စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Wednesday, December 24, 2008

ဘ၀ လှေခါး

ဘ၀ဆိုတာ
ကိုယ့်ခြေထောက်နဲ့ ကိုယ်
တက်ရတဲ့ ရိုးရိုးလှေခါးပါ။

တခါတလေမှာ
အဲဒီလှေခါးကို
ကိုယ်ကိုယ်တိုင်ပဲ
ရိုက်ချိုးဖူးကြတယ်။

တခါတလေမှာ
အဲဒီလှေခါးကို
ကိုယ်ကိုယ်တိုင်ပဲ
တည်းတည်းလေး
ချိတ်ထားတတ်သေးတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်
ချိတ်မိဖို့က အဓိကပါပဲ။

ကျိုးသွားတဲ့ လှေခါး
မချိတ်မိတဲ့ လှေခါး
တည်းတည်းလေး ချိတ်မိနေတဲ့ လှေခါး
ဘယ်လို လှေခါးဖြစ်ဖြစ်
တခါ ဖြစ်ဖူးသွားရင်
နောက်ထပ် အဲလိုမကြုံရအောင်
လုပ်ရဦးမယ်။


ဘာဖြစ်လို့လဲ ဆိုတော့
အဲဒီ ဘ၀ ဆိုတဲ့
ရိုးရိုး လှေခါးကို
ဥာဏ်၊ ၀ီရီယ နဲ့ လုံ့လ ဆိုတဲ့
ကျူပ်တို့ ခြေထောက်တွေနဲ့ တက်ပြီး
အောင်မြင်မှု ဆိုတဲ့ ပန်းတိုင်ကို
ကျူပ်တို့ ဆွတ်ခူးရဦးမှာ မို့ပါ။

ဒါပေမယ့်
ကျူပ်တို့ဟာ
ကျူပ်တို့ကိုယ်တိုင် ယုံတယ်၊
အဲဒီ လှေခါးကို တက်ကျော်နိုင်ရမယ်လို့။

ဘာပဲဖြစ်ဖြစ်
ဘ၀ဆိုတာ
ကိုယ့်ခြေထောက်နဲ့ ကိုယ်
တက်ရတဲ့ ရိုးရိုးလှေခါးလေးတခုပါ။


အိုင်ဒီယာ

သိင်္ဂီသက်

အသက်သွင်းသူ
ကောင်းတမန်




[+/-] အပြည့်အစုံသို့...

Monday, December 22, 2008

Screen Saver ဆိုတာ



ဘီလ်ဂိတ် တယောက် သေဆုံးလို့ ဘ၀ကူးဖို့ရန် သိကြားမင်း နဲ့ တွေ့နေပါတယ်။

သိကြားမင်း။ ။ ကောင်းပြီ။ ဘီလ်ဂိတ် မင်းကို နတ်ပြည် ပို့ရမလား၊ ငရဲပြည်ပို့ရမလားဆိုတာ ငါတောင် ဆုံးဖြတ်ရ တော်တော်ခက်နေတယ်ကွ။ မင်းက ကွန်ပျူတာပညာနဲ့ တကမ္ဘာလုံးကို အကျိုးပြုခဲ့လို့ အိမ်တိုင်းနီးပါးလည်း ကွန်ပျူတာတွေ နဲ့ ဖြစ်နေပြီ။ အံ့မခန်းဖွယ်ရာ အစွမ်းရှိတဲ့ Windows ဆိုတာလည်း ထွင်ပေးခဲ့သေးတယ်။ ဒီတော့ ငါလည်း မင်းအတွက် ငါ အရင်တစ်ခါမှ မလုပ်ဖူးသေးတာ လုပ်ပေးချင်တယ်။ ဒီတော့ မင်း ဘယ်ပြည်ကို သွားမလဲ ဆိုတာ မင်းစိတ်ကြိုက် ရွေးချယ်ခွင့်ပေးတယ်ဗျာ။

ဘီလ်ဂိတ်။ ။ ငရဲပြည် နဲ့ နတ်ပြည် ဘာကွာလို့လဲဗျ။

သိကြားမင်း။ ။အကောင်းဆုံးကတော့ မင်းကိုယ်တိုင် အဲဒီပြည်နှစ်ခု ကို အစမ်းကြည့်ပြီးမှ ဆုံးဖြတ်ချက်ချသင့်တယ်။ ကဲလာ..ပြောနေကြာတယ်..ငါတို့ ငရဲပြည်ကို အရင် သွားကြည့်ရအောင်။

ဘီလ်ဂိတ်လည်း အလွန်မတန် အံ့အားသင့်ရပြီလေ။ လား…..လား….သူပထမဆုံးမြင်ရတာက သဲဖြူဖြူတွေ ထူထပ်ပြီး အင်မတန် ကြည်လင်သန့်စင်နေတဲ့ ပင်လယ်ကမ်းစပ်တွေ အနားသတ်ထားတဲ့ အပြာရောင် ပင်လယ်ပြင်ကြီးက တမျှော်တခေါ်ပဲ။ အဲဒီ ကမ်းခြေတွေမှာ ထောင်သောင်းချီတဲ့ မဒီ လန်းလန်းလေးတွေ ရေကစားရင်း ရယ်လို့ မောလို့၊ ပင်လယ် စားသောက်စာတွေလည်း ပေါပါဘိသနဲ့။ နေကလည်း သာပြီး အပူချိန်က လည်း သမလို့။ အားလုံးဟာ အင်မတန် ပြည့်စုံပြီး အားရစရာတွေချည်းပဲ မြင်နေရသတဲ့။

ဘီလ်ဂိတ်။ ။ ငရဲပြည်တောင် ဒီလောက် လန်းနေတာ…။ကျူပ် နတ်ပြည်ကို ကြည့်ချင်လွန်းလို့ ထိန်းတောင် မထိန်းနိုင်တော့ဘူးဗျာ။

သိကြားမင်း။ ။ ကဲလာ…။ ဒါဆို လည်း နတ်ပြည်တက်ကြည့်ကြတာပေါ့။

ဘီလ်ဂိတ်လည်း အဖြူရောင် တိမ်ထူထူတွေနဲ့ လှပလွန်းတဲ့ ကောင်းကင်ပြာတခုလုံးရဲ့ ထောင်ပေါင်းစုံမှာ နတ်သမီးပျိုတွေ စောင်းတီးပြီး သီချင်းဆို နေတာ တွေ့သတဲ့။ သူ့စိတ်ထဲမှာ နတ်ပြည်ဟာ သာယာပါတယ်။ ဒါပေမယ့် သေချာတာက ငရဲပြည်လောက် မလန်းဘူးလို့ တွေးတောနေမိတယ် တဲ့။ ဒါကြောင့် ထွေထွေထူးထူး စဉ်းစားမနေပဲ…

ဘီလ်ဂိလ်။ ။ သိကြားမင်းကြီး……..ကဲ ကျူပ်ကို ငရဲပြည်ကိုပဲ အခုမနှေး အမြန်ပြေးခွင့်ပြုပါတော့။
လို့ပြောတော့..။

သိကြားမင်း။ ။ ကဲ မင်းစိတ်ဆန္ဒအတိုင်း ရောက်စေ။

လို့ပြောပြီး ငရဲပြည်ကို ပို့ပေးလိုက်သတဲ့။
နောက်နှစ်ပတ်အကြာမှာ သိကြားမင်းကြီးက သန်းကြွယ်သူဌေးဟောင်း ကွန်ပျူတာ ပညာရှင်ဟောင်းကြီး အဆင်ပြေမပြေ ငရဲပြည်ဆင်းပြီး အကဲလာခတ်သတဲ့။ အဲဒီ အချိန်မှာ ဘီလ်ဂိတ်ဟာ အလွန်ပူပြင်းတဲ့ မီးတောက် တွေကြား အော်ရင်း ငြီးရင်း နဲ့ ပူလောင်လွန်းတဲ့ ကျောက်ဂူ နံရံရဲရဲတွေပေါ်မှာ တောက်တက်ကပ်သလို တွယ်ကပ်နေရသတဲ့။ ပြီးတော့ ငရဲသားတွေကလည်း မီးခရင်းဂွတွေနဲ့ သူ့ကို ၀ိုင်း ထိုးပြီး သွေးသံ တရဲရဲ ဖြစ်အောင် နှိပ်စေနေသတဲ့။

သိကြားမင်း။ ။ဟေ့ကောင်.. ဘီလ်ဂိတ်..။ မင်း နေရတာ အဆင်ပြေလားကွ။

ဘီလ်ဂိတ်။ ။ ခင်ဗျားပဲ လာခံစားကြည့်ပါ့လားဗျာ။ ဒီလောက် ပူပြင်းဆိုးရွားနေတာ…….ဘာအဆင်ပြေရမလဲ…….။ ကျူပ်မျှော်လင့်ထားတာနဲ့ တော့ တခြားဆီပဲ……။ ဒါနဲ့ ငရဲပြည်က ဘာဖြစ်လို့ ကျူပ်ရောက်မှ ပြောင်းလဲသွားရတာလဲ။ ကျူပ်မလာခင် မြင်တာကတော့ လှပတဲ့ ကမ်းခြေတွေမှာ လန်းလန်း…လန်းလန်းနဲ့ မဒီတွေ ရေကစားနေကြတာလေဗျာ။

သိကြားမင်း။ ။ အို့………ဘီလ်ဂိတ်……..။ အဲဒါ ခင်ဗျား ထွင်ခဲ့တဲ့ Screen Saver လေဗျာ.။

မှတ်ချက်။ ။ နိုင်ငံခြားဟာသ ကို အဓိပ္ပာယ် ပြန်ဆိုပါသည်။

[+/-] အပြည့်အစုံသို့...

ငါ လိုချင်တာ

စစ်သားလေး တယောက်ဟာ တပ်ထဲက လမ်းပေါ်မှာ တွေ့သမျှ စာရွက်မှန်သမျှကို ကောက်ပြီး ဖြန့်ဖတ်ကြည့်လိုက်၊ ပြန်လွှင့်ပစ်လိုက်နဲ့ အလုပ်ရှုပ်နေသတဲ့။ ပါးစပ်ကလည်း

“ငါလိုချင်တာ ဒီစာရွက် မဟုတ်သေးပါဘူး”

လို့ စာရွက်တရွက် ဖတ်ပြီးတိုင်း ညည်းညူ နေသတဲ့။

တပ်ထဲက လမ်းတကာလှည့်ပတ်သွားရင်း သူအဲလို အချိန်အတော်ကြာ ထူးဆန်းစွာ ပြုမူနေတာ ဗိုလ်ကြီး တဦး တွေ့သွားပြီး သူ့ကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့ စီစဉ်ပေးလိုက်သတဲ့။ စိတ်ပညာဆရာဝန်က စစ်သားလေးဟာ စိတ်ဖောက်ပြန်ယိုယွင်းနေတာ သေချာနေလို့ စစ်တပ်မှ အနားယူခိုင်းဖို့ ဆေးစာတစ်စောင် ရေးပေးလိုက်တယ်တဲ့။

ဒီတော့မှ စစ်သားလေးက သဘောကျစွာ ပြုံးပြီး

“အင်း ငါလိုချင်တာ ဒီစာရွက်ပဲကွ “

လို့ ကြုံးဝါးပြီး စစ်တပ်ကနေ အပြေးထွက်ခွားသွားသတဲ့။

သင်ခန်းစာ။ ။ ဘ၀မှာ မည်သို့သော အခြေအနေမှ မဆို မိမိလိုချင်တာ ရရန် နည်းလမ်းများစွာ ရှိသည်။ မိမိသာ အမြင်ကျယ်၍ ဦးနှောက်ကို လွှာသုံးရန် လိုအပ်ပေသည်။



မှတ်ချက်။ ။ နိုင်ငံခြားဟာသ ကို အဓိပ္ပာယ် ပြန်ဆိုပါသည်။

[+/-] အပြည့်အစုံသို့...

Saturday, December 20, 2008

ဂါထာတစ်ပုဒ်မှ သဒ္ဓါတစ်ထုပ်

ဂါထာတစ်ပုဒ်မှ သဒ္ဓါတစ်ထုပ်



တနေကွယ် သေနယ်သို.

တစ်ရက်ကူးတဲ့၊

ကြားလိုက်ရထိုစကား

အသားများပင် တုန်ခါမိ။


ဘ၀သက်တမ်းရဲ.

နှစ်ပိုင်းတစ်ပိုင်း

စိတ်ရိုင်းတွေနဲ.ငါကြီးပြင်း

မသိခြင်းတွေနဲ.နေ.စဉ်။


သံသရာ

ခန္ဓာမှာရှိဤစကား

မသိငြားခဲ့လေတော့

တဏှာစေတဲ့ဘဝ

ငါနေခဲ့ရပေါ့။


အ၀ိဇ္ဇာ၊တဏှာအကြောင်းခံ

ဖောက်ပြန်တဲ့တရားငါမသိ

ဥာဏ်မျက်စိမရှိခဲ့လို.

သံသရာတကြော

အဖန်ဖန်မျောခဲ့ရပြီ။


သတိကင်းခဲ့လို.

မသိခြင်းနဲ.စ ငါ့ဘ၀ကို

သိခြင်းမှာရပ် ခရီးပြတ်ဖို.

စိတ်ကိုဆုံးမ

ကျွန်ုပ် အလုပ်စပါတော့မည်။


မျက်ရည်ပြုတ်ဖို.

ကျွန်ုပ်အလုပ်လုပ်ပါတော့မည်။


by

Red Rose

[+/-] အပြည့်အစုံသို့...

Friday, December 12, 2008

မွေးနေ့လက်ဆောင်

မထင်မှတ်ပဲ သိကျွမ်း
ဝါသနာလဲ တူဆန်းတဲ့
ကျွဲတို့ရဲ့ခေါင်းဆောင် အကိုကြီးကျွဲရေ ...
ကဗျာမဆန် သချာင်္ဆန်တဲ့
လူ့ဘောင်လောက ထောင့်တနေရာမှာ
လောကဓံရဲ့ အလှည့်အပြောင်း
ကောက်ကြောင်းလေး တခုနဲ့
အတိတ်ရဲ့ အိပ်မက်ဆိုးတွေ
ဆိတ်သုန်းကွယ်ပျောက် အလင်းရောက်တဲ့
ဒီရက်ဒီခါ မွေးနေ့ချိန်မှ
နောက်များစွာသော မွေးနေ့များတိုင်
အကိုကြီးနားမှာ ပျော်ရွင်မှုတွေ
ဝပ်တွားခရ ရှိနေကြလို့
ရည်ရွယ်ပန်းတိုင် လျှောက်လှမ်းနိုင်ကာ
ဘ၀သရဖူ ခင်နဲ့အတူ ဆွတ်ခူးနိုင်ဖို့
ဒီကဗျာနဲ့ ဆုတောင်းလိုက်တယ် ကိုကျွဲရေ ...

ရော်ရွက်ရင့်

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Thursday, December 11, 2008

တပ်လှန့်ခြင်း သို့ သတိပေးခြင်း

တပ်လှန့်ခြင်း သို့ သတိပေးခြင်း

မြတ်ဗုဒ္ဓဟာ
သတ္တ၀ါအားလုံးရဲ့ အမြင့်မြတ်ဆုံးဖြစ်တဲ့
ဘုရားအဖြစ်ကို
ပရမတ္ထတရားနဲ့ ရောက်တော်မူခဲ့တယ်။
သတ္တ၀ါတွေကို
ကမ္ဘာလောကကို
ခုထက်ထိ စစ်မှန်တဲ့ တရားဓမ္မ နဲ့
အေးမြ နေစေခဲ့တယ်။

Richard Bach ရဲ့
Jonathan Livingston Seagull ဟာ
ဘယ်ငှက်မှ မပျံသန်း မရောက်ရှိဘူးတဲ့
ထူးကဲတဲ့ ဘုံတွေ၊ အမြင့်တွေကို
တကိုယ်ရေ ပြည့်စုံခြင်း နဲ့အတူ
တောင်ပံအပျက်ခံပြီး ပျံတက်ခဲ့ဖူးတယ်။

Hemingway ရဲ့
အဘိုးအိုဟာ
သာမန်လှေနဲ့ မရောက်နိုင်တဲ့
ပင်လယ်ပြင် ဟိုး အနက်နဲဆုံး နေရာမှာ
ဘယ်တံငါလောကမှာမှ မရဘူးတဲ့
ဧရာမ ငါးကြီးကို
အဘိုးအို တယောက်တည်းရဲ့
အင်းအားနဲ့ အမိဖမ်းပြီး
ကမ်းအထိလည်း သယ်လာခဲ့ဖူးတယ်။

Eleanor Porter ရဲ့
ပေါ်လီယာနာဟာ
မိဘမဲ့ကလေး ပေမယ့်
The Glad Game လို့ခေါ်တဲ့
ဘယ်လောက်ဆိုးနေတဲ့အရာက မဆို
အကောင်းတွေ ပျော်စရာတွေရှာတဲ့
လမ်းစဉ်ကို သူထွင်ခဲ့တယ်။
သေချာစဉ်စားတော့
ဗုဒ္ဓဘာသာရဲ့ အဆုံးအမ တချို့ နဲ့
ထပ်တူကျနေတာ တွေ့ရပြန်တယ်။

Lab ပစ္စည်းတွေ သိပ်မရှိသေးတဲ့
ခေတ်မှာ ဦးနှောက်ဆိုတဲ့
အထိရောက်ဆုံး Lab ကို သုံးပြီး
ထူးခြားတဲ့ သိပ္ပတွေ့ရှိချက်တွေကို
Newton လို၊ Einstein လို သိပ္ပံပညာရှင်တွေက
ရှာတွေ့ခဲ့တာတောင်
နောက်လူတွေက Lab ရှိပါရဲ့
မှီအောင် မနည်း တွေးယူကြရတယ် ဆိုပဲ။

ဒါတွေ အားလုံးကို အနှစ်ချူပ်တော့
လူ၊ငှက်၊သတ္တ၀ါ၊ ဘယ်ဟာမဆို
တစ်ဦးချင်းစီမှာ
သူမတူတဲ့ ထူးခြားတဲ့ ၀ိသေသ၊
စိတ်၊ဥာဏ်၊ပါရမီ ရှိကိုရှိကြတယ်လေ။

အဲဒီတော့
ငါတို့ဟာ
ငါတို့ကိုယ်တိုင်လည်း တနေရာရာမှာ
ကြီးကျယ်မြင့်မြတ်နေတယ်။
တနေ့နေ့မှာ ထူးခြားပြောင်မြောက်တဲ့
အောင်မြင်မှုတခုခု
ရကို ရမယ်လို့
ယုံကြည်ချက်၊မျှော်လင့်ချက် ထားရမလို
သူများတွေ အပေါ်မှာလည်း
ထိုနည်းလည်းကောင်းပဲ ယုံကြည်မျှော်လင့်ချက် ထားရမယ်။

ဘာဖြစ်လို့လဲ ဆိုတော့
ဒီကမ္ဘာကြီးဟာ
မတူညီတဲ့ စွမ်းအားတွေနဲ့
တူညီအောင် ဖွဲ့စည်းထားလို့ပါပဲ။
ပြီးတော့ တန်းတူရည်တူရှိမူကို အလေးထားသလို
သဘာမတူဖို့လဲ သဘောတူတတ်ရမယ်။
အဲဒီလိုမှာသာ မတူညီတဲ့
တစ်သီးပုဂ္ဂလ အောင်မြင်မှုတွေက
ကမ္ဘာ့လူသားတွေအတွက်
ကြီးမားတဲ့ အောင်မြင်မှု
အေးချမ်းမှု အသွင် ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ငါတို့ မမေ့ရမှာက
သိပ္ပံ ပညာနဲ့
ဗုဒ္ဓလမ်းစဉ်ဟာ
ဆုံမှတ် တခုတည်း ဖြစ်တဲ့နေ့ ရောက်အောင်
ငါတို့ ကြိုးစားရမယ် ဆိုတာပါပဲ။

ကောင်းတမန်

[+/-] အပြည့်အစုံသို့...

အားလုံးအတွက် မေတ္တာစကား

ဘ၀တကွေ့ကွေ့မှာ
လူ့ဘ၀အတွက် အကြီးမားဆုံးတိုက်ပွဲတွေနဲ့အတူ
လောကဓံက သင့်ကို
ထိုးနှက်တတ်တယ်။

အဲဒီထိုးနှက်ချက်ဟာ
သင့်ဘ၀ကို လဲပြိုသွားစေနိုင်သလို
ကဲပိုလာတဲ့ အင်အား
ခိုင်မာတဲ့ သန္နိဌာန်
ပြတ်သားတဲ့ စိတ်နှလုံးနဲ့အတူ
အမှတ်ထားလောက်အောင်
ကြီးမြတ်တဲ့ အောင်မြင်မှုတွေကိုလည်း
ပေးတတ်တယ်။

ဒါပေမယ့်
အဲဒီလိုအချိန်မှာ
လဲပြိုမလား
အောင်မြင်မလားဆိုတာ
သင့်အပေါ်မှာပဲ မူတည်နေပါတယ်။

လောကဓံကို မတုန်လှုပ်ပဲ
သမာဓိကို ခိုင်ခိုင်ထား
သင်ကြိုးစားနေသရွေ့
သင့်အတွက်
အောင်မြင်မှုဟာ
၅၀ % တော့ သေချာနေပါပြီ။

သို့ပေမယ့်
အဲဒီလို သင်ရိုးကုတ်ဖို့
သင့်တိုက်ပွဲကာလမှာ
နားလည်တတ်တဲ့ မျက်ဝန်းတွေ
ဖေးမတတ်တဲ့ လက်ကလေးတွေ
အားပေးတတ်တဲ့ စိတ်အင်အားတွေ
မညည်းညူတတ်တဲ့ အနွံတာခံမှုတွေ နဲ့
အပြန်အလှန် အရိပ်တကြည့်ကြည့်နဲ့
အကောင်ဖောက်ပေးမယ့်
လူ့အသိုက်အမြုံလေးလဲ
သင့်ဘေးမှာ ရှိနေဖို့ လိုသေးတယ်။
ဒါဟာ သင့်အောင်မြင်မှုအတွက်
ကျန်နေသေးတဲ့
၅၀ % ပါပဲ။

သူငယ်ချင်းအပေါင်းတို့
ငါ့အတွက်တော့
အဲဒီလူ့အသိုက်အမြုံလေးဟာ
ဘယ်သူတွေလဲဆိုတာ
ပြောဖို့လိုမယ် မထင်ပါဘူး။

မင်းတို့ရဲ့ နွေးထွေးမှုအတွက်
ဖေးမမှုတွေ အတွက်
မဖော်ထုတ်တတ်မှုတွေအတွက်
ဒီနေ့မှာ ငါဖော်ထုတ်ပါရစေ။

မင်းတို့အားလုံးကို
လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါရစေ။

ငါ့ဘ၀တိုက်ပွဲ အမြင့်ဆုံးအချိန်မှာ
မင်းတို့အားလုံးရဲ့
ဖေးမနားလည်မှုတွေကို
ဘယ်တော့မှ မမေ့နိုင်တော့သလို
မနက်ဖြန်တိုင်းမှာ ငါ့ဘက်က တာဝန်ကျေနေအောင်လည်း
ဒီနေ့တိုင်းမှာ ဆက်လက်ကြိုးစားသွားမယ်လို့
ကတိက၀တ်လည်း ပြုပါရစေ။

နောက်နောင်ဘ၀တွေမှာလည်း
ခုလို မိတ်ဆွေသင်္ဂဟာကောင်းတွေနဲ့
အကြောင်းရေစက်ပါကာ
နှောင်းသံသရာမထပ်ရအောင်
မဂ်ဖိုကိုလည်း
အတူတူ ကူးကြရဖို့
ဆုပန်ပါရစေ။

အမှားများရှိခဲ့ရင်လည်း
ခွင့်လွှတ်ကျေအေးဖို့
တောင်းပန်ပါရစေတော့။

ကောင်းတမန်...

[+/-] အပြည့်အစုံသို့...

သုတေသန ဆိုတာ

ဘိုးတော် (အသက်ကြီး ဂေါ်မစွံ) တယောက်ဟာ အရက်ဆိုင်ဝ တခု အရောက်မှာ မထင်မှတ်ပဲ ရေရေလည်လည် လန်းတဲ့ မဒီ ပန်း တပွင့်ကို တွေ့တော့.။

ဘိုးတော်။ ဟာ..ညီမလေး။ လန်းလှချည့်လား…….။ ဘာကြောင့် ဒီလောက်လှနေတာလဲ။

ဆိုပြီး ကျူတော့တာပေါ့။

ဒီတော့ မဒီလည်း ရေရေလည်လည် နှိပ်ကွပ်ဖို့

မဒီ။ ကျမ ရှင်နဲ့ ဒီညမလိုက်နိုင်ဘူး။ ဘာတွေ လာပြောနေတာလဲ။ ကျမက ရှင်ခေါ်တိုင်း လိုက်စရာလား။

ဆိုပြီး အရက်ဆိုင်ထဲက လူကုန်ကြားအောင် အော်ဟစ်သတဲ့။

ဘိုးတော်လည်း ရှက်ကိုးရှက်ကန်း ဖြစ်ပြီး စိတ်ညစ်ညစ် နဲ့ အရက်ဆိုင်ထဲ အပြေးဝင်ပြီး ထောင့်စားပွဲမှာ အရက်တစ်လုံးမှာပြီး အေးအေးဆေးဆေး နှပ်နေလိုက်တယ်တဲ့။ ခဏ နေလို့ ဘိုးတော် မမူး တမူး ဖြစ်နေချိန်မှာ စောစောက လန်းတဲ့ ပန်းက သူ့စားပွဲ ရှေ့ ရောက်လာပြီး..

မဒီ။ အကို။ ကျမကို စိတ်မဆိုးပါနဲ့ရှင်။ ကျမ တောင်းပန်ပါတယ်။ အမှန်တကယ်က ကျမက စိတ်ပညာကျောင်းသူ တယောက်ပါ။ လူတယောက်ဟာ လူအများရှေ့ မှာ အရှက်တကွဲ ဖြစ်ရင် ဘယ်လို တုန့်ပြန်သလဲ ဆိုတာ သုတေသန လုပ်ချင်တဲ့ အတွက် စောစောကလို အကို့ ကို ပြောမိတာပါ။ ကျမ တကယ် တောင်းပန်ပါတယ်ရှင်……

လို့ တောင်းပန် သတဲ့။


ဒီတော့ ကျူပ်တို့ ဇာတ်လိုက် ဘိုးတော် ပြန်ပြောလိုက်ပုံက…………

ဘိုးတော်။ ဘာကွ။ နှစ်သောင်း ဟုတ်လား………။ မင်းက များ နှစ်သောင်းတောင်းတယ်။ နှစ်သောင်းတည်းဆိုလဲ မင်းလို ကောင်မလေးကို ငါ ညအိပ် မခေါ်နိုင်ဘူး

ဟူသတတ်။


မှတ်ချက်။ ။ နိုင်ငံရပ်ခြား ဟာသ ကို အဓိပ္ပာယ် ပြန်ဆိုပါသည်။

[+/-] အပြည့်အစုံသို့...

Wednesday, December 10, 2008

နိုင်ငံရေးသမားဆိုတာ

နိုင်ငံရေးသမားတွေ အပြည့် သယ်ဆောင်လာတဲ့ ဘတ်စ် ကား တစ်စင်းဟာ လှပတဲ့ ဘိုလီးဘီးယား သဲကန္တာရ ကို ချဉ်းကပ်စ ပြုလာပါပြီ။ ဘိုလီးဘီးယား နိုင်ငံရဲ့ ရှုခင်းတွေဟာ ဘယ်လောက်များ လှပသလဲဆိုရင် ဘတ်စ်ကား မောင်းဆရာဟာ ကားမောင်းနေတယ်ဆိုတာကိုတောင် မေ့မြောရတဲ့ အထိ ရှုခင်းတွေကို တအံ့တသြ ငေးမောနေမိပါတယ်။ ဒီလိုနဲ့ ကားဟာ တောင်ခြေတ၀ိုက်မောင်နှင်းနေရင်း တောင်စောင်းကို နေ၀င်ပြီးခါစ မှာ ၀င်တိုက်မိပြီးမှောက်ပါတော့တယ်။ ကားပေါ်က နိုင်ငံရေးမားတွေလည်း သေတချို့၊ ဒဏ်ရာပြင်းထန် တဲ့လူ တချို့ နဲ့ ဒုက္ခရောက်နေကြပါတော့တယ်။ ဒီလိုနဲ့ အနီ်းချူပ်စပ် ရွာက တောင်ယာသမားအဘိုးကြီးတယောက်ဟာ အလောင်းတွေကို အကုန် မြေမြုပ်ပေးခဲ့ပါတယ်။ မနက်လင်းတော့ ရဲက အဖြစ်အပျက်ကို စုံစမ်းရင်း အဘိုးကြီးကို မေးပါတော့တယ်။
ရဲ။ ။ အဘိုးကြီး၊ ခင်ဗျား နိုင်ငံရေးသမားတွေ အကုန် မြေမြှုပ်ခဲ့လား။
အဘိုးကြီး။ ။ အင်း…။ အားလုံး မြှုပ်ခဲ့ပါတယ်။
ရဲ။ ။ ဒါဆို အားလုံး အသက်မရှိဘူးဆိုတာ ခင်ဗျား ဘယ်လို သက်သေပြမလဲ။
အဘိုးကြီး။ ။အင်း.။ ဒါက ရှင်းပါတယ်။ တချို့က လုံးဝ သေနေပြီ။ တချို့က "ကျွန်တော် မသေသေးပါဘူး။ မြေမြှုပ်မပစ်ပါနဲ့" လို့ တောင်းပန်နေတယ်လေ.။
ရဲ။ ။ ဗျာ………………။ ဒါဆို ခင်ဗျား လူအရှင်တွေကို မြေမြှုပ်ပစ်ခဲ့တာပဲ……။
အဘိုးကြီး။ ။ဟာ…ဗျာ……….။ ဘယ်ဟုတ်ပါ့မလဲ။ ခင်ဗျားလဲ သိသားနဲ့..။ နိုင်ငံရေးသမားဆိုတာ ဒီလိုပဲ ညာပြောနေကျ ဆိုတာ………။


မှတ်ချက်။ ။ နိုင်ငံခြားဟာသ ကို အဓိပ္ပာယ် ပြန်ဆိုပါသည်။

[+/-] အပြည့်အစုံသို့...

Tuesday, December 2, 2008

၂၀၀၈ ဒီဇင်ဘာ တမ်းချင်း

(၁)


လပြာသို ဆန်းခါစ

မြခွာညို ပန်းသဘာဝ နဲ့

ချမ်းကာပို ဒီဇင်ဘာလမှာ

မှန်းကာငို အညာအလှကို

လွမ်းဇရာသာ ကျကျနေရတယ်

ပြေးလို့ဖြင့် မတွေ့နိုင်ပါတကား။


အသက် တစ်နှစ်ကြီးလာပြန်ပြီ။ ဒီဇင်ဘာမှာ မွေးတဲ့ ကျွန်တော်ဟာ ဒီဇင်ဘာကို အရမ်းချစ်ပါတယ်။ ချမ်းအေးတဲ့ ဒီဇင်ဘာ ဟာ ကျွန်တော့် အတွက် ဘ၀မှာ ပြန်လိုချင် တောင့်တစရာတွေနဲ့ ပြည့်နှက်နေတတ်တယ်။


(၂)


ဒီဇင်ဘာ နံနက်ခင်းတွေဆို အညာက အမေ့အိမ်က ထမင်းကြမ်းကြော် ကို ရွာထိပ်က ဒေါ်ဒေါင်း အကြော်ဆိုင်က မွန်းနံရွက် ဒါမှမဟုတ် မြင်းခွာရက် ဒါမှမဟုတ် ကြက်သွန် ပေါင်းကြော် လေး တစ်ခု၊ နှစ်ခုလောက် နဲ့ စားတဲ့ ဓလေ့လေးကို ပြန်အလိုချင်ဆုံးပဲ။ အဲဒီ ဓလေ့ကို ကျွန်တော် ဟိုး ငယ်ငယ်လေးကတည်းက စပြီး စွဲလမ်းခဲ့မိတာပါ။ အဲဒီလို မနက်ခင်းဆို အဖေ့ ရေနွေးကြမ်းအိုးက လည်း ကျွန်တော်တို့ မောင်နှမတွေ သောက်လို့ ကုန်တာချည်းပဲ။ တချို့ မနက်တွေဆို ရှားသားမီးကြီးခဲတွေ အောက်မှာ ထန်းပင်မြစ်လေး ထိုး ဖုတ်ထားတတ်သေးတယ်။ ကျက်ရင် အခွှံနွှာပြီး နှမ်းဆီစစ်စစ် ထဲ ထိုးစိမ်ပြီး စားတော့တာပဲ။ တခါတလေတော့ ရွာတောင်ပိုင်းက ဒေါ်လေး လည်ရောင်းတဲ့ ထန်းသီးမှုန့် လေး တယောက် ၃ စိတ်စီလောက်ဝယ်ပြီး နှမ်းဆီ နဲ့ တို့စား တတ်တယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ခုဆို ကျွန်တော်က အမေ့ အိမ် နဲ့ မဝေးချင်လည်း ဝေးနေရပြီလေ။ စိတ်ထဲမှာ အညာသားက လွှဲပြီး ရန်ကုန်သား တောင် မဖြစ်ချင်ခဲ့ တဲ့ ကျွန်တော် က ခုတော့ ရန်ကုန်ထက် ဝေးတဲ့ နေရာမှာ နေနေရတယ် လေ။ ဒါပေမယ့် ကျွန်တော့ နေရာအစစ်ဟာ ဟိုးအဝေးက ဒီဇင်ဘာ နံနက်ခင်း မြူမှုန်တွေကြား ရွာသူပျို တို့ နှမ်း စီးချင် စီးနေမယ့် ဒါမှမဟုတ် ကျောင်းမသွားခင်မှာ ကျောင်းသားတချို့ နှင်းတောတိုးပြီး နွားစာရိတ်ချင် ရိတ်နေကြတဲ့ အဲဒီ သဘာဝ ပန်းချီကားချပ်လေးတခု ရှိတဲ့ အညာက နေရာလေးပါပဲ။ ဘာတွေ ဘယ်လိုပြောင်းပြောင်း ဘယ်တော့မှ ပြောင်းလဲမသွားမယ့် ကျွန်တော့် နေရာ ဟာ အဲဒီ အညာက ရခိုင်ရိုးမ အစွယ်အပွား တောင်နီတောင်ညို အခြေက ကျွန်တော် အရမ်းချစ်ရတဲ့ ကျွန်တော်တို့ ရွာလေးပါပဲ။


တောင်နီတောင်ညို ၀န်းရံခစား

သီရီကုက္ကို၊ ဤမြေသည်ကား

ကျွန်တော့် ချက်ကြွေ မွေးရပ်မြေတည်း။


ဒါကြောင့် ဒီဇင်ဘာရောက်ရင် ကျွန်တော် ရွာကို အပြေးပြန်ချင်မိတယ်။ ငယ်ငယ်တုန်းကလို အမေ့ရင်ခွင်ထဲကနေ အေးချမ်းစွာ နိုးထချင်မိတယ်။ သွားတိုက်ဆေးတွေ မလိုပဲ ဆားနဲ့ ပဲ သွားတိုက်ချင်သေးတယ်။ ပြီးရင် နံနက်စာ ကို တပ်မက်စွာလည်း စားတတ်ချင်သေးတယ်။ စားပြီးရင် ကျောင်းမသွားခင် ယာထဲ ကို အပြေးသွားပြီး နှင်းတောထဲ ဇွတ်တိုးလို့ နွားစားလည်း ရိတ်ကြဦးမယ်။ နွားစာရိတ်ပြီး ဟင်းချက်ဖို့ ရာပဲသီးတို့ ဖရုံသီးတို့ လည်း ခူးခဲ့ဦးမယ်။ ပြီးရင် နွားစာထုံးတွေ ရွက်ထမ်းပြီး ချွေးတွေ နှင်းတွေ စိုရွှဲအောင် အိမ်ကို အပြေးပြန်ရမယ်။ အိမ်ရောက်တော့ တောင်ဘက်အိမ်က အမေကြီးခင်တင့် တို့ ရေတွင်းကို သွားပြီး ရေအပြေးချိုးရမယ်။ကျွန်တော်တို့ ရေချိုးနေတုန်း အမေက ကျွန်တော်တို့ အတွက် ထမင်းဘူး ပြင်ထားမယ်။ ပြီးတာနဲ့ တခြားတရွာမှာ ရှိတဲ့ အလယ်တန်းကျောင်းလေးကို စက်ဘီး နဲ့ သွားကြရတယ်။

ဒါဟာ တချိန်တုန်းက ဆင်းရဲလှတဲ့ ငါတို့ဘ၀ လို့ ညည်းယူခဲ့ရဖူးတဲ့ ဒုက္ခ တမျိုးပါပဲ။ ကျွန်တော်တို့ ဆီမှာ ပညာသင်တယ်ဆိုတာ မြို့မှာလို ခပ်ကြော့ကြော့လေး အသာသင့် ပညာရှာခွင့်ရကြတာ မဟုတ်ပါဘူး။ ယာလုပ်ရင်း ကိုင်းထွက်ရင်း ပညာကို ယူခဲ့ရတာပါ။ အဲဒီတုန်းက ငါတို့များ ဆင်းရဲလိုက်တာ လို့ ညည်းညူခဲ့ဖူးပေမယ့် အခုတော့ အဲလို ရိုးသားကြိုးကုတ်တဲ့ သဘာဝ ကို ပြန်တည်ဆောက်ချင်မိတယ်။ ဒါပေမယ့် အရင်တုန်းက ရှိဖူးတဲ့ ရိုးကုတ်တတ်တဲ့ အေးချမ်းမှု ဟာ ခေတ်နဲ့အမှီ တိုးတက်နေတဲ့ ဘ၀နေထိုင်မှု၊ ပညာဆည်းပူးမှု နဲ့ အတူ သဟဇာတ ရှိလှစွာ ဒွန်တွဲ နေရင်တော့ ပိုကောင်းတာပေါ့။


နွားစာတထုံး စာတလုံး

နှင်းတောတိုးရင်း စာပန်းကုံး

တထောက်တရွာ အရောက်လာ

ပညာဆိုတာ ရှာရတာ။


(၃)


အဲလို အိပ်မက်တွေဟာ ကျွန်တော် ခဏခဏ မက်တတ်တဲ့ အိပ်မက်တွေပါ။ အဲဒီ အိပ်မက်ဟာ ကျွန်တော့အတွက် သစ္စာတရားဆိုလည်း ဟုတ်ပါတယ်။ နေ့ခင်း ကြောင်တောင်ကြီးမှာလည်း မက်ချင်မက်တယ်။ ဒါမှမဟုတ် ခုလို ခေတ်မှီတိုးတက်တဲ့ နေရာမှာ ကွန်ပျူတာရှေ့ ထိုင်ပြီး ဘလော့ဂ်အတွက် ပို့စ်တခု ရေးရင်းလည်း မက်ချင် မက်နေမယ်။ ဒါမှမဟုတ် ရွာဘက်ကို ချောက်မြို့ ကနေ ဟိုင်းလတ် ကားနဲ့ အမိုးပေါ်ကစီးရင်း အိမ်ပြန်ခရီးမှာ မက်ချင်လည်း မက်နေမယ့် အိပ်မက်ပါ။ အဲလို အချိန်ဆို ကျွန်တော်တို့ ရွာနား ကပ်လာရင် အဲဒီအိပ်မက်က ကျွန်တော့်ကို မျက်ရည်ဝဲအောင် လုပ်တော့တာပဲ။ ရွာနဲ့ နီးလာတာနဲ့အမျှ ရခိုင်ရိုးမ အစွယ်အပွား တောင်နီတောင်ညို တွေကို ပြာလဲ့လဲ့ ကောင်းကင် နောက်ခံထားပြီး မြင်ရတော့တာပဲ။ ငယ်ငယ်တုန်းက ပြောင်ဖူးခင်းစောင့်ရင်း လင့်စင်ပေါ်က နေ့ပေါင်းများစွာ၊ လပေါင်းများစွာ တနေ့ကုန် ထိုင် ကြည့် ဖူးတဲ့ ဒီတောင်တန်းတွေရဲ့ ကောက်ကြောင်းတွေ၊ အဖုအထစ်တွေကို ကျွန်တော် ခုထိ အလွတ်ရနေတယ်။ မမြင်ရလည်း ပုံဖော် တတ်နေတယ်။ အဲဒီ တောင်တန်းတွေဟာ ငါငယ်ငယ်တုန်းက ထင်းခွေ၊ မှိုရှာ၊ နွားစာရှာ၊ ဆေးမြစ်ဆေးဥ ရှာတဲ့ နေရာပါလားဆိုတဲ့ အသိဟာ ကျွန်တော့်ကို အရမ်းပဲ လွမ်းဆွတ် စေပါတယ်။ အမေ့အတွက် ဆေးမြစ်ဆိုလည်း ဘယ်တောင်နားက ဘယ်တောမှာ ရှိတယ်ဆို တာ ကျွန်တော် အခုထက်ထိ အလွတ်ရနေဆဲပဲလေ။ အင်ကြင်းပန်းတွေ ဘယ်ချောင်မှာပေါတယ်၊ ရင်ခတ်ပန်းတို့ ဘယ်အဆွယ်မှာ ရှိမယ်၊ လွန်ဆန် တွေ ဘယ်ကြောမှာ ပေါတယ် က အစ၊ ဇီးဖြူသီး၊ ဖန်ခါးသီးတို့ ရှိတတ်တဲ့ နေရာတွေ၊ မှိုပေါက်တတ်တဲ့ တောတွေ အားလုံးကို ကျွန်တော် ခုထိ သတိရနေဆဲပါ။ အဲလို ကျွန်တော် နဲ့ ပွေ့ဖက် ရင်းနှီးခဲ့ရတဲ့ တောင်တန်းတွေ ရဲ့ အထိအတွေ့ကို ကျွန်တော် မြို့ ပြကနေ ပြန်လာတိုင်း အငမ်းမရ လိုချင်မိတယ်။

လိုင်းကားပေါ်က နေ သူတို့ ကို စပြီး မြင်ရရင် ကျွန်တော် မျက်ရည် ၀ဲရတော့တာပါပဲ။ သူတို့လည်း ကျွန်တော် ကို မှတ်မိ နေဦးမယ် သေချာပါတယ်။


ရခိုင်ရိုးမ တောင်အစွယ်

အမောင် ဘာတွေ ရှာခဲ့မယ်။

အမေ့အတွက် ဆေးတမြစ်

အမအတွက် ပန်းတပွင့်။


(၄)


သားငယ်ဟာ အမေ့ ရင်ခွင်မှာ ငယ်စဉ်က ပြေးလွှားဆော့ကစားခဲ့တော့ အမေ့ဟာ သူ့သွေးသားကို ရင်နှစ်မခြား ထာဝရ မကွဲကာ အမြဲသာ အတူရှိနေစေချင်တာတဲ့လေ။ ဒါပေမယ့် အသက်ကြီးလာတာနဲ့ အမျှ အဲဒီ သားငယ်ဟာ သူ ပြေးလွှားဆော့ကစား ဖူးတဲ့ အမေ့ရင်ခွင်ကို သတိမရ နိုင်အောင် လောက တာဝန်တွေ ထမ်းပိုးပြီး တိုးတက်မှုတွေ ရှာချင် ရှာနေလိမ့်မယ်။ ဒါမှ မဟုတ် သတိရသည့်တိုင် တစ်နှစ် တစ်ခါတောင် ပြန်လာနိုင်လောက်အောင် အခြေအနေ မပေးပဲ ဖြစ်ချင် ဖြစ်နေလိမ့်မယ်။

ဒါပေမယ့် အမေဆိုသူ တို့ ရဲ့ ရင်မှာတော့ အဲဒီ သူတို့ ပြေးလွှားဆော့ကစားခဲ့ဖူးတဲ့ ရင်အစုံ ရှိနေသမျှ သားတွေကို နေ့တိုင်း လွမ်းဆွတ် နေရဦးမှာပါပဲ။ ကျွန်တော် သိပါတယ် အမေ။ အမေ ကို လွမ်းတိုင်းလည်း မျက်ရည်ဝေရပါတယ် အမေ။ ဒါပေမယ့် အခြေအနေ ပေးအောင် သားစောင့်ရဦးမယ်လေ အမေ။ အမေရယ် ကျွန်တော် ချစ်တဲ့ အမေ နဲ့ အတူ ကျွန်တော် ကို ချစ်တဲ့ ဒုတိယအမေ အဲဒီ တောင်နီ တောင်ညို တောင်တန်းတွေကို လည်း ကျွန်တော် လွမ်းတယ်။

အမေတို့ နှစ်ယောက် ဒီကြားထဲမှာ ကျန်းမာရေးကို ဂရုစိုက်နော်။ ရာသီဥတုဒဏ် ကလည်း ကာကွယ်ကြနော်။

တနေ့နေ့ မှာ ကျွန်တော် အမေ့စကားတွေကို ပြန်ဖြေနိုင်မှာပါ။ အဲ..မဖြေနိုင်ခင် စပ်ကြားတော့ အမေ့ပြောဖူးတဲ့ စကားတွေပဲ သား နားထဲ ပဲ့တင် ထပ်နေပါတယ် အမေ

သားရယ်……….မင်း အမေ့ တို့ နဲ့ အတူ ရွာမှာ လယ်ထွန် မစားနိုင်ဘူးလား……..။

ဆိုတဲ့ အမေ့စကားပါ။

အမေ ယုံပါ။ အဲဒီ အချိန်ထိ အမေ ရှိနေသေးရင် သားပြချင် တယ် အမေ့ကို။ အမေ့ မွေးပေးခဲ့ တဲ့ အမေ့သားဟာ အမေ့ဂုဏ်ကို ဆောင်၊ အမေ့ရွာ ရဲ့ ဂုဏ်ကို ဆောင် ပြီး ရွာအတွက် ၊ နယ်အတွက် ဂုဏ်ယူရသူ တယောက် ဖြစ်ပြီး ပြန်လာတဲ့ တနေ့ အမေ သာ ရှိနေသေးရင် သား အမေ နဲ့ အတူ လယ်ပဲ စိုက်စားတော့မယ် အမေ………..။


ရိုးလှ တဲ့ ဘဝ

လယ်ယာကိုပဲ

သူတို့ထွန်

အေးချမ်းတဲ့ဘဝ

သဘာဝ နဲ့

ချစ်ခြင်းပဲ အကဲပို

အမေဆိုဖူးတဲ့

သားဆိုတာ

အမေ့အတွက် အားဖြစ်အောင်

အမေ့သားမောင်

ရိုးကုတ်တော့မယ် အမေ။



ကောင်းတမန် (စင်္ကာပူ စံတော်ချိန် ညနေ ၆ နာရီ ၅၀ မိနစ်၊၂၀၀၈-၁၂-၀၂။)



ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

ကိန်းဂဏန်းတို့၏ အလွန်မှာ…….

တခါတလေကျ

ကိန်းဂဏန်းတွေနဲ့

ခုနှစ်သက္ကရာဇ်တွေကို

ကြောက်နေသလိုပဲ။


တခါတလေမှာ

နေထွက်ချိန်ကို ခံစားတတ်တယ်။


တခါတလေကျ

နေ၀င်ချိန်မှ ပိုလှသလို ခံစားမိတယ်။


မထူးခြား၊ မပြောင်မြောက်ချင်ရင်နေပါ။

ကိုယ်ပိုင်အလင်းတော့ ရှိချင်တယ်။


ဘာပဲပြောပြောလေ

နေက ၀င်ချိန် ထွက်ချိန်တိုင်းမှာ

အလင်းတော့ ရှိနေသေးတယ်။


နေ၀င်သွားလည်း

တကယ်က ၀င်သွားတာမှ မဟုတ်တာ။

တခြားဘက်မှာ လင်းနေတယ်ဆိုတာ

မမေ့နဲ့လေ။


လောကရဲ့ တရားတွေကို

ငါတို့ လိုက်ကြမလား။


ဒါမှမဟုတ်

လောကရဲ့ မဆုံးနိုင်တဲ့

ရေယာဉ်ကြောမှာပဲ

မျောလိုက်ကြမလား။


ဒီမေးခွန်းတွေ

တွေးစရာတွေနဲ့ အတူ

မင်းနဲ့ငါ

တစ်နှစ်ကြီးခဲ့ရပြန်ပြီ။


ရင့်ကျက်လာသလား

ကိုယ့်ကိုယ်ကိုတောင် မသိတော့ဘူးဗျာ။


ဘာပဲပြောပြော

ပြောင်မြောက်စရာ မဟုတ်ရင်တောင်

ကိုယ့်ပိုင်အလင်းတွေ ရှိနိုင်ခဲ့ရင်.။


မင်းရဲ့ အောင်မြင်အေးချမ်းမှုဟာ

ငါ့ဘ၀ ကို လွှမ်းမိုး ကူညီနိုင်ခဲ့သလို

ငါတို့ ရဲ့ ခြေလှမ်းတိုင်းဟာ

ဟန်ချက် အတူတူ အမြဲရှိနေလိမ့်မယ် လို့

ငါယုံတယ်။


ကောင်းတမန် (၂၀၀၈-၁၂-၀၂။ စကာင်္ပူစံတော်ချိန် ၁၂ နာရီ ၂၉ မိနစ်)


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...