စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Monday, February 11, 2008

“မုန်းချောင်းနံဘေး ဧရာဝတီမှာရေးတဲ့သစ္စာ“

အမေက ကျွန်တော့်ကို ဧရာဝတီမြစ်ကြီးနဲ့ မလှမ်းမကမ်း မုန်းချောင်းနံဘေး ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ပါတယ်။ ကျွန်တော် တစ်ယောက်တည်းမို့ အမေ့အပေါ်ရော အဖေ့အပေါ်ပါ အလိုလိုက် အမိုက်စော်ကား ဆိုးမိုက်တဲ့သားတစ်ယောက်ဖြစ်ခဲ့ ပါတယ်။ အမေ့ အသက်အရွယ်ထောက်တော့မှ အသိစိတ် အနည်းငယ်ဝင်ပြီး အမေ့ကို လုပ်ကျွေးပြုစု ခဲ့ရပေမယ့် အချိန်ကာလ အင်မတန် တိုတောင်းခဲ့ပါတယ်။ အမေ့ကျေးဇူးကို ဆံချည်တမျှင်စာမျှ ကျေအောင်မဆပ်နိုင်သေးခင် အမေဟာ လူ့ဘ၀ကို စွန့်ခွါသွားခဲ့ပါတယ်။ ယူကြုံးမရ နောင်တများစွာထွေးပိုက်ရင်း ကျွန်တော့်ရင်တွေ ကျွမ်းမြိုက်ပူလောင်ခဲ့ရပါတယ်။ အမေ့ကျေးဇူးတွေကို အဖန်ဖန်အောက်မေ့ရင်း ရင်ထုမနာဖြစ်ခဲ့ရပါတယ်။ ရင်ထဲမှာခံစားရ သမျှကို ကြိုးစားပြီး အမေ့ကို ရည်မှန်းပြီး ကဗျာမှတ်တမ်းတစ်ပုဒ်အဖြစ် ရေးသားခဲ့ပါတယ်။ သည်ကဗျာကို ဖတ်မိလေတိုင်း မျက်ရည်အခါခါဝဲခဲ့ရပါတယ်။ ကျွန်တော့်ကဗျာကို မျှဝေခံစား ဖတ်မိသူများလည်း အမေ့မေတ္တာတရားတွေကို အပြည့်အ၀နားလည်ပြီး အမေ့ကျေးဇူးကို တတ်နိုင်သမျှ ဆပ်နိုင်ကြပါစေလို့---------------
“အမေသိပါစေ”
နွေမျက်ရည်ဝေ၊ အမေပျက်ကြွေ
သက်ကြွေခန္ဓာ၊ ကံကြမ္မာလား
သနားမဲ့စွာ၊ ထားခဲ့ပါပြီ။
သည်တစ်နွေသည်၊ ဝေသီမျက်ရည်
အလွမ်းတွေနှင့်၊ ကျွမ်းစေသင့်ခဲ့။
သည်တစ်နွေဦး၊ မျက်ရည်အိုင်လူး
ပုရစ်ဖူးကြွေ၊ တစ်နှစ်ကူးစေခဲ့။
သည်တစ်နွေတွင်၊ ပူပင်ကျွမ်းမြိုက်
ရင်၌ကြေကွဲ၊ အမေခွဲခွါ
ခြားကမ္ဘာသို့၊ မျက်ရည်စို့အောင်
နင့်သည်းနှောင်ခဲ့……………..။
သည်နွေရောက်တိုင်း၊ ရင်လှိုင်းတို့ထန်
အဖန်ဖန်တွေး၊ မျှော်ငေးမှန်းဆ
တမ်းတမဆုံး၊ အမေ့အပြုံးတွေ
ခုနေခါများ၊ အနားမှာလေ
အမေရှိနေက၊ သြော်ကောင်းစွဟု
ရင်ထုမနာ၊ ကြေကွဲကာဖြင့်
ဆယ်ဖြာလက်မိုး၊ ကျွန်ရှစ်ခိုးမိ
တမလွန်မှလေ၊ အမေသိပါစေ……………..။
“မြင့်မိုရ်တောင်ဦး မကကျူးသော အမေ့မေတ္တာအား အမှတ်တရ”
အဖော်မဲ့ဘ၀နဲ့
မပျော်တဲ့ညတွေ ဖြတ်သန်းရင်း
မှတ်တမ်းထဲကသီချင်းတွေသီကုံး
ဘ၀သံသရာတစ်လျှောက်လုံးမှာလည်း
အလှကံကြမ္မာ ပျောက်သုဉ်းခဲ့ပါပြီလေ…………..။
အမေ့အားရည်မှန်း
ကန်တော့ပန်းဆင်
ကဗျာကျမ်းတော့ တင်ခွင့်ပြုပါအမေ……………
ငါ့သားရယ်
မင်းကိုမွေးတုန်းကဆို
သားဦးရတနာ၊ ရွာမှာဆိုစိတ်မချလို့
မြို့ဆေးရုံကိုတက်၊ အသက်ကိုငဲ့
သားအတွက်ငွေမနှမြော
သားဇောနဲ့သောကတွေပွား
လွယ်လွယ်ကူကူနဲ့ ဖွားနိုင်ပါ့မလား
သား အရေး
အားမွေးခဲ့လိုက်ရတာတဲ့……………..။
အချိန်တန်လူလားမြောက်
သားတစ်ယောက်ကို မြှောက်စားလိုက်ရတာ
ငါ့သားများကြီးယင်လေ…
သားအတွက်မမောစတမ်း
အမွှမ်းတင်ခန်းဖွင့်
မျှော်လင့်ချက်အပြည့်နဲ့လေ……………။
ငါ့သားလေးဂုဏ်မငယ်စေဖို့
အရွယ်ရောက်တော့ ပညာသင်
ငါ့သားလှလိုသမျှ
ကိုယ်ကဖြည့်ဆည်းပေးရမှာ
သားရတနာထွန်းတောက်ဖို့
ဒို့နှစ်ယောက်ဟာ အားလို့
တီးတိုးစကားနဲ့ အဖေ့ကိုပြော
သားကိုချစ်တဲ့ မနောတွေလေ………..။
သားလှရတနာမို့
သာသနဒါယဇ္ဇအမွေခံ
လှူချိန်တန်ပြန်တော့
သားတစ်ယောက်မို့
ဖွားမြောက်ခဲ့တို့မှာ
သားရတနာ မျက်နှာမငယ်ရအောင်
ရှင်သာမဏေဘောင်သွတ်သွင်း
ပြင်းပြတဲ့သဒ္ဓါနဲ့
ထည်ထည်ဝါ၀ါလှူချင်ပါသတဲ့
ညဥ့်ယံနက်နက်မှာ
ရှိုက်သံသဲ့သဲ့နဲ့ဆို
အဖေ့ကိုရင်ဖွင့်ရင်း
အမေ့မေတ္တာကို ထွင်းပြခဲ့တာ……….။
သားမချိတာ
သားသိပါတယ် အမေရယ်
သာသနဒါယဇ္ဇ အမွေခံပြီးမှာတော့
ကံကြမ္မာရဲ့ ရက်စက်ခြင်း
လောကဓံရဲ့ ရိုက်ခတ်ချက်တွေအောက်
ကျွန်တော်တို့သားအမိသုံးယောက်အဖြစ်ဟာ
လှေလှော်ရင်းတက်ကျိုး
ရင်နင့်စရာ အဖြစ်ဆိုးချည်းပါဘဲလေ……..။
မလိမ္မာတစ်ခါလိုက်တဲ့
သားမိုက်ခဲ့တဲ့ဒဏ်ကို
အမေ ရင်စီးခံခဲ့ရတယ်နော်…
ဆိုးမိုက်ခဲ့တဲ့သားနဲ့
ရိုးလိုက်တဲ့ ယောင်္ကျားအပေါ်
အဖော် မာတာပီသစွာနဲ့
ယာထဲကိုင်းထဲအငှားလိုက်
ချွေးမြိုက်မြိုက်ကျတဲ့အထိ
မချိအောင်ပင်ပန်း
နေပူထဲမှာ အမေလှမ်းခဲ့ရတယ်…………..။
ကာလတနံတလျား
အမေ့အသားအရေဖျော့တော့
အမေ့အားတွေပျော့တော့မှ
သားမိုက်ကအသိဝင်
အလုပ်ခွင်မရွေး
အမေ့ကိုလုပ်ကျွေးတော့
တောက်ပလိုက်တဲ့အမေ့အပြုံး
နှလုံးမှာအေးမြ သိပ်ကိုချမ်းမြေ့ခဲ့ရပါတယ်………။
ဒီလိုနဲ့
ဆယ်တန်းဆိုတဲ့ခရီးမှာ
တဘုန်းဘုန်းလဲကျယင်း
အလွမ်းသီချင်းတွေကျွန်တော်ဆို
ဘ၀အတွက်ရုန်းကန်ယင်း
အလိုလိုစိတ်ဓါတ်တွေကျလုဆဲ
အသည်းထဲကထွက်လာတဲ့ အမေ့စကား
အမေ့မျက်ဝန်းကအားနဲ့
သားလက်ကို တင်းတင်းဆုပ်
“ကံကြမ္မာဆိုတာ လူလုပ်တာပါတဲ့”
ဒီမယ်ငါ့သား
လူဆိုတာ (ငါ့သားရယ်)
အညွန့်တလူလူနဲ့မို့ လူ လို့ခေါ်တယ်
ဘာအားပျက်စရာရှိလည်း
အသက်ကြီးတဲ့အမေတောင် အားမလျော့
ငါ့သား အားမလျော့နဲ့
ရှေ့ဆက်ရင်ဆိုင်ယင်
ပန်းတိုင်ဝင်ရမှာပေါ့တဲ့…………..။
အမေ့အားပေးစကားနဲ့
ကျွန်တော် ရှေ့ကသွားယင်း
ပန်းတိုင်မ၀င်သေးပေမယ့်
ပန်းတိုင်မြင်လိုက်ရတယ် အမေ…..
အမေ့ခါးမှာတော့
အဖာဗရပျစ်လုံချည်
သားဆီက စာမလာတော့
တိတ်တိတ်လေး မျက်ရည်တွေကျ
ငါ့သားဘ၀ အဆင်ပြေယင်
အမေ့ရင်မှာချမ်းမြေ့ပါသတဲ့………။
တစ်ခါက
ကျွန်တော့အလုပ်ကို
အမေလိုက်လာတော့
ဘာလို့လာတာလဲ အမေလို့
မိုက်မဲစွာကျွန်တော်မေးတော့
“လွမ်းလို့ပေါ့ သားရယ်တဲ့”………….
အမေ့မျက်ဝန်းကမျက်ရည်မြင်ရ
ရင်ထဲက မချိပါဘူး အမေ…………။
အမေ ကျွန်တော့ကို စိတ်ချနော်လို့ ပြောတော့
အမေ မျက်ရည်ဝဲရင်း
ခေါင်းမခါ ခေါင်းမညိတ်
အမေ့ရင်ထဲ ကြိတ်ပြီးရှိုက်သံ
ရင်ထဲကို ထိမှန်ခဲ့ပါတယ် အမေ……………။
အမှတ်တမဲ့ပါဘဲ
ဖုန်းလာတယ်ဆိုတဲ့အသံကြားတော့
လေလှိုင်းထဲက ချောက်ခြားတဲ့ဦးလေးအသံ
မင်းအမေ အသည်းအသန်ဖြစ်လို့
ကျွန်တော့်ရင်ထဲမှာဆို့နင့်
ကျွန်တော် မမျှော်လင့်ချင်တဲ့နေ့ ရောက်ပါပေါ့လေ………….။
အဲဒီလိုနဲ့
ရရာကားကိုစီးရင်း
လမ်းတစ်လျှောက်မှာလည်း
အမေ့မေတ္တာတွေကို တွေးယင်း
ကတုန်ကရီနဲ့ဖုန်းပြောတဲ့ ဦးလေးအသံ
ကြားပြန်ရင်းကြေကွဲ
တစ်ညလုံးလဲ မိုးလင်းခဲ့ရပါတယ်။
ရွာအ၀င်မှာတော့
သူငယ်ချင်းရဲ့စကား
မင်းအမေဆုံးသွားပြီဆိုတဲ့ အသံ
ကမ္ဘာပျက်သံပါဘဲ အမေ…………..
ဟာကွာလို့ လှိုက်ဆို
ရှိုက်ငိုယင်းအပြေးသွား
အမေ့အနားကိုရောက်တော့
ကျွန်တော် နောက်ကျခဲ့ပါပေါ့လား အမေရယ်….
ငြိမ်သက်စွာ လဲလျောင်းနေတဲ့
အမေ့ခန္ဓာကို ကြည့်ယင်း
ရင်တွင်းက ယူကြုံးမရ
ဒီဘ၀တော့ သွားပြီးပေါ့ အမေရယ်………။
ကျွန်တော်ဘယ်လိုဖြေမလဲ
ကျွန်တော်ဘယ်လိုနေမလဲ
မင်းသားရောက်လာပြီလေ ဆိုတဲ့
ရိုးစင်းတဲ့အဖေ့အသံ
တကယ့်ကို ကြေကွဲစရာ
ရင်နာစရာ အမေ့ဇာတ်သိမ်း
အစိမ်းကားဆုံးအလွမ်းတွေနဲ့
အမေရယ် အဖေနဲ့ ကျွန်တော့ကြား
ကန့်လန့်ကာခြားခဲ့ပြီနော်………….
အမေ့ခန္ဓာမြေချတော့
ဝေကျလာတဲ့ မျက်ရည်စနဲ့
နောင်ဘ၀ဆိုတာ ရှိခဲ့ယင်
ဘုရားတပည့်တော်၏မိခင်ကို
သား တာဝန်ကျေပွန်စွာနဲ့
ထာဝရလုပ်ကျွေး ကျေးဇူးဆပ်ပါရစေဘုရား လို့
နှလုံးသားက ဆုချွေ
တမလွန်မှ အမေသိပါစေလေ………………။
(၂၀-၄-၂၀၀၁) နေ့တွင် တမလွန်ဘ၀သို့ ကူးပြောင်းသွားသော အစ်ကိုကြီးနန်းသွေး၏ အမေအား အမှတ်တရ ဂါရ၀ပြုလျှက်)

1 comment:

ခိုင်မြဲ said...

ရဲလေး ....

မိဘမေတ္တာကို အခုလို ပေါ်လွင်အောင် ဖွဲ့နွဲ့ပြီးရေးနိုင်တဲ့
အတွက် တကယ်ကိုလေးစားပါတယ် ...။
ညီလေးရဲ့ ကဗျာကို ဖတ်ပြီ အရမ်းကို ခံစားရပါတယ်..။
ကဗျာဖတ်သူအားလုံးကိုလည်း မိဘကျေးဇူးသိဖို့
ဆုံးမနေသလိုပါပဲ..။

ညီလေးလည်း ပြန်မရတော့တဲ့ အတိတ်အတွက်
ဝမ်းနည်းမနေဘဲ ...
လက်ရှိအခြေအနေမှာ အကောင်းဆုံးကို ရွေးချယ်
လုပ်ဆောင်နိုင်လိမ့်မယ် လို့ ....
မျှော်လင့်ပါတယ်...။