ယဉ်ကျေးသိမ်မွေ့ပါ ..။
မည်သည့် အချိန် ... မည်သည့် နေရာ ...
မည်သူနှင့် မဆို ...
ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံပါ ..။
ထိုသို့ ပြုလုပ်သည့်အတွက်
အများဆုံး အကျိုးခံစားရမည့်သူမှာ ...
သင်သာ လျှင်ဖြစ်သည်ကို သတိရပါ ..။
ခိုင်မြဲ
စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး
၁။ သူက အများကို မြင်နိုင်တယ်။
၂။ သူ့ကို အများကမြင်နိုင်တယ်၊
၃။အများကိုလည်း အများက မြင်နိုင်စေတယ်။
ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။
စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်
မည်သည့် အချိန် ... မည်သည့် နေရာ ...
မည်သူနှင့် မဆို ...
ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံပါ ..။
ထိုသို့ ပြုလုပ်သည့်အတွက်
အများဆုံး အကျိုးခံစားရမည့်သူမှာ ...
သင်သာ လျှင်ဖြစ်သည်ကို သတိရပါ ..။
ခိုင်မြဲ
Posted by ခိုင်မြဲ at 10:40 AM
1 comments Labels: ခိုင်မြဲ, စိတ်တည်ငြိမ်မှု စိတ်ချမ်းသာမှူနှင့် ဘ၀အောင်မြင်မှူ
(၁)
မနေ့က ကျွန်တော် ဆရာနှင့် ကျောင်းစာကိစ္စ ဆွေးနွေးကြသည်။
သူက…….
ယနေ့ ကမ္ဘာတွင် ပုံပြင်စာအုပ်များ မလိုတော့။ တိုးတက်နေသော သိပ္ပံ ပညာသည် လူအားလုံးကို ၎င်းအား လိုက်မမှီနိုင်စေရန် ဖြစ်စေ၏။ ထို့ကြောင့် ပုံပြင်စာအုပ်များကို ခေါက်ထားရန်သာ ရှိတော့၏။ …
ဟု ဆိုသည်။
မဆီမဆိုင် “ဖိုးလမင်းရေ ထမင်းဆီဆမ်း၊ ရွှေလင်ပန်း နဲ့ ပေးပါလား၊ ဟ၀ှား…ဟ၀ှား.. ဟ၀ှား” ကို သွားသတိရသည်။ ကလေးငယ်ကို စကားမြန်မြန် ပြောတတ်လာစေရန်၊ ပါးစပ်မှ လေမှုတ်တတ်လာစေရန် အိမ်ရှေ့ကွပ်ပျစ်ပေါ်မှ လမင်းကို ကြည့်ရင်း အမိ သို့မဟုတ် အဖ လုပ်သူက ပါးစပ်ကို လက်နှင့်ပိတ်ကာ ဖွင့်ကာ ရှေ့မှ ဆိုပြသည်။ ထိုအခါ ကလေးငယ်လည်း လူကြီးကိုတုကာ လက်ကို ပါးစပ်ဝ၌ ပိတ်၍ဖွင့်၍ လေကို ကြိုးစားမှုတ်ပေမည်။ ထို အသက်အရွယ်သည် ကလေးငယ်၏ စကားပြောတတ်ရန် လမ်းစနေသော အရွယ်ဖြစ်ပေမည်။
(၂)
ပြီးခဲ့သည့် တနင်္လာနေ့မှ စ၍ ကျွန်တော် အဖျားမိသည်။ မိုးမိရာမှ စသည် ထင်သည်။ ရာသီဖျားဟု လည်း ဆိုနိုင်ပေမည်။ သူငယ်ချင်းတွေလည်း ချောင်းဆိုး၊နားစေး ဖြစ်နေကြသည်။ ဆေးခန်းသွားပြလျှင် ဒေါ်လာ ၈၀ ခန့် အနည်းဆုံး ကုန်ပေဦးမည်။
မဆီမဆိုင် သားဖျားနေလျှင် အမြဲ ပူနေတတ်သော အမေ့ကို လွမ်းသည်။ လဖက်ရည်ကျအောင် နှပ်ထားသည့် စဉ့်ရေနွေးအိုးကြမ်း၊ မနောဆန် နှင့် ချက်ထားသော ထမင်းဆီဆမ်းပူပူ၊ ဧရာဝတီ၏ မြစ်ကြိုးအင်းများက ထွက်သော ရေချိုငါးကြော် သေးသေးလေးများကို ပြေးသတိရသည်။ မြင်းမိုရ်းကုန်း ဟုခေါ်သော အခိုးထုတ်ဆေးကို သောက်စေကာ စောင်ခေါင်းမြီးခြုံစေ၍ အိပ်ခိုင်းမည်။ ၁၅ မိနစ်ခန့် ကြာသောအခါ လေမ၀င်စေရန် လက်ကို စောင့်အောက်မှာ လျှိုကာ အမေသည် သား၏ အပူချိန်ကို အထိအတွေ့ဖြင့် မှန်းဆလိမ့်မည်။ ဆေးတန်ခိုးဖြင့် အပူကျလာလျှင် ကိုယ်ခံအားကောင်းလာစေရန် အမဲသားပြုတ်ကြော် ကို ကျွေးလိမ့်မည်။ မဟုတ်ပါက အနှိပ်ဆရာသည် ၎င်း၊ ဒေါက်တာရမ်းကု (လိုင်စင်မဲ့ ဆေးဆရာများကို ကျွန်တော်တို့ ရွာတွင် ခေါ်သော နာမည်) သည် ၎င်း အမေ၏ ဧည့်သည် ဖြစ်ပေတော့မည်။
(၃)
ခုစာရေး နေသည့် အချိန်တွင် ကျွန်တော့ အခန်းဖော် ဗီယက်နမ်သည် အိပ်ရာဝင်စပြုလေပြီ။ အချိန်က နံနက် ၅ နာရီ နှင့် မိနစ် ၅၀။ သူခုမှ အိပ်ရာဝင်ရခြင်း အကြောင်းမှာ သောကြာနေ့ ညတိုင်းကို သူ လင်းအောင် ကုန်ဆုံးစေခြင်းကြောင့်ဖြစ်သည်။ အကြောင်းမှာ သူ့ကောင်မလေး ဗီယက်နမ်တွင် နေသူကို လွမ်းဆွတ်၍ ညလုံးပေါက် သူတို့ အင်တာနက် လိုင်းပေါ်မှာ မျက်နှာပါ မြင်နိုင်သော နည်းလမ်းများဖြင့် တိုက်ရိုက်ပြောဆိုကြသောကြောင့်ဖြစ်သည်။ ဗီယက်နမ်ရှိ သူ့ကောင်မလေး၏ အိမ်တွင် အင်တာနက်လိုင်းများ ချိတ်နိုင်နေပြီ ဖြစ်ကြောင်း သူကတခါတလေ ကျွန်တော့်ကို ကြွားတတ်သည်။ အင်တာနက် တပ်ဆင်ခ၊ သုံးခ နှုန်းထားများ တော်တော်သက်သာ နေပြီ ဆိုကြောင်းလည်း ပါတတ်သည်။
မဆီမဆိုင် ကျွန်တော်တို့ရွာမှ တက္ကသိုလ်ထိ ကျောင်းပြီး၍ ဆက်သွယ်ရေးရုံးတွင် အလုပ်လုပ်နေသော အကိုတယောက်၏ လုံးပန်းမှုကြောင့် ရွာတွင် တယ်လီဖုန်း တစ်လုံးခန့် ဆင်နိုင်သော နေ့က ကျွန်တော် သူငယ်ချင်းများကို ငါတို့ရွာမှာ ခု ဖုန်းတိုက်ရိုက်ဆက်လို့ ရပြီ ဟု မိမိကြွားခဲ့ တာကို ပြန် သတိရမိသည်။ သို့ပေမယ့် ယခုထိ နိုင်ငံရပ်ခြားမှ ခေါ်ဆိုလျှင် အသံရှင်းလင်းစွာ မကြားရသည့်အပြင် ခေါ်ဆိုအောင်မြင်ဖို့ပင် အင်မတန် ခဲယဉ်းနေတတ်သေးသည်။
(၄)
မနေ့ညက ရေနံ နှင့် ဓါတ်ငွေ့ အင်ဂျင်နီယာ နယ်ပယ် တွင် စက်မှု အင်ဂျင်နီယာများ၏ အခန်း ကဏ္ဍ အကြောင်း သင်ကြားပေးသော အတန်းတစ်ခု တက်ရောက်ခဲ့သည်။ ဆရာက ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ ပေါများသော နိုင်ငံများသည် ထို ပေါများသည့် အချက်ပေါ် အခြေခံ၍ မိမိတို့၏ စီးပွားရေး မဏ္ဍိုင်ကို ခိုင်အောင် တည်ဆောက်ကြသည် ဟု ဆိုသည်။ ထို့ပြင် ခေတ်မှီတိုးတက်သော တွင်းတူး၊ဆီသန့် စသည့် စက်များ၊ နည်းလမ်းများ ကို မိမိတို့ အင်အားဖြင့် စတင် ကြိုးပမ်းကြသည်။ မိမိတို့ အင်အင်းဖြင့် မနိုင်တော့သောအခါ နိုင်ငံခြား ကုမ္ပဏီ လက်ထဲ အပ်ကြရသည်ချည်း ဖြစ်သည် ဟု ဆိုသည်။
မဆီမဆိုင် ကျွန်တော် သုံးတန်းလောက်တုန်းက အညာက ကျွန်တော်တို့ ရွာနားတွင် နိုင်ငံခြားဖက်စပ် ရှာဖွေသည် ဆိုသော ရေနံ စီမံကိန်းကို ပြေးသတိရသည်။ ရေနံစိမ်း ရှိမရှိ ရှာဖွေရင်း ရွာဟိုး အနောက်ဘက် ရခိုင်ရိုးမ အစွယ်အပွားများမှ သည် ဟိုး အရှေ့ ဘက် ဧရာဝတီမြစ် ကမ်းခြေအထိ ခေတ်မှီစက်များဖြင့် မြေကြောများကို ကွန်ပျူတာနည်းလမ်းများဖြင့် စမ်းနေသည်များကို အံ့သြစွာ ငေးကြည့်ဖူးခဲ့သည်။ ထို့အပြင် အမှတ်မမှားလျှင် မှန်မည်ဖြစ်သော ဂျာမဏီက ပညာရှင်များ၊ နောက်တွင် ကပ်ပါလာသော စကဒ် တိုတို နှင့် မြန်မာ အတွင်းရေးမှုးမများ၊ ရွက်ဖျင်တဲများ၊ ဘီယာဗူးခွံများ၊ ငယ်ငယ်က နားမလည်နိုင်ခဲ့သော ပလစ်တစ် အကွင်းများ၊ ထူးဆန်းသော ထမင်းကြော်ချက်နည်းများ၊ ရွာမှ မျှစ်ကြော်ကို အငမ်းမရ စားသုံးတတ်ကြသော ထို နိုင်ငံခြားသားများ၊ ရွာထဲကို ဖုန်မွှန်သည်ဟု ဆို၍ ၀င်တောင် မ၀င်နိုင်သော ထိုမြန်မာ အတွင်းရေးမှုးမများ၊ လိုရာကို ရဟတ်ယာဉ်များဖြင့် သာသွားသော ထို နိုင်ငံခြားသား ပညာရှင်များနောက် ကားကြီးများဖြင့် အပြေးလိုက်ကြရသည့် မြန်မာအလုပ်သမားများ၊ နားမလည်နိုင်သော ကွန်ပျူတာ မျက်နှာပြင်ပေါ်မှ ကမ္ဘာမြေကြီး၏ ဖြတ်ပိုင်းပုံများ၊ ကြွင်းကျန်ခဲ့သော အမှိုက်ပုံများအကြား ဘီယာဗူးခံမှအစ၊ ပလတ်စတစ် ခါးပတ် အဆုံး ရှာဖွေ ပျော်ရွှင်နေကြသော ကျွန်တော်၏ သူငယ်ချင်းများ ကိုလည်း ပြေးမြင်မိပြန်သည်။
Posted by Thein Min Htike at 6:36 AM
5 comments Labels: ကောင်းတမန်, တွေးစရာ၊မေးစရာ