စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Saturday, August 30, 2008

ဘ၀ကို တိုးတိတ်စွာ ငိုရှိုက်နေသူ


(၁)

ည……..။
ဒီည……….။
ကျူပ် အိပ်မပျော်ပြန်ဘူး………..။
ကျူပ်သိတယ်…………………….။
အဲဒါဆို ခါတိုင်းလို ကျူပ်ဟာ ဒီည အိပ်မက်ထဲမှာ ကျူပ် အမျိုးအဆွေ တွေ အိမ်မှာ ကျွန်တစ်ယောက်လို အလုပ်ကိစ္စတွေ သိမ်းကျူံး လုပ်နေလိမ့်ဦးမယ်။ အဆူ အငေါက်လည်း ခံ နေရလိမ့်ဦးမယ်…….။
ည အချိန်မတော်ကြီးမှ အလုပ်ပြီးလို့ အမေ့အိမ်ပြန်၊ အမေ နဲ့ မျက်နှာချင်း အပ်ပြီး ကျောင်းတက်ဖို့ အမျိုးတွေ ပေးလိုက်တဲ့ ပိုက်ဆံ ကို ရေရင်း ကျူပ်တို့ ငိုကြွေးနေလိမ့်ဦးမယ်။ ကောင်းကင် က ကြယ်တွေက ကျူပ်တို့ ကို သနားလို့ အဲဒီည မှာ တိုးတိတ်စွာ နေကြလိမ့်မယ်။တကယ်ဆို သူတို့တွေ ကျူပ်က ကူလီထမ်း သာသာပဲ ဆိုတာ မပြောရက်လို့ နှုတ်ဆိတ် နေကြတာဖြစ်မယ်။
ကျူပ်ဘ၀ က မနာသင့်ပဲနဲ့ အဲလောက် ကို နာကျည်းခဲ့ရတယ်ဗျာ။

(၂)

အိပ်မက်…….။
ဒီလို အိပ်မက် တွေ………..။
ကျူပ်ဘ၀ ကို ခြောက်လှန့် ခဲ့တာ ဟိုး…ငယ်ငယ်လေး ကတည်းကပါ…………။
ကျူပ်သိတယ်။ ဒီလိုညမျိုးဆို….ဒီလို အိပ်မက်တွေ ကျူပ်မက် လိမ့်ဦးမယ်……..။
ကျူပ်အမေ လည်း မက်နေလောက်တယ်။

ည……..။
ခုလိုညမျိုး…။
ကျူပ်ငယ်ငယ်ကတည်းက ကြောက်တယ်။

ဘ၀…….။
ခုလို ဘ၀မျိုး…။
ကျူပ်ငယ်ငယ်ကတည်းက ကြောက်တယ်။

(၃)
စိတ်မီးအိမ်….ရာ……….။
ရင်းနှီးလွန်းလို့ပါဗျာ………….။
ကျူပ် မင်းကို ဒီညတော့ ကျူပ်ရင်ကို ဖွင့်ချ ပြတော့မယ်။ကျူပ်ခု ဖွင့်ပြမယ့် ကျူပ်ဘ၀ ဟာ ခင်ဗျားအတွက် ယုံချင်စရာ ဖြစ်ချင်မှ ဖြစ်မယ်။ မဖြစ်နိုင်ဘူးလို့လည်း ခင်ဗျား ထင်ချင် ထင်လိမ့်မယ်။ ဒါပေမယ့် ကျူပ်မညာပါဘူး။ ကျူပ် ခင်ဗျားကို ဖွင့်ပြောလိုက်ရရင်ကို သက်သာပါပြီ…။ ဒါဆို စိတ်ပေါ့သွားအောင် ဘာလို့ စောစော ရင်မဖွင့်တာလဲ လို့ ကျူပ်ကို မေးဦးမှာလား စိတ်မီးအိမ်…။ မမေးပါနဲ့ဗျာ။ ကျူပ်က တိုးတိတ်စွာ ငိုရှိုက်ခြင်းတွေ ကို ဘ၀နဲ့ရင်းပြီး သင်လာ၊တတ်လာ ခဲ့ရတဲ့ ကောင်ပါဗျာ။ တခါတလေ သူများတွေလို ကျုယ်လောင်စွာ ငိုတတ်ချင်တယ်။ ဒါပေမယ့် ကျူပ် ရိုးရိုးလေး နဲ့ ကို ကျယ်လောင်စွာ မငိုတတ်ခဲ့တာပါ။

ထားပါ……….။
ကျူပ်ဘ၀အကြောင်း ကို ပဲ ခင်ဗျား နားထောင်ပေးပါဦး။ အားလုံးပြောရင် ခင်ဗျား ၀တ္ထုရှည်တစ်ပုဒ် ဖတ်ရသလို အချိန်ကုန်နေမှာစိုးလို့ ကျူပ်ဘ၀ ခံစားချက်တွေကို သိုသပ်စွာ၊ တိုးတိတ်စွာပဲ အကျဉ်းချုံး ငိုညည်းလိုက်တယ်ဗျာ။

တခုတော့ ကြိုတင် သတိပေးမယ်ဗျာ။ ဒါ ကောင်းတမန် ရဲ့ တကယ့်ဘ၀လားလို့ ပြန်မမေးကြေးနော် စိတ်မီးအိမ်………..။

(၄)
ကျူပ်ဘ၀ ကို သုံးပုံ ပုံရင် သူများတွေလို ပထမ အရွယ် ပညာရှာ၊ ဒုတိယ အရွယ် ဥစ္စာရှာ၊ တတိယအရွယ် တရားရှာ ဆိုတာ ဖြစ်မှ ဖြစ်လှပါ့မလားလို့ ကျူပ်ကြောက်နေမိတယ်။

အဲ…ခု ကျူပ်က ဒုတိယ အရွယ် ထဲမှာ…ဆိုတာ ခင်ဗျား သိပါတယ်။ ဒါပေမယ့် ကျူပ် ဥစ္စာ ရှာတဲ့ အဆင့်ကို မရောက်သေးဘူး။ ကျူပ် ဒါကို တွေးမိတော့ ငါ့ဘ၀များ တခုခု မှားယွင်းနေလား ဆိုပြီး စစ်ကြည့်မိတယ်။ ဘ၀ ကို သေချာ ခွဲခြမ်း စိတ်ဖြာ ကြည့်မိတယ်။

ကျူပ်ထင်တယ်။ ကျူပ် ဖြတ်သန်း ခဲ့ရတဲ့ ဘ၀ ဟာ တိုးတိတ်စွာ ငိုရှိုက်ခဲ့ ခြင်း တွေ နဲ့ ပဲ ပြည့်နှက် နေခဲ့တယ် ဆိုတာ။ ကျူပ်ငယ်ငယ်ကတည်းက တိုးတိတ်စွာ ငိုရှိုက်တတ်ခြင်း ကို ရခဲ့တယ်။ အဲဒီတုန်းက ဘာကြောင့် ကျူပ် အဲလို တတ်ခဲ့ မှန်း ကျူပ် မသိခဲ့ ရိုး အမှန်။ ဘ၀ ကြောင့် လို့ ပဲ ပုံချ ခဲ့ မိတယ် ထင်တယ်။ ဒီလို နဲ့ ကျူပ်ဟာ ကလေးဘ၀၊ လူပျိုပေါက်ဘ၀ နဲ့ ခု လူပျို မဟိုင်းတဟိုင်း ဘ၀ တွေကို တိုးတိတ်စွာ ငိုရှိုက်ရင်း ကုန်ခဲ့တယ် လို့ ဆိုရမှာပဲ။

နာကျည်းချက်တွေက တကယ် ကျူပ်ဘ၀ မှာ များခဲ့တယ်။
ဆွေမျိုးတွေက ကျူပ်ဆို မချစ်ဘူး။
ပတ်ဝန်းကျင်က ဘာမှ ဖြစ်လာနိုင်စရာ မရှိတဲ့ ကျူပ်လို ကောင်လေးကို ဘာကြောင့် စရိတ်ကုန်ခံ ကျောင်းထားရတာလဲလို့ ကျူပ် အမေ နဲ့ အဖေ ကို မေးငေါ့ ခဲ့ကြတယ်။
ဦးလေး အရင်းက တောင် ကျူပ်ကို ဂရုမစိုက် ခဲ့ဘူးဗျာ။
ချမ်းသာ ကြွယ်ဝ တဲ့ ကျူပ်တို့ အမျိုးအသိုင်းအ၀ိုင်း ကြားမှာ မွဲတေလှတဲ့ ကျူပ်တို့မိသားစု ရှိနေတာ ကိုက သူတို့ အတွက် အရှက်တခု လို့ ဗြောင်ဖွင့်ပြောဖူး တဲ့ အမျိုး တွေ ကြောင့် ဟိုး..နုနယ် လှတဲ့ ကျူပ် ကလေးဘ၀ ကို တကယ် ပဲ တိုးတိတ်စွာ ငိုရှိုက်မှု၊ အလိုမကျမှု နဲ့ မကျေနပ်မှု တွေ ကို စတင်ပေးအပ်ခဲ့တယ်။
ဒါပေမယ့် ကျူပ် ကျူပ်ကိုယ့်ကို အံ့သြမိတာက ကျူပ် သူတို့ အားလုံးကို သွေး နဲ့ ကို ချစ်မိနေတာ။ ဘယ်လိုမှ စိတ်မနာ ခဲ့တာ ပဲ။ ဒါပေမယ့် ဘ၀ကိုတော့ ကျူပ်က နာကျည်းတယ်။
ကျူပ်ဘ၀မှာ ဘယ်တော့မှ မမေ့တော့မယ့် နေ့က ကျူပ်ဒေါ်ကြီးတယောက် ရွှေထည်။ငွေထည် လက်ဝတ်ပစ္စည်းတွေ ယူလာပြီး ကျူပ်တို့ နောက်ထပ် ဒေါ်ကြီးတစ်ယောက်ရဲ့ မြေးအလှူပွဲမှာ ဟန်ဝတ်ပြဖို့ လာငှားတဲ့ နေ့ပဲ။
ကျူပ်နာကျည်းလိုက်တာဗျာ……..။ ပြန်တွေးရမှာတောင် ခါးသီးတယ်။
ကျူပ်ဒေါ်ကြီး ပြောသွားတာ ကျူပ်နားထဲမှာ ခုထိ အစိမ်းလိုက် ပြန်ကြားမိသေးတယ်။

“ငါတို့ ချမ်းသာတဲ့ အမျိုးအ၀ိုင်းထဲမှာ နင်တို့လို သောက်မွဲတွေ ရှိတယ်လို့ အပြောမခံနိုင်ဘူး။ ငါတို့ သိက္ခာအကျ မခံ နိုင်ဘူး။ ရော့ ဒီပစ္စည်းတွေ ယူထား။ အလှူနေ့ကျ ရင် အားလုံး ဝေပြီး ၀တ်လာခဲ့။ ဒါမှ ငါတို့ သူဌေးမျိုး ဂုဏ်မပျက်မှာ။”

(၅)

ဒါပေမယ့် ကျူပ် ကိုယ့်ဘ၀ ကို တကယ် သိခဲ့တယ်။
တကယ် နာခဲ့ပါတယ်။
ကျူပ် အရာရာ ကို ကြိုးစားခဲ့တယ်။
ဒါပေမယ့် ကြိုးစားမှုတွေက ရလာဒ် တွေ ပေးချိန်မှာ ကျူပ်ဟာ ဘ၀ ကို ကျယ်လောင်စွာ မရယ်တတ်ခဲ့ပြန်ဘူး။ ထူးဆန်းစွာ၊ တိုးတိတ်စွာ ကျူပ် ဆက် ငိုရှိုက်နေမိတယ်။ တကယ်ပါ ကျူပ်ဘ၀ ကို နားလည် တဲ့ ရင်းနှီး တဲ့ သူတွေ၊ ဟိုး ငယ်ဘ၀ အကြောင်း အကုန် သိတဲ့ လူတွေ.. ကျူပ်တိုးတိတ်စွာ ခုထိ ငိုနေတယ် ဆိုတာ ခင်ဗျားတို့ သိများ သိနေဦးမလားလို့ ကျူပ် တခါတလေ တွေးရှက်မိပြန်တယ်။
စိတ်မီးအိမ်…..ရေ ခင်ဗျားကတော့ ကျူပ်နဲ့ သိတာ တစ်နှစ်ပဲ ရှိသေးတော့ ကျူပ် ကို နားမှ လည်နိုင်ပါ့မလားဗျာ။

ဘာပဲ ဖြစ်ဖြစ်လေ။ ကျူပ် ဘ၀ ကို နေတတ်ရမယ်။
အမေ က ပြောဖူးတယ်။ ကျူပ်တို့ဟာ တိုးတိတ်စွာ ငိုရှိုက်ရတဲ့ ရက်တွေ ကုန်ခန်းရင် ကျယ်လောင်စွာ ရယ်မော နိုင်ကြလိမ့်မယ် လို့။ ကျူပ်တို့ မောင်နှမတွေ ဘ၀ကို ကျယ်လောင်စွာ ရယ်မော နိုင်စေဖို့ဟာ ကျူပ်အမေ သူဆင်းရဲ မကြီးရဲ့ ထာဝရ အိပ်မက်ပါ။ သူ့အိပ်မက် အတွက်အမေဟာ တိုးတိတ်စွာ ငိုရှိုက်ခဲ့ ရလွန်းခဲ့ သလို ကျူပ်တို့ တိုးတိတ်စွာ ငိုရှိုက်နေခဲ့ရင်လည်း တိုးတက်စွာပဲ မသိချင်ယောင် ဆောင်ပေးခဲ့တယ်။ တခါတလေ ကျူပ်တွေးမိတယ်။ အမေ ပြောတဲ့ ဘ၀ ကို ကျယ်လောင်စွာ ရယ်မောခြင်း ဆိုတာ ကျူပ်ဘ၀မှာ တတ်ရော တတ်ပါ့ဦးမလားလို့။ ဘာဖြစ်လို့ လဲ ဆိုတော့ ခုထက်ထိတောင် ကျူပ် မရယ်တတ်သေးလို့ပဲ။ ဒါမှမဟုတ် ကျူပ်ဘ၀ ကို ကျယ်လောင်စွာ မရယ်တတ်ခင်မှာ အမေ နဲ့ အဖေ ဟာ ကျူပ်တို့ကို ထားခဲ့ပြီး သူတို့ ဘ၀ ကို တိုးတိတ်စွာ နှုတ်ဆက် သွားမလား လို့ ကျူပ် တွေးပြီး ပူနေမိပြန်တယ်။

(၆)

ဘာပဲ ဖြစ်ဖြစ်လေ……………………………………………………………………။
..........................................................................................။
ကျူပ်တကယ် ပြောတာပါဗျာ……………………………………………………..။
.........................................................................................။
ဖြစ်နိုင်မယ် ဆိုရင်………..

ကျူပ်ဘ၀ ကို ……

တိုးတိတ်စွာ မငိုရှိုက်ချင်သလို….

အမြဲတမ်းလည်း ကျယ်လောင်စွာ မရယ်မောချင်ဘူး….။

အဲဒါအပြင်……..

ကျူပ်၊အမေ၊အဖေ နဲ့ မောင်နှမတွေ
တိုးတိတ်စွာ ဘ၀ ကို မနှုတ်ဆက်ခင်………..
အေးချမ်းစွာ ဘ၀ ကို နေသွားစေချင်သေးတယ်……။


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

3 comments:

အရိပ် said...

ကောင်းတမန်ရေ.... ပျော်ရွှင်အေးချမ်းတဲ့ ဘ၀တခုကို အနာဂတ်ကာလမှာ ပိုင်ဆိုင်နိုင်ပါစေလို့.....
ဆုတောင်းပေးပါတယ်....

Anonymous said...

ကောင်းတမန်ရေ….
လူတွေအားလုံဟာ ဘ၀ကို အငိုနဲ.စခဲ့တဲ့သူတွေချည်းပါပဲ့လေ။ ငိုရှိုက်ခြင်းကင်းတဲ့လူဆိုလို. မရှိလောက်ဘူးထင်ပါတယ်။ ဒါကြောင့် ငိုရှိုက်ခြင်းက ရှက်စရာမကောင်းဘူးလို. ထင်တယ်လေ။
လူရယ်လို.ဖြစ်လာမှတော့ ဆွေမျိုးဆိုတာတွေ၊ ပတ်ဝန်းကျင်ဆိုတာတွေနဲ. ဘယ်ကင်းနိုင်ပါ့မလဲလေ။ ကိုယ်က မှန်ကန်တဲ့လမ်းကိုပဲ့ ဆက်လျှောက်နေရင် ပတ်ဝန်းကျင်ကပြောတဲ့ စကားတွေဟာ အလိုလို ပျောက်ကွယ်သွားမှာပါ။
ဘုရားရှင်ဟာလည်း ကိုယ့်အပေါ်ရန်ပြုမယ့် သူတွေကို မေတ္တာအစွမ်းနဲ.အေးချမ်းစေခဲ့တာပဲ့လေ။ ကောင်းတမန်က ကိုယ့်ကိုထိုးနှက်ခဲ့တဲ့ လူတွေကို ချစ်နေသေးတယ်ဆိုတော့၊ ဒါဟာ မွန်မြတ်တဲ့စိတ်ဓာတ်နှင့် အောင်မြင်ခြင်းပဲ့ပေါ့။
ပစ္စည်းတွေ၊ ဂုဏ်ပကာသနတွေဆိုတာ မမြဲခြင်းတွေပဲ့လေ။ လူတွေအားလုံးဟာ တနေ.တော့ အားလုံးကို စွန်.ခွာပြီး တူညီတဲ့လမ်းကိုသွားရမှာပဲ့လေ။ ကိုယ့်ရဲ့ဖြူစင်တဲ့စိတ်နှင့်ကောင်းမှုတွေကသာ ကိုယ့်နောက်ကိုပါနိုင်တဲ့ အရာတွေပေါ့။
လောကထဲရောက်မှတော့ လောကဓံဆိုတာ လူတိုင်းခံကြရတာပေါ့။ ဒီလို အထုအထောင်းတွေ၊ခါးသီး နာကျည်းမှုတွေကိုအားပြုရင်း ရင့်ကျင့်လာရတာပဲ့မဟုတ်လား။ မိဘတွေတောင်မှ ကိုယ်လျှောက်ခဲ့ရတာထက် ရှည်တဲ့ ဘ၀ခရီးလမ်းမှာ ဦးဆောင်လမ်းပြလုပ်ရင်း ကိုယ့်ကိုလက်တွဲခေါ်ခဲ့တာပဲ့လေ။ ကိုယ်လည်းတနေ. သူတို.တွေကို ပြန်တွဲခေါ်နိုင်ရမှာပေါ့။ မိဘဆိုတာ ပေးဆပ်ခြင်းကိုသာဦးစားပေးကြတဲ့ စုန်ရေပဲ့လေ။ သားသမီးတွေဆီက ဘာမှပြန်မရလဲ မေတ္တာမပျက်ချစ်နေတတ်ကြတာပဲ့မဟုတ်လား။ ကောင်းတမန်ရဲ့ပြန်လည်ပေးဆပ်ချင်တဲ့ စိတ်ကိုသိရင် ကြည်နူးစိတ်နှင့်ပိတိဖြစ်နေကြမှာပါ။
ကောင်းတမန်ဟာ လောကဓံမှာ မယိုင်လှဲဘဲ ကြိုးစားလှော်ခတ်ပြီ ခုလိုအတိုင်းတာတစ်ခုထိ အောင်မြင်နေတာဟာလည်း မိဘတွေအတွက် အားတစ်ခုဖြစ်နေမှာသေချာပါတယ်။ ကောင်းတမန်ဟာ တည်ငြိမ်ရင့်ကျင်တဲ့လူတစ်ယောက်ဖြစ်မယ်လို.ထင်ပါတယ်။ အမေကလည်းရှေ.မှာတည်ငြိမ်စွာဦးဆောင်ပြခဲ့တာပဲ့ မဟုတ်လား။ ကောင်းတမန်ကလည်း သူတို.အတွက် အားတစ်ခုအဖြစ်ပြန်လည်ပေးစွမ်းနိုင်မယ်၊ ဆန္ဒရှိတဲ့အေးချမ်းတဲ့ ဘ၀ကိုလည်း ဥမကွဲသိုက်မပျက် အတူတကွ ခံစားနိုင်လိမ့်မယ်လို. ယုံကြည်မိပါတယ်။
ငိုရှိုက်ခြင်းအမျိုးမျိုးနဲ.ကင်းဝေးပြီး မျှော်လင့်ထားတဲ့ ဘ၀ခရီးလမ်းကို ချစ်သောသူများနှင့် မတူတကွ အေးချမ်းစွာလျှောက်လှမ်းနိုင်ပါစေလို. လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်။……။.

magyi-parchuu said...

ကောင်းတမန်ရေ

ငိုချင်လျှက်နဲ့ ရှိုက်ရုံဘဲ ရှိုက်နိုင်တဲ့ အဖြစ်ဟာ ကမ္ဘာပေါ်မှာ မင်းတစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီခန္ဓာရှိနေမှတော့ ဒီလိုမျိုးတွေ ဆိုတာလည်း ရှိနေမှာဘဲလေ။ ဆွေမျိုးဆိုတာ သွေးတော်မှ စပ်လို့ရတာ မဟုတ်ပါဘူး..... ခင်ရာဆွေမျိုး ဆိုတဲ့ စကားကိုလည်း မင်းကြားဘူးမှာပေါ့။ မင်းပတ်ဝန်း ကျင်မှာရှိနေတဲ့ မင်းနဲ့ စိတ်တူ ကိုယ်တူ အားလုံးဟာ မင်းရဲ့ ဆွေမျိုးတွေပါ။ မိဘကို လုပ်ကြွေးခွင့်ရမှာပါ ကျေးဇူး ဆပ်ချင်နေတယ် ဆိုတဲ့ စိတ်ကလေး ရှိနေတာကိုက ကုသိုလ်တွေ ရနေပါဘီ။ မင်းကျေးဇူးဆပ်တာကို အပြည့်အ၀ယူဘို့ မင်းရဲ့ မိဘနှစ်ပါ့ဟာ အသက်ရှည်ကြဦးမှာပါ။ ဖြစ်ပီးခဲ့တဲ့ အတွေ့အကြုံတွေကြောင့် ယုံကြည်မှုတွေ အပြည့်အ၀နဲ့ ဘ၀ကို ပျော်ပျော်ကြီး လျှောက်လှမ်းနိုင်တဲ့ အရည်အချင်းတွေ မင်းဆီမှာ အပြည့်ရှိနေပါတယ်။