ကိုးမား ... နဲ့ ယူသာနားဆီးယား ...
တစ်ခါက သူငယ်ချင်း တစ်ယောက်ပို့လိုက်တဲ့ ဖော်ဝဒ် မေးလ် ထဲမှာ စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာ ပရိုဂရမ်မာ အမျိုးသမီး တစ်ဦး ကိုးမား ရောဂါရသွားတယ် လို့ဆိုတယ် ..။ ဆေးရုံးမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ အတူ သူ့အတွက်ကူညီလှူဒါန်းမှူတွေ ပါ ပြုလုပ်နိုင်အောင် ဖုန်းနံပတ်တွေ၊ ငွေလွှဲနိုင်အောင် ဘဏ်အကောင့်တွေပါ ထည့်ပေးထားတယ် ..။ ဝေဒနာရှင်ရဲ့ အမည်က ခိုင်ယဉ်ယဉ်ဌေး ..။ စင်္ကာပူမှာ အလုပ်လုပ်တာ ၁၀လလောက်ကြာပြီး တစ်နေ့မှာ အပြင်းဖျားတယ် ..။ နောက်မေ့မြောသွားတယ် ..။ ဆေးရုံတင်လိုက်ရတယ် .။ ဆေးရုံပေါ်ရောက်ပြီး ၃လ ကျော်တဲ့ အထိ သတိပြန်လည် မလာသေးဘူး ..။ နောက်တော့ သူလုပ်တဲ့ ကုပ္မဏီက စိုက်ထုတ်နိုင်တဲ့ ငွေပမာဏ ကျော်သွားတဲ့ အတွက်သူ့မိဘ တွေက ဆက်ပြီး တာဝန်ယူရတဲ့ အတွက် ဝိုင်းပြီး ကူညီကြပါဦးဆို ပြီး ဖော်ဝဒ်မေးတွေ ပို့ကြတယ် ..။
ဒီဖော်ဝဒ်မေးကို ဖတ်ပြီး လွန်ခဲတဲ့ ၃နှစ်လောက်က ဖတ်ဖူးတဲ့ ကာတွန်းစာအုပ်လေးကို သတိရမိတယ်..။ အဲဒါ လည်း ကိုးမား အကြောင်းပဲ ..။ ဆေးရုံတစ်ခု မှာ လာကုတဲ့ ဝေဒနာသည်တွေကို မေ့ဆေးပေးတဲ့ နေရာမှာ မှားယွင်းမှူ ဖြစ်ပြီး ကိုးမား ရောဂါရသွားတယ်။ ကိုးမား ဖြစ်ရတဲ့အကြောင်းတွေကတော့ ခန္ဒာကိုယ် ဇီဝကမ္မဖြစ်ပျက်မှူ မှာယွင်းလို့ပဲ ဖြစ်ဖြစ်၊ အက်ဆီးဒင့် တစ်ခုခုကြောင့် ဦးနောက်ကို ထိခိုင်ရင် ဖြစ်တတ်တယ်လို့ဆိုတယ်..။ ကိုးမား ရောဂါဆိုတာက ဦးနှောက်ကလွဲရင် တစ်ကိုယ်လုံးက အကောင်းပကတိလို့ဆိုတယ်..။ ဒီခန္ဒာကိုယ်ကို လိုအပ်တဲ့ အပုချိန်၊ အဟာရ၊ အောက်ဆီဂျင်သာ ပေးမယ်ဆိုရင် နှစ်ပေါင်းများစွာ အသက်ရှင်နိုင်တယ် ..။ ဒါပေမယ့် သတိပြန်လည် လာနိုင်တဲ့ ရာခိုင်နှန်းက တော့ ၁၅ % ပဲ ရှိတယ်တဲ့ ..။ အဲဒီတော့ အဲဒီဆေးရုံက ကိုးမား ဝေဒနာ ရှင်တွေရဲ့ ခန္ဒာကိုယ် အစိတ်အပိုင်း နှလုံး၊ ကျောက်ကပ်စတဲ့ အစိတ်အပိုင်းတွေကို ရောင်းစားတယ် လို့ တရားစွဲထားတဲ့ ကားတွန်းလေးပါ ..။ Illegal Transplantation ပေါ့ ..။
ကိုးမား (Coma) ဆိုတာ ဂရိဘာသာစကားဖြစ်ပြီး Deep Sleep လို့ဆိုတယ်..။ ဒါပေမယ့် မြန်မာလိုတော့ မေ့မြောနေခြင်း လို့ ပြောရင် ပိုပြီး ရှင်းမယ် ထင်တယ် ..။ သာမန်လူတွေလို အိပ်မယ် ၊နိုးမယ် ဆိုတာ မရှိတော့ဘူး ..။ ဘာလို့လဲ ဆိုတော့ ကိုးမား ဝေဒနာ ရှင်ဟာ မေ့မျောပြီး အိပ်စက်ရာကနေ ဘယ်တော့မှ မနိုးတော့လို့ပါပဲ ..။ နာကျင်ထိတွေ့ ခံစားမှူလည်း မရှိတော့ဘူး ..။ တစ်ခါက နိုင်းနိုင်းစနေ ရေးတဲ့ ဝတ္တုတိုလေးထဲကလို လူက မေ့မြောနေပေမယ့် ဝိညာဉ်က အွန်လိုင်းကို လာပြီး ချက်နိုင်သေးရင် ကောင်းသား လို့တောင် တွေးမိသေးတယ်..။ မခိုင်ယဉ်ယဉ်ဌေးရဲ့ မိဘတွေကတော့ မျော်လင့်ချက်အပြည့်နဲ့ ဆက်ပြီး အာဟာရတွေ ဖြည့်ပေးနေဦးမယ်ထင်တယ် ..။ အခု နောက်ပိုင်းတော့ မခိုင်ယဉ်ယဉ်ဌေးရဲ့ သတင်း မကြားရတော့ဘူး..။ တခြား ပရိုဂရမ်မာတွေကို လည်း အကူအညီတောင်းချင်သေးတယ် ..။ ခန္ဒာကိုယ် ဇီဝကမ္မဖြစ်ပျက်မှူ အမြဲတမ်း မှန်နေအောင် ပရိုဂရမ်လေး ရေးပေးပါဦး .. လို့ ..။
တစ်ချို့အနောက်နိုင်ငံ ဇာတ်လမ်းတွေမှာတော့ အသုံးမဝင်တော့တဲ့ လူစင်မမှီတော့တဲ့ သူတွေဆိုရင် သတ်ပြစ်လိုက်ကြတာပဲ..။ တိုက်ပွဲမှာ မိုင်းမိလို့ ခြေလက်တွေ ပြတ်သွားရင် သတ်ပြစ်လိုက်တာပဲ..။ မသယ်နိုင်တော့ဘူးလေ .. ဒုက္ခိကကြီးကို ..။ ကိုယ့်လူကို ကိုယ် မသတ်ရင် ရန်သူက ရက်ရက်စက်စက် သတ်ဦးမှာ..။ အဲဒီတော့ သနားလို့ သတ်ပေးလိုက်တယ် ..။ မျက်စေ့မှိတ်ခိုင်းပြီးနားထင်ကို သနတ်နဲ့ ပြစ်လိုက်တယ် ..။ ဒါကိုပဲ Mercy Killing သနားလို့ သတ်တာဆို ပြီး နာမည်ပေးထားသေးတယ် ..။ Euthanasia (ညင်သာစွာသေဆုံးစေခြင်း) ဆိုပြီး တရားဝင် သတ်ခွင့်ရှိတဲ့ နိုင်ငံတွေလည်း အများအပျားပဲ ..။ ကျွန်တော်တို့ အိမ်နီးချင်း ထိုင်းနိုင်ငံတောင် သနားတတ်လို့ အဲဒီ ဥပဒေကို တရားဝင်သတ်မှတ်ထားတယ်တဲ့ ..။
ကိုးမား ဖြစ်တိုင်း သတိပြန်လည်မလာတာတော့ မဟုတ်ပါဘူး ..။ ၁၉၈၈ ခုနှစ်က ဥရောပ အလယ်ပိုင်း ပိုလန်နိုင်ငံက ရထားလမ်းလုပ်သားလေး ရထားနဲ့ ဦးခေါင်းထိခိုက်မိပြီး ကိုးမားဖြစ်သွားတယ်..။ ဦးနှောက်အတွင်းပိုင်း ရောင်လို့ဖြစ်သွားတာတဲ့ ..။ သူ့ဇနီးရဲ့ စနစ်တကျ ပြုစုစောင့်ရှောက်မူကြောင့် ၁၉နှစ်ကြာပြီးနောက် ၂၀၀၆ ခုနစ်မှာ သတိပြန်လည် လာခဲ့တယ်..။ ဘာ့ကြောင့်လဲ ဆိုတော့ အသက်ကြီးလာပြီး ဦးနှောက်အတွင်းပိုင်းက ရှံ့လာပြီး အရောင်လျော့သွားလို့တဲ့ ..။ သူ ကိုးမား မဖြစ်ခင်က သားသမီး လေးယောက်ရှိခဲ့တာ အခုတော့ မြေး ၁၁ယောက်ချီနေရပြီ ..။ သူကပြောသေးတယ် .. ကျွန်တော် အနေနဲ့ကတော့ အဖြစ်အပျက်က မနေ့ကလိုပါပဲ.. အရင်က ကျွန်တော် ဈေးဆိုင်တစ်ဆိုင်ထဲဝင်လိုက်ရင် လဘက်ခြောက်၊ဗနီဂါ နဲ့ အသားခြောက်တွေပဲ တွေ့ရတယ် အခုတော့ ..ဈေးဆိုင်တွေမှာလည်းကုန်မျိုးစုံနဲ့ တွေ့သမျှလူအားလုံးက လမ်းပေါ်မှာ ဟန်းဖုန်းကို ကိုင်ပြီး လျှောက်နေကြပြီ ..။
ကျွန်တော်လည်း ကြားထဲကနေ မဆီမဆိုင် တွေးမိသေးတယ် ..။ ကျွန်တော်သာ ၁၉၈၈ ခုနှစ်က ကိုးမား ဖြစ်ပြီး (ဖွာ့ ဟဲ့. . လွဲပါစေ.. ဖယ်ပါစေ) ၂၀၀၆ ခုနှစ်မှာ သတိပြန်ရခဲ့ရင် ကျွန်တော်တို့ မြန်မာနိုင်ငံကို ဘယ်လိုလေး ပြန်မြင်ရမလဲလို့ ရင်ခုန်မိသေးတယ် ..။