အံ့မခန်းအစွမ်း မသန်စွမ်း
နားမသန်ပင် ဖြစ်လင့်ကစား
အားကျိုးမာန်တက် ရွက်ဆောင်ခဲ့သည့်
ဇမ္ဗူမှာရှား သူ့စွမ်းအားကား
နေလပမာ ထင်လင်းစွာဖြင့်
လောကအကျိုး လူ့အကျိုးကို
ဆထက်တန်းဖိုး ဒီရေတိုးသို့
ကောင်းကျိုးဝေဖြာ ထွန်းလင်းသာလျှက်
စက္ခုအလင်း ဉာဏ်အလင်းရှင်
အလင်းဖခင် အက်ဒီဆင်ဟု
လောကမှတ်တိုင် စိုက်နိုင်မှုကား
သန်းခုနှစ်ထောင် လူတို့တိုင်အောင်
အကောင်းပကတိ မယှဉ်ဝံ့သည့်
မသန်စွမ်း၏ အကျိုးတည်။
ငါးရာ့ငါးဆယ် ဇာတ်နိပါတ်ဝယ်
ပဒုမပေါင်တို ကိုလူပျိုတောင်
အခေါင်ထိပ်ထား မဟေသီတပါးကို
ကောက်ကောက်ပါအောင် စွမ်းဆောင်မှုကား
မသန်စွမ်း၏ အစွမ်းတည်။
လက်တဖက်သိမ် ဉာဏ်မတိမ်ဘဲ
တင့်တယ်ဖွဲ့အပ် ရေသည်ဇာတ်လည်း
ယနေ့ထက်အောင် ရှေ့သို့ဆောင်လျှက်
စလေဂုဏ်ရောင် ထွန်းပြောင်စေသူ
ပညာရှိတပါး ဦးပုညကား
မသန်စွမ်းတို့ ဦးဆောင်တည်။
သတ္တိသူရ ဘွဲ့စံထားသည့်
သတိုးမဟာ ဗန္ဓုလကား
မျက်စိအလင်း တောင်မြောက်ဆင်းလည်း
တိုင်းကျိုးပြည်ကျိုး ရွက်ဆောင်ပိုးစဉ်
လက်နက်ဗုံးဆံ တုန့်ပြန်မကြောက်
ဝိဉာဉ်အသက် တွယ်မဖက်ဘဲ
ရာဇ၀င်တွင် စာတင်လောက်သည့်
မသန်စွမ်းတို့ အံ့မခန်းတည်။