စွန့်လွှတ်ခြင်းရဲ့နောက်
ဝေခွဲမရ အသိတွေကြားမှာ
ခေါင်းငိုက်စိုက်ချနေရသူပါ၊
ပြိုတော့မဲ့ မိုးတိမ်တွေထက်
အရင်ပြိုခဲ့ရသူပါ...။
အနံ့မရှိတဲ့ ပန်းပွင့်ထက်လည်း
အထီးကျန်ခဲ့ရသူပါ၊
မသေမချာ ဖြစ်ရပ်တွေကြား
အလိုက်သင့်မျောပါရင်း...
ဘ၀တစ်ခုကို
ယောင်လည်လည်နဲ့ ပေးဆပ်နေရသူပါ။
အရာအားလုံးရဲ့ သင့်လျှော်တဲ့၊
အားလုံးရဲ့ အတ္တတွေထဲ
မခါးသက်နိုင်သေးတာ
ကိုယ်ရဲ့ အားနည်းချက်တစ်ခုပါ။
ရှင်သန်ခြင်းအတွက်......
နုပျိုမှု့လိုသေးလား၊
မြေကြီးထဲက အမြစ်တွေအားလုံးအတွက်
ပင်စည်မလိုပါဘူး.........
မိုးမခေါင်သေးခင်
ရှင်သန်နေပါစေ...။
လက်ဆုပ်လက်ကိုင် မပြနိုင်သေးတဲ့
အညွှန့်တွေအတွက်၊
ရေးလောင်းဖို့ မေ့သွားခဲ့ပါတယ်..၊
အတိတ်က တောင်းပန်ခဲ့တာတွေလည်း
ခုထိ မရှက်တတ်သေးပါဘူး...
ချည်နှောင်ထားတဲ့ ကြိုးတွေကြောင့်ပါ..။
ဘ၀ထွေထွေမှာ
အလိုက်သိစွာ နေတတ်ခဲ့ပါပြီ......
ဆင်ခြေဆင်လက်တွေလည်း မပေးတော့ပါဘူး။
အားလုံးနဲ့ဝေးရာ..........
...ငါ......
ကဗျာတွေနဲ့သာ။...........။
No comments:
Post a Comment