တွေးစရာ၊မေးစရာ (၁)
"စင်္ကာပူကျောင်းဆိုတာများ မြန်မာကျောင်းလို့တောင် ထင်ရတယ်။ များလိုက်တဲ့ မြန်မာတွေဗျာ။ ဘယ်နေရာရောက်ရောက် ရွှေမြန်မာတို့ အသံတွေပဲ။ မြန်မာတို့ လည်း စင်္ကာပူမှာ မြင့်မားတဲ့ ဘ၀ ကို ပျော်ပါးရင်း မြန်မာပြည်ကို မေ့သွားကြမှာ အလိုလို စိုးရိမ်မိနေတယ်ဗျာ။"
စာမေးပွဲ ဖြေဖို့ စာထိုင်ကြည့်နေတာဗျာ။ကျောင်းမှာ။
ကျွန်တော်က ပျင်းတာနဲ့ စာကို အခန်းထဲ မကြည့် ပဲ လက်ချာ ခန်း တစ်ခု ရဲ့ ရှေ့ က ခုံတန်းရှည်ပေါ်ကို ထိုင်ကြည့်နေတာ။
ကုလားတစ်ယောက် နဲ့ မြန်မာ နှစ်ယောက် လည်း မျက်နှာချင်းဆိုင် ခုံမှာ စာထိုင်ကြည့်နေကြတယ်။
ဘေးကပ်ရဲ့ ခုံကနေ အီညောင် အီညောင် နဲ့ ပြောနေတဲ့ အတွဲ ဖုန်းဆက်သံက လည်း ကြားနေရတယ်။ ကောင်မလေးက လည်း မြန်မာကပဲ။ ဒီမှာ မြန်မာစကား ကြားလိုက်ရရင် ကျွန်တော် တော့ တော်တော် ၀မ်းသာမိတယ်။ ကောင်မလေးက သူ့ကောင်လေး ဆီကို ဖုန်းဆက်နေတာ။ ဒီလို မြင်ကွင်း ကြားကွင်း မျိုးက ဒီမှာ အရှားကလား။ ကောင်မလေး က ကျွန်တော် ထိုင်တဲ့ နေရာ နဲ့ သိပ်မဝေးတဲ့ ခုံမှာထိုင်ပြီးပြောနေတာ။ သူ့ကိုယ် သူ လည်း "သက်"ကလေ၊ "သက်"ကလေ လို့ ညွှန်းပြီး ပြောနေသံ ကြားရတယ်။ ရယ်တော့ ရယ်ရ ကလား။ သူ့က ကျွန်တော် ကို လည်း မြန်မာမှန်းမသိဘူးထင်တယ်(ကျွန်တော် ရုပ်က ကုလားရုပ် ပေါက်နေလို့ လဲ ပါမှာပေါ့ ဗျာ၊ သူများမပြောခင် ကြိုပြောထားတာ။)။ ကျွန်တော် က တော့ အေးအေး ဆေးဆေး ထိုင်နားထောင်နေလိုက်တယ်။ အသံ ၀ဲတာက တော့ မြိတ်သံ (သို့) ထာဝယ်သံ ၀ဲသလိုမျိုးပဲ ဗျ။
ဒါပေမယ့် မကြာလိုက်ဘူး။ ကိုရွှေမိုးက ရုတ်တရက်ကြီး သွန်းချလိုက်တယ် ဗျ။
သဲကြီးမဲကြီးပဲ။ နေလို့ ထိုင်လို့ တော့ တော်တော် ကောင်းသွားတယ်။ မိုးသံ၊လေသံကြားမှာ ကောင်မလေးအသံကို မကြားရတော့ဘူး။
ကန်တီးဘက် အဆင်း လှေခါးပေါ်မှာ လည်း ကျောင်းသူကျောင်းသားတွေ ဥဒဟို သွားလာနေကြတယ်။ ကြားရတာ မြန်မာစကားတွေပဲ။
"စင်္ကာပူကျောင်းဆိုတာများ မြန်မာကျောင်းလို့တောင် ထင်ရတယ်။ များလိုက်တဲ့ မြန်မာတွေဗျာ။ ဘယ်နေရာရောက်ရောက် ရွှေမြန်မာတို့ အသံတွေပဲ။ မြန်မာတို့ လည်း စင်္ကာပူမှာ မြင့်မားတဲ့ ဘ၀ ကို ပျော်ပါးရင်း မြန်မာပြည်ကို မေ့သွားကြမှာ အလိုလို စိုးရိမ်မိနေတယ်ဗျာ။"
မကြာဘူး။ စောစော က ဖုန်းပြောနေတဲ့ မမလေး ဖုန်းပြောပြီးသွားတော့ ဖိုးသား မနေနိုင်တော့လို့ သွားမေးကြည့်တယ်။ သူက တကယ် မြိတ်သူ ဖြစ်နေတယ်ဗျို့။ကျွန်တော်ကို မြန်မာမှန်းသိသွားတော့ သူ နည်းနည်းတော့ ရှက်သွားရှာတယ်။ ဒါပေမယ့်ဗျာ နောက် တဖြည်းဖြည်းရင်းနှီးလာတော့ သူ့အကြောင်း သူသေချာ ပြောပြတယ်။ သူက ဒီမှာ ကျောင်းလာတက်တာ ဒီစာသင်နှစ် မှ စတာတဲ့လေ။
စောစော က မျက်နှာချင်းဆိုင် စားပွဲမှာ ကုလား တစ်ယောက် နဲ့ အတူ စာထိုင်ကြည့်နေတဲ့ မြန်မာအတွဲ ထဲက ကောင်လေး ဟာ စောစောက ရန်ကုန် က ကောင်လေးကို ဖုန်းဆက်နေတဲ့ မြိတ်သူ ကောင်မလေး ရဲ့ မောင် တစ်ဝမ်းကွဲတယ့်ဗျာ။ ကျွန်တော် တော်တော်တောင် အံ့အားသင့်သွားတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ တနေ့လုံး မှာ မောင်နှမနှစ်ယောက် စကားပြောတာ တစ်ခါ ပဲ တွေ့ရတယ်။ပြီးတော့ ဒီနေရာ မှာ သူတို့ အမှတ်မထင်တွေ့ကြတာတဲ့လေ။ ကောင်လေးက ကောင်မလေး ကို "အမ ထမင်းစားပြီးသွားပြီလား" တဲ့။ ဒီတစ်ခွန်းပဲ။ ကောင်မလေး ကလည်း စားပြီးပြီတဲ့။ ဒီတစ်ခွန်း ပဲ ပြန်ဖြေတယ်။
ကျွန်တော်လည်း တော်တော် စိတ်ဝင်စားသွားလို့ မေးကြည့်မိတယ်။ အမ လုပ်သူ ပြောလိုက်တာက ခပ်ရှင်းရှင်းပဲ "သူတို့တွေက ရေကြည်ရာ မျက်နုရာ ကို ရှာရင်း နဲ့ စင်္ကာပူ မှာ အခြေချ နေထိုင်လာတာတော်တော် ကြာနေပြီ။ ဒါကြောင့် မောင်နှမတွေ သိပ်မရင်းနှီးဘူးတဲ့။ သူတို့ အိမ်ဆို သွားတောင် မလည်ဘူး။ငယ်ငယ် ကတည်း က သူတို့ ပြောင်းသွားကြတော့ မရင်းနှီးကြတော့ဘူးလေ။သူတို့ က လည်း အမျိုးမမက်ပါဘူး။ ခုတောင် မတော်လို့ မျက်နှာချင်းဆိုင် တွေ့လို့ နှုတ်ဆက်ဖော်ရတာလေ။" တဲ့လေ။
အင်း ကျွန်တော် စဉ်းစားကြည့်တယ်ဗျာ။ မြန်မာ့ လူအဖွဲ့အစည်း ဟာ အနည်းနဲ့ အများတော့ ပုံသွင်းခံနေရပြီဆိုတာ။ မောင်နှမဆို တာ နှစ်ဝမ်းကွဲ၊သုံးဝမ်းကွဲတောင် အရင်းချာလို ရင်းနှီးကြတာ ချစ်စရာ မြန်မာ့ ဓလေ့လေ။ ခုတော့ ဘယ်လိုများလဲဗျာ။
ဒါတွေ တွေးရင်း တွေးရင်း နဲ့..................................................။