စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Saturday, February 28, 2009

ပထမဆုံး ပြည်ပခရီး

ထိုပြည်ပခရီး သွားခဲ့ သည်မှာ တစ်နှစ်ကျော်ခန့် ရှိပါပြီ..။ စင်္ကာပူနိုင်ငံသို့ သင်တန်း တက်ရန်သွားခြင်းဖြစ်သည်..။ ခန့်ခန့်ညားညားလေး ပြောလျှင် ပညာတော်သင်ပေါ့ ..။ ပညာတော်သင်ဟု ဆိုလိုက်လျှင် လူအများ မြင်ရောင်ကြမည်မှာ .. မြန်မာနိုင်ငံမှ အခြားဖွံ့ဖြိုးတိုးတက်သောနိုင်ငံသို့ တစ်နှစ် တန်သည် နှစ်နှစ်တန်သည် သွားရောက် ပညာသင်ကြသည်ဟု ထင်ကြပေလိမ့်မည် ..။ အဲဒီလို ထင်နေလျှင် မှားပါသည် ..။ ကျွန်တော် သွားရသော ပညာသင်ခရီးမှာ ၂ ရက်သာ ကြာပါသည် ..။ ကျွန်တော် အလုပ်လုပ်နေသော UMကုမ္ပဏီမှ John Deere Electronic Fuel Injection System ကို လေ့လာရန် သင်တန်းတက်ခိုင်းလိုက်ခြင်းဖြစ်သည်..။ John Deere Engine မှာ မြန်မာနိုင်ငံလယ်ထွန်စက်များတွင် အသုံးများသော အင်ဂျင်ဖြစ်သည်။ ရိုးရိုး Mechanical Fuel Injection System မှ Electronic Fuel Injection System ကိုပြောင်းပြီး အသုံးပြုလိုက်၍ ကုမ္ပဏီများကို ခေါ်ပြီး နည်းပညာဖြန့်ဝေခြင်းဖြစ်သည်။ ခရီးစဉ်မှာ မြန်မာပြည်မှ တနင်္ဂနွေနေ့ ထွက်။ စင်္ကာပူမှာ တနင်္လာ၊အင်္ဂါ နှစ်ရက်နေ၊သင်တန်းတက်ပြီး ဗုဒ္ဒဟူးနေ့မှာ မြန်မာနိုင်ငံသို့ပြန်ရောက်ရမည်ဖြစ်သည်..။

ထိုတိုတောင်းသော ခရီးတိုလေး အတွက် အနှောင့်အယှက်တွေက လည်း များလှသည်..။ ပထမဦးဆုံး .. ဘွန်း ဟု လူကြောက်များနေသော ကုမ္ပဏီစာချုပ်ကို လက်မှတ်ထိုးရသည်..။ စင်္ကာပူ နှစ်ရက်သင်တန်းတက်သည့်အတွက် တစ်နှစ်စာချုပ် ချုပ်ရသည်..။ နိုင်ငံခြားသွား ထောက်ပန့်ငွေ တစ်ရက်လျှင် ဒေါ်လာ ၃၀ နှန်းပေးသည်ဆို၍ သူဌေးကို တွေ့ဖို့ တစ်မေ့တစ်မော စောင့်ရသည်..။ လေယာဉ်လက်မှတ် ယူရသည်။ နိုင်ငံခြားသို့ အတူသွားရမည့်သူမှာ UM မှာပင် အတူလုပ်သော မြန်မာစကားမတတ် တတတ် အင်ဒိုနီးရှားနိုင်ငံသား မန်နေဂျာ ဂျိုဟန် ဖြစ်သည်..။ ဂျိုဟန်က အင်ဒိုနီးရှားနိုင်ငံသားဆိုပေမယ့် မြန်မာနှင့် အတော်တူသည်။ သူ့ကို ပထမဆုံး အကြိမ်မြင်ဖူးတုန်းက ဆိုလျှင် .. ဒီလူက မြန်မာဖြစ်နေပြီး ဘာလို့ အင်္ဂလိပ်စကားပဲပြောနေလဲဟု တွေးနေမိခဲ့သည်။ နောက်မှ သူ့ကို နိုင်ငံခြားသားမှန်းသိခဲ့ရသည်။


ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်လေဆိပ်ကြီးကိုရောက်ပါပြီ။ အနံ့မျိုးစုံရသည့် ဘူတာတွေကိုပဲ ရောက်ဖူးတာဆိုတော့ စိတ်ထဲမှာ လေဆိပ်ကြီးက ခန်းနားလွန်းနေသည်။ သန့်ရှင်း တောက်ပြောင်လွန်းလှသည်။ လေဆိပ်က အသစ်စက်စက်ကြီး။ ဖွင့်ပွဲလုပ်ထားတာ မကြားသေးဘူးတဲ့..။ လေဆိပ်ကိုရောက်ရောက်ချင်း လေဆိပ်ခွန် ၅၀၀ကျပ်လည်းဆောင်ပြီးပြီ။ ချက်ကင် ကောင်တာကို ဝင်ပြီး Boarding Ticket လည်း ရပြီ။ ထိုင်ခုံနံပတ်က 19B ။တကယ့်ပြဿနာက အခုမှ စပြီ။ Immigration Counter ရောက်မှ D-Form ဟုတ်ခေါ်သော ပြည်ပထွက်ခွာခွင့်လက်မှတ် မပါဘူးဆိုတာ သိရသည်။ နိုင်ငံခြားကိုလည်း တစ်ခါမှ မသွားဘူး။ လေဆိပ်ကို လည်း တစ်ခါမှ မေ၇ာက်ဘူးတော့ ဒါမျိုးတွေ နားမလည်။ D-Form မပါလျှင် မသွားရဘူးတဲ့။ (နောက်မှ သိရသည်မှာ D-Form လျှောက်ရန် အလွန်လွယ်ကူပါသည်။ (၁) ဘဏ်မှာ D-Form အတွက် ငွေ ၅၀၀သွင်း (၂) http://www.mip.gov.mm/ မှာ ကိုယ်တိုင် Online Form ဖြည့်ပြီး တင်လိုက်ရုံသာ။ (၃) ထို့နောက် ကိုယ့် အီးမေးလ်မှရလာသော D-Form ကို ပုံနှိပ်လိုက်ရုံသာ ဖြစ်သည်။)





မနက်ဖန် သင်တန်းတက်ရမှာ ဒီနေ့ လေယာဉ်နဲ့ လိုက်မှ ဖြစ်မှာလို့ပြောတော့.. D-Form အစား တစ်ယောက်ယေက်က ထောက်ခံပေးရင် ရတယ်တဲ့။ လိုက်ပို့တဲ့ သူငယ်ချင်းတွေက လည်း ပြန်ကုန်ပြီ၊။ လေဆိပ်အရာရှိတွေက သဘောကောင်းပါတယ်။ ဆက်သွယ်ရမယ့် ဖုန်းနံပတ်တွေပါလား အမြန်ပေး.. ဖုန်းဆက်ပေးမယ်တဲ့..။ ဒါနဲ့ ရုံးက မန်နေဂျာရဲ့ လက်ကိုင်ဖုန်းကို ဆက်ပြီး အကြိုးအကြောင်းရှင်းပြပြီး ခေါ်လိုက်တော့ .. မန်နေဂျာက .. ဟာ ငါ လာလို့ မရဘူး . အခု မန္တလေးရောက်နေတယ် တဲ့။ သွားပြီ။ လေယာဉ်က ထွက်ဖို့ ၁၅ မိနစ်ခန့်သာလိုတော့သည်။ နောက်ဆုံး ဝန်ထမ်းရေးရာ မန်နေဂျာကို ဖုန်းဆက်ပြီး ခေါ်လိုက်သည်။ ဆူးလေဘုရားနားမှာ ရောက်နေတယ်။ အခု ချက်ချင်း ထွက်လာမယ်တဲ့ ခဏစောင့်ပါတဲ့။ ဒါပေမယ့် အချိန်ကို တွက်ကြည့်လိုက်ပါဦး။ ဆူလေကနေ လေဆိပ်ကို အနည်းဆုံး နာရီဝက်ကြာမယ်၊။ မန်နေဂျာကို စောင့်ရင်း စိတ်ကလည်း တော်တော်ပူနေပြီ..။ ဒီအချိန်မှာ ကြားဖူးနာဝစကားများ ပြန်ကြားယောင်လာသည်။ နိုင်ငံခြားဆိုတာ နတ်ကြီးတယ်၊ သွားထိုက်မှ သွားရတာတဲ့.။ သွားရဖို့ ကံမပါရင် ဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင်ဘူးတဲ့ ..။ နောက်ပြီး စင်္ကာပူက သူငယ်ချင်းတွေကိုလည်း လာမယ်ဆိုတာ အီးမေးလ် ပို့ထားပြီးပြီ။ သူတို့အတွက် လူကြုံပေးလိုက်တာလည်း ရှိသေးတယ်။ ငါ အချိန်မှီ လိုက်မှ လိုက်ရပါ့မလားလို့ စိတ်ပူနေပြီ .။ လေဆိပ်ဝန်ထမ်းတွေ စကားပြောစက်နဲ့ အပြန်အလှန်ပြောနေတာကိုလည်း ကြားနေရတယ်၊ ခုံနံပတ် 19B ပျောက်နေတယ်.။ ဘယ်မှာလဲတဲ့ ။ လေယာဉ်ထွက်ခါနီးနေပြီ။ နောက်တော့ သူတို့နောက်ဆုံးပြောလိုက်သော စကားလေးကြားလိုက်ရသည် .. ခုံနံပတ် 19B Off Load တဲ့..။ ဟာ ငါတော့ မလိုက်ရတော့ဘူး ထင်တယ်လို့ တွေးလိုက်မိသည်။ နောက်ဆုံးတော့ မန်နေဂျာရောက်လာပါပြီ။ မန်နေဂျာက ကြိုးစား၍လာရှာပါသည်၊ ကျွန်တော်လည်း သူ့ကို စောင့်ပါသည်။ သို့သော် လေယာဉ် ကတော့ မစောင့်ပါ။
သူ့အချိန်မှန်အတိုင်း ထွက်ခွာသွားပါပြီ .... ။


[+/-] အပြည့်အစုံသို့...

Wednesday, February 25, 2009

[+/-] အပြည့်အစုံသို့...

Sunday, February 22, 2009

ရောက်ပြန်ပြီ သည်တနွေ

"သည်နွေဦး"

ရောက်ပြန်ပြီ သည်တနွေ
ဖော်မဲ့လေ ငါ့မှာဖြင့်
ရော်ရွက်ကြွေ လေမှာဝဲပြန်တော့
မျှော်တဲ့လေ ဟိုဟိုဒီဒီ

တွေ့ပါပြီ ရွှေဥဩ
လေသုတ်မျော သူ့တေးသံ
နွေသဏ္ဍာန် ဖွင့်အံလို့ဟစ်ကြူး
ဖေးကူလို့ ငါမှာတတ်နိုင်ငဲ့

သနားစရာ သင်းကွဲခါနေရ
ဝေးကွာရ သူ့အဖော်
မျှော်ကာမျှော် ပေါ်မလာ
တော်တော်ကြာ ချိန်ခါနှောင်းမှာမို့

ပြောင်းပြန်တဲ့ သည်တနွေ
ပူဆွေးကာ လွမ်းကာ'တ'လည်း
မှန်းဆရ ခက်သည့်ဆီကို
ဘယ်လိုပင် ဖွေရှာရလိမ့်

အိုအမယ် ရွှေဥဩငယ်ငဲ့
သည်မောင်မှာ အတောင်ညောင်းပါလို့
ဘယ်ချောင်မှာ ပုန်းရော်နေပါဘိ
ထွက်တော်မူ မောင့်ရင်ခွင်ဆီသို့
ဖြစ်စမ်းစေချင်ပါသည့်လေ........

......

ဇာကြီး


သူငယ်ချင်းများကို သတိရစွာဖြင့်
ကိုရင် အနတ္တရဲ့ သည်နွေဦးကို မျှဝေခံစားပါသည်။

[+/-] အပြည့်အစုံသို့...

Tuesday, February 3, 2009

စက္ကန့်တံမပါသော နာရီလို နေပါ ..။



စက္ကန့်တံမပါသော နာရီတစ်လုံးကဲ့သို့
အချိန်များကို တည်ငြိမ်စွာ ဖြတ်သန်းပါ ..။
သင့်ကိုယ် သင် သတိမပြုမိသော အချိန်အတွင်
သင် ခရီးများစွာ ရောက်နှင့်နေပါလိမ့်မည် ...။

[+/-] အပြည့်အစုံသို့...

Monday, February 2, 2009

နာကျည်းစွာနဲ့ကြေကွဲလျက်ပါ

အိမ်မက်လှေဟာ ဦးတည်ရာမဲ့ -ကြေကွဲခြင်း၊ခံစားခြင်း၊ပူလောင်ခြင်းတွေရဲ့ နေရာမှာ ဝေ့၀ဲလို့ အလွမ်းမီးပြတိုက်ရဲ့ အနီးမှာ.XXXXXX
ဘယ်အချိန်ထိ ခံစားကြေကွဲနေရဦးမှာလဲ....၊မင်းပေးခဲ့တဲ့ ရက်စက်ခြင်းတွေ ခုံမင်စွာနဲ့ခံယူ ခုထိလွမ်းနေဆဲပါပဲ၊ မင်းနင်းလျှောက်သွားတဲ့ ငါ့ရင်ဘက်ထဲက အသဲနှလုံးတစ်စုံဟာ မင်းဆီက တစ်စုတစ်ရာကို ဆာလောင်နေတယ်၊မင်းမရှိတော့ မင်းထိုင်ခဲ့တဲ့ ခုံတန်းလေးပေါ်က နှင်းဆီရိုင်းလေးတစ်ပွင့်ဟာ ငါ့ရဲ့နာကျင်ခြင်းတွေကို ကိုယ်စားပြုနေတယ်။တစ်ချိန်က ရင်နှင့်မကမြတ်နိုးခဲ့ရပါတယ်ဆိုတာထက် ပိုတဲ့ မြတ်နိုးရသူ ကောင်မလေးရယ်......ခုတော့ ငါ့အတွက် ကြေကွဲခြင်း ၊နာကျင်ခြင်း တွေကို မင်းအလွယ်တကူပဲ ပေးအပ်ထွက်ပြေးသွားခဲ့။
ဘ၀ရဲ့ ငြိမ်းချမ်းမှု့တွေမှာ အချစ်ဟာ ဘယ်အခန်းကပါလဲ မသိချင်တော့..အချစ်ဆိုတဲ့အရာဟာ နှစ်လုံးသားချင်းသာ သက်ဆိုင်တယ်လို့ နှစ်ဦးစလုံး နားလည်လက်ခံထားကြတဲ့အတွက် ငါတို့နှစ်ယောက်ရဲ့ နှစ်လုံးသားမှာ တခြားဘာဂုဏ်ဓနအရောင်တွေမှ အစွန်းထင်းမခံခဲ့၊ရင်ထဲမှာ ဖြစ်တည်နေတဲ့ နှစ်လုံးသားရဲ့ ချစ်ခြင်းတရားကိုသစ္စာတရားနဲ့ ဘောင်ခက်ထိန်းချုပ်ရင်း အနာဂတ်မှာ အသိုက်အမြုံတစ်ခု တည်ဆောက်မယ်လို့ ခိုင်ကျဉ်စွာဆုံးဖြတ်ထားခဲ့ကြ.......ဒါတွေဟာ အိမ်မက်တစ်ခုတော့ မဟုတ်ခဲ့ပါဘူး၊ဒါပေမယ့် အိမ်မက်တွေလိုပါပဲ........တစ်ချိန်က မင်းရဲ့ "သိပ်ချစ်ပါတယ်"ဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ ရက်စက်တဲ့အပြုံးတွေပါနေတာ ငါမသိခဲ့၊ခုတာ့ ဒါတွေဟာ အတိတ်ရဲ့အမှတ်ရစရာတွေ ဒါဏ်ရာတွေဖြစ်ဖို့ ဖန်တီးခဲ့တာလား၊ဆုံးဖြတ်ချက်တွေ အခိုင်အမာချခဲ့ပြီးခါမှ အနားမှ ထွက်ခွာသွားသူရယ် ဖုန်းထဲကနေ မကြာမကြာ ငါ့ကိုမခြောက်လှန့်ပါတော့နဲ့ကွာ၊မင်းရဲ့"ကို့ကိုသိပ်ချစ်နေဆဲပါပဲ"ဆိုတဲ့ ရိသဲ့သဲ့စကားသံတွေ ၊မင်းရဲ့လှောင်သလိုလိုရယ်မောသံတွေ ငါသိပ်ကြောက်လွန်းလို့ပါ...မင်းရဲ့ အဲ့ဒီစကားသံတွေရဲ့နောက်ကွယ်မှာ ဘယ်လိုစီမံကိန်းတွေရှိမလည်းဆိုတာ ငါမသိပေမယ့် ငါ့ရဲ့ရင်ကိုကြေကွဲခြောက်ခြားစေနိုင်တာကိုတော့ ငါအခိုင်အမာယုံကြည်တယ်။
တော်ပါတော့ကွာ၊တော်ပါတော့ မင်းစကားတွေရပ်လိုက်ပါတော့၊အရာအားလုံးကိုပေးဆပ်ခဲ့ပြီးပြီပဲ ၊ငါ့ဆီက ဘာတွေထပ်လိုချင်နေသေးလဲ၊ဒီလောက်ရက်စက်မှု့တွေနဲ့မတင်းတိမ်နိုင်သေးဘူးလား၊မင်းရဲ့ပျော်ရွှင်ရာမှာ ငါခေါင်းတွေအခါခါငုံ့ခဲ့ပြီးပြီပဲ၊အားလုံးပြောင်းလည်းခဲ့ပါပြီ၊ဒီပြောင်းလည်းခြင်းရဲ့အဆုံးမှာဒါဏ်ရာတွေသာပိုလာခဲ့၊တစ်ချိန်က မင်းရဲ့အချစ်တွေကို ယုံကြည်ခဲ့မိတဲ့ ငါ့ကိုယ်ငါပဲ အပြစ်တင်ရမလား၊ဘာပဲဖြစ်ဖြစ် ခုချိန်မှာတော့ ငါမင်းကို သိပ်ကြောက်သွားပါပြီ။ငါ မင်းကိုလွမ်းမိတယ်ဆိုပေမယ့် နာကျည်းနေပါပြီ၊ကြေကွဲနေတယ်ဆိုပေမယ့် မုန်းနေပါပြီ၊မင်းကိုအရင်လို ချစ်နေတုန်းပါပဲ ဒါပေမယ့် သတ်ပြစ်ချင်နေတယ်၊သေချာတာတစ်ခုကတော့ ငါမင်းကို ဘယ်လိုမှ မေ့လို့မရသေးဘူးကွယ်။
အိမ်မက်လှေဟာ ဦးတည်ရာမဲ့--ကြေကွဲခြင်း၊နာကျည်းခြင်း၊ပူလောင်ခြင်းတွေရဲ့နေရာမှာ ဝေ့၀ဲလို့ အလွမ်းမီးပြတိုက်ရဲ့ အနီးမှာ...XXXX/

[+/-] အပြည့်အစုံသို့...

Sunday, February 1, 2009

အရိုင်း သို့မဟုတ် မုဆိုး

 

အရိုင်းတယောက်လို

ဖြစ်ကတတ်ဆန်း ငါ့ကို

အချစ်ငတ်သရမ်း လို့

မင်း.က သမုတ်တတ်နေပြီလား……။

 

အညစ်ကျပ် အနမ်းတဖွကို

အသစ်စပ် ဖြန်းဘ၀လိုလိုနဲ့

အမြစ်ပြတ် အမ်းချင်တုန်းကလဲ

မင်း….ပဲလေ။

 

မင်း.…..

မှတ်ထား……။

အလကား မတ်တင်းရတိုင်း

လျှာဖျား အဖတ်တင်ရုံလေး

ငါ…..

အာယား အမှတ်ထင်ခဲ့တာ မဟုတ်ဘူး။

အဲဒီတုန်းက

မင်း ကို ငါ…

တကယ်ချစ်ခဲ့ရိုးအမှန်ပါ။

 

အေး..ခုတော့

ငါ့လို… အရိုင်းကောင်က

အပြစ်မှတ်ပြီဆို

အချစ်ထပ်မပိုနိုင်တော့ဘူး။

 

တကယ်ဆို..

ယုန်ငယ်သားကိုမှ အကုန်ရှယ်စားချင်တဲ့

အမဲလိုက် ငါ.မုဆိုးအတွက်…

မင်း…..က

နှာသရုပ်ပိုးတွေနဲ့

အသပြာထုပ်ခိုးဖို့

မသမာ စုတ်ထိုးပြီး

မြူဆွယ်ခဲ့။

 

ဒါကို..

ငါ….

အချစ်မှတ်လို့ ကိုးကွယ်ခဲ့ပြီး

အဖိုးမဆယ်နိုင်ခဲ့တာ

ရင်နာစရာ…။

 

ဘာပဲဖြစ်ဖြစ်

ခုတော့…

ငါ…

ငါ့ မုဆိုးဆရာ အဘိုးကဗျာကို

ခံစားတတ်ခဲ့ပြီ။

 

ကေသရာဇာမျိုးက

မြေခွေးနဲ့ ခွေးအ

ဝေငှစားရတဲ့

ယုန်သူငယ်ကိုလည်း

ပုံမ၀ယ်တော့ဘူး။

အနမ်းပေးတဲ့

ပန်းကလေးတွေကိုလည်း

အငမ်းမငေးတော့ဘူး။

 

ဒါပေမယ့်

ငါ့..လည်ဆံတွေတော့

အတွယ်ခံ ခဲ့ရပြီပေါ့…။

 

နောက်ဆုံးတော့

အရိုင်းမုဆိုး

ငါ…ဟာ

မုဆိုးအရိုင်းပဲ ဖြစ်နေဆဲပါ။

 

ကောင်းတမန်

ညနေ ၅ နာရီ ၄၃ မိနစ်

၂၀၀၉၊ဖေဖော်ဝါရီ၊ ၁ရက်။

[+/-] အပြည့်အစုံသို့...