အဲဒီလို သာ စီပြောကြမယ်ဆိုရင် ပြောစရာတွေ ဘယ်တော့ မှ ဆုံးမယ် မထင်ဘူး။
အဲဒီနေရာ လေးကို စရောက်တုန်းက အားလုံး ဟာ ကျွန်တော်တို့တွေ အတွက် အထူးအဆန်းလေးတွေပါပဲ။ အထူးသဖြင့် တော့ ကျွန်တော့် လို တောက တက် လာ တဲ့ ဖိုးသား တစ်ယောက် အတွက်ပေါ့။
အဲဒီ အထူးအဆန်းလေး တွေ အားလုံးကို ရင်ခုန်စွာ ယစ်မူးခဲ့ကြတယ်လေ။ အခု ထိ လည်း ပြန်လိုချင်နေမိတယ်ဗျာ။
ပထမဆုံး ပြေးပြီး သတိရမိသူက တော့ ယောက်ျားလေးတွေ အတန်းကို ပါးကွက် ကွက်လာရင် နမ်းတတ်တဲ့ ဆရာမကြီး အမေချစ်။ စည်းကမ်းကြီး၊ ပညာတော်သလောက် စာအသင်အပြ အရမ်း ကောင်းတဲ့ အမေချစ် ကို ချစ်လည်း ချစ်တယ်။ အမှန်အတိုင်းပြောရရင် ကြောက်လည်း ကြောက်တယ်ဗျ (အနမ်းခံရမှာစိုးလို့ ဟဲ..ဟဲ။ စတာပါဗျာ။ အမေချစ် နမ်းမယ် ဆို ခံချင်ပါတယ်။)။ သင်္ချာ ပု စ္ဆာ တပုဒ်တည်း ကို နည်းလမ်းပေါင်းများစွာ နဲ့ တွက်ပြ ခဲ့တာ တစ်သက်မမေ့ဘူးဗျာ။ ခုတော့ အမေချစ်လည်း မရှိတော့ဘူး။
စကားဝဲတတ် တဲ့ ယောသူ၊ဆောသူ လေးတွေ က လည်း အဆန်းပါပဲ။ သူတို့ ကိုသွားမိတ်ဆက်တော့ သူတို့ ပြန်ပြောလိုက်တာ ကြားပြီး နားမလည်စွာနဲ့ အံ့အားသင့် ခဲ့ရဖူးတယ်။ သူတို့ ရှေ့ မှာ တည်နေခဲ့ ရပေမယ့် ကွယ်ရာရောက်မှ သူငယ်ချင်းနဲ့ ပြောပြီး ရယ် လိုက်ရတာဗျာ။ သူတို့ ဘာပြောတယ် မှတ်လဲ။ ငါတို့ ကလည်း ခန်တတ်ပါတယ်ဟယ်တဲ့။ သူတို့ က ငသတ် ကို နသတ် လို အသံဝဲနေမှန်း နောက် မှ ပဲ သိခဲ့ ရတာလေ။
ပြီးတော့ ကြောင်တောင် တောင် အဆောင် နာမည်တွေ က အစ ပေါ့။ ဥပမာ ထုတ်ပြရရင် My Youk Tiger Hostel, နတ်သျှင်နောင် နဲ့ ဓါတုကလျာ။ နာမည်လေးတွေ က တမင်အပြောင်ပေးထားတာလား၊ အတည်လားတော့ မသိဘူး။ ဒီလိုနဲ့ နတ်သျှင်နောင် နဲ့ ဓါတုကလျာ က လည်း ဟုတ်လို့ ဗျို့ ၊နတ်သျှင်နောင် နဲ့ ဓါတုကလျာ လက်သစ်လေး တွေ မွေးပေးနေတာလေ။ တခါတလေကျ နတ်သျှင်နောင် ဘက် က ထွက်လာတတ်တဲ့ တွံတေးစိုးအောင် သီချင်းနဲ့ အားလုံးကိုနှောင့်ယှက်တတ်တဲ့ မယ်ဒလင် ဆရာ ကို လည်း လွမ်းတယ်ဗျာ။
စာရေးကိရိယာ ရောင်းတဲ့ နွယ်ကသစ် နဲ့ ဖိုးသာထူး အကြော် ဆိုင် က လည်း ကျွန်တော် တို့ အသည်း စွဲပဲ။ ကောင်မလေးတွေ ညနေ ဈေးဝယ်ထွက်၊ ဘုရားဖူးထွက်၊ အကြော်စားထွက်ရင် ရှိုးရတာ လည်း အမောပေါ့။ ကိုယ်ကြိုက်တဲ့ ကောင်မလေး ပါရင် ကြိုဆိုပါ၏ ထိပ် ကို လိုက်သွားပြီး ဘာမှ မပြောပဲ ပြန်လာရတာလည်း ခုထိ လွမ်းနေဆဲ ပဲ ဗျာ။
အဆောင်မှာ ရေမလာရင် ကျောင်းထဲ ပြေးပြီး ရေချိုးရတာလည်း ပါသေးတယ်။ အညာနွေ အပူဆုံးအချိန်မှာ ရေမရှိတာ အဆိုးဆုံးပဲ။ အဲဒီတုန်းက တော်တော် ခံ ခဲ့ ရပေမယ့် ခုတော့ အဲဒါတွေ ပြန်လိုချင်လိုက်တာဗျာ။
ကျောင်း က Drawing Board တွေ လည်း အရင်တုန်းက လို သွားခိုးချင်သေးတယ်။ ဆရာတွေ အဆောင်လာစစ်ရင် နောက်ဖေးက ချောက်ထဲ ပစ်ထည့် ထားလိုက်တာပဲ။ သူတို့ ပြန်မှ ပြန်ထုတ်သုံးရတာပေါ့။
မိုးရွာရင် အဆောင်ထဲကနေတောင် ဓါတ်လိုက်မှာကို ကြောက်နေရအောင် ခြောက်တတ်တဲ့ အဆောင်ပေါ်က 66 KV ဓါတ်အားပေးလိုင်း ကို လည်း လွမ်းတယ်ဗျာ။
ချင်တောင်မ တောင်ကြောပေါ်ကနေ လှပတဲ့ ဧရာဝတီ ရဲ့ အကွေ့ အကောက်တွေ နဲ့ အတူ လွမ်းမော်ရှင် စေတီ တွေ ကို ကြည့်ရင်း ဘယ် ကို လွမ်းလို့ လွမ်းရမှန်းမသိ ခဲ့ တဲ့ အချိန်တွေ လည်း ပြန်လိုချင်တယ်ဗျာ။
အေးမြတဲ့ လပြည့် ည မှာ လွင်ထီးကျန် တောင် ကမုလေးပေါ်မှာ သူငယ်ချင်းတွေ စုထိုင်ပြီး စကားပြောရတာ က တော့ တကယ် အရသာ အရှိဆုံးပဲ။ အဲလို မိုးလင်းတဲ့ ညတွေ ဘယ်တော့ ပြန်ရမလဲဗျာ။
တော်ပြီဗျာ။ လွမ်းတာတွေ ကို နောက်မှ ဆက်ပြောပြမယ်။
ကောင်းတမာန်
No comments:
Post a Comment