စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Tuesday, June 24, 2008

ဘ၀ ခရီးသွားခြင်း

(၁)
တခါတလေကျတော့ ရင်ထဲမှာ ဘာမှ မခံစားမိတော့သလို ဖြစ်နေတတ်သည်။
အရင်တုန်းက သူနှင့် မတွေ့ရရင် ခံစားမိဖူးသည့် အလွမ်းတို့သည်လည်း ယခုအခါ သတိရခြင်းအဖြစ်သာ ပြောင်းလဲ နေတတ်ပြန်သည်။
ဘာပဲပြောပြော သေချာတာတခုက ကျွန်တော် သူ့ကို ရင်ထဲမှာ လှိုက်၍ချစ်နေဆဲဖြစ်သည်။ ထိုသို့ တွေးမိလျှင် မျက်နှာပေါ်တွင် အပြုံးတို့ ထင်ဟပ်လာစေဆဲဖြစ်သည်။
အရင်တုန်းကလို အချစ်ကြောင့် ရူးသွပ်တတ်သည့် အရွယ်ကို ကျော်ဖြတ်လာခဲ့မှန်း မိမိကိုယ်ကိုတိုင် သတိမထားမိသေးခင် ကျွန်တော်တို့ အသက်တွေကြီး၍လာပေပြီ။
အနှစ်ချူပ်လျှင်…..
မလွမ်းတတ်တော့ဘူး။
တခါတလေ သတိရတယ်။
အရမ်းချစ်မှန်းသိတယ်။
ဒီလောက်ပါပဲ။
အရွယ်လွန် အချစ်ဆိုတာ ဒါပဲဖြစ်မယ်ထင်သည်။
ရထား ဥသြဆွဲခါနီးမှ ဘူတာရုံမှားမှန်း သိသလိုပေါ့။
တဘက်က ကြည့်ရင် သူ့အတွက် ကျွန်တော်ဟာ ရက်စက်နေသလို လည်း ဖြစ်ချင်ဖြစ်နေမည်။
ဘယ်လိုပဲ ဖြစ်ပါစေ့....။
ရင်ထဲမှာ သေချာတာ အချစ်ရှိနေသေးပါသည်။
သူငယ်ချင်းတွေက ပြောသည်။
အခြေအနေနဲ့အချိန်အခါအရ ပြောင်းလဲသွားတာဖြစ်မှာပါတဲ့။
ဟုတ်ချင်ဟုတ်မည်။
ဒါပေမယ့် ခုလို မျိုး ပြောင်းလဲမှုကို
ကျွန်တော် မတောင့်တခဲ့သလို
ရလည်း မရသင့်ခဲ့။

(၂)
တချိန်က သူနှင့် ကျွန်တော် ပေါင်းလျှင် လှပသည့် အိပ်မက် တစ်ခု ဖြစ်ခဲ့ဖူးသည်။ ထိုအိပ်မက်သည် အေးချမ်းသည့် နေရာလေးတခုတွင် ကျွန်တော် တို့ နှစ်ယောက် အနေချရန် ဖြစ်သည်။ထိုနေရာလေးကို ရှာဖွေရန် စိတ်စောနေတတ်ခဲ့ကြဖူးသည်။ သို့ဖြင့် ထိုနေရာလေးကို ရှာဖွေရန် ခရီးနှင် ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြသည်။
တယောက်လက်ကို တယောက် ဆွဲ၍ အေးချမ်းမှု သို့ ဆိုသည့် လမ်းညွှန်မြေပုံလေး အတိုင်း လမ်းကွေ့လေးတလျှောက် လျှောက်လာခဲ့ကြသည်။ ထို လမ်းကွေ့လေးအဆုံးတွင် အေးချမ်းမှု သို့ သွားသော ခရီးသည်များ ဒီဘူတာ မှ ရထားကို စီးပါဟု ဆိုသော ဘူတာလေးတခု ကို တွေ့ရသည်။ ကျွန်တော်တို့ နှစ်ယောက် တော်တော် အပျော်လွန်သွားသည်။ ရှာနေသော အေးချမ်းမှုကို တိုက်ရိုက်ရောက်နိုင်ရန် စီစဉ်ပေးထားသော ထိုဘူတာလေးကို ကျေးဇူးတင်မိသည်။ ထိုဘူတာ နာမည်က တမာမြေ ဟုဖြစ်သည်။ တမာမြေမှ ထွက်သော ထိုရထား၏ အမည်သည် စိတ်တူကိုယ်တူ ဟုဖြစ်နေပြန်သည်။ ကျွန်တော်တို့ နှစ်ယောက် ထို စိတ်တူ ကိုယ်တူ ရထားပေါ် အပြေးတက်ခဲ့ကြသည်။ ရထားစထွက်ပေပြီ။ အားလုံးကို လက်ပြ နှုတ်ဆက်ရင်း တောင့်တမိသော အေးချမ်းမှု ဆိုသည့် နေရာသို့ ရောက်ချင် လွန်းနေပေပြီ။

(၃)
သို့ရာတွင် စိတ်မကောင်းစရာ တခုမှာ လမ်းခရီး တ၀က် မရောက်မီ ကျွန်တော်တို့ အေးချမ်းမှု ဆိုသော နေရာလေးသို့ရောက်လျှင် ထုတ်သုံးရန် စီစဉ်ထားသော အမှန်တရား သေတ္တာလေး ခါးပိုက်နှိုက် နောက်ပါသွားသည်။
ထိုထက် ကံဆိုးသည်မှာ ခရီးတ၀က် အပြောင်းအလဲဟူသော ဘူတာမှာ ရထားပျက်သွားပြန်သည်။ အခြေအနေက မကောင်း။
စိတ်တူကိုယ်တူ ရထားသည် ပြင်ဆင်ရန် ခဲယဉ်းလွန်းသဖြင့် ရက်ပေါင်းများစွာ ကြာမြင့်မည်ဟု သိရသည်။ ထိုသို့ဖြင့် သည်းညည်းခံ စောင့်ရင်း စိတ်တူကိုယ်တူ ရထား အခြေအနေ မကောင်းသောအခါ၊ နောက်ထပ် အချိန် နဲ့ အမျှ မောင်းခုတ်နေသော ရထားတစ်စင်းဆီ ကျွန်တော်တို့ ပြောင်းတက်ခဲ့ရသည်။ ရောက်ချင်စောဖြင့် ရထားအမည် ကို မစစ်ဆေးမိ။
ရထားပေါ်ရောက်မှ ရထားနာမည် ကို စစ်ဆေးကြည့်သောအခါ “နားလည်မှုလွှဲခြင်း” ဟူသော ရထားဖြစ်နေသည်။ မတတ်နိုင်။ ရထားက စထွက်နေပြီ။ ခုန်ဆင်းရန် မဖြစ်နိုင်တော့ပေ။ ထူးဆန်းစွာ တိုက်ဆိုင်လွန်းသော ဘူတာရုံနှင့် ရထားနာမည် များကို ဘ၀နှင့် ရင်းရမည်မှန်း ထိုစဉ်က ကျွန်တော်တို့ နှစ်ယောက် လုံး မသိခဲ့သေးပေ။
ကံကို မယုံနိုင်တော့သောအခါ ရထားလမ်းညွှန် ကို မဖတ်ရဲတော့ပေ။ အကြောက်တရားက အေးချမ်းမှု ဟူသော ဘက်သို့ မရောက်မည်ကို တွေးပူနေမိစေပြန်သည်။

သို့ရာတွင် ရထားပြတင်းမှ လှမ်းမြင်နေရသော ရထားလမ်းတလျှောက် ဘူတာများမှာ သံသယ၊လွှဲချော်ခြင်း၊ ပုစ္ဆာ၊ တင်းမာမှု၊ အမြင်မကြည်ခြင်း၊ ကံဆိုးအိပ်မက် စသည့် ဘူတာများဖြစ်နေပြန်သည်။
မတတ်နိုင်။ အံသြစရာ ကောင်းသည်မှာ ရထားသည် မည်သည့် ဘူတာမှ မရပ်နားပဲ တောက်လျှောက် ခုတ်မောင်းနေပြန်သည်။
အချိန်အတော်ကြာ ခုတ်မောင်းမိစဉ် ဆန့်ကျင်ဘက်သို့ ခုတ်မောင်းနေသည့် ရထားတစင်းအား အပြိုင် သံလမ်းတွင် တွေ့လိုက်ရသည်။ ထိုထဲမှ သူငယ်ချင်း တချို့ ပျော်ရွှင်စွာလက်ရမ်း နှုတ်ဆက်သွားသည်။ သူတို့ ကို ငေးနေမိရင်း ကျွန်တော် တို့ မြင်တွေ့လိုက်ရသည့် သူတို့ရထား၏ လမ်းညွှန်ကြောင့် ကျွန်တော် တို့ အံ့အားသင့်သွားရပြန်သည်။ ထိုလမ်းညွှန်မှာ အေးချမ်းမှု သို့ ဟု ဖြစ်နေသည်။
ထိုအခိုက် တပြိုင်နက်တည်းပင် ကျွန်တော်တို့၏ အသိများ၏ မျက်နှာများမှာ ရုတ်ချည်း ပြောင်းလဲသွားသည်။ ကျွန်တော်တို့ကို ဂရုဏာသက်စွာ ကြည့်နေသည်မှာ ကျွန်တော်တို့ ကိုယ်တိုင်ပင် ကိုယ့်ကိုယ့်ကို သနားမိလာသည်။ အဘယ်ကြောင့် သူတို့ ကျွန်တော်တို့ကို ခုလို ကြည့်နေကြသနည်း……။
စဉ်းစား နားလည်နိုင်မှု ကင်းမဲ့စွာ အဖြေကို အပြေးအလွှား ရှာမိသည်။

(၄)
တွေ့ပါပြီ။ ထိုအဖြေသည် မိမိတို့ ရထား၏ လမ်းညွှန်ပင် ဖြစ်သည်။ ထိုလမ်းညွှန်က မျှော်လင့်ချက်မဲ့ ကြိုးစားခြင်း သို့ဟု ဆိုပြန်သည်။

ဘုရား…..ဘုရား…….။
ကျွန်တော် တို့ ပြိုင်အော်မိသည်။
မဟုတ်ဘူး။ မဟုတ်ဘူး။

ဒါ သက်သက်မဲ့ တိုက်ဆိုင်တာ။
ကျွန်တော်တို့ သွားတာ အေးချမ်းမှုသို့....
ဟု အတင်း ပြောမိသည်။
သို့ရာတွင် သေချာသည်မှာ အပြောင်းအလဲဘူတာတွင် အေးချမ်းမှု သို့ ရောက်လိုစောဖြင့် တခြားတဖက်သို့ ခုတ်မောင်းသည့် ရထားသို့ မှား၍ ပြောင်းတက်ခဲ့မိခြင်းဖြစ်မည်။
ဒါပေမယ့် ကျွန်တော်တို့ အမှန်တရား သေတ္တာ ကို ဖြေပြလျှင် လူအားလုံး နားလည် မည်။ အမှန်တရား သေတ္တာသည် အစွမ်းထက်ဆုံး အရာဟု ယုံကြည်ကြသည်။
ထိုသို့နားလည်လျှင် မျှော်လင့်ချက်မဲ့ ကြိုးစားခြင်း ဆိုသော နေရာ ရှိ လူများက ကျွန်တော်တို့ကို လက်ခံမည်။ အမှန်တရား သေတ္တာကို မြင်လျှင် အေးချမ်းမှုသို့ ပြန်လွှတ်နိုင်မည်။
သို့ရာတွင်……….
ထို အမှန်တရား သေတ္တာသည် ခါးပိုက်နှိုက်နောက် ပါသွားလေပြီ။

(၅)
ဘာပဲပြောပြော…..။
ကျွန်တော် သူ့ကို ချစ်နေသေးသည်။
ထို ထူးဆန်းသော စကားလုံးများ နှင့် ဘူတာများကို ဒီဘ၀ တွင် ပြောင်းပြန် ခုတ်မောင်းကျော်ဖြတ်နိုင်ဦးမည်ဆိုလျှင် ကျွန်တော်တို့ နှစ်ယောက် အေးချမ်းမှုကို ရောက် နိုင်ဦးမည် မဟုတ်လား။
သို့မဟုတ်………..
ခါးပိုက်နှိုက် ခံလိုက်ရသော အမှန်တရား သေတ္တာ ပြန်ရနိုင်လျှင်……..

အေးချမ်းမှုသို့………………………..


ရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ……
ကျွန်တော် သူ့ကို အေးချမ်းနေစေချင်သည်။

ကျွန်တာ် သူ့ကို အရမ်းချစ်နေသေးသည်။



ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

"မွေးနေ့မှတ်တိုင်"


အခါတန်ခူး နွေအဦးမှာ
မောင်နှမတစ်စု ပေါင်းစုပျော်မြူး
စိတ်မှာကူးပြီး တိုင်ပင်ဆွေးနွေး
လွမ်းရက်လေးတွေ လက်ချိုးရေတွက်
ကုန်လွန်ခဲ့လည်း…………..

နွေအတိတ်က ရွှေအရိပ်မှာ
ဖြေသိပ်ခဲ့ရ စိတ်ဆန္ဒတွေ
မိုးအကူးမှာ တမျိုးထူးပြီး
ပိုမိုမြူးအောင် အတူတကွ
လျှောက်လှမ်း ကြမယ်
အရိပ်မယ်ရဲ့ မွေးနေ့ပွဲဝယ်။

ဆောင်းတဖန် ပြောင်းပေမယ့်
နှောင်းကံက မပြောင်းလည်းနိုင်တော့
တို့တစ်တွေရဲ့ သံရောဇဉ်တွေကို
ဘယ်လိုပင် ကြမ္မာရိုင်းရိုင်း
မယိုင်မလဲ အမြဲရှင်သန်အောင်
( စိတ်မီးအိမ်မှာ )
မှတ်တိုင် စိုက်ထူကြမယ်နော်။

နွေမိုးဆောင် ဘယ်လိုပင်ပြောင်းသော်လည်း
တို့တတွေရဲ့ ရင်ထဲက
ခင်မင်မှု သံရောဇဉ်ကိုတော့
ဘယ်လိုမှ မပြောင်းလဲနိုင်ဘူးနော်။


သံရောဇဉ် အမှတ်တရ မွေးနေ့ မှတ်တိုင်လေးနဲ့အတူ
အရိပ်လည်း သက်တော်ရာကျော် ရှည်စေသောဝ်။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...