စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Friday, March 13, 2009

ဖွင့်ဟ၀န်ခံချက်

စိတ်မီးအိမ်မှ သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေ။

အခြေအနေအရပ်ရပ်ကြောင့် စိတ်မီးအိမ် နဲ့ ကာလအတန်ကြာ ဝေးကွာနေခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်နော်။

အခြေအနေ အရပ်ရပ်ဆိုတဲ့ အထဲမှာ မင်္ဂလာကိစ္စတော့ မပါဘူးပေါ့ (ဟဲ……ဟဲ….)။

ဘာလို့လဲဆိုတော့ ကိုအနတ္တက အားလုံး စီစဉ်ပေးနေတာဆိုတော့ အရိပ်ကလည်း အလုပ်ကိစ္စတွေ အကြောင်းပြုပြီး လစ်နေလို့ ရတာပေါ့လေ…ဟီ…ဟိ။

အနတ္တကိုတော့ သွားမပြောကြနဲ့နော်။ သွားပြောလို့ကတော့ မင်္ဂလာဆောင်ကြရင် မုန့်မကျွေးတော့ဘူး။

အင်း အနတ္တ နဲ့ အရိပ်တို့က သခင်ဖိုးလှကြီးရဲ့ ရင်ခွင်အောက်မှာ အတူတူ ခိုလုံနေတုန်းကတော့ မဆုံဖြစ်ခဲ့ကြဘူးလေ…။ အဲဒီတုန်းက အနတ္တကလည်း သူ့ကိစ္စတွေနဲ့ ရှုတ်နေတယ် ထင်ပါရဲ့။

ဒါပေမယ့် ဒီလောက် နာမည်ကြီးတဲ့ အရိပ်ကို တွေ့အောင်မရှာနိုင်ခဲ့တဲ့ အနတ္တကို စိတ်တော့ ဆိုးချင်သားပဲ..။ နောက်ပြီး အရိပ်ကိုလည်း အထင်ကြီးမနေနဲ့ဦးနော်။ နာမည်ကြီးတယ်ဆိုတာ ကျောင်းလစ်တဲ့ နေရာမှာ ပြောတာပါ..။

နောက်တော့မှ စိတ်တူကိုယ်တူ သူငယ်ချင်းတွေ ဆုံဆည်းခွင့်ရအောင် ဖန်တီးထားတဲ့ စိတ်မီးအိမ်ဆိုတဲ့ ဥယျာဉ်လေးထဲကျမှပဲ ဆုံတွေ့ရတော့တယ်။ ဖူးစာပဲ နေမှာပေါ့နော်…။ဟဲ……………….ဟဲ….။အဲဒီအတွက် အနတ္တ နဲ့ အရိပ်ကို ဆုံတွေ့အောင် ဖန်တီးပေးခဲ့တဲ့ ကိုကြီးကောင်းတမန် ကို မေ့ပစ်လို့မရနိုင်တော့မယ့် အကြောင်းအရာတွေနဲ့အတူ စိတ်မီးအိမ်ထဲမှာ ထာဝရ ကျေးဇူးတင်နေမှာပါ။ ဘ၀ တသက်တာအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ကောင်းတစ်ခု ပေးခဲ့လို့ပေါ့။

အနတ္တကို ပိုင်ဆိုင်ခွင့်ရတဲ့ အတွက်လည်း ပျော်ရွင်ကျေနပ်မိပါတယ်။

ကောင်းတမန်ရေ……

အဲဒီ ကျေးဇူးအတွက် မြန်မာပြည် ပြန်လာမှပဲ နွေးထွေးစွာ ကြိုဆိုတော့မယ်နော်။ ရေနွေးတိုက်ပြီး မီးလှုံခိုင်းမှာကို ပြောတာပါ…..။ ဟား………ဟား….ကြောက်ပြီးတော့ ပြန်မလာပဲ မနေနဲ့ဦးနော်….။

ခိုင်မြဲရေ……….

နင်လည်း ကောင်းတမန်ကို အားကိုးပြီး ရှာခိုင်းနော်…….။ ငါထင်ပါတယ်။ နောက်ဆုံး နင့်ကို ယူမယ့်သူမရှိတော့ရင်တောင် အင်ဒိုက ကုလားမတစ်ယောက်လောက်နဲ့တော့ အဆင်ပြေအောင် စီစဉ်ပေးနိုင်မှာပါဟာ။ မျှော်လင့်စောင့်စားနေနော်….။

သူငယ်ချင်း အားလုံးကို အသိပေးရင်းနဲ့ အနတ္တ နဲ့ အရိပ်တို့ရဲ့ မင်္ဂလာပွဲကို ပူးတွဲပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်သောကြောင့် စိတ်မီးအိမ်မှ ခင်မင်ကြတဲ့ ဥယျာဉ်မှုးများ နှင့် အရိပ် မဆုံဖြစ်ပေမယ့် နောက်မှ ရောက်လာကြတဲ့ ဥယျာဉ်မှုး အသစ်များကို ခင်မင်ရင်းနှီးစွာ ဖိတ်ကြားပါတယ်နော်….။

သူငယ်ချင်းလည်း ဘ၀အဖော်မွန်တွေ အမြန်ဆုံးရှာတွေ့နိုင်ပါစေလို့ ဆန္ဒပြုရင်း……….။

အားလုံးကို ကျေးဇူးတင်ပါတယ်…………….။

clip_image002

ဘယ်လိုပဲဖြစ်ဖြစ် အနတ္တ နဲ့ အရိပ်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို ပူးတွဲပါအစီအစဉ်များအတိုင်း ကျင်းပမည်ဖြစ်သောကြောင့် စိတ်မီးအိမ်မှ ခင်မင်ကြတဲ့ ဥယျာဉ်မှူးများ နှင့် အရိပ် နဲ့ မဆုံဖြစ်ပေမဲ့ နောက်မှရောက်လာကြတဲ့ ဥယျာဉ်မှူးအသစ်များကို ခင်မင်ရင်းနှီးစွာ ဖိတ်ကြားရင်း အသိပေးအကြောင်းကြားအပ်ပါတယ်…။

သူငယ်ချင်းများအားလုံးလည်း ဘ၀အဖော်မွန်တွေ အမြန်ဆုံးရှာတွေ့နိုင်ပါစေလို့ ဆနပြုရင်း….

အားလုံးကို ကျေးဇူးတင်ပါတယ်…။

ပေးဆပ်ရင်းသာ

ရင်ခုန်စွာ ချစ်မိပြီဆိုကတည်းက

မုန်းဖို့မဟုတ်ခဲ့ဘူး…

ဖြူစင်တဲ့ စေတနာတခု ဖြစ်တည်ခဲ့တာ

လက်တုံ့ပြန်ဖို့ မဟုတ်ခဲ့ဘူး…

ခိုင်မာတဲ့ သံယောဇဉ် ငြိတွယ်ခဲ့ရတာ

နာကြည်းဖို့ မဟုတ်ခဲ့ဘူး…

မြတ်နိုးမိတဲ့ နောက်ဆက်တွဲ

အသည်းခွဲဖို့ မဟုတ်ပြန်ဘူး…

နာကျင်မှု မျက်ရည်တွေ သူမမြင်စေခဲ့တာ

မာယာမဟုတ်ပါဘူး . . .

အရာအားလုံးအတွက် ငဲ့ညှာမှုတွေနဲ့

အဝေးကို ရှောင်ပြေးခဲ့ရင်လည်း

မချစ်လို့တော့ မဟုတ်ပါဘူး…

အရိပ်

[+/-] အပြည့်အစုံသို့...

Thursday, March 12, 2009

PADAUK ARE blossoming ပိတောက်တွေ ပွင့်ပြီ

သူငယ်ချင်းတို့ရေ


ဒီနေ့မနက် အိပ်ရာထတော့ ပိတောက်ပန်း ရနံ့က ဆီးကြိုနေတယ်။


ပျော်လိုက်တာဗျာ။ အငမ်းမရပဲ အိမ်နောက်ဖေးပေါက်ကနေ ပိတောက်ပင်ကို အငေးကြည့်မိတယ်။
ရွှေဝါရောင်တွေလေ။ ကျွန်တော် ပျော်လိုက်တာဗျာ။ ပိတောက်နံ့လေ။ ကျွန်တော် တ၀ကြီး ရှုရှိုက်မိတယ်။ အညာမြေက မြေသင်းနံ့လေးပါ ပါလာသလိုပဲ။  စိတ်ထဲမှာ မြန်မာပြည်ကို လွမ်းတဲ့ အလုံးကြီးက တန်းတက်လာတာပဲ။


နောက်ဖေးပေါက် နဲ့ အတည့် အပင်က ကျိုးတိုးကျဲတဲပဲ ပွင့်နေတယ်။ မျက်စောင်းထိုး အပင်က တပင်လုံးကို ပွင့်နေတာ။

ပုံ-၁။    ။ ပိတောက် နှစ်ပင်။ ဘယ်ဘက်အပင်က မျက်စောင်းထိုးမှာပါ။ ညာဘက်က အတည့် အပင်။ (Padauk blossoming behind my flat) ( ပုံကြီးချဲ့ လိုက ပုံပေါ်ကို နှိပ်လိုက်ပါ။)

 


မြစိမ်းရောင် အရွက်တွေပေါ်မှာ ရွှေဝါရောင်အပွင့်တွေ ခိုတွဲနေကြတယ်။ သူတို့ရဲ့ ရနံ့က လေတိုးတိုင်း ပွတ်တိုက်ပါလာကြတယ်။ ကျွန်တော့်ကို သူတို့ သယ်သွားကြပြီ........................။

ပိတောက်တမ
မိုးတစနှင့်
သင့်အားယူငင်
အပူအပင်ရှင်း
ရင်တွင်းလင်းအောင်
သူသယ်ဆောင်မည်
မြန်မာပြည်ဆီ။


ကျွန်တော်ဖြင့် ကျောင်းတောင် ဖြစ်နိုင်ရင် မသွားချင်တော့ဘူးဗျာ။


ဒါပေမယ့် လုပ်စရာ ရှိလို့ သွားရဦးမယ်။


သြော်...............

ဘာလိုလို နဲ့ မြန်မာနှစ်ကူးတောင် ရောက်တော့မယ်။


ဘာပဲ ဖြစ်ဖြစ် ပိတောက်တွေကို နှုတ်ဆက်လိုက်ရတာ မြန်မာပြည်ကို ခဏ ပြန်ရောက်ရသလိုတော့ ခံစားမိလိုက်တယ်။


သူငယ်ချင်းတို့လည်း ခံစားရအောင် ပုံလေးတွေ တွဲပေးလိုက်တယ်။

 

ပုံ-၂။   ။ ဘယ်ဘက်အပင်ကို အနီးကပ် (Left Padauk in close view)

( ပုံကြီးချဲ့ လိုက ပုံပေါ်ကို နှိပ်လိုက်ပါ။)

ပုံ-၃။  ။ ဘယ်ဘက်အပင် ပိုအနီးကပ် ( Left padauk in even closer view)

( ပုံကြီးချဲ့ လိုက ပုံပေါ်ကို နှိပ်လိုက်ပါ။)

ပုံ-၄။    ။ ဘယ်ဘက်အပင် ပိတောက်ပွင့် အနီးကပ် ( Left padauk in petals)

( ပုံကြီးချဲ့ လိုက ပုံပေါ်ကို နှိပ်လိုက်ပါ။)

 


သူငယ်ချင်းတို့ရေ
ရွှေပြည်ဌာန
တမ်းကာတရ
ဘယ်ချိန်ဘယ်ဝယ်
အပြီးတွယ်လို့
ကိုယ့်ဆီရပ်ဟောင်း
အညာမြေကောင်းဆီ
ချေခြနိုင်မည် မသေချာပြီ။


သြော်.........
ပိတောက်ပွင့်လို့ နှစ်သစ်ကူးလည်း
တထောက်နင့်လို့ လက်ပစ်ကူးဆဲပဲ
စလုံးဆိုတဲ့ သူတို့မြေမှာ။


ကိုယ်ပျော်ရွှင်ရာ
မဟုတ်သာလည်း
သူငယ်ချင်းမွေ့
ဖော်သင်းတွေ့ကာ
စိတ်မှာတင်းလို့
ဖြေနိုင်သေး။


သို့ပါသော်လည်း အိုအဆွေ
မွေ့ရာမပျော်နဲ့ ဒီစလုံးမြေမှာ
ကိုယ့်ပြည်သာလို့ လင်းပါအောင်
ဒို့တွေ တခါတော့  ထွင်းရအောင်။


ပိတောက်ပွင့် နဲ့ အတူ
မိုးတစ နဲ့ အတူ
စိတ်မှာတင်းလို့ နောက်တခါ
ကိုယ်သာယာလို့ ချိန်ခါလာရင်
အိုကွာ.......ဘာမဆိုင်း
ထိုရွာ.......ကိုယ့်တိုင်းဆီ
အပြေးမြောက်လို့ ပြန်
အတွေးဖောက်လို့ ကြံရအောင်
ပြန်ထကာ ကိုယ့်ရွာ လင်းစေဖို့...။


ပိတောက်တမ နဲ့ အတူ နှစ်ဟောင်းကို နှုတ်ဆက်လို့ နှစ်သစ်ကို ကြိုဆိုကြရအောင်ဗျာ။

သူငယ်ချင်းအပေါင်း နဲ့ မြန်မာပြည်သူတွေ အေးချမ်းကြပါစေ။


ကောင်းတမန်

[+/-] အပြည့်အစုံသို့...

Thursday, March 5, 2009

မင်္ဂလာရှိတဲ့ မင်္ဂလာရက်

မင်္ဂလာပါ။

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ အခါသမယပါ။

ခုလို ချိန်ခါမှာ နှစ်ဦးကြည်ဖြူ လက်တွဲယူကြမယ့် စိတ်မီးအိမ်မှ ဥယျာဉ်မှုးများဖြစ်ကြသော ကိုအနတ္တ နဲ့ မအရိပ်တို့၏ တပေါင်းလ မင်္ဂလာပွဲကို စိတ်မီးအိမ် ဥယျာဉ်တွင်လည်း စည်းကာစွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

မင်္ဂလာမောင်နှံ နှစ်ဦးလည်း ရောင်ပြန်ထူးအောင် ဆင်ယင်ပြီး မောင်နှံမြူးကြပါစေ။

ကောင်းချီးသုတိမင်္ဂလာအဖြာဖြာ နဲ့ ပြည့်စုံလို့ အောင်အတိတ်၊အောင်နိမိတ်တွေနဲ့ အောင်လဖက် ဝေကွာ အောင်ရက်တွေလည်း တက်နိုင်ကြပါစေ။

မီးပုံခေါင်းချတဲ့အထိ ပေါင်းရပြီး ပျော်ရွှင်ဖွယ် မိသားစုဘ၀လေးလည်း ခံစားရပါစေကြောင်း စိတ်မီးအိမ်မှ ဆုတောင်းမေတ္တာ သ၀ဏ်လွှာ ပို့သအပ်ပါတယ်။

စိတ်မီးအိမ်မှ ဥယျာဉ်မှုး အားလုံးလည်း က မင်္ဂလာမောင်နှံ နှစ်ဦးတို့ အတွက် မင်္ဂလာလက်ဆောင်ပို့စ်များ အမှတ်တရ တင်ပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

[+/-] အပြည့်အစုံသို့...

Saturday, February 28, 2009

ပထမဆုံး ပြည်ပခရီး

ထိုပြည်ပခရီး သွားခဲ့ သည်မှာ တစ်နှစ်ကျော်ခန့် ရှိပါပြီ..။ စင်္ကာပူနိုင်ငံသို့ သင်တန်း တက်ရန်သွားခြင်းဖြစ်သည်..။ ခန့်ခန့်ညားညားလေး ပြောလျှင် ပညာတော်သင်ပေါ့ ..။ ပညာတော်သင်ဟု ဆိုလိုက်လျှင် လူအများ မြင်ရောင်ကြမည်မှာ .. မြန်မာနိုင်ငံမှ အခြားဖွံ့ဖြိုးတိုးတက်သောနိုင်ငံသို့ တစ်နှစ် တန်သည် နှစ်နှစ်တန်သည် သွားရောက် ပညာသင်ကြသည်ဟု ထင်ကြပေလိမ့်မည် ..။ အဲဒီလို ထင်နေလျှင် မှားပါသည် ..။ ကျွန်တော် သွားရသော ပညာသင်ခရီးမှာ ၂ ရက်သာ ကြာပါသည် ..။ ကျွန်တော် အလုပ်လုပ်နေသော UMကုမ္ပဏီမှ John Deere Electronic Fuel Injection System ကို လေ့လာရန် သင်တန်းတက်ခိုင်းလိုက်ခြင်းဖြစ်သည်..။ John Deere Engine မှာ မြန်မာနိုင်ငံလယ်ထွန်စက်များတွင် အသုံးများသော အင်ဂျင်ဖြစ်သည်။ ရိုးရိုး Mechanical Fuel Injection System မှ Electronic Fuel Injection System ကိုပြောင်းပြီး အသုံးပြုလိုက်၍ ကုမ္ပဏီများကို ခေါ်ပြီး နည်းပညာဖြန့်ဝေခြင်းဖြစ်သည်။ ခရီးစဉ်မှာ မြန်မာပြည်မှ တနင်္ဂနွေနေ့ ထွက်။ စင်္ကာပူမှာ တနင်္လာ၊အင်္ဂါ နှစ်ရက်နေ၊သင်တန်းတက်ပြီး ဗုဒ္ဒဟူးနေ့မှာ မြန်မာနိုင်ငံသို့ပြန်ရောက်ရမည်ဖြစ်သည်..။

ထိုတိုတောင်းသော ခရီးတိုလေး အတွက် အနှောင့်အယှက်တွေက လည်း များလှသည်..။ ပထမဦးဆုံး .. ဘွန်း ဟု လူကြောက်များနေသော ကုမ္ပဏီစာချုပ်ကို လက်မှတ်ထိုးရသည်..။ စင်္ကာပူ နှစ်ရက်သင်တန်းတက်သည့်အတွက် တစ်နှစ်စာချုပ် ချုပ်ရသည်..။ နိုင်ငံခြားသွား ထောက်ပန့်ငွေ တစ်ရက်လျှင် ဒေါ်လာ ၃၀ နှန်းပေးသည်ဆို၍ သူဌေးကို တွေ့ဖို့ တစ်မေ့တစ်မော စောင့်ရသည်..။ လေယာဉ်လက်မှတ် ယူရသည်။ နိုင်ငံခြားသို့ အတူသွားရမည့်သူမှာ UM မှာပင် အတူလုပ်သော မြန်မာစကားမတတ် တတတ် အင်ဒိုနီးရှားနိုင်ငံသား မန်နေဂျာ ဂျိုဟန် ဖြစ်သည်..။ ဂျိုဟန်က အင်ဒိုနီးရှားနိုင်ငံသားဆိုပေမယ့် မြန်မာနှင့် အတော်တူသည်။ သူ့ကို ပထမဆုံး အကြိမ်မြင်ဖူးတုန်းက ဆိုလျှင် .. ဒီလူက မြန်မာဖြစ်နေပြီး ဘာလို့ အင်္ဂလိပ်စကားပဲပြောနေလဲဟု တွေးနေမိခဲ့သည်။ နောက်မှ သူ့ကို နိုင်ငံခြားသားမှန်းသိခဲ့ရသည်။


ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်လေဆိပ်ကြီးကိုရောက်ပါပြီ။ အနံ့မျိုးစုံရသည့် ဘူတာတွေကိုပဲ ရောက်ဖူးတာဆိုတော့ စိတ်ထဲမှာ လေဆိပ်ကြီးက ခန်းနားလွန်းနေသည်။ သန့်ရှင်း တောက်ပြောင်လွန်းလှသည်။ လေဆိပ်က အသစ်စက်စက်ကြီး။ ဖွင့်ပွဲလုပ်ထားတာ မကြားသေးဘူးတဲ့..။ လေဆိပ်ကိုရောက်ရောက်ချင်း လေဆိပ်ခွန် ၅၀၀ကျပ်လည်းဆောင်ပြီးပြီ။ ချက်ကင် ကောင်တာကို ဝင်ပြီး Boarding Ticket လည်း ရပြီ။ ထိုင်ခုံနံပတ်က 19B ။တကယ့်ပြဿနာက အခုမှ စပြီ။ Immigration Counter ရောက်မှ D-Form ဟုတ်ခေါ်သော ပြည်ပထွက်ခွာခွင့်လက်မှတ် မပါဘူးဆိုတာ သိရသည်။ နိုင်ငံခြားကိုလည်း တစ်ခါမှ မသွားဘူး။ လေဆိပ်ကို လည်း တစ်ခါမှ မေ၇ာက်ဘူးတော့ ဒါမျိုးတွေ နားမလည်။ D-Form မပါလျှင် မသွားရဘူးတဲ့။ (နောက်မှ သိရသည်မှာ D-Form လျှောက်ရန် အလွန်လွယ်ကူပါသည်။ (၁) ဘဏ်မှာ D-Form အတွက် ငွေ ၅၀၀သွင်း (၂) http://www.mip.gov.mm/ မှာ ကိုယ်တိုင် Online Form ဖြည့်ပြီး တင်လိုက်ရုံသာ။ (၃) ထို့နောက် ကိုယ့် အီးမေးလ်မှရလာသော D-Form ကို ပုံနှိပ်လိုက်ရုံသာ ဖြစ်သည်။)





မနက်ဖန် သင်တန်းတက်ရမှာ ဒီနေ့ လေယာဉ်နဲ့ လိုက်မှ ဖြစ်မှာလို့ပြောတော့.. D-Form အစား တစ်ယောက်ယေက်က ထောက်ခံပေးရင် ရတယ်တဲ့။ လိုက်ပို့တဲ့ သူငယ်ချင်းတွေက လည်း ပြန်ကုန်ပြီ၊။ လေဆိပ်အရာရှိတွေက သဘောကောင်းပါတယ်။ ဆက်သွယ်ရမယ့် ဖုန်းနံပတ်တွေပါလား အမြန်ပေး.. ဖုန်းဆက်ပေးမယ်တဲ့..။ ဒါနဲ့ ရုံးက မန်နေဂျာရဲ့ လက်ကိုင်ဖုန်းကို ဆက်ပြီး အကြိုးအကြောင်းရှင်းပြပြီး ခေါ်လိုက်တော့ .. မန်နေဂျာက .. ဟာ ငါ လာလို့ မရဘူး . အခု မန္တလေးရောက်နေတယ် တဲ့။ သွားပြီ။ လေယာဉ်က ထွက်ဖို့ ၁၅ မိနစ်ခန့်သာလိုတော့သည်။ နောက်ဆုံး ဝန်ထမ်းရေးရာ မန်နေဂျာကို ဖုန်းဆက်ပြီး ခေါ်လိုက်သည်။ ဆူးလေဘုရားနားမှာ ရောက်နေတယ်။ အခု ချက်ချင်း ထွက်လာမယ်တဲ့ ခဏစောင့်ပါတဲ့။ ဒါပေမယ့် အချိန်ကို တွက်ကြည့်လိုက်ပါဦး။ ဆူလေကနေ လေဆိပ်ကို အနည်းဆုံး နာရီဝက်ကြာမယ်၊။ မန်နေဂျာကို စောင့်ရင်း စိတ်ကလည်း တော်တော်ပူနေပြီ..။ ဒီအချိန်မှာ ကြားဖူးနာဝစကားများ ပြန်ကြားယောင်လာသည်။ နိုင်ငံခြားဆိုတာ နတ်ကြီးတယ်၊ သွားထိုက်မှ သွားရတာတဲ့.။ သွားရဖို့ ကံမပါရင် ဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင်ဘူးတဲ့ ..။ နောက်ပြီး စင်္ကာပူက သူငယ်ချင်းတွေကိုလည်း လာမယ်ဆိုတာ အီးမေးလ် ပို့ထားပြီးပြီ။ သူတို့အတွက် လူကြုံပေးလိုက်တာလည်း ရှိသေးတယ်။ ငါ အချိန်မှီ လိုက်မှ လိုက်ရပါ့မလားလို့ စိတ်ပူနေပြီ .။ လေဆိပ်ဝန်ထမ်းတွေ စကားပြောစက်နဲ့ အပြန်အလှန်ပြောနေတာကိုလည်း ကြားနေရတယ်၊ ခုံနံပတ် 19B ပျောက်နေတယ်.။ ဘယ်မှာလဲတဲ့ ။ လေယာဉ်ထွက်ခါနီးနေပြီ။ နောက်တော့ သူတို့နောက်ဆုံးပြောလိုက်သော စကားလေးကြားလိုက်ရသည် .. ခုံနံပတ် 19B Off Load တဲ့..။ ဟာ ငါတော့ မလိုက်ရတော့ဘူး ထင်တယ်လို့ တွေးလိုက်မိသည်။ နောက်ဆုံးတော့ မန်နေဂျာရောက်လာပါပြီ။ မန်နေဂျာက ကြိုးစား၍လာရှာပါသည်၊ ကျွန်တော်လည်း သူ့ကို စောင့်ပါသည်။ သို့သော် လေယာဉ် ကတော့ မစောင့်ပါ။
သူ့အချိန်မှန်အတိုင်း ထွက်ခွာသွားပါပြီ .... ။


[+/-] အပြည့်အစုံသို့...

Wednesday, February 25, 2009

[+/-] အပြည့်အစုံသို့...

Sunday, February 22, 2009

ရောက်ပြန်ပြီ သည်တနွေ

"သည်နွေဦး"

ရောက်ပြန်ပြီ သည်တနွေ
ဖော်မဲ့လေ ငါ့မှာဖြင့်
ရော်ရွက်ကြွေ လေမှာဝဲပြန်တော့
မျှော်တဲ့လေ ဟိုဟိုဒီဒီ

တွေ့ပါပြီ ရွှေဥဩ
လေသုတ်မျော သူ့တေးသံ
နွေသဏ္ဍာန် ဖွင့်အံလို့ဟစ်ကြူး
ဖေးကူလို့ ငါမှာတတ်နိုင်ငဲ့

သနားစရာ သင်းကွဲခါနေရ
ဝေးကွာရ သူ့အဖော်
မျှော်ကာမျှော် ပေါ်မလာ
တော်တော်ကြာ ချိန်ခါနှောင်းမှာမို့

ပြောင်းပြန်တဲ့ သည်တနွေ
ပူဆွေးကာ လွမ်းကာ'တ'လည်း
မှန်းဆရ ခက်သည့်ဆီကို
ဘယ်လိုပင် ဖွေရှာရလိမ့်

အိုအမယ် ရွှေဥဩငယ်ငဲ့
သည်မောင်မှာ အတောင်ညောင်းပါလို့
ဘယ်ချောင်မှာ ပုန်းရော်နေပါဘိ
ထွက်တော်မူ မောင့်ရင်ခွင်ဆီသို့
ဖြစ်စမ်းစေချင်ပါသည့်လေ........

......

ဇာကြီး


သူငယ်ချင်းများကို သတိရစွာဖြင့်
ကိုရင် အနတ္တရဲ့ သည်နွေဦးကို မျှဝေခံစားပါသည်။

[+/-] အပြည့်အစုံသို့...

Tuesday, February 3, 2009

စက္ကန့်တံမပါသော နာရီလို နေပါ ..။



စက္ကန့်တံမပါသော နာရီတစ်လုံးကဲ့သို့
အချိန်များကို တည်ငြိမ်စွာ ဖြတ်သန်းပါ ..။
သင့်ကိုယ် သင် သတိမပြုမိသော အချိန်အတွင်
သင် ခရီးများစွာ ရောက်နှင့်နေပါလိမ့်မည် ...။

[+/-] အပြည့်အစုံသို့...