စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Saturday, September 20, 2008

အင်္ဂလိပ်စာ လေ့လာနည်း


ညီလေး ...

ညီလေး ရဲ့ အတန်းတင်စာမေးပွဲတွေလည်းပြီးတော့မယ် ဆိုတော့ ကျောင်းပိတ်ရက်ရှည်မှာ အင်္ဂလိပ်စာ လေ့လာနိုင်အောင် နည်းလမ်းအချို့ရေးပေးလိုက်တယ် ...။ အင်္ဂလိပ်စာလေ့လာရာမှာ အဓိကလိုက်နာရမည့် အချက် (၅) ချက် ရှိတယ်။ အားလုံးထဲကမှ အမှတ်စဉ် (၁) က အရေးအကြီး ဆုံးပဲ။ အခုအမှတ်စဉ် (၅)ကနေ စပြီးဖော်ပြပေးလိုက်တယ် ..။

(၅) အင်္ဂလိပ်စာ လေ့လာခြင်းကို ၀ါသနာပါအောင်လုပ်ပါ၊ ပျော်စရာ ဖြစ်အောင် လုပ်ပါ။
ရက်သတ္တတစ်ပတ်လျှင် အနည်းဆုံး ၂ နာရီမှ ၃နာရီ အထိ အင်္ဂလိပ်စာကို လေ့လာပါ။
အင်္ဂလိပ်စာလေ့လာရာ မှာအခုနည်းလမ်းတွေကို အသုံးပြုခြင်းဟာ အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းတွေပါပဲ ..။
စာဖတ်ခြင်း။ ။ မိမိ အင်္ဂလိပ်စာ အဆင့် နှင့် ညီမျှသော စာအုပ်များဖတ်ရှူလေ့လာပါ။
Good English နှင့် English Grammar In Use စသော အခြေခံ အင်္ဂလိပ် သဒ္ဒါစာအုပ်များ ကို ဖတ်ပါ။ ဒီစာအုပ် နှစ်အုပ် က အခြေခံ ကနေ အလယ်အလတ် အဆင့်ထိ ရှင်းပြထားတော့ လူတိုင်းနဲ့ သင့်လျော်တယ်။( ဒီ စာအုပ် နှစ်အုပ် လုံး ငါ မင်းကို ၀ယ် ပေးပြီးသားပါ၊ မင်းအနေနဲ့ စနစ်တကျ လေ့လာဖို့ပဲ လိုတော့တာပါ )
အင်တာနက်။ ။ အင်တာနက်မှ တစ်ဆင့် လေ့လာခြင်း။ ဒီနည်းလမ်းကတော့ လူတိုင်းနဲ့ အဆင်ပြေမှာမဟုတ်ဘူးကွ။ ငါတို့ နိုင်ငံ မှာ တော့ အင်တာနက် ကဈေးကြီးတော့ အင်တာနက်မှာ စာသင်လို့ မဖြစ်ဘူး။ ဒါပေမယ့် … တတ်နိုင်ရင်တော့ အင်တာနက် က အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးပါပဲ။
အင်္ဂလိပ်သီချင်းများနားထောင်ခြင်း။ ။ မင်းအကြိုက်ဆုံး အင်္ဂလိပ်သီချင်းနဲ့ စာသားတွေကို စုဆောင်းပါ။ အိမ်နီးချင်းတွေ၊သူငယ်ချင်းတွေက “တော်ပါတော့” လို့ပြောတဲ့ အထိ မကြာ ခဏသီဆိုပါ။
အင်္ဂလိပ်စာတန်းထိုး ဇာတ်လမ်းများကြည့်ခြင်း။ ။ ဒီနည်းလမ်းကတော့ မင်းအကြိုက်ဆုံး နည်းလမ်းဖြစ်မယ်ထင်တယ်။ မင်းလို ကျောင်းသားတစ်ယောက် အနေနဲ့ စနေ၊တနင်္ဂနွေနေ့ တွေမှာဒီလို နည်းလမ်းနဲ့ အချိန်ုကုန်တာ အကျိုးရှိမှာပါ။ အင်္ဂလိပ်စာ ဗဟုသုတ ရသလို အပန်းဖြေအနားယူ ပြီးသားလည်းဖြစ်သွားတာပေါ့။ ဒါပေမယ့် အထိရောက် ဆုံးဖြစ်ချင်တယ် ဆိုရင်တော့ လက်ထဲမှာ အိတ်ဆောင် အဘိဓာန်လေးကိုင်ထားပါ။ မသိတဲ့ စကားလုံးပါရင် ချက်ချင်းကြည့်ပါ။ ဒီလို နည်းလမ်းနဲ့ သိရတဲ့ စကားလုံးတွေဟာ မေ့မှာ မဟုတ်တော့ပါဘူး။
အင်္ဂလိပ် မဂ္ဂဇင်းများ။ ။ အင်္ဂလိပ်စာ လေ့လာဖို့ ထုတ် တဲ့ မဂ္ဂဇင်းတွေ အများကြီးပါ။ ဥပမာ… The Light of English , English for All တို့ ကို တစ်လတစ်ဆောင် ၀ယ်ဖတ်ပါ။ အားလုံး ၀ယ်စရာ မလိုပါဘူး၊ မင်း အကြိုက် တစ်မျိုးလောက် ကို လစဉ်လေ့လာရင် မင်းရဲ့ အင်္ဂလိပ်စာ သိသိသာသာ တိုးတက်လာမှာပါ။ ဒီစာအုပ်ကို ပဲ နောက်လ အသစ်မထွက်ခင် တစ်လအတွင်းမှာ ပြီးအောင်ဖတ်ရုံပါပဲ။ ပြီးရင် စာအုပ်တွေကို သိမ်းထားပါ၊နောင်တချိန် လိုအပ်ရင် ပြန်သုံးရတာပေါ့။
နောက်ပြီး ညီလေးကို သတိပေးရဦးမယ်..။ မင်းရဲ့ကျန်းမာရေး၊ပညာရေးတို့အတွက် သုံးတဲ့ ကုန်ကျစရိတ်ကို ဘယ်တော့မှ နှမြောတွန့်တိုခြင်း မဖြစ်ပါနဲ့...။ ဒါတွေဟာ နောင်တချိန် မင်းဘဝတိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှူတွေဆိုတာကို သတိရပါ ..။

(၄) ပုံမှန် လေ့လာပါ။
အင်္ဂလိပ်စာလေ့လာခြင်းကို အချိန်အကြာကြီးရပ် မထားပါနဲ့၊။ နောက်ပြီး တစ်ထိုင်တည်းနဲ့ အချိန်အကြာကြီး မလေ့လာပါနဲ့။ မလေ့လာတာကြာသွားရင် အားလုံးမေ့ သွားပြီး အစကနေ ပြန်လေ့လာနေရမယ်။ တစ်ချိန်တည်းနဲ့ အကြာကြီးလေ့လာမယ် ဆိုလည်း ကြာလာရင် ငြီးငွေ့သွားမယ်။ အကောင်းဆုံးကတော့ တစ်နေ့ ကိုနာရီဝက်လောက် လေ့လာတာ ကောင်းဆုံးပဲ။ ပိုပြီး မြန်မြန် တိုးတက်ချင်တယ်ဆိုရင်တော့ တစ်နေ့ကို တစ်နာရီလောက်လေ့လာပါ။ တစ်ပတ်ကို အနည်းဆုံး (၅)နာရီလောက်လေ့လာပါ။

(၃) ကျောင်းသင်ခန်းစာတွေကို စနစ်တကျလုပ်ပါ။
အင်္ဂလိပ်စာအချိန် စာသင်ခန်း အတွင်းမှာ ဆွေးနွေးတိုင်ပင်ပါ။ အင်္ဂလိပ်စကားပြောကြည့်ပါ။ အချင်းချင်း တိုင်ပင်ခြင်းအားဖြင့် အပြန်အလှန် အင်္ဂလိပ်စာ တိုးတက်လာစေနိုင်သည်။ ကျောင်းပြဌာန်းစာအုပ်ကို မကြာမကြာ ဖတ်ပါ၊ ဝေါဟာရအသစ်တွေကို လေ့လာပါ။
အရေးအကြီးဆုံးကတော့ အိမ်စာတွေလုပ်ပါ၊ အင်္ဂလိပ်စာ အချိန်တွေကို မပျက်မကွက်တက်ပါ။

(၂) ဆရာကို မေးပါ။
ဆရာ တစ်ယောက်နဲ့ အတူ ဆရာ့ ရဲ့ လမ်းညွှန်မှူနဲ့ လေ့လာရင်တော့ ပိုပြီး စနစ်ကျမယ်၊ပိုပြီး အချိန်မှန် လေ့လာဖြစ်တာပေါ့။ ဒါပေမယ့် … မင်းလို တက္ကသိုလ်ကျောင်းသားတစ်ယောက်အနေနဲ့ အခြေခံအဆင့် လောက် ကိုတော့ သိပြီးသားပါ။ ရှေ့ဆက်ပြီး ကိုယ်တိုင်လေ့လာဖို့ပဲ လိုတော့တာပါ။
အဲဒီအတွက်လည်း ငါမင်းကို အတော်အသင့် ပြောပြရှင်းပြထားပြီးသားပါ။
အင်္ဂလိပ်စကားပြောတတ်ဖို့ ကိုတော့ မင်းဒီအချိန်မှာ မစဉ်းစားပါနဲ့ဦး။ အင်္ဂလိပ်သဒ္ဒါ နဲ့ ဝေါဟာရကြွယ်ဝလာပြီ ဆိုရင် အင်္ဂလိပ်စကားပြော က မတတ်ချင်လို့ကို မရတော့ပါဘူး။

(၁) လေ့လာဖို့ရာ မင်းတာဝန်
အင်္ဂလိပ်စာလေ့လာဖို့ရာ မင်းတာဝန်ပါ၊ မင်းကို သင်ပေးတဲ့ ဆရာရဲ့တာဝန်မဟုတ်ပါဘူး။ ကိုယ်တိုင်စလေ့လာရပါမယ်၊ ဆရာက ကိုယ်စားလေ့လာပေးလို့မရပါဘူး.။ ဆိုလိုတာက… အချိန်များစွာ မင်းတယောက်တည်း လေ့လာနေရမယ်…။
ဒီအမှတ်စဉ်(၁) ကနေစပြီး အမှတ်စဉ်(၂.၃.၄.၅) အစဉ်အတိုင်း လိုက်နာသွားရုံပါပဲ။ ဒီနည်းအတိုင်း စိတ်အားထက်သန်စွာနဲ့ ရေရှည် လေ့လာသွားရင် အင်္ဂလိပ်စာမှ မဟုတ်ဘူး ဘယ်ဘာသာစကားမဆို အချိန်တိုအတွင်းမှာ တတ်မြောက်သွားမှာပါ။
မင်းသိထားရမှာက …..
“စိတ်ဝင်စားလေ၊ ပိုပြီးလေ့လာလေ။
ပိုပြီးလေ့လာလေ၊ မြန်မြန်တတ်မြောက်လေ” ဆိုတာပါပဲ။

မင်း ရဲ့စာမေးပွဲပြီးသွားရင် စာမေးပွဲ အခြေအနေကို စာပြန်ရေလိုက်ဦးကွာ..။ နောက်ပြီး ကျောင်းပိတ်ရက်မှာ မင်း ဘာလုပ်ဖို့ စဉ်းထားလဲ ဆိုတာပါ ထည့်ရေးလိုက်ပါ..။


မင်းရဲ့ အစ်ကိုကြီး ...
ခိုင်မြဲ
စက်တင်ဘာ ၂၀၊ ၂၀၀၈။

No comments: