စင်္ကာပူမှ အလွှဲများ (၁)
စင်္ကာရောက် ဗမာများသည် ရေခြားမြေခြားတွင် ရောက်ရှိနေထိုင်နေကြရသော်လည်း ဗမာရိုးရာပွဲတော်များကို ရိုးရာမပျက် ကျင်းပလေ့ရှိကြသည်။ ထိုပွဲတော်များအနက်မှ ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ကျရောက်သော ညောင်ရေသွန်းပွဲတော်ကိုလည်း တိုးပါးယိုး ဗမာဘုန်းကြီးကျောင်းတွင် ၁၇-၀၅-၂၀၁၁ နေ့က စည်းကားစွာ ကျင်းပခဲ့လေသည်။ ထိုနေ့က ညောင်ရေသွန်းပွဲသို့ စင်္ကာပူနိုင်ငံမှ ဗုဒ္ဓဘာသာနွယ်ဝင် လူမျိုးခြားများလည်း လာရောက်ဆင်နွှဲကြသည်မှာ ကြည်နူးဖွယ်ပင်။ ဘာသာ၊သာသနာကို စောင့်ရှောက်ရုံတင်မကပဲ တိုးပွားစေရန် အားထုတ်နိုင်ကြသော ဗမာတို့၏ စိတ်ဓါတ်ကို လေးစားမိပေသည်။ သို့ရာတွင် ထိုနေ့က ဗမာ မိသားစု တစ်ခု နှင့် ဘုန်းကြီးတို့၏ စကားဝိုင်းကို ကြားလိုက်ရသောအခါ ဘာသာ၊သာသနာကို တိုးတက်စေရန် လုပ်ဆောင်နေကြသည်များကို သာဓုခေါ်မိသလိုပင်၊ ဘာသာစကားအလွှဲများကို ရဟန်းသံဃာ၊လူကြီးမိဘ၊ဆရာသမား နှင့် ဗမာများအားလုံး ၀ိုင်းဝန်းသတိထား ထိန်းသိမ်း ပြုပြင်ကြရန်လည်း လိုအပ်နေကြောင်း သတိပေးချင်စိတ်ဖြစ်လာမိပါသည်။ လိုအပ်သလို ၀ိုင်းဝန်း ထိန်းသိမ်းနိုင်ကြရန် ထိုနေ့က စကားဝိုင်းကို အောက်တွင် ဖော်ပြလိုက်ပါသည်။
"ဒကာတို့၊ ဒကာမတို့ ပြန်ကြတော့မလား။"
"တင်ပါ့ဘုရား။ တပည့်တော်မတို့ ပြန်လိုက်ပါဦးမယ် ဘုရား။ သမီး…မေမေတို့ ပြန်ရအောင်၊ ဘုန်းဘုန်းကို အာဘွား ပေးလိုက်ဦးလေ။"
"အာ………………….ဘွား။"
(၂-၃ နှစ်အရွယ် သမီးငယ်မှ တခြားဘက်သို့လှည်၍ ပါးစပ်ကို လက်ဖြင့် ပိတ်ကာ အာဘွားပေး၏။)
" သမီး..အားဘွားပေးရင် ဘုန်းဘုန်းဘက် လှည့်ပေးလေ သမီး။"
" အား……..ဘွား။"
(ဘုန်းကြီးရှိရာဘက်သို့ လှည့်၍ အားဘွားပေး၏။)
ဘုန်းကြီးလည်း ပြုံး၍သာ နားဆင်နေလေ၏။ ဘာမျှ မပြောတော့ပေ။
ဤအရွယ်တွင် ကလေးငယ် စကားပြောတတ်အောင်၊ လက်ခုပ်တီးတတ်အောင်၊ အာဘွားပေးတတ်အောင် မိဘတိုင်း သင်ပေးကြသည်။ ကလေးငယ် ဘာသာတရားကိုင်းရှိုင်းအောင်၊ လူကြီးမိဘ ရဟန်းသံဃာ ကို လေးစားအောင်လည်း ဤ အရွယ်မှပင် စ၍ သင်ကြားရပေမည်။ သို့ကြောင့် ကလေးငယ်ကို ဘုန်းကြီးအား အာဘွားပေးခိုင်းရန် မသင့်ဟု ထင်မြင်မိသည်။
ပြောင်းလဲလာသော ခေတ်နှင့် အညီ ဘာသာစကားပြောင်းလဲလာသည်မှ ကောင်းပါ၏။ သို့ရာတွင် ကလေးငယ်ပင် ဖြစ်လင့်ကစား ရဟန်း၊သံဃာကို အားဘွားပေးခိုင်းသည် အထိ ပြောင်းလဲ မလာသင့်ပေ။ ရဟန်း၊သက်ကြီးမိဘ စသည့် အလွှာအသီးသီး နှင့် ပြောဆိုရာတွင့် ခွဲခြားသုံးနှုန်းရန် စကားလုံး ဝေါဟာရများ ကြွယ်ဝသော၊ ဘာသာအဆင့်အတန်း၊ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားသော ဗမာ့ဓလေ့ကို ဆက်လက် ထိန်းသိမ်းသင့်ကြပေသည်။ အကယ်၍ အသစ်အဆန်းထွင်ပြုပြင် ပြောင်းလဲ လိုစိတ်ရှိပါကလည်း ဘာသာ၊သာသနာ နှင့် ဆီလျော်သော၊ ယဉ်ကျေးမှု မပျက်စေသော ပြုပြင်ပြောင်းလဲမှုမျိုးသာ ဖြစ်သင့်သည်ဟု ထင်မြင်မိပါသည်။ လူကြီးမိဘ၊ ရဟန်း၊သံဃာများမှလည်း အလိုက်သင့် စီးမျောမနေပဲ လိုအပ်သလို ပဲ့ကိုင်ထိန်းသိမ်းပေးစေလိုပါသည်။