်တဲ့ ”စိတ်မီးအိမ်” ဆိုတဲ့ထဲက “စိတ်” ဆိုတာနဲ့ပါတ်သက်ပြီးတော့ ကျွန်တော်ရဲ့ခံစားချက်ကလေးကိုမျှဝေခံစား လိုက်တဲ့သဘောပါပဲ။

ဒီဥယျာဉ်လေးထဲမှာ ကိုယ်စီကိုယ်ငှ ရူးသွပ်မှုလေးတွေကို ရူးချင်တိုင်းရူးကြတာပါပဲ။ အဲဒီလိုရူးသွပ်မှုတွေထဲမှာ အချိန်ကာလနဲ့ပါတ်သက်ချင်ပါတ်သက်နေမယ်၊ လူတစ်ဦးနဲ့တစ်ဦးပါတ်သက်ချင်ပါတ်သက်နေမယ်၊ အကြောင်းအရာတစ်ခုခုနဲ့ပါတ်သက်ချင်ပါတ်သက်နေမယ်ပေါ့ဗျာ…. ဘယ်လိုပဲပါတ်သက်နေပါစေ ကျွန်တော်တို့ ဖြစ်စေချင်တာကို ဘယ်လိုအရာမျိုးနဲ့မှ တာဆီး ပိတ်ပင်လိုမရတာကတော့ စိတ် ပဲဗျ……. ကျွန်တော်တို့တစ်တွေဟာ ဘ၀ပေးကံကြမ္မာအရ ကျရာနေစေရာသွား ဖြစ်နေကြပေမဲ့ ကျွန်တော်တို့ရဲ့စိတ်ကလေးဟာ ဒီဥယျာဉ်ကလေးထဲမှာ အတူတကွ လာရောက်ဆုံဆည်းကြတာပေါ့ ဟိုတစ်ချိန်တုန်းက တွေ့ကြုံ ဖြစ်ပျက်ခဲ့တာလေးတွေကို ပြန်ပြောင်းအောက်မေ့ တမ်းတပြီး လည်းရူးလို့ရတယ်၊ အခုလက်ရှိအချိန်လေးမှာလည်း တနယ်စီဝေးကွာနေရပေမယ့် ဒီဥယျာဉ်လေးထဲမှာ လာရောက်ဆုံဆည်းလို့ရတယ် ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲနော်… အဲဒါကတော့ စိတ်နဲ့ပါတ်သက်တဲ့ ခံစားချက် တစ်စိတ်တစ်ဒေသပေါ့….
“မီးအိမ်” မီးအိမ်ဆိုတာ အမှောင်ကိုခွင်းပြီး အလင်းဆောင်ပေးတဲ့ သဘောပေါ့။ ရှေးလူကြီးတွေကတော့ မီးအိမ်ကို ပညာနဲ့ နှိုင်းယှဉ် ပြောလေ့ရှိတာပဲ။ မီးအိမ်က မီးကို ဘယ်လောက်ပဲ ကူးယူထွန်းညှိနေပါစေ သူ့ဆီကအလင်းရောင်ကတော့ မှေးမှိန်သွားခြင်း မရှိဘူးလေ… အဲသလိုပဲ စိတ်မီးအိမ် ဥယျာဉ်လေးထဲကနေပြီ ကိုယ်လိုချင်တဲ့ရှု့ထောင့်ကနေ (ဥပမာ - ကောင်းတမန် ချိတ်ပေးထားတဲ့ Link တွေကနေ၊ Jasmine ရဲ့ ဘ၀ဒသန ကဗျာကနေ) ကိုယ့်အတွက်တိုးတက်မှုတစ်ခုခုဖြစ်မယ်ဆိုရင် မီးအိမ် ဆိုတဲ့ အဓိပ္ပါယ်လေး ပေါ်လွင်သွားတာပေါ့ …..

အနတ္တ

[+/-] အပြည့်အစုံသို့...

တမ်းတချင်း

သူငယ်ချင်းတို့ရေ.................

စိတ်မှာမွန်းကျပ်
အထီးကျန်ဆန်လာတဲ့အခါ
ခုံဖိနပ်တွေတခွမ်းခွမ်းစီးပြီး
ချင်တောင်မ ကုန်းပေါ်ပြေးတက်
ဧရာဝတီမြစ်ဘက်မျက်နှာလှည့်
လက်တွေကိုဆန့်တန်းမနားတမ်း
လေတွေကိုတ၀ကြီးရှူပြစ်ချင်တယ်ကွာ။

မန်းတောင်၊ဘုရားကြီးကိုရောက်တိုင်း
အဟောင်းတိုင်းစိတ်မှာတမ်းတ
လွမ်းဆွတ်သတိရစွာနဲ့သူငယ်ချင်းတို့ရေ
တို့ချင်တောင်မခြေဘ၀ကို
မှန်းဆမိတယ်ကွာ
ဘယ်လောက်လွတ်လပ်
ပျော်စရာကောင်းမလည်းဆိုတာ
အထူးပြောပြဖို့လိုမယ်
မထင်ပါဘူးကွာ။

ဖြစ်နိုင်မယ်ဆိုရင်လေ.........
ဦးပိန်တံတားမှာ
လက်တွေကိုဆန့်တန်းမနားတမ်း
ဟိုဘက်ဒီဘက်သူငယ်ချင်းတွေနဲ့
လျှောက်လှမ်းချင်တယ်ကွာ။


သူငယ်ချင်း အားလုံးကိုသတိရလျှက်
အနတ္တ

( ဘယ်သူတွေဘာပြောပြော
သူငယ်ချင်းတွေအကြောင်းတွေးရင်

ကိုယ့်အသက်တော့ မေ့သွားတာ
အမှန်ပဲဗျာ)

[+/-] အပြည့်အစုံသို့...

Friday, October 19, 2007

လိုချင်တာလေးတွေ ရှာမယ် ဆိုရင် Practice English and Find All You Want with Experts' Answers

ဒီနေ့ တော့ ပျင်းပျင်းရှိတာနဲ့ အင်တာနက်မှာ လျှောက်မွှေတာ။ စိတ်ဝင်စားစရာ ဆိုက်ဒ် လေးတွေ တွေ့လို့ ပြန်လည် ဖြန့်ဝေပေးလိုက်တယ်ဗျာ။

၁။ http://www.expertvillage.com/
သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်သူ ပညာရှင်တွေ က သင်သိချင်တာ ကို တိကျသေချာ စွာ လိုရင်း တိုရှင်း ရှင်းလင်းပြဆိုပေးပါတယ်။ ဗွီဒီယို လေးတွေနဲ့ လည်း သရုပ်ဖော်ပေးပါတယ်။
ဒီဆိုက်ဒ် လေးမှာ သင်အလိုရှိရာ ကိုရှာဖို့ Search Engine လည်း ပါပါတယ်။ ဥပမာ - အလုပ်အင်တာဗျုး ကို ဘယ် လို ထိုင် မလဲ သိချင်ရင် Job Interview ဆို ပြီး ရိုက်ထည့်လိုက်တာနဲ့ Link တွေ တက်လာပါတယ်။ ဖွင့်ကြည့်ရုံပါပဲ။
သိချင်တဲ့ နယ်ပယ်အတွကိ လည်း ဗဟုသုတ ရှာမှီးနိုင်၊ အင်္ဂလိပ်စာ Listening လည်း ကျင့်လို့ဖြစ်၊ ဗွီဒီယို နဲ့ ပါ သရုပ်ဖော်ပေးထားတော့ တော်တော်လေးကို ဇိမ်ရှိပါတယ်။ ဗွီဒီယို ဖိုင်တွေ ကလည်း အပိုင်းခွဲပေးထားတာမို့ လိုင်းဆွဲတာလည်း မနှေးစေပါဘူး။
လိုချင်တာ ကို ထည့်ရှာပြီး နည်းလမ်းရှာလို့ လွယ်စေတဲ့ ဒီဆိုက်ဒ် လေး ကတော့ အင်တာနက် ဂျိုးတွေ အကြိုက်ဖြစ်မယ်ထင်လို့ ဖြန့်ဝေလိုက်ပါတယ်။

၂။ http://www.5minuteenglish.com/
ဒီဆိုက်ဒ် မှာတော့ အင်္ဂလိပ်စာ အရေး၊အဖတ်၊အပြော အကုန် ၀င်ကျင့်လို့ရပါတယ်။ နားထောင်ဖို့ လုပ်ထားတဲ့ အပိုင်းလေးတွေ ဟာ အရမ်းကို အဆင်ပြေပါတယ်။ ၅ မိနစ် စာ ခွဲထားတဲ့ အတွက် အားလပ်ချိန်လေးတွေ (ဥပမာ - နေ့ခင်းစား စာချိန်) မှာ ခဏတဖြုတ် အပြင်းပြေ ၀င် နားထောင် လေ့ကျင့် လို့ ရပါတယ်။
ဒါကြောင့် အင်္ဂလိပ်စာ လေ့လာသူတို့ အတွက် ဆိုက်ဒ်ကောင်းတခု ဖြစ်တာကြောင့် ပြန်လည် ဖြန့်ဝေပေးလိုက်တာပါ။

၃။ http://www.china232.com/
အင်္ဂလိပ်စာ လေ့ကျင့် ဖို့ အတွက် အရမ်းကို အထောက်အကူ ဖြစ်တဲ့ ဆိုက်ဒ်လေးပါ။ တကယ် ကို ပထမနေရာ ပေးလောက်ရအောင် ကောင်းနေလို့ ပြန်လည် ဖြန့်ဝေလိုက်ပါတယ်။
သင်ခန်းစာဖိုင်တွေ ကို mp3 ဖိုင်တွေ နဲ့ download လုပ် သိမ်းထားလို့ ရတဲ့ အတွက် တော်တော် လေးကို အဆင်ပြေပါတယ်။ IPods နဲ့ Memory Stick နဲ့ သိမ်းထားချင်သူတွေ အတွက်ပေါ့။
Job interview, Romance, Office English, Special English Phrases စတာ တွေ အားလုံးကို ရှင်းလင်းတဲ့ စကားပြောခန်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ ဖြစ်အောင် တင်ပြထားတဲ့ နေရာလေးပါ။
အင်္ဂလိပ်စာ အပြောနဲ့ နားထောင် စွမ်းရည် တိုးတက်ဖို့၊ ဝေါဟာရ တိုးတက်ဖို့ ကြိုးစားနေသူတိုင်း သွားရောက်လေ့လာသင့်တဲ့ နေရာလေးမို့ ဖြန့်ဝေပေးလိုက် တယ် ဗျာ။

ကောင်းတမန်

[+/-] အပြည့်အစုံသို့...

Thursday, October 18, 2007

ဒို့ ချစ်ရတဲ့ ဆရာ ဆရာမ များ အကြောင်း (၁)


ဒီအကြောင်းကို ရေးဖို့ စဉ်းစားထားတာ ဟို.ဘလော့ဂ်တွေ မပေါ်ခင်ကတည်းကပါ။ တကယ့် ကို ကိုယ့် တပည့် ကို တော်စေချင်၊ တတ်စေချင် တဲ့ စိတ် စေတနာ အပြည့်အ၀ထား ပြီး ကိုယ်တိုင်လည်း စံနမူနာ ပြ ဆရာ၊ ဆရာမ ကောင်း ဖြစ်အောင် နေပြတဲ့ ဆရာ၊ ဆရာမ တို့ အကြောင်းကို မှတ်တမ်းသဘော မျိုးတင်ထားချင်တာ ကြာခဲ့ ပါပြီ။

ပြောနေရင် ကြာပါတယ်။ ဒီနေ့ ပဲ စလိုက်မယ်။
အမေချစ် အကြောင်းကနေ စပြောမယ်။

အမေချစ်ဆို တာ ကျွန်တော် တို့ တတွေ ချောက် ဂျီတီအိုင် မှာ တက်တုန်းက သင်္ချာသင်ပြပေးတဲ့ ဆရာမကြီး ဒေါ်မြသန်းချစ်ပါ။ သူ့ ကို ချစ်စနိုး၊ လေးစားစနိုး နဲ့ တပည့်တွေ အားလုံးက အမေချစ် လို့ ခေါ်ကြတယ်။ ကျွန်တော်တို့ တွေ ကျောင်းရောက်တော့ အမေချစ်တောင် တော်တော် အသက်ရနေပြီ။

အမေချစ် ပုံပန်းက ခပ်ပြတ်ပြတ်ပဲ။ စိတ်ဓါတ်ကလည်း ခပ်ပြတ်ပြတ်ပါပဲ။ မျက်မှန် အမြဲဝတ်ထားပြီး မြန်မာဆန်ဆန် ဆံထုံးလေး အမြဲထုံးထားတတ်တယ်။ စကားပြောရင် လေးလေးနက်နက် နဲ့ စကားစုတွေကို ရှင်းလင်းပီသစွာ ခွဲခြားပြောတတ်သူပါ။အသံကို အမြဲတမ်း အနိမ့်အမြင့် နဲ့ ထိရောက်စွာ ပြောဆို အသုံးချတတ်တဲ့ ဆရာမကြီးပါ။ သူက အင်ဂျင်နီယာ သင်တန်းများ အာလုံး ကို သင်္ချာ သင်ပြပေးတယ်။ Academics ဌာန ရဲ့ ဌာနမှုး လည်း သူပဲပေါ့။ ကျောင်းရှေ့ Assembly တွေမှာ ကျောင်းအုပ်ဆရာကြီး တိုင်းလေးစား ရတဲ့ ဆရာမကြီး ဟာ သြ၀ါဒ အမြဲ ခြွေရတတ်ပါတယ်။

ပထမဆုံး သူအတန်းကို တက်တဲ့ နေ့ က တော့ မှတ်မှတ်ရရ ပဲ။ အားလုံး က မင်္ဂလာပါလို့ နှုတ်ဆက်တယ်။ ပြီးတော့ ထုံးစံ အတိုင်း တပည့်ဝတ် ငါးပါး ဆိုရတယ်။ ဒါနဲ့ အားလုံး ပြီးပြီပေါ့။ အားလုံး က သင်ခန်းစာ စမယ် မှတ်နေတာ။ ဘယ်ဟုတ်မလဲ။ အမေချစ် က ပြောပြတယ်။ သင်ခန်းစာ မစမီ မှာ ကျောင်းသား အားလုံး ကို နမောတဿ သုံးကြိမ်ရွတ်ခိုင်းတာ သူ့ အတန်းရဲ့ ဓလေ့ ပဲတဲ့။ အဲဒါ နဲ့ အဲဒီနေ့ က စပြီး သူ့အတန်းတိုင်းမှာ နမောတဿ ရွတ်ရတယ်။

ဆရာမကြီး မကြိုက်တတ်တာ တခု ပြောပြဦးမယ်။ ယောက်ျားလေး သနပ်ခါး ပါးကွက် ကွက်တာ ကို ဆရာမ ကြီး လုံးဝ မကြိုက်ဘူးဗျ။ ယောက်ျားဆို ကျားကျား ရားရားနေရမယ်တဲ့။ သနပ်ခါး ပါးကွက် ကွက်စရာမလိုဘူးတဲ့။ ဒါပေမယ့် ကျွန်တော်တို့ က ရွာသားလေ။ ရွာမှာ နွားကျောင်းထွက်ရင် နေပူဒဏ် ကာကွယ်ဖို့ သနပ်ခါး ပါးကွက် ခပ်ထူထူလေး ကွက်သွားတာပဲ။ ဒါပမေယ့် ဆရာမကြီးက သနပ်ခါး ပါးကွက် ကို ယောက်ျားလေး ပါးမှာ တွေ့ရင် သူ နမ်းမယ် လို့ ပြောလို့ မကွက်ရဲပါဘူးဗျာ။ တချို့ စတတ်တဲ့ ကောင်တွေ က တကယ် ကွက်လာလို့ ဆရာမ ကြီးလည်း သူတို့ ပါးကို တကယ် နမ်းခဲ့ တာ မှတ်မှတ်ရရပဲ။ ဆရာမကြီးက သူပြောထားရင် အကုန်လုပ်တယ်။

နောက် တခု က ဆရာမကြီးက မြန်မာ အမျိုးသမီးတွေ ဆို မြန်မာ လို လေးပဲ လှနေစေချင်တာ။ အကွဲတွေ၊ အပြတ်တွေ၊ Jeans ကျပ်တွေ ၀တ်တာ လုံးဝမကြိုက်ဘူး။ စကပ် တောင် ၀တ်မလာရဘူး။ သူ့အတန်းကို အဲလို ၀တ်လာမိရင် အဲဒီ ကောင်မလေး သေပြီသာမှတ်။ ဘာလုပ် တယ် မှတ်လဲဗျာ။ သူက အဲလို ၀တ်လာတဲ့ ကောင်မလေး ကို မတ်တပ်ရပ် ခိုင်းတယ်။ ပြီးရင် ယောက်ျားလေး တွေ ကို ပြောတယ်။ အဲလို ကောင်မလေး ဟာ သူ့ ကို ကြည့်စေချင်လို့ အကွဲ၊အကျပ် နဲ့ အပြတ်တွေ ၀တ်လာတာ။ ဒီတော့ မင်းတို့ သူကို ကြည့်ရမယ်။ မညှာနဲ့ မင်းတို့ တာဝန်ပဲတဲ့။ ကြည့် ကြတဲ့ဗျာ။ တကယ် ပြတ်တဲ့ ဆရာမကြီး။ မင်းတို့ မျက်လုံးတွေ ကျွတ်ပြီး သူ့ဆီ ရောက်သွားပါစေ၊ ကြည့် ကြတဲ့။ သူက အကြည့် ခံချင်လို့ ၀တ်လာတာ တဲ့။ နောက်ကို မ၀တ် ရဲ အောင် ဆုံးမတာပါ။ ဒါပေမယ့် လုံလုံ ခြုံ ခြုံ ၀တ်လာ သူကို ကြည့် မိရင် မင်းတို့ ဟာ မိကောင်းဖခင် သားသမီးမဟုတ်ဘူးတဲ့။ သူက အိနြေ္ဒရရ ၀တ်လာတာ ကို မင်းတို့ က ကြည့်ရင် မင်းတို့ ဟာ မိုက်ရိုင်းတယ်။ လူမျိုးကောင်း သားသမီး မပီသဘူးတဲ့လေ။

နောက် သူ့ စည်းကမ်းပိုင်းကို ပြောပြမယ်။ သူ့ စည်းကမ်း ကြီးတာ က တော့ လေးစားစရာ တော်တော် ကြီးကို ကောင်းပါတယ်။ သူ့ အတန်းကို တခါ မှ နောက်ကျ ပြီး မရောက်ဘူး။ မိုးရွာလည်း မဖျက်ဘူး။ သူက အမြဲ ပြောတယ်။ သတ်မှတ် ကျောင်းပိတ်ရက် မဟုတ်တဲ့ အတန်းချိန်တိုင်း ဘာအကြောင်းကြောင့်ဖြစ်စေ သူ့အတန်း မဖျက်ဘူးဆိုတဲ့ အကြောင်း။ တကယ် လို့ တတန်းလုံး တက်ရောက်ဖို့ ပျက်ကွက်ခဲ့ရင် သူက စာသင်ခုံတွေ ကိုပဲ သင်ခဲ့မယ် တဲ့လေ။ အဲဒါ ခင်ဗျား ဘယ် လို ထင်လဲ။ တခါ က တော့ တကယ် မှတ်မှတ်ရရပဲ။ မိုးသိပ်နည်း တဲ့ချောက်မြို့ မှာ မိုး အရမ်းရွာတဲ့ တနေ့။ ဆရာမကြီး အတန်းချိန်ပေါ့။ မိုးအရမ်း ရွာရင် ရေအိုးစင် မှတ်တိုင်အလွန်က ချောင်းလေးဟာ ရေအရမ်းတက် ပြီး မြို့ထဲ က ကားတွေ ကျောင်းဘက် ကို လာလို့မရအောင် ဟန့်တားတော့တာပဲ။ ဒါပေမယ့် လူကူးတံတား တစ်ခုတော့ ရှိတယ်။ အဲလောက် မိုးကသဲ၊ ချောင်းရေက ကြီးတော့ ဘယ်သူ ကျောင်းကို ခြေကျင်လာမလဲ။ လျှောက်ရတာ လည်း နည်း တာ မဟုတ်ဘူး။ အနည်းဆုံး လေးမိုင်လောက် ရှိမယ်။ အဲဒီတော့ မြို့ထဲ က ကျောင်းသားတွေ လည်း မလာဘူး။ ကျောင်းနားက အဆောင်မှာနေတဲ့ ကျောင်းသားတွေက လည်း မြို့ထဲက ကျောင်းသားတွေလည်း မလာဘူး၊ ဆရာမကြီးလည်း ဒီအခြေအနေ အတိုင်းဆို မလာနိုင်ဘူးပေါ့။ ဘယ်သူမှ အတန်းကို မသွားကြဘူး။ ဒါပေမယ့် နောက် တပတ် အတန်းမှာ ဆရာမကြီးက တချိန်စာ စာကို ကျော်သင်တယ်။ ပြီးခဲ့ တဲ့ အပတ် က တယောက်မှ မလာလို့ သူ့ အတန်းထဲ က ခုံတွေကို သင်ခဲ့တယ် တဲ့လေ။ တကယ် စည်းကမ်းပိုင်း ပြတ်တဲ့ ဆရာမကြီး။

နောက် သင်ကြားရေးပိုင်း။ သူ့ရဲ့ သင်္ချာပညာကို ချစ်မြတ်နိုးမှု နဲ့ တတ်ကျွမ်းမှု ကတော့ အံ့မခန်းပဲဗျာ။ နဂို သင်္ချာဥာဏ်က လည်း အရမ်းတော် လုပ်သက် ကလည်း ကျွန်တော် တို့ အသက် လောက် ရှိခဲ့ပြီ ဆို တော့ ဆရာမ ကြီး စာသင် တာ ဟာ အရမ်းကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူက ဘယ် သင်္ချာပုစ္ဆာ ကို မဆို အသေ မထားဘူး။ သင်္ချာ ပညာ ဟာ လွတ်လပ် ကျယ်ပြောတယ်။ သဘာဝ ကို ပုံဖော်တဲ့ ဘာသာ လို့ သူအမြဲပြောတယ်။ ဒီတော့ သင်္ချာပုစ္ဆာ တပုဒ် ကို ဖြေရှင်းတဲ့ နည်းဟာ ဖြေရှင်းနေတဲ့ လူအပေါ်မှာသာ မူတည် ပါတယ်တဲ့။ သူကိုယ်တိုင် လည်း ပုစ္ဆာ တပုဒ် ကို နည်းလမ်းပေါင်း များစွာ နဲ့ မှန်ကန် တဲ့ အဖြေ တခု ဆီကို ချဉ်းကပ် ပြတယ်။ ဘယ်လို တွေးရမယ် ဆို တာ ကို တကယ် သင်တယ်။ ဒီလို နည်းလမ်းနဲ့ လုပ် လို့ ဘယ် တော့မှ ကျောင်းသားတွေ ကို ပုံစံခွက်ထဲ မထည့်ဘူးဗျ။ ပြီးရင် သူသင်ထားတဲ့ နည်းလမ်း မှ မဟုတ်ဘူး။ တခြား ဘယ် နည်းလမ်းမဆို ယုတ္တိရှိစွာ အဖြေ ကို ချဉ်းကပ် နိုင်ရင် သူက အမှတ်ပေးမှာပဲ။ ဖြေဆို သူ အပေါ်မှာသာ မူတည် ပါတယ်။ ပြီးရင် မလိုအပ် တဲ့ အသေးစိတ် အဆင့်တွေကို ကျော်လို့ရတယ်။ လမ်းကြောင်းဟောင်း အတိုင်း လိုက် ပြီး အဆင့်ကျော်ရင် အမှတ်မပေးဘူး ဆို တာ သူ့မှာ လုံးဝ မရှိဘူး။ ဆရာမကြီး သင်ပြပေးခဲ့တဲ့ အယ်ဂျီဘရာ နဲ့ ဂျီသြမေတြီ သင်္ချာပညာ အခြေခံတွေဟာ ကျွန်တော်တို့ ကို ခု ထိ အကျိုးပြုနေဆဲပဲ။

ကျောင်းက ဆရာ ကန်တော့ပွဲတွေ၊ နှုတ်ဆက်ပွဲတွေမှာ ဆရာမကြီး ဆိုဆုံးမ တဲ့ သြ၀ါဒတွေ ကို မှတ်မိတဲ့ သူရှိရင် မျှဝေခံစားဖို့ တောင်းခံ ရင်း ဒီစာလေး နဲ့ ပဲ ကျွန်တော်တို့ အားလုံးရဲ့ ချစ်လှစွာသော၊ လေးစားအပ်ပါသော ကွယ်လွန်သူ ဆရာမကြီး အမေချစ် ခေါ် ဒေါ်မြသန်းချစ်ကို ကာယကံ၊ ၀စီကံ၊ မနောကံ တို့မှ ပြစ်မှားကျူးလွန်ခဲ့မိသော် ခွင့်လွှတ်ပေးဖို့ ရိုသေစွာ ရှိခိုးကန်တော့အပ်ပါတယ်။ အမေချစ် တယောက် ကောင်းရာသုဂတိမှ ခံစား ခွင့်လွှတ်ပေးနိုင်ပါစေ။

တပည့်များအားလုံး ကိုယ်စား

ကောင်းတမန်

[+/-] အပြည့်အစုံသို့...

Tuesday, October 16, 2007

Dear Friends

I’m really pleased to see our gathering on the web. I will post my writings later. ...

[+/-] အပြည့်အစုံသို့...

ရုန်းရင်း ကန်ရင်း


ရုန်းရင်းကန်ရင်း
လေထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာပန်းများ ကျန်မည်နည်း၊
လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာမြေကြီး ကျန်မည်နည်း၊
ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာမျက်ရည် ကျန်မည်နည်း၊
အမှောင်တစ်ဝက် လင်းတစ်ဝက်သည်
တစ်ရပ်တစ်ခါ ကြုံမြဲသာတည်း၊
အရှုံးတလှည့် နိုင်တစ်လှည့်မှာ
မျက်လှည့်ပမာ တွေ့မြဲသာတည့်၊
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသော မှောင်သော အောင်သောရှုံးသော
မုန်းသောချစ်သော သစ်သော ဟောင်းသော
ပူသော အေးသော နုသောကြမ်းသော
စောကြောစစ်ဖြာ မနေသာပေ၊
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းကန်ရမည်တကား။ ။
သန့်ဝင်း

[+/-] အပြည့်အစုံသို့...

Monday, October 15, 2007

ယာကွက်ပေါ် မျဉ်းဖြောင့်ဆွဲခြင်း Drawing a line in the field



ခေါင်းစဉ် ကို ကြည့်ပြီး ဘာလားဟ လို့ တွေးနေကြမလားဗျ။ ခဏဗျို့ မတွေးခင် ဒါလေးက နေ စဖတ်ပေးကြပါဗျာ။

ကျွန်တော့် ကို တောင်သူယာလုပ် ဓားမခုတ် တဲ့ အမေ နဲ့ အဖေ က မြေလတ်ပိုင်း ရွာလေးတစ်ရွာမှာ သားအလတ်ကောင်အနေနဲ့ မွေးဖွားပေးခဲ့တာပါ။ ဒါကြောင့် ကျွန်တော်လည်း တောင်သူဖိုးသားလေး ဘ၀ ကနေ တောင်သူလူပျိုလေး ဖြစ်တဲ့ အထိ မိရိုးဖလာ တောင်ယာ၊ကိုင်းကျွန်အလုပ်တွေကို လုပ် ကိုင်ခဲ့ဖူးပါတယ်။ တောင်သူလယ်သမား ဘ၀ဟာ ပင်ပန်းဆင်းရဲပေမယ့် ကျွန်တော်ပျော်တယ်။ နေပူပူ မှာ ကျောပြောင်ပြောင်က ချွေးဒီးဒီးကြအောင် ကို လုပ် ခဲ့ရပေမယ့် ကျွန်တော် တကယ် ပျော်ခဲ့တယ်ဗျ။ အဲဒါ ဘာဖြစ်လို့လဲ ဆိုရင် သင်္ချာပညာ၊ တီထွင်လိုစိတ်၊ သဘာဝကို ချစ်တဲ့စိတ်၊ စတာတွေကို မြေကိုတူးဆွ ထွန်ယက်တဲ့ အတတ်ပညာက သူ့အလိုလို ကျွန်တော် ကိုယ်တိုင် သတိမထားမိပဲ ကျွန်တော့် ကို သင်ကြားပေးခဲ့လိုပဲ။

ဟာ ဒီကောင် စကားကြီး စကားကျယ် နဲ့ ဘာတွေ လာပြောနေတာ လဲလို့ အတွေး မစောနဲ့ဦး။ အပစ် လည်း မတင်နဲ့ဦးဗျာ။ အဲဒါ လေးတွေ ကို ကျွန်တော် ဆယ်တန်းအောင် ပြီး အဆင့်မြင့် ပညာတွေ သင်လို့ တော်တော်ကြီးကြာမှ တောင်သူ အလုပ်က ငါ့ကို ဒါတွေ သင်ပေးတာပါလားလို့ သဘောပေါက်ခဲ့မိလို့ပါ။ ကျွန်တော် သဘောပေါက်မိတဲ့ ဟာတွေ ကို တခုချင်း ပြောပြမယ်။ ပထမတော့ သင်္ချာပညာက စရအောင်။

ဒီစကားကို နောက်တခါ ထပ် ပြီး လေးနက် အောင် ဆိုခွင့်ပြုဦးဗျာ။ တောင်ယာကို ထွန်ယက်စိုက်ပျိုး လုပ်ကိုင်ရင်းနဲ့ပဲ တောင်သူလယ်သမားတို့ရဲ့ သင်္ချာဥာဏ် အမျှော်အမြင်ရှိမှု၊ သင်္ချာပညာကို လက်တွေ့သုံးချနေမှုတွေ ကို ကျွန်တော် စူးစမ်းသိရှိခဲ့ရတာပါ။ သူတို့ ကိုယ်တိုင်တောင် သူတို့ သင်္ချာကို လေ့လာအသုံးချနေမှန်းမသိကြပါဘူး။

ကျွန်တော် လူပျိုဝင် စ အရွယ်က အဖေက သူ့သားကြီး (ကျွန်တော်က တော့ သားငယ်ပေါ့) စာဥ နဲ့ နွားနီကြီး သုံးပြီး ထွန်ကိုဆင်၊ ထွန်းဆင် အပြီးမှာ အမေ့ ပေးတဲ့ ရေနွေးကြမ်းဘူးကို ဆွဲ၊ ဓားမကြီး ကို ပုဆိုးခါးပေါင်း ထဲ ထိုးသွင်းပြီး ဖင်ကောက်ချိတ် ကောက်ချိတ်နဲ့ နွားတွေ မောင်းပြီး တောထဲ ထွက်သွားတာ မြင်ကတည်းက ယာထွန်တတ်ချင်တာ ရူးလို့ဗျာ။ ငါ လဲ တနေ့မှာ အဖေ့ လို ယာထွန်တတ်ရမယ်ပေါ့။ အဲလို သာ ထွန်တတ် ရင် အဖေ့လိုပဲ ခါးမှာထိုးထားတဲ့ ဓားမကြီး ပြုတ်မကျအောင် ဖင်ကောက်ချိတ်ကောက်ချိန် နဲ့ တောထဲထွက်မယ်ပေါ့။
ဒီလို နဲ့ ကျွန်တော် အသံတွေသြပြီး လူပျိုသားနည်းနည်း ရလာချိန်မှာပဲ အမေက ကျွန်တော့် ကို ယာထွန်သင်ခွင့်ပေးခဲ့တာ။ ကျွန်တော်လည်း တော်တော်မြောက်နေပြီ။ ရွာမှာ က ယာထွန်တတ်မှ ကောင်မလေးတွေက ဒီကောင်တော့ အားကိုးလို့ ရနိုင်တယ်ဆိုပြီး ကျွန်တော့် ကို ကြည်မှာလေ။ ဟဲ…ဟဲ..။

ပထမဦးဆုံး အဖေ့ဆီက သင်ခဲ့ရတာ ဂျီသြမေတြီ ပုစ္ဆာ တစ်ပုဒ်ဆို တာ ကျွန်တော် အဲဒီ ယာစထွန်တဲ့ နေ့ က မသိခဲ့ဘူးဗျာ(နောက်မှ ပြန်တွေးကြည့်မှသိခဲ့တာ)။

အဖေ့ က ပြောတယ်။
“ထွန်ကြောင်းတွေ ဟာ ဖြောင့်နေရမယ်။အဲလို ဖြောင့် နေဖို့ ဆို တာ ငါ့သား နွားကြိုးကို ကိုင်တတ်မှု အပေါ်မှာ မူတည်တယ်။ ဘယ်အတိုင် ညာအလှည့် ဆိုတာ ကို လည်း မမေ့နဲ့။ စပြီး ထွန်ကြောင်းဆွဲတော့မယ် ဆို ထွန်တုံးပေါ် အလယ်တည့်တည့် ကို တက်။ ပြီးတာနဲ့ ဖေ့သားကြီး နှစ်ကောင်ရဲ့ ကြိုးကို မတင်းမလျှော့ထား။ အေး..ထွန်ကြောင်းဖြောင့် ဖို့ က တော့ ဒီကန်သင်း တစ်ဖက်ကနေ၊ ဟိုဘက် ကန်သင်းဖက် ကို လှမ်းပြီး စိတ်ကူးနဲ့ မျဉ်းဖြောင့်ဆွဲရမယ်။ ပြီးတာနဲ့ အဲဒီ မျဉ်းဖြောင့် ထိပ်မှာ သတ်မှတ်ချက် တခုပေါ့။ ဥပမာ ဟို အဝေးကမြင်နေရတဲ့ ဒွေးလေးကြင် ရဲ့ ကန်သင်းက ထန်းပင်။ အဲလို မျဉ်းဖြောင့် ကို စိတ်ကူးနဲ့ ဆွဲပြီး ငါ့သား ထန်းပင် ကို ပဲ သေချာကြည့်။ ပြီးရင် စမောင်း။ ထန်းပင်နဲ့ မင်း အကြည့်နဲ့ မဖြောင့် တော့ဘူးဆိုရင် ဖေ့သားကြီးတွေ ကြိုးကို လိုသလို ဘယ်ဆွဲ ညာယိမ်းလုပ်ပေး။ ကဲ အဖေအရင် မောင်းပြမယ်”
ဆို ပြီး သူ မျဉ်းဖြောင့် စဆွဲတယ်။ ဖြောင့် လိုက် တာ ဗျာ။ စင်းနေတာပဲ။ ကျွန်တော် အဖေ့ ကို တစ်သက်မှာ ပထမဦးဆုံး အလေးစားဆုံး အကြည့် နဲ့ မော်ကြည့်မိတယ်။

ပြီးရင် ကျွန်တော့် အလှည့်။ ခင်ဗျားထင်မှာပေါ့။ သိပ်လွယ်ပါတယ်လို့။ကျွန်တော်လည်း အဲလို ပဲ ထင်ခဲ့တာပဲ။ တကယ်တော့ ကျောင်းစာသင်ခန်းထဲက ဗလာစာအုပ်မှာ မျဉ်းဖြောင့် ဆွဲတာနဲ့ ယာကွက်ပေါ် မျဉ်းဖြောင့်ဆွဲတာ ကွာတာတွေ အများကြီးပဲ။ ဗလာစာအုပ်ပေါ်မှာ ကိုယ့်စိတ်ငြိမ်ရင် ကိုယ့်လက် ကို ကိုယ်နိုင်ရင် မျဥ်းဖြောင့်မယ်။ ယာထဲမှာတော့ ဖေ့သားကြီးတွေကို ထိန်းရတာမလွယ်ဘူး။ သူတို့ က ဘေးနားက မြက်ပင်စိမ်းမြင်ရင် လှမ်းဟပ်မယ်။ ဒါဆို ကျွန်တော် ဟန်ချက်ပျက်ပြီး ဒွေးလေးကြင် ထန်းပင်ဆီ လှမ်းဆွဲထားတဲ့ မျဉ်းဖြောင့်ဟာ မရှိတော့ဘူး။ ဒါဆို ကောက်နေမှာစိုးလို့ နောက် ကို ပြန်ကြည့်မိပြန်၊ ဟန်ချက် ပိုပျက်ပြန်ပဲ။ နောက် က ပျက်နေပြီးသား မျဉ်းဖြောင့်ကို လည်း စိတ်ကရောက်။ ရှေ့က ထန်းပင်ဆီ အကြည့်လွတ်သွားမှာလည်း ကြောက်ပေါ့။ မျဉ်းဖြောင့် ပေါ်မှာ ကိုယ်က ရှိမနေတော့ လှမ်းမြင်ရနေရတဲ့ ဒွေးလေးကြင် ထန်းပင်ဆီကို ထပ်ဆွဲတဲ့ မျဉ်းဟာ မျဉ်းကြောင်းအသစ်ပေါ့။ ခု ပာန်စပျက်တဲ့ နေရာ (point) က နေ ထန်းပင် ကို ထပ် ပြီး ကြည့်ပြီး မောင်းတော့ မျဉ်းဖြောင့် အသစ် တခုတော့ ရတယ်။ ဒါပေမယ့် စောစော က မျဉ်းဖြောင့် အဟောင်းနဲ့ အသစ်နဲ့ ပေါင်းရင် ဘယ် လို မျဉ်းဖြောင့် ပြန်ရတော့မလဲဗျာ။ ဒါကို နောက်မှတွေးမိတော့ ကိုယ်ဆွဲတဲ့ ထွန်ကြောင်းမဖြောင့်တာကို တော်တော် စိတ်ဆင်းရဲခဲ့ရတယ်။ အဖေ့ရှေ့မှာလည်း မျဉ်းဖြောင့် ရချင်ခဲ့တာ တအားပဲဗျ။ ဒါပေမယ့် ဒီလို နဲ့ အဲဒီ တမနက် ဟာကျွန်တော့် ထွန်းရေးတွေဟာ Sine Wave, Cosine Wave တွေ နဲ့ ပဲ ယာတကွက်လုံး ပြည့်နေခဲ့တယ်။ မျဉ်းဖြောင့်လို့ ယူဆလောက်တဲ့ မျဉ်းကွေးတောင် မရခဲ့ပါဘူးဗျာ။ အဲဒီတော့မှ ဂျီသြေမေတြီ ဆို တာ သီအိုရီမှာ သင်တာထက် တကယ် သုံးရတာ ပိုခက် မှန်းစသိခဲ့တာ။
လူပျိုပေါက်အတွေးနဲ့ ဟိုဘက် ယာချောင်က ပေါင်းကောက်နေတဲ့ ညိုမတို့ ကြားအောင် “ဟေ့ ဖေ့သားကြီးတွေ လုပ်စမ်းဟ၊ ရုန်းထားစမ်းပါ၊ ဟာ… ဟို ကောင် ငါ ရိုက်လိုက်ရရင် နာသွားမယ်” စသဖြင့် ညာသံ၊ ဖိုသံ ပေးဖို့ပဲ ယာထွန်တတ်အောင် သင်ချင်မိတဲ့ ကျွန်တော် တော့ အဲဒီနေ့က သင်္ချာကို မသင်ချင်ပဲ သင်လိုက် ရတာ မှတ်မှတ်ရရပဲဗျ။

နောက်နေ့ မှ ထောင့်မှန်ကျအောင် ဆွဲနည်းနဲ့ ပိုက်သာဂိုရပ်စ် သီအိုရမ်ကို ဆက် ပြောပြဦးမယ်။

ကောင်းတမန်

[+/-] အပြည့်အစုံသို့...

Sunday, October 14, 2007

ကောင်းတမန် ရေ..............

သတိယတယ်
ပန်းဥယျာဉ် ကလေးလည်းစိမ်းလန်း စိုပြေလာအောင်
ဝိုင်းဝန်း စိုက်ပျိုးကြတာပေါ့

Peace

[+/-] အပြည့်အစုံသို့...

Saturday, October 13, 2007

သုံးရာသီ မိဘမေတ္တာ


ဆောင်းလေ ညှင်း၍
ဧကရာဇ်ပန်းရနံ့လည်း သင်းခဲ့ပြီ
အင်ကြင်းပန်းရနံ့ တောလုံးပြန့်၍
ဒို့ကျောတွေလည်း ပူခဲ့ပြီ
မိုးစွေငှက်ကမြည်
ကစောင်းကြီးပင်လဲပွင့်ပုတ်
အဟုတ်မိုးလဲ ရွာတော့မည် မို့
ဒို့သဘာဝ
တောင်သူလယ်သမားမို့ ခံစားရင်း
သားကျမ္မာပါစေ။

ကောင်းတမန်၏အဖေ


[+/-] အပြည့်အစုံသို့...

From a friend to a friend စိုင်းအောင်မိုး၏ ကံဆိုးမိုးမှောင် ဒုက္ခ



လှည့်ကွက်တွေကြား ငါတိုးမ၀င်မိရင်

ခုလို ဇာတ်နာပုံတွေ ငါသိခဲ့မှာ မဟုတ်ဘူး

ငါရဲ့ ပင်ကို အသိက ဆင်းရဲရှာတော့

လောကကြီးကို စိတ်နာချင်ပေမယ့်

ကိုယ့် ကိုယ်ကို စိတ်နာခဲ့

လူတွေကို စိတ်နာချင်ပေမယ့်

သက်မဲ့တွေကို အပစ်ပုံချခဲ့

သူငယ်ချင်းရေ ငါ…

ကံဆိုးမိုးမှောင် ကျခဲ့ပုံက

ဝတ်ထားတဲ့ အပေါစား လက်စွပ်လေးတောင်

မိုးကြိုးပစ်ခံရမှာ ကြောက်ရတဲ့ဘဝ

ဒါကို တစ်ချို့ က ဆိုရဲ့

မင်း အတော် ရင့်ကျက်သွားပြီတဲ့

မဟုတ်ဘူး….

သဘာဝကိုက ရင့်ကျက်တာပါ။

မင်းအတော် တည်ငြိမ်သွားပြီတဲ့

ဟုတ်ကဲ့..

ပါးစပ်သေနတ်ဆိုတာ

ဘယ်အခါမှ ယမ်းနံ့ မထွက်ခဲ့ဖူး

ဒါပေမယ့်

လူတော့ ခဏခဏ သေတယ်။


တာရာမင်းဝေ

[+/-] အပြည့်အစုံသို့...

English Version of "Looking back at a point when I was in Indonesia)

Looking back at a moment in Indonesia

My mind goes to Indonesia during these days. Exactly speaking I want to experience the Lebaran atmosphere again.

These days are the end of Ramadhan, the holy month for Islamic people –Idul Fitri. The Indonesian version of Idul Fitri is called Lebaran. The “Selamat” in Indonesian language means “Wishing your blessings and good deeds”. So Indonesian people will greet each other “Selamat Lebaran” during Idul Fitri. And they ask for forgiveness. “Mohom Maaf Lahir dan Batin”.

Therefore I would like to greet all my Indonesian friends with:

Selamat Lebaran.

Mohon Maaf Lahir dan Batin.

You may hear the heart beat of Indonesian people from the music from the drums in every mosque. The atmosphere is so blessed with this kind of drum beat everywhere in the cities. You can hear the drum beat the whole night. (Some of you guys have already experienced it, right?)

It is a lovely custom of Indonesian people that they visit their families, relatives and friends normally on the Lebaran evenings. Everywhere in the atmosphere is filled with “Mohon Maaf, Lahir dan Batin” and “Selemat Lebaran”. People ask for forgiveness if there are some mistakes they have made during the years and the whole life.

The guests are warmly welcomed in every house. The receivers of guests have prepared a lot of food for them. Then they will have their meal together while talking about their past, presence and future related to family members. They recall their happiest memories during their old days.

Children meet parents. Pupils meet teachers. Old friends meet their old friends. I, one of the guys who always want to be totally absorbed in the other cultures, did join the Lebaran activies in Bandung. Of course it is a good chance to participate in such a holy and religious festival in Indonesia while we are there in Indonesia, whose culture and ethnic diversities are so large.

I still remember those Lebaran days in 2005 October. Frankly speaking I began to learn how to speak Bahasa Indonesia at that point. So I did want to test and practice my Bahasa Indonesian skill (although it is so poor until now. he..he..). A lot of friends of my friend, whose mother is our house owner, visited him. They greeted him “Selamat Lebaran dan Mohon Maaf Lahir dan Batin”. His friends greeted me too since my appearance is so Indonesian, especially so Javanese (as they said later). I had a good chance to practice my Bahasa and did reply in the normal way. After we asked for forgiveness, we became friends. Then I decided to join with them to see how they enjoy the Lebaran atmosphere. They paid respect to their old school teachers and asked for their forgiveness. We went around Bandung. They saw their high school, the roads and streets on which they grew up and became adult, the market, the trees, every building and so on. They even recalled their happy memories with their friends, girl friends. Some were with us now. Some were not. Some were alive, some dead according them. They talked about all of friends, checked whether the trees which span the benches on which they had spent most of their youthful days were still there or not. Some trees were there. Some benches and trees were not. They wanted to keep all these structures and trees to keep their youthful memories. But now they were not there. But of course their youthful days are still there. They didn’t want changes of such buildings to keep them as the reminder of their memories. On the other hand, they wanted to change these structures especially school buildings so that their new generation can make effective use of modern technology and facilities. They inhaled the Bandung air which they had missed the whole year. Once in every year they come to Bandung and inhale it during Lebaran. They would have snacks from roadside sellers whose snacks they had enjoyed during their youthful days (with their friends and girlfriends or boyfriends).

In 2006 Lebaran, we went to the cinema with one of Burmese Muslim friend. She asked for our forgiveness. And we showed our forgiveness by joining her celebration of Lebaran here in Indonesia. There were four Burmese students there at that time. Two of them are Muslim girls. One of them, two of us Burmese guys, one Cambodian, one Lao, three Indonesians stayed together in our house. We all were sisters and brothers. Sometimes we cooked Burmese food (normally if I cook, others can’t eat it), sometimes Lao version of Thai Tom Yam(Hu…when can we have home cook one again..?), quite rarely Cambodian (except our Cambodian friendd is very good at frying eggs as he said during those days). We went shopping center together, celebrated our birthdays together. So we became real sisters and brothers. Therefore we also helped our Burmese Muslim girl to celebrate her Lebaran home away. We joined her to sms our friends to ask for forgiveness. We joined her to ask for forgiveness from her too. During the nights, we sang songs, played games, greeted our house owner in a Lebaran way. Those nights we normally used to stay out. Such times in Indonesia are really memorable for us.

In such way, the end of Lebaran comes again every year. And a current of people will flow back to the other cities where they are settling down and where they have their jobs. Old Bandung people (although some of them still think themselves as Bandungers) say goodbye to Bandung again. And they fold their youthful memories there again in Bandung. And I am sure they will unfold them again next year in the Lebaran.

As for me, if I have a chance, I will also come to Bandung again to dig up my Lebaran memories that I had folded there hopefully in one corner of my life.

Best regards to you all.

And again,

Selamat Lebaran

Mohon Maaf Lahir dan Batin

ကောင်းတမန်

[+/-] အပြည့်အစုံသို့...

Looking back at a moment in Indonesia အီဒူးဗသရီ အင်ဒိုနီးရှား


အင်း ခုတလော ကျွန်တော် အင်ဒိုနီးရှားကို တော်တော်လွမ်းနေတယ်ဗျာ။
ပြောရရင် အင်ဒိုမှာ အခုချိန်က သူတို့ ဘာသာရဲ့ အထွတ်အမြတ်၊ ဥပုသ်လရဲ့ အဆုံးမှာ ကျင်းပမြဲ ဖြစ်တဲ့ အီဒူးဗစ်သရီ (Idul Fitri) ခေါ် လဘာရန် (Lebaran) ပွဲ ကျင်းပနေချိန်ပေါ့။ သူတို့ တွေ အဲဒီည မှာ ဘုရာကျောင်း ပလီတွေမှာ စည်တွေ မိုးလင်းတီးမယ်။ ကလေး လူကြီး ပျော်ရွှင်မြူးကြတဲ့ အချိန်။ တချို့ မြို့ တွေမှာဆိုရင် စည်တွေ တီးပြီး တမြို့ လုံးကို ကားနဲ့ ပတ်ကြတယ်။
ချစ်စရာ ဓလေ့ လေး တွေပါ။ ညနေဆိုရင် မိဘ၊ ဆွေးမျိုးသားချင်းတွေကို သွားကန်တော့ ကြမယ်။ ကန်တော့တဲ့ အချိန်မှာ သူ့ တို့ က ခု လို ပြောကြတယ်။ “Mohon Maaf Lahir Dan Batin” တဲ့။ မြန်မာလိုကတော့ ကာယကံ၊ ၀စီကံ၊ မနောကံတို့ မှ ပြစ်မှားမိရင် ခွင့်လွှတ်ပါလို့ တောင်းပန်ကြတာလေ။
အိမ်တိုင်းမှာလည်း လာလည် ကန်တော့ တဲ့ သူတွေ အတွက် စားကောင်းသောက်ဖွယ်တွေ ပြင်ဆင်ထားကြတယ်။ လာလည် လျှောက်သွားတဲ့ သူတွေဟာ အဲဒီနေ့ မှာ အားလုံး အ၀တ်အစား အသစ်တွေ ၀တ်ကြတယ်။ အားလုံး ဟာ အသစ်ပဲ။
မိသားစုတွေ၊ သူငယ်ချင်းဟောင်းတွေ၊ ဆရာတပည့်တွေ ဟာ အဲဒီနေ့မှာ အတူဆုံကြတယ်။ လွမ်းလို့ မဆုံး၊ ပြောလို့ မဆုံးပဲ။ ကျွန်တော်ကတော့ ကျွန်တော့် ထုံးစံအတိုင်း ယောင်ပေပေနဲ့ သူတို့ ကြားထဲ မှာ ကိုယ်ကိုယ်ကို နှစ်မြုပ်လိုက်တာပဲ။ ယဉ်ကျေးမှု နဲ့ လူမျိုးတွေ ကျယ်ပြောတဲ့ အင်ဒိုရဲ့ အရေးပါပြီး ပျော်စရာကောင်းတဲ့ ဘာသာရေး နဲ့ ယဉ်ကျေးမှု ပွဲတော်မျိုးကို ကိုယ်အဲဒီရောက်နေတုန်း လက်လွတ်ခံ လို့ ဖြစ်ပါ့ မလားဗျာ။
၂၀၀၅ ခုနှစ် အီဒူးဗစ်သရီမှာ ကိုယ်က လည်း အင်ဒိုဘာသာ ကို ပြောတတ်စ ပြောချင်လွန်းလို့ လျှာယားနေတဲ့ အချိန်ပေါ့။ အဲဒီမှာ အိမ်ရှင်သားကို သူ့နဲ့ အထက်တန်းကျောင်းနေဖော်တွေ လာတွေ့တယ်။ ကျွန်တော်ကလည်း နဂိုက မှ အသားမည်းမည်း နှာခေါင်းချွန်ချွန်ဆိုတော့ သူ့သူငယ်ချင်းတွေ အားလုံး က ကျွန်တော့် ကို ပါ ရောပြီး “Mohon Maaf Lahir Dan Batin” လို့ ပြောကြတယ်။ ကျွန်တော်လည်း ခတ်တည်တည်နဲ့ ပဲ ရပါတယ်။ ဘာညာဆို ပြီး ပြန် တုတ်တာပဲ။သူတို့ ကိုလည်း ခွင့်လွတ်ဖို့ ပြန်တောင်းပန်ခဲ့သေးတယ်။ ဟဲ..ဟဲ.။ ဒီလို နဲ့ အဲဒီညက သူတို့ နဲ့ အတူ လိုက်လည်ဖြစ်တယ်။ သူတို့ ဆရာဟောင်းတွေ ကို နှုတ်ဆက် ကန်တော့တယ်။ သူတို့ အထက်တန်းကျောင်းလေး ကို လည်း လွမ်းဆွတ်စွာ သွားကြည့်ကြတယ်။ အထက်တန်းကျောင်းလေး က သူတို့ ကို စိမ်းသလို ဖြစ်နေပြီလို့ သူတို့ ပြောတော့ ကျွန်တော်တောင် သူတို့ အစား ၀မ်းနည်းနေမိတယ်ဗျာ။ သူတို့ အတူ ထိုင်ခဲ့ တဲ့ အုတ်ခုံလေးကို မိုးပေးတဲ့ ကျောင်းရှေ့ က အပင်ကြီးလည်း မရှိတော့ ဘူးတဲ့လေ။ အားလုံးပဲ။ သူတို့ ဟာ သူတို့ မြို့ လေး က ပြောင်းလဲ သွားတဲ့ လမ်းဟောင်းတွေ၊ ကျောင်းဟောင်းတွေ၊ အဆောက်အဦးဟောင်းတွေ၊ သူငယ်ချင်းဟောင်းတွေ၊ ရည်စားဟောင်းတွေ ကို အပြည့်အ၀ ပြန်တမ်းတကြတယ်။ အငမ်းမရ ပြန်လိုချင် ပြန်ခံစားချင်ကြတယ်။ ခပ်တည်တည်နေတတ်တဲ့ သူငယ်ချင်း၊စတတ် နောက်တတ်တဲ့ သူငယ်ချင်း၊ မိုက်ကမ်းကမ်း သူငယ်ချင်း …စတဲ့ သူငယ်ချင်းအားလုံး ဟာ သူတို့ ငယ်ဘ၀တွေ ကို ပုံသွင်းပေးခဲ့တဲ့ ဒီမြို့ ၊ ဒီကျောင်း၊ ဒီလမ်းတွေ ကို အမှတ်တရ ရှိနေဖို့ မပြောင်းလဲ စေချင်ကြသလို သူတို့ မျိုးဆက်သစ် ကောင်းစားဖို့ အတွက်လည်း ပြောင်းလဲနေစေချင်ကြတယ်။ မြို့ လေး ရဲ့ လေကို အငမ်းမရ ရှုရှိုက်ကြတယ်။ စကားတွေ အဆုံးမသတ်နိုင်အောင် ပြောတယ်။ ငယ်ငယ်က စားနေကျ လမ်းဘေး ဈေးသည်တွေ ဆီ မှာသွားစားကြတယ်။ အဲလို နဲ့ သူတို့ ဇာတိ မြို့လေး ဟာ အဲဒီည အတွက် သူတို့ အားလုံးရဲ့ အ ရှင်ဘုရင် လေး ဖြစ်နေခဲ့တယ်။
၂၀၀၆ ခုနှစ် အီဒူးဗစ်သရီ မှာတော့ အဲဒီမှာ ကျွန်တော်တို့ နဲ့ အတူ ကျောင်းတက်နေတဲ့ မြန်မာမွတ်စလင်မလေး နဲ့ အတူ ရုပ်ရှင်သွားကြည့်ကြတယ်။ သူကလည်း ကျွန်တော့်ကို လာပြီးတောင်းပန်တယ်။ အားလုံး အမှားများ ရှိရင် ခွင့်လွှတ်ပါတဲ့။ ၀မ်းသာဝမ်းနည်း ပဲဗျာ။ ကျွန်တော်တို့ တွေ မျက်ရည်လည်ကြရတယ်။ အဲဒီမြို့ လေးမှာ အဲဒီတုန်းက ကျွန်တော်တို့ မြန်မာလေး ယောက်ပဲ ရှိတာလေ။ နှစ်ယောက်က မြန်မာမူစလင် ကောင်မလေးတွေ။ အဲဒီထဲက တစ်ယောက် နဲ့ ကျွန်တော်တို့ ယောက်ျားလေး နှစ်ယောက် နဲ့ ကမ္ဘောဒီးယား တစ်ယောက်၊ အင်ဒို သုံးယောက် တအိမ်တည်း အတူနေကြတာလေ။ ပြောမနာ၊ ဆိုမနာပါပဲ။ တကယ့် မောင်နှမတွေပဲလေ။ မြန်မာထမင်းဟင်း အတူတူ ချက်စားတယ်။ မြန်မာသီချင်း အတူတူဆိုကြတယ်။ ပါးကွက်အကြီးကြီးတွေ ကွက် ၊ မြန်မာဝတ်စုံအပြည့် ၀တ်ပြီး Shopping Center ကို အတူတူတက်ခဲ့ကြတဲ့ မောင်နှမတွေလေ။ အတူတူ ရူးသွပ်ခဲ့တာပါ။ အဲလို မောင်နှမတွေဆိုတော့ အဲဒီလို သူတို့ အတွက် ထူးမြတ်တဲ့ နေ့ မှာ ကျွန်တော်တို့ ပါ ရောပြီး ကျင်းပပေးတယ်။ အဲဒီနေ့မှာ သူတို့ကို ကူပြီး ကျွန်တော်တို့လည်း သူငယ်ချင်းတွေကို ဖုန်းဆက်၊ ခွင့်လွတ်ဖို့ တောင်းပန်ကြတယ်။ ပြီးတော့ သူ့ကို မုန့်ဖိုးလည်း ပေးရသေးတယ်။ အမှားရှိရင် ခွင့်လွတ်ဖို့လည်း တောင်းပန်ရတယ်။ ညရောက်တော့ အီဒူးဗစ်သရီ အမှတ်တရပေါ့၊ မြန်မာ သီချင်းတွေဆိုကြပြန်တယ်။ ဂိမ်းတွေဆော့ တယ်။မိုးလင်းပါပဲ။ တရပ်ခြားမှာ အတူတူနေရတာ အားလုံးဟာ သိုက်သိုက်ဝန်းဝန်း စည်းစည်းရုံးရုံးနဲ့ တကယ် ပျော်စရာကောင်းခဲ့တယ်ဗျာ။
ဒီလို နဲ့ အားလုံးဟာ အီးဒူးဗစ်သရီ နှစ်ပတ် အကုန်မှာ ဘ၀ အတွက် အခြားတနေရာကို အလုပ်သွားလုပ်ကြရပြန်တယ်။ ဆက်လက် စီးဆင်းရပြန်တယ်။ မြို့ လေးကိုလည်း ၀မ်းနည်းစွာ နှုတ်ဆက်ကြတယ်။ ငယ်ဘ၀တွေကို နှမြောစွာနဲ့ အဲဒီမြို့ လေးမှာ သိမ်းထားခဲ့ပြန်တယ်။ နောက်နှစ်မှာ သိမ်းထားတာတွေ ပြန်တူးဖော်ကြဦးမှာလည်း သေချာပါတယ်။
ကျွန်တော်တောင် အဆင်ပြေရင် နောင် အီဒူးဗသရီတခုခုမှာ အဲဒီမြို့ လေးကို သွားပြီး ကျွန်တော်တို့ ဘဝေတွေကို တူးဖော်ကြည့်ဦးမယ်ဗျာ။

[+/-] အပြည့်အစုံသို့...

လိပ်ပု သို့ အမှတ်တရ

စိတ်စေရာ

ကျောက်သင်ပုန်းကြီး
ထီးထီးရှေ့မှာ
ဆရာတစ်ယောက်
စာသင်ရောက်လာ
ရှင်းလင်းသင်ပြ
ချိန်တန်ကျလျှင်
ဆရာကပြန်
ခေါင်းမှာကျန်တာ
အဆောင်ဘာဟင်းချက်ပါလိမ့်

ဟိုတစ်ချိန်တုန်းက နောက်နောက်ပြောင်ပြောင်နဲ့ခေါ်ခဲ့တဲ့
သူငယ်ချင်းလိပ်ပုရဲ့ကဗျာလေးပေါ့ဗျာ…..
အတိတ်ကို မျှဝေခံစားနိုင်အောင်လို့ တင်ပေးလိုက်တာပါ

အနတ္တ

[+/-] အပြည့်အစုံသို့...