ဒို့ ချစ်ရတဲ့ ဆရာ ဆရာမ များ အကြောင်း (၁)
ဒီအကြောင်းကို ရေးဖို့ စဉ်းစားထားတာ ဟို.ဘလော့ဂ်တွေ မပေါ်ခင်ကတည်းကပါ။ တကယ့် ကို ကိုယ့် တပည့် ကို တော်စေချင်၊ တတ်စေချင် တဲ့ စိတ် စေတနာ အပြည့်အ၀ထား ပြီး ကိုယ်တိုင်လည်း စံနမူနာ ပြ ဆရာ၊ ဆရာမ ကောင်း ဖြစ်အောင် နေပြတဲ့ ဆရာ၊ ဆရာမ တို့ အကြောင်းကို မှတ်တမ်းသဘော မျိုးတင်ထားချင်တာ ကြာခဲ့ ပါပြီ။
ပြောနေရင် ကြာပါတယ်။ ဒီနေ့ ပဲ စလိုက်မယ်။
အမေချစ် အကြောင်းကနေ စပြောမယ်။
အမေချစ်ဆို တာ ကျွန်တော် တို့ တတွေ ချောက် ဂျီတီအိုင် မှာ တက်တုန်းက သင်္ချာသင်ပြပေးတဲ့ ဆရာမကြီး ဒေါ်မြသန်းချစ်ပါ။ သူ့ ကို ချစ်စနိုး၊ လေးစားစနိုး နဲ့ တပည့်တွေ အားလုံးက အမေချစ် လို့ ခေါ်ကြတယ်။ ကျွန်တော်တို့ တွေ ကျောင်းရောက်တော့ အမေချစ်တောင် တော်တော် အသက်ရနေပြီ။
အမေချစ် ပုံပန်းက ခပ်ပြတ်ပြတ်ပဲ။ စိတ်ဓါတ်ကလည်း ခပ်ပြတ်ပြတ်ပါပဲ။ မျက်မှန် အမြဲဝတ်ထားပြီး မြန်မာဆန်ဆန် ဆံထုံးလေး အမြဲထုံးထားတတ်တယ်။ စကားပြောရင် လေးလေးနက်နက် နဲ့ စကားစုတွေကို ရှင်းလင်းပီသစွာ ခွဲခြားပြောတတ်သူပါ။အသံကို အမြဲတမ်း အနိမ့်အမြင့် နဲ့ ထိရောက်စွာ ပြောဆို အသုံးချတတ်တဲ့ ဆရာမကြီးပါ။ သူက အင်ဂျင်နီယာ သင်တန်းများ အာလုံး ကို သင်္ချာ သင်ပြပေးတယ်။ Academics ဌာန ရဲ့ ဌာနမှုး လည်း သူပဲပေါ့။ ကျောင်းရှေ့ Assembly တွေမှာ ကျောင်းအုပ်ဆရာကြီး တိုင်းလေးစား ရတဲ့ ဆရာမကြီး ဟာ သြ၀ါဒ အမြဲ ခြွေရတတ်ပါတယ်။
ပထမဆုံး သူအတန်းကို တက်တဲ့ နေ့ က တော့ မှတ်မှတ်ရရ ပဲ။ အားလုံး က မင်္ဂလာပါလို့ နှုတ်ဆက်တယ်။ ပြီးတော့ ထုံးစံ အတိုင်း တပည့်ဝတ် ငါးပါး ဆိုရတယ်။ ဒါနဲ့ အားလုံး ပြီးပြီပေါ့။ အားလုံး က သင်ခန်းစာ စမယ် မှတ်နေတာ။ ဘယ်ဟုတ်မလဲ။ အမေချစ် က ပြောပြတယ်။ သင်ခန်းစာ မစမီ မှာ ကျောင်းသား အားလုံး ကို နမောတဿ သုံးကြိမ်ရွတ်ခိုင်းတာ သူ့ အတန်းရဲ့ ဓလေ့ ပဲတဲ့။ အဲဒါ နဲ့ အဲဒီနေ့ က စပြီး သူ့အတန်းတိုင်းမှာ နမောတဿ ရွတ်ရတယ်။
ဆရာမကြီး မကြိုက်တတ်တာ တခု ပြောပြဦးမယ်။ ယောက်ျားလေး သနပ်ခါး ပါးကွက် ကွက်တာ ကို ဆရာမ ကြီး လုံးဝ မကြိုက်ဘူးဗျ။ ယောက်ျားဆို ကျားကျား ရားရားနေရမယ်တဲ့။ သနပ်ခါး ပါးကွက် ကွက်စရာမလိုဘူးတဲ့။ ဒါပေမယ့် ကျွန်တော်တို့ က ရွာသားလေ။ ရွာမှာ နွားကျောင်းထွက်ရင် နေပူဒဏ် ကာကွယ်ဖို့ သနပ်ခါး ပါးကွက် ခပ်ထူထူလေး ကွက်သွားတာပဲ။ ဒါပမေယ့် ဆရာမကြီးက သနပ်ခါး ပါးကွက် ကို ယောက်ျားလေး ပါးမှာ တွေ့ရင် သူ နမ်းမယ် လို့ ပြောလို့ မကွက်ရဲပါဘူးဗျာ။ တချို့ စတတ်တဲ့ ကောင်တွေ က တကယ် ကွက်လာလို့ ဆရာမ ကြီးလည်း သူတို့ ပါးကို တကယ် နမ်းခဲ့ တာ မှတ်မှတ်ရရပဲ။ ဆရာမကြီးက သူပြောထားရင် အကုန်လုပ်တယ်။
နောက် တခု က ဆရာမကြီးက မြန်မာ အမျိုးသမီးတွေ ဆို မြန်မာ လို လေးပဲ လှနေစေချင်တာ။ အကွဲတွေ၊ အပြတ်တွေ၊ Jeans ကျပ်တွေ ၀တ်တာ လုံးဝမကြိုက်ဘူး။ စကပ် တောင် ၀တ်မလာရဘူး။ သူ့အတန်းကို အဲလို ၀တ်လာမိရင် အဲဒီ ကောင်မလေး သေပြီသာမှတ်။ ဘာလုပ် တယ် မှတ်လဲဗျာ။ သူက အဲလို ၀တ်လာတဲ့ ကောင်မလေး ကို မတ်တပ်ရပ် ခိုင်းတယ်။ ပြီးရင် ယောက်ျားလေး တွေ ကို ပြောတယ်။ အဲလို ကောင်မလေး ဟာ သူ့ ကို ကြည့်စေချင်လို့ အကွဲ၊အကျပ် နဲ့ အပြတ်တွေ ၀တ်လာတာ။ ဒီတော့ မင်းတို့ သူကို ကြည့်ရမယ်။ မညှာနဲ့ မင်းတို့ တာဝန်ပဲတဲ့။ ကြည့် ကြတဲ့ဗျာ။ တကယ် ပြတ်တဲ့ ဆရာမကြီး။ မင်းတို့ မျက်လုံးတွေ ကျွတ်ပြီး သူ့ဆီ ရောက်သွားပါစေ၊ ကြည့် ကြတဲ့။ သူက အကြည့် ခံချင်လို့ ၀တ်လာတာ တဲ့။ နောက်ကို မ၀တ် ရဲ အောင် ဆုံးမတာပါ။ ဒါပေမယ့် လုံလုံ ခြုံ ခြုံ ၀တ်လာ သူကို ကြည့် မိရင် မင်းတို့ ဟာ မိကောင်းဖခင် သားသမီးမဟုတ်ဘူးတဲ့။ သူက အိနြေ္ဒရရ ၀တ်လာတာ ကို မင်းတို့ က ကြည့်ရင် မင်းတို့ ဟာ မိုက်ရိုင်းတယ်။ လူမျိုးကောင်း သားသမီး မပီသဘူးတဲ့လေ။
နောက် သူ့ စည်းကမ်းပိုင်းကို ပြောပြမယ်။ သူ့ စည်းကမ်း ကြီးတာ က တော့ လေးစားစရာ တော်တော် ကြီးကို ကောင်းပါတယ်။ သူ့ အတန်းကို တခါ မှ နောက်ကျ ပြီး မရောက်ဘူး။ မိုးရွာလည်း မဖျက်ဘူး။ သူက အမြဲ ပြောတယ်။ သတ်မှတ် ကျောင်းပိတ်ရက် မဟုတ်တဲ့ အတန်းချိန်တိုင်း ဘာအကြောင်းကြောင့်ဖြစ်စေ သူ့အတန်း မဖျက်ဘူးဆိုတဲ့ အကြောင်း။ တကယ် လို့ တတန်းလုံး တက်ရောက်ဖို့ ပျက်ကွက်ခဲ့ရင် သူက စာသင်ခုံတွေ ကိုပဲ သင်ခဲ့မယ် တဲ့လေ။ အဲဒါ ခင်ဗျား ဘယ် လို ထင်လဲ။ တခါ က တော့ တကယ် မှတ်မှတ်ရရပဲ။ မိုးသိပ်နည်း တဲ့ချောက်မြို့ မှာ မိုး အရမ်းရွာတဲ့ တနေ့။ ဆရာမကြီး အတန်းချိန်ပေါ့။ မိုးအရမ်း ရွာရင် ရေအိုးစင် မှတ်တိုင်အလွန်က ချောင်းလေးဟာ ရေအရမ်းတက် ပြီး မြို့ထဲ က ကားတွေ ကျောင်းဘက် ကို လာလို့မရအောင် ဟန့်တားတော့တာပဲ။ ဒါပေမယ့် လူကူးတံတား တစ်ခုတော့ ရှိတယ်။ အဲလောက် မိုးကသဲ၊ ချောင်းရေက ကြီးတော့ ဘယ်သူ ကျောင်းကို ခြေကျင်လာမလဲ။ လျှောက်ရတာ လည်း နည်း တာ မဟုတ်ဘူး။ အနည်းဆုံး လေးမိုင်လောက် ရှိမယ်။ အဲဒီတော့ မြို့ထဲ က ကျောင်းသားတွေ လည်း မလာဘူး။ ကျောင်းနားက အဆောင်မှာနေတဲ့ ကျောင်းသားတွေက လည်း မြို့ထဲက ကျောင်းသားတွေလည်း မလာဘူး၊ ဆရာမကြီးလည်း ဒီအခြေအနေ အတိုင်းဆို မလာနိုင်ဘူးပေါ့။ ဘယ်သူမှ အတန်းကို မသွားကြဘူး။ ဒါပေမယ့် နောက် တပတ် အတန်းမှာ ဆရာမကြီးက တချိန်စာ စာကို ကျော်သင်တယ်။ ပြီးခဲ့ တဲ့ အပတ် က တယောက်မှ မလာလို့ သူ့ အတန်းထဲ က ခုံတွေကို သင်ခဲ့တယ် တဲ့လေ။ တကယ် စည်းကမ်းပိုင်း ပြတ်တဲ့ ဆရာမကြီး။
နောက် သင်ကြားရေးပိုင်း။ သူ့ရဲ့ သင်္ချာပညာကို ချစ်မြတ်နိုးမှု နဲ့ တတ်ကျွမ်းမှု ကတော့ အံ့မခန်းပဲဗျာ။ နဂို သင်္ချာဥာဏ်က လည်း အရမ်းတော် လုပ်သက် ကလည်း ကျွန်တော် တို့ အသက် လောက် ရှိခဲ့ပြီ ဆို တော့ ဆရာမ ကြီး စာသင် တာ ဟာ အရမ်းကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူက ဘယ် သင်္ချာပုစ္ဆာ ကို မဆို အသေ မထားဘူး။ သင်္ချာ ပညာ ဟာ လွတ်လပ် ကျယ်ပြောတယ်။ သဘာဝ ကို ပုံဖော်တဲ့ ဘာသာ လို့ သူအမြဲပြောတယ်။ ဒီတော့ သင်္ချာပုစ္ဆာ တပုဒ် ကို ဖြေရှင်းတဲ့ နည်းဟာ ဖြေရှင်းနေတဲ့ လူအပေါ်မှာသာ မူတည် ပါတယ်တဲ့။ သူကိုယ်တိုင် လည်း ပုစ္ဆာ တပုဒ် ကို နည်းလမ်းပေါင်း များစွာ နဲ့ မှန်ကန် တဲ့ အဖြေ တခု ဆီကို ချဉ်းကပ် ပြတယ်။ ဘယ်လို တွေးရမယ် ဆို တာ ကို တကယ် သင်တယ်။ ဒီလို နည်းလမ်းနဲ့ လုပ် လို့ ဘယ် တော့မှ ကျောင်းသားတွေ ကို ပုံစံခွက်ထဲ မထည့်ဘူးဗျ။ ပြီးရင် သူသင်ထားတဲ့ နည်းလမ်း မှ မဟုတ်ဘူး။ တခြား ဘယ် နည်းလမ်းမဆို ယုတ္တိရှိစွာ အဖြေ ကို ချဉ်းကပ် နိုင်ရင် သူက အမှတ်ပေးမှာပဲ။ ဖြေဆို သူ အပေါ်မှာသာ မူတည် ပါတယ်။ ပြီးရင် မလိုအပ် တဲ့ အသေးစိတ် အဆင့်တွေကို ကျော်လို့ရတယ်။ လမ်းကြောင်းဟောင်း အတိုင်း လိုက် ပြီး အဆင့်ကျော်ရင် အမှတ်မပေးဘူး ဆို တာ သူ့မှာ လုံးဝ မရှိဘူး။ ဆရာမကြီး သင်ပြပေးခဲ့တဲ့ အယ်ဂျီဘရာ နဲ့ ဂျီသြမေတြီ သင်္ချာပညာ အခြေခံတွေဟာ ကျွန်တော်တို့ ကို ခု ထိ အကျိုးပြုနေဆဲပဲ။
ကျောင်းက ဆရာ ကန်တော့ပွဲတွေ၊ နှုတ်ဆက်ပွဲတွေမှာ ဆရာမကြီး ဆိုဆုံးမ တဲ့ သြ၀ါဒတွေ ကို မှတ်မိတဲ့ သူရှိရင် မျှဝေခံစားဖို့ တောင်းခံ ရင်း ဒီစာလေး နဲ့ ပဲ ကျွန်တော်တို့ အားလုံးရဲ့ ချစ်လှစွာသော၊ လေးစားအပ်ပါသော ကွယ်လွန်သူ ဆရာမကြီး အမေချစ် ခေါ် ဒေါ်မြသန်းချစ်ကို ကာယကံ၊ ၀စီကံ၊ မနောကံ တို့မှ ပြစ်မှားကျူးလွန်ခဲ့မိသော် ခွင့်လွှတ်ပေးဖို့ ရိုသေစွာ ရှိခိုးကန်တော့အပ်ပါတယ်။ အမေချစ် တယောက် ကောင်းရာသုဂတိမှ ခံစား ခွင့်လွှတ်ပေးနိုင်ပါစေ။
တပည့်များအားလုံး ကိုယ်စား
ကောင်းတမန်
No comments:
Post a Comment