တရံရောအခါမှ တဘ၀စာသို့
တရံရောအခါ.
တပြည်တရွာမှ ပြည်မြန်မာပြန်
သူငယ်တယောက်သည်
နာကျင်ကိုက်ခဲ ပူပြင်းချမ်းတုန်
ဝေဒနာစုံကို မိဝေးဖဝေး
နယ်တကျေး၌ ခံစားနေခိုက်…….။
တရံရောအခါ
ထိုသူငယ်သည် မိခင်ဖခင်
အဆွေကြင်နှင့် နီးနာသူငယ်ချင်း
ဆရာရင်းတို့ များလှထွေစွာ
ပြည်မြန်မာဝယ် ပျော်ရွှင်မြူးထူး
ကူးလူးဆက်စပ် အပြုံးတပ်ရန်
ကြိုးစားခဲ့ဖူးလေ၏…….။
တရံရောအခါ.
ထိုနယ်မြေမှာ သူတော်တသိုက်
တူပျော်ပိုက်ဖို့ အိပ်မက်သော်ငြား
လက်တွေ့သော်ကား မစွမ်းသောခါ
ထိုသူငယ်သည် စိတ်ပါနာကျင်
ဝဋ်တွင်သမျှ ထိုဘ၀ကို
မေးမှိတ်အောင်းစက် ပြင်မထွက်ပဲ
ခံစားနေလေသတည်း…။
တရံရောအခါ
ထိုသူငယ်သည် စိတ်ရောကိုယ်ပါ
ထုကာထောင်းကာ မခံနိုင်အဆုံး
ဒုံး ဒုံးချမတတ် ခံစားမှတ်၍
နေပါသော်လည်း ဖြေနိုင်စရာ
မရှိကမ္ဘာဝယ် မသွေဖည်နိုင်စွာ
လူ့ခန္ဓာကို အားမာန်လျှော့ချ
ပျော့လျခွေကာ သေလုအောင်ပင်
မရှုမစိမ့် ကြိတ်မှိတ် ခံစားနေလေတော့၏။
တရံရောအခါ
လူသူမမြင် ထိုတခွင်တွင်
သတ္တ၀ါတစ်ခု ကံတစ်ခုဟု
မပစ်လျစ်လျူ ကူယူကယ်ဆယ်
အသက်ဝယ်ခြင်း အကြောင်းရင်းမှာ
မိတ်ဆွေမြတ်တို့ ပြုတတ်ဝန်တာ
တွေးကာပြေးမှ တွေ့လှ ထိုသူငယ်
သနားဖွယ်ကို ဆေးသမားကူ
ဆရာယူ၍ ကယ်တင်အသက်တချောင်း
စွမ်းဆောင်ဖူးသည် ထိုသူမည်သူဖြစ်မည်နည်း ….။
တရံရောအခါ
ဖိုးလှ၏ သခင်တိုးကာဝင်
အမေချစ်၏နို့ လှုကာစို့ဖူးသူ၊
တရံရောအခါ
မတဲ့အမြဲ တဲ့ အမြဲ
ရန်တကျက်ကျက် ထိုးကာနှက်
စကားလုံး သွက်သွက်သုံးကာပက်
ဟာသစွက်ကာ နှောတတ်သူ၊
တရံရောအခါ
အပြုံးတရိပ် ဝှေ့ကာတွေ့၍
မသေတသက် ဆက်ခဲ့ဖူးသူ၊
တရံရောအခါ
မိုးတမ နှင့် ဇွန်တပွင့်
ဟာသ နှင့် အပြုံးတပွင့်
ဆင့်ကာရောယှက် ချက်တိုင်ထွက်သော်
ထိုသူကို ဖွားမြင်ခဲ့၏။
ထိုသူသည်
တရံရောအခါ…
အဖကို လည်း မှန်းကာ ဆွေးဖူးသည်။
ထိုသူသည်
တရံရောအခါ…
အမိအတွက်လည်း တွေးကာ ပူဖူးသည်။
ထိုသူသည်
တရံရောအခါ…
အမကိုလည်း အချစ်ပိုဖူးသည်။
ထိုသူသည်
ယနေ့မှစ ဤဘ၀တွင်
အေးချမ်းအစဉ် တရားအလျင်နှင့်
ရွှင်မွှေ့နှလုံး ပိုက်ကာကျူံးလျက်
လောကီလောကုတ် အမြတ်ထုတ်ကာ
အောင်မြင် မုချရပါစေသတည်း….။
အရိပ်ရေ မွေးနေ့လက်ဆောင်အဖြစ် ငါ လည်း ကဗျာ ရွတ်သွားတယ်နော်။