ပိတောက်ဦး နှင့် သင်္ကြန်မိုးပြေး
(၁)
အတွေးတွေ…….။ သင်္ကြန်ရောက်တော့မည် ဆိုတော့ သင်္ကြန်က ကိုယ့်ကို တော်တော်လေးကို လွမ်းမိုးနေတာပဲ ဆိုတာ ပိုသိလာမိ၏။
မလွမ်းမိုးပဲ နေမည်လား။ တကယ်တော့ ကျွန်တော်နှင့် သူ ခွဲနေခဲ့ရာတာ ကြာပြီ…………..။ သင်္ကြန်ရေ ကိုယ့်ကို မှတ်မိသေးလား….။ မင်းနဲ့ ပိတောက်တွေကို ပြန်တွေ့ချင်လှပြီ။ မိုးပြေးလေး နဲ့ အတူ ကိုယ့်ဆီ မင်းလာခဲ့မလား။ ကိုယ်ကတော့ မင်းဆီ ပြန်လာနိုင်တဲ့ အခြေအနေ ကို မရောက်သေးဘူးဆိုတာ မင်း သိတယ် မဟုတ်လား။ မင်း နဲ့ ကိုယ် ၃ နှစ် ခွဲထားရပြီး တကယ်လို့ ဒီနှစ်တာ ကိုယ့်ဆီ မင်းပြန်လာခဲ့ရင်……..။
(၂)
ယနေ့ နံနက် ၆ နာရီလောက်တွင် သင်္ကြန်မိုးနှင့် အတူ ပိတောက်ပန်း ရနံ့ တွေ သင်းပျံ့နေသည်ဟု အိပ်မက်မက်သလို၊ တကယ် ခံစားရသလို ဖြစ်ပြီး နိုးလာသည်။ နိုးလာတော့ မိမိ နေထိုင်သည့် ကလီမန်တီ တိုက်အမှတ် ၄၀၁ နားက ပိတောက်ပင်တွေကို အကုန် လိုက်စစ်ရန် အိမ်နောက်ဘက်က ပြတင်းပေါက်ဆီသို့ အပြေးထသွားကြည့်မိသည်။ တကယ်များ ပိတောက်တွေ ပွင့်နေပြီလား။ ကျွန်တော် တကယ် ပိတောက်ပန်း ရနံ့ တွေ ရနေတာလား။ ပိတောက်ရေ ၃ နှစ်ခွဲခွာ ခဲ့ရပြီး ခုမင်း ငါ့ဆီ ပြန်လာတာများလား။ ရင်ခုန်နေပြီ။ ပိတောက်တွေကို တအားကြည့်ပြီး တအား နမ်းပစ်လိုက် ချင်နေပြီ။ သို့ပေမယ့် ၆ နာရီ ကျော်လောက်တွင် အရောင်တွေကို သဲသဲကွဲကွဲ မမြင်ရသေး။ တကယ်ပွင့်နေတာဆို ဘယ်အပင်ကလည်း။ တိုက်အမှတ် ၄၀၁ မှာက ပိတောက်ပင်တွေ အတန်းလိုက်။ တောပိတောက်ရော ကုလားပိတောက်ပါ ရောယှက်လျက်။ ဒီလိုနှင့် တကယ်ပဲ ပွင့်နေတာလား၊ ငါ့စိတ်က ထင်လို့လား ဆိုပြီး အလင်းရောင် လာအောင် စောင့်ရင်း သူငယ်ချင်း ကိုတောင် ဖုန်းဆက် ပြောဖြစ်သေးသည်။ သူလည်း ကိုယ်လိုပဲ ပိတောက်တွေ အကြောင်းပြောတော့ ရင်ခုန်နေပြီတဲ့လေ။ စောင့်နေရင်း မိုးပြေးလေး တချက် ၀င်ခွေ့လိုက်တော့ ပိတောက်ပင်လည်း နည်းနည်း အလိုက်သင့် ယိမ်းယိုင် ပြီး မိုးပြေးနဲ့အတူ ပြေးဆော့ နေသလို။ ကျီစယ် နေသလိုပင်။ ပိတောက်သာ တကယ် ပွင့်နေပြီဆိုလျှင် ဒီမိုးဟာ သင်္ကြန်မိုးဖြစ်မှာပဲ ဟု တွေးမိသည်။ ပိတောက်ပန်း နှင့် မိုးကို တော်တော်ကြီးမြင်ချင်နေပြီ။ ရင်တွေလည်း ခုန်နေပြီ။ ထို့ကြောင့် အလင်းရောင် လာအောင် အ၀တ်လျှော်ရင်း ကျွန်တော် စောင့်နေလိုက်သည်။
(၃)
ကျွန်တော် က သင်္ကြန် နှင့် ပိတောက်ကို ခွဲခဲ့နေရသည်မှာ ဒီနှစ်ပါဆိုလျှင် ၄ နှစ်ပြည့်ရှိပြီ။ အရင်နှစ်တွေတုန်းက အင်ဒိုနီးရှားမှာ ဆိုတော့ ပိတောက်ကို မခံစားရ။ အင်ဒိုတွင် ပိတောက်ရှိ၏။ သို့သော် ထိုပိတောက်သည် သင်္ကြန်တွင် မပွင့်။ သူပွင့်ချင်သည် အချိန်သာ ပွင့်သည်။ ခုတော့ စင်္ကာပူမှာ။ သင်္ကြန်နှင့် ပိတောက်ကို ဒီရောက်ပြီး တခါမှ မခံစားရသေး။ ဒီနှစ်တော့ အိမ်နားမှာ ပိတောက်တွေ ရှိ၍ ပွင့်လျှင် တော်တော်ပျော်ရမှာပဲ လို့ တွေးမိပြီး သင်္ကြန်ကို ရင်ခုန်စွာ စောင့်နေခဲ့မိသည်မှာ ကြာခဲ့ပြီ မဟုတ်လား။ ဘာပဲပြောပြော အမိမြန်မာနိုင်ငံ နှင့် စွပ်ချွတ် ကြီး မတူလျှင်တောင် သင်္ကြန်ဆို ပိတောက်ပန်း နှင့် သင်္ကြန်မိုး နှင့်မှ သင်္ကြန်ပီသသည်ဟု မိမိက ထင်သည်။ ပိတောက်မရှိ၊ မိုးမရှိလျှင် သင်္ကြန်မဟုတ်သလိုပဲ ခံစားရသည်။ ငယ်စဉ်တုန်းက အညာတွင် သင်္ကြန်မိုးသည် တချို့နှစ်များတွင် မိုးပြေးလေးသာပဲ ဖြစ်သည်။ တချို့နှစ်များတွင် မုန်တိုင်းနှင့်အတူ သစ်ပင်အကိုင်းတွေကျိုးအောင် ရွာချသည့် မိုးမျိုး။ ဘယ်လို မိုးမျိုးပဲ ဖြစ်ဖြစ် သင်္ကြန်တွင် ရွာသည့် မိုးဆိုလျှင် သင်္ကြန်းမိုးဆိုပြီး ကျွန်တော် တို့တော့ အရမ်းပျော်သည်။ မိုးဦးကျရာသီ ၏ မြေသင်းနံ့ နှင့် ပိတောက် နံ့ ကို ရမှ သင်္ကြန်ကို တကယ်ပျော်ကြတာ မြန်မာ ဓလေ့ပင် မဟုတ်လား။ ထိုဓလေ့တို့ကို ငယ်စဉ်ကတည်းက အရိုးစွဲခဲ့ ရသော်လည်း အသက်ကြီးမှ ခွဲခွာ ထားရစ်ခဲ့ရသည်မှာ ယခုဆိုလျှင် ၄ နှစ်ပြည့်တော့မည်။
(၄)
၇ နာရီ ၁၅ မိနစ်လောက် အချိန်တွင်တော့ အလင်းရောင်က အရှင်းသား မြင်နေရပြီ။ စောင့်နေသည့် နောက်ဘက် ပြတင်းပေါက်မှ ပိတောက်ပင်တွေ အကုန်လုံးကို သေချာ စိစစ်မိသည်။ ဟော တွေ့ပြီဗျ….။ ပိတောက်တွေ။ တောပိတောက်ပင် မှာ ပွင့်နေသည်။ ဒါကြောင့် ဒီကောင် အဲလောက် မွေးနေတာကိုး ဟု ကောက်ချက်ချမိသည်။ ပိတောက်က နှစ်မျိုးရှိသည်မဟုတ်လား။ တောပိတောက် နဲ့ ကုလား ပိတောက် ။ ကုလားပိတောက်က လှတော့ လှပြီး ရနံ့ က မသင်းပေ။ ပြီးတော့ သူက သင်္ကြန်မဟုတ်လည်း ပွင့်ချင် ပွင့်တတ်သေးသည်။ ထို့ကြောင့် အရောင်နည်းနည်း မှိန်သော်လည်း အနံ့သင်းသည့် တောပိတောက်ကိုမှ၊သင်္ကြန်မှ တစ်နှစ်တစ်ခါ ပွင်တတ်သည့် တောပိတောက်ကိုမှ ကျွန်တော် ပိုနှစ်သက်မိသည်။ ခုတော့ တောပိတောက်တွေ တကယ် ပွင့်နေပြီ။ ဒီကောင်တွေ ကို မြင်မှပဲ စောစောက ရွာနေသည့်မိုးပြေးသည် သင်္ကြန်မိုးပြေးလေးပဲ ဟု လက်ခံမိသည်။ သင်္ကြန်မိုးပြေးလေးကလည်း သိပ်မကြာလိုက်ပေ။ ပိတောက်ပန်း၊ပိတောက်ဖူးတွေ စိုရုံလေး ပဲ ဖျန်းပက်သွားသည် ဆိုရုံလေးသာ။ သြော်…….အမိ မြန်မာပြည်ကို လည်းလွမ်းမိသည်။ အညာကို လည်း လွမ်းသည်။ ပိတောက်ကို လည်း လွမ်းသည်။ သင်္ကြန်ကို လည်း လွမ်းသည်။ ရွာပြန်ပြီးလည်း ရေပက်ချင်သည်။ ဥပုသ် လည်း စောင့်ချင်သည်။ ဝေဆာနေသောပိတောက် တမလောက်ကို အပင်ပေါ်ကိုယ်တိုင် တက်ခူးပြီး ချစ်သူ ဆီ ပိတောက် ပန်းတပွေ့ကြီး၊ ပိတောက်ခိုင်းတွေ တပွေ့ကြီးနှင့် လည်း အပြေးသွား ရေပက်ချင်သည်။ ပိတောက်ပန်းဦး နှင့် သင်္ကြန်ရေးဦးဖြင့် ကိုယ့်ချစ်သူအား အဦးဆုံး ဖျန်းပက်ချင်သည့် စိတ်ဓါတ်ကလေးသည်ပင် မြန်မာ ယောက်ျားတို့၏ ချစ်စရာ့ ဓလေ့လေးတခုဖြစ်သည်။ တက်ကြွသည့် လူငယ်ဘ၀ တုန်းက ပိတောက်နံ့ သင်းသင်း၊ လူငယ်ရနံ့ သင်းသင်း နှင့် သင်္ကြန်ကို ပျော်ခဲ့ကြတာ မှတ်မိနေမိသည်။
(၅)
အညာရေ……….ပိတောက်နဲ့ အတူ၊ သင်္ကြန်မိုးနဲ့ အတူ………သင်္ကြန်မှာ မင်းဆီ ပြန်ခဲ့ရင် မင်းရဲ့ သင်းပျံ့ တဲ့ မြေသင်း ရနံ့ နဲ့ ကိုယ့်ကို ကြိုနေမှာလား…………။ ချစ်သူရေ မင်းကိုယ် ပိတောက်တပွေ့ပေးနိုင်အောင် အညာ ကို ကိုယ့်ကို လာကြိုဖို့ ပြောထားပေးဦးနော်။
ဘာပဲပြောပြော ဒီနံနက် ဦးဦးဖျားဖျား မြင်တွေ့လိုက်ခံစားလိုက်ရသည့် ပိတောက် နှင့် သင်္ကြန်မိုးကို ချစ်သူအတွက် သိမ်းထားလိုက်သည်၊ ချစ်သူနှင့် မျှဝေလိုက်သည်ဆိုသည်ကို ချစ်သူသာ သိနိုင်မည် ဆိုလျှင် ထို ပိတောက် နှင့် သင်္ကြန်မိုးကို ချစ်သူနှင့် အတူ ခံစားခဲ့ရသည်ဟု ကျွန်တော် ၀မ်းသာမိမည်သေချာနေပါသည်။
(စကားချပ် - နောက်မှ ပိတောက်ပန်းတွေ ကို ဓါတ်ပုံရိုက်ပြီး တင်ဦးမယ်ဗျာ။ နှစ်သစ်မှာ ရွှင်လန်းပါစေ။ ကိုယ်စိတ်နှလုံး အေးချမ်းကြပါစေ)
အချိန် - ၈ နာရီ ၃၅ မိနစ်
ရက်စွဲ - ၁၁၊၀၄၊၀၈။
တန်ခူးလဆန်း ၇ရက်၊ မဟာသက္ကရာဇ် ၁၃၇၀။
နှစ်သစ်ကူးရုံးပိတ်ရက် ပထမရက်
နေရာ - ကလီမန်တီ တိုက်အမှတ် ၄၀၁
6 comments:
သင်္ကြန် နှင်. ပိတောက် ကို ကိုယ်တိုင် မြင်တွေ.ခံစားခွင်.မရတဲ. အချိန် မှာ ခံစားချက်လေးတွေ မျှဝေ ခွင်.ရလိုက် လို. ကျေးဇူးပဲ.နော် ...
ဒီနေ.မနက် ရွာတဲ.မိုးလေးတွေကို သင်္ကြန်မိုးလို. တွေးပြီး ကြည်နူးမိပေမဲ့.... ပိတောက်ပင် တွေမရှိလို. ပိတောက်ပန်းရနံ့ လေးတော. မရလိုက်ဘူး....
ကောင်းတမန်ရေ.... နှစ်သစ်မှာ ဘ၀ နှင်. ဆန္ဒ တထပ်တည်း ကျနိုင်ပါစေ......
ကောင်းတမန်ရေ... လူလည်မကျနဲ့နော် ..ပိတောက်ကိုလွမ်းတာလား ချစ်သူကိုလွမ်းတာလားဆိုတာကို ရှင်းရှင်းလင်းလင်းခံစားရင်ဖွင့်ရင်လည်း စိတ်မီးအိမ်ကလက်ခံမှာပါဟာ....
အင်းပါ...အင်းပါ...အစ်ကို့ခံစားချက်ကိုသိနေတယ်နော် အနော်လည်း လွမ်းတယ်....
ဟား....ဟား... လွမ်းတာက တစ်ယောက် ပိတောက်က တရားခံ
ဟူး.........သင်္ကြန်မှာ....
ဝိုင်းထောင်းကြပြီလား.........
ချစ်သူလွမ်းတာ ပါပါတယ်ဗျာ။
ဒါပေမယ့် ပိတောက်တွေကို တရားခံ ရှာတာ မဟုတ်ပါဘူး။ သင်္ကြန် နဲ့ ပိတောက်ကို တကယ်လွမ်းမိတာပါဗျာ။
ကောင်းတမန်ရေ... ဘာမှလာရှင်းပြမနေနဲ့ စခန်းရောက်မှရှင်း။ ( မှတ်ချက်.... လားရှိုးမပါ )
Post a Comment