စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Showing posts with label အမှတ်မှားကို သန့်စင်ခြင်း. Show all posts
Showing posts with label အမှတ်မှားကို သန့်စင်ခြင်း. Show all posts

Thursday, November 19, 2009

လူ့ဘဝ ရဟန္တာ

ဆရာဦးသော်ဇင် ရေးသားထားတဲ့ “ဧတဒဂ်ဝတ္ထု“ စာအုပ်ကလေးကို ဖတ်လိုက်တဲ့အခါမှာ အနတ္တ အမှတ်မှားနေတာလေး နှစ်ခုကို သွားပြီး သတိပြုမိလိုက်တယ်။ နံပါတ်(၁) အမှတ်မှားတာကိုတော့ ဒုက္ခ၊ သုခ ဆိုပြီးတော့ သစ်ပင်လေး တစ်ပင် စိုက်ပျိုးပြီးပါပြီ။ နံပါတ်(၂) အမှတ်မှားတာကတော့ လူ့ဘဝအနေဖြင့် သူတော်ကောင်းတရား၊ နိဗ္ဗာန်ရောက်ကြောင်းတရား၊ ဝိပဿနာတရားများကို ကြိုးစားအားထုတ်ပြီး လူ့ဘဝအနေဖြင့် ရဟန္တာဖြစ်သွားလျှင် လူတို့၏အပူကြောင့် ချက်ချင်း လက်ငင်း ခန္ဓာဝန်ချုပ်ငြိမ်းပြီး ပရိနိဗ္ဗာန် ၀င်စံတော်မူရတယ်လို့မှတ်ယူထားတာ ယခုဧတဒဂ်ဝတ္ထုလေးကို ဖတ်လိုက်ရမှပဲ မိမိအမှတ်မှားတာကို သတိပြုမိတော့တယ်။ အကြောင်းအရာတွေကတော့ မဂ်ဖိုလ်ကို လျှင်မြန်စွာရသော ခိပ္ပ ဘိညအရာ၌ ဧတဒဂ် ထားတော်မူသော ဗာဟိယ ဒါရုစိယ နှင့် မဟာပညာအရာ၌ ဧတဒဂ်ထားတော်မူသော ခေမာထေရီ တို့တွင် ဖတ်ရူသိရှိနိုင်ပါသည်။ ၄င်းအကြောင်းအရာတို့ကို ယခုသိရှိရအောင် အကြောင်းအရာအချို့ကို ထုတ်နှုတ် ဖော်ပြရသော် ………………..

စာမျက်နာ(၁၂၆) - ဗာဟိယ ဒါရုစိယသည် မြတ်စွာဘုရား ဆွမ်းခံဝင်နေစဉ်အတွင်း မြို့တွင်းသို့လိုက်ပြီး တရားဟောကြားပေးပါရန် လျှောက်ထားတောင်ပန်၏ ပထမအကြိမ်နှင့်ဒုတိယအကြိမ်တို့တွင်ပါယ်ပြီး တရားသက်ဝင် ဆင်ခြင်နိုင်သောဥာဏ် ထက်သန်ရင့်သန်လာသည့်အချိန်ကို စောင့်ဆိုင်းပြီး တတိယအကြိမ် လျှောက်ထားတောင်းပန်ခါမှ ဤသို့တရားဟောကြားတော်မူပါသည်……

”သို့ဖြစ်လျှင် ဗာဟိယ သင် ဤသို့ ကျင့်၊ မြင်ရာ၌ မြင်ကာမျှဖြစ်မည်၊ ကြားရာ၌ ကြားကာမျှ ဖြစ်မည်၊ တွေ့ရာ၌ တွေ့ကာမျှ ဖြစ်မည်၊ သိရာ၌ သိကာမျှ ဖြစ်မည်ဟု ကျင့်ပါဘိ၊ ဗာဟိယ သင်ဤသို့ကျင့်လျှင် ရာဂစသည်နှင့်တကွ ဖြစ်တော့မည် မဟုတ်၊ ဗာဟိယ ထိုအခါ သင်သည် ရူပါရုံ စသည်တို့၌ နှစ်သက်တော့မည် မဟုတ်၊ ပြစ်မှားတော့မည် မဟုတ်၊ တွေဝေတော့မည် မဟုတ်၊ ဗာဟိယ ထိုအခါ သင်သည် ဤမျက်မှောက်ဘဝလည်း ဖြစ်တော့မည် မဟုတ်၊ တမလွန်ဘဝလည်း ဖြစ်တော့မည် မဟုတ်၊ ဘဝနှစ်မျိုးလုံး ဖြစ်တော့မည် မဟုတ်၊ ယင်းသည်လျှင် ဆင်းရဲ၏ အဆုံးတည်း”

ဗာဟိယသည် ဒေသနာကို အစဉ်လျှောက်၍ ဉာဏ်ကို စေလွှတ်၏ ဒေသနာ၏အဆုံး၌ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာ ဖြစ်သွား၏ ။ ထိုအခါ မြတ်စွာဘုရားအား လျှောက်ကြား၏ -

”မြတ်စွာဘုရား ကျွန်ုပ်အား အစဉ်သနားသဖြင့် ရဟန်းပြုပေးပါ”

”ဗာဟိယ သပိတ်သင်္ကန်း မရှိသူအား ဗုဒ္ဓတို့ ရဟန်းပြုပေးခြင်း မရှိပါ၊ သင် ရဟန်းပြုလိုက သပိတ်သင်္ကန်း ရှာလေဦး”…………. စသည်နှင့်

စာမျက်နှာ (၁ဂ၂၊ ၁၈၃) - ရုပ်အဆင်းလှ၍ ရုပ်အဆင်း၌ မာန်ယစ်တော်မူသော ဗိမ္ဗိသာရမင်းကြီး၏ အဂ္ဂမဟေသီ ခေမာ မိဖုရားသည် ဘုရားသခင် သီတင်းသုံးတော်မူရာ ဝေဠုဝန် ဥယျာဉ်သို့ လှည့်လည် ပျော်ပါးကစားပြီး ညချမ်းအခါ ဘုရားရှင်၏ တရားတော်ကို နာကြား၏ ……………..

“ထိုအခါ ခေမာမိဖုရားသည် ယုံမှားခြင်း ကင်းကွာလျှက် သောတာပတ္တိမဂ်မစ၍အစဉ်အတိုင်းအားဖြင့် အရဟတ္တဖိုလ်သို့ရောက်လေ၏”…………

ခေမာမိဖုရားသည် မြတ်စွာဘုရားအား ကန်တော့ပြီးလျှင် နန်းတော်သို့ပြန်၏………………

”အဘယ်မိဖုရား ဘုရားသခင်ကို ဖူးမြင်ခဲ့ပါသလော”

”မင်းကြီး သင်တို့၏ ဘုရားသခင်ကို ဖူးရခြင်းမှာ သေးငယ်ပါသည်။ ကျွန်ုပ်၏ဖူးမြင်ရခြင်းမှာ ကြီးမားလှပါသည်။ ယနေ့ပင် ကျွန်ုပ် ရဟန်းပြုချင်ပါသည်”

”မင်းကြီးလည်း အားရဝမ်းသာစွာ ရတနာအတိပြီးသော ရွှေထမ်းစင်ဖြင့် ဆောင်စေ၍ တစ်ထောင်မျှလောက်သော ဘိက္ခုနီတို့ထံ၌ ရဟန်းပြုပေး၏ ထို့နောက် မြတ်စွာဘုရားသည် လူ့အဖြစ်ကပင် ရဟန္တာဖြစ်သော ခေမာထေရီအား မဟာပညာအရာ၌ ဧတဒဂ် ထားတော်မူ၏ ။



မှတ်ချက်။ ။ ဘုရားပွင့်တော်မူစဉ်ကာလမှ ရှေ့ကမ္ဘာတစ်သိန်း အတွင်း၌ ရဟန်းမဝတ်ဘူးသူ၊ သပိတ်၊သင်္ကန်း မလျှူဘူးသူကို ဘုရားရှင်သော်မှ ဧဟိဘိက္ခူ ခေါ်ပြီး ရဟန်းပြုပေး၍ မရကြောင်း မှတ်သားဘူးပါသည်။ အကြောင်း မှန်သည်၊ မှားသည်ကို သေချာမမှတ်မိပါ။ (မည်သူမဆို အမှန်၊အမှား မှတ်ချက်ရေးပါက ကျေးဇူးတင်ပါသည်)


အမှန်တရားကို သိနိုင်ကြပါစေ……

အနတ္တ (စလင်း)

[+/-] အပြည့်အစုံသို့...

Wednesday, November 18, 2009

ဒုက္ခလား၊ သုခလား

ဆရာဦးသော်ဇင် ရေးသားထားတဲ့ “ဧတဒဂ်ဝတ္ထု“ စာအုပ်ကလေးကို ဖတ်လိုက်တဲ့အခါမှာ အနတ္တ အမှတ်မှားနေတာလေး နှစ်ခုကို သွားပြီး သတိပြုမိလိုက်တယ်။ နံပါတ်(၁) အမှတ်မှားတာကတော့ ဒုက္ခကို ဆင်းရဲခြင်း၊ သုခကို ချမ်းသာခြင်းဆိုပြီးတော့ အမြဲတမ်း မှတ်ထားတာလေ…. အရှင်ဂေါတမဘုရားလက်ထက်မှာပဲ သာဝိကာဘိက္ခုနီတို့၌ ဓမ္မကထိကအရာတွင် အမြတ်ဆုံး ဧတဒဂ်ရရှိသူ ဓမ္မဒိန္နာ(ရဟန္တာ) နှင့် ၄င်း၏ ခင်ပွန်းတော်စပ်ဖူးသူ ဝိသာခသူဌေး(အနာဂါမ်) တို့ အမေးအဖြေလေးကို ဖတ်လိုက်ရတဲ့ အခါမှာ မိမိမှတ်ထားတဲ့ဟာတွေဟာ မမှန်ပါ့လားဆိုတာကို သတိထားလိုက်မိပါတယ်။ ၄င်းတို့ကတော့ အဲဒီစာအုပ်ရဲ့ စာမျက်နှာ (၁၉၆) နှင့် (၁၉၇) မှာ ပါပါတယ်။ မှားတဲ့ အကြောင်းကို စာအုပ်ထဲမှာ ရေးထားတဲ့အတိုင်းလေးပဲ ကူးထည့်ပေးလိုက်ပါ့မယ်။ အဲဒါကတော့…..

“ အရှင်မ ခံစားမှု ဝေဒနာတို့သည် အဘယ်နည်း“ (ဟု ဝိသာခါ သူဌေးကမေးလိုက်တဲ့အခါ ဓမ္မဒိန္နာက ပြန်ဖြေလိုက်တာကတော့….. )

“ ဒါယကာ ကိုယ် စိတ်၌ဖြစ်သည့် ချမ်းမြေ့သာယာစွာခံစားခြင်းသည် သုခဝေဒနာ၊ ဆင်းရဲငြိုငြင်စွာ ခံစားရခြင်းသည် ဒုက္ခဝေဒနာ၊ သာယာသည်လည်း မဟုတ် မသာယာသည်လည်း မဟုတ်သော ခံစားခြင်းသည် ဥပေက္ခာဝေဒနာ မည်ပါသည်။“

“အရှင်မ ယင်းဝေဒနာတို့ကို မည်သို့ ခံစားပါသနည်း“

“သုခဝေဒနာသည် တည်နေဆဲအားဖြင့် ချမ်းသာ၏၊ ပြောင်းလဲသောအားဖြင့် ဆင်းရဲ၏၊ ဒုက္ခဝေဒနာသည် တည်နေဆဲအားဖြင့် ဆင်းရဲ၏၊ ပြောင်းလဲသောအားဖြင့် ချမ်းသာ၏၊ ဥပေက္ခာဝေဒနာသည် သိသောအားဖြင့် ချမ်းသာ၏၊ မသိသောအားဖြင့် ဆင်းရဲ၏ ။“

တဲ့ ဘယ်လောက်ကောင်းတဲ့ အဖြေလည်းဆိုတာ တွေးရင်းတွေးရင် တော်တော် အရသာရှိလာတယ်လေ နောက်ပြီး အကြောင်းအရာတစ်ခုကို တသတ်မှတ်တည်း မှတ်ထားရင် အဖြေဟာလည်း အမြဲမမှန်နိုင်ဘဲ အခြေအနေကို အချိန်အခါပေါ်လိုက်ပြီး အဓိပ္ပါယ်လည်း ပြောင်းလဲနိုင်တယ်ဆိုတာကို သိလိုက်ရပါတယ်။

အမှတ်မှားတာ နောက်တစ်ခုကတော့ နောက်တနေ့မှပဲ ထပ်စိုက်တော့မယ်နော် ……

အမှန်တရားကို သိနိုင်ကြပါစေ……

အနတ္တ (စလင်း)

[+/-] အပြည့်အစုံသို့...

Tuesday, July 21, 2009

လပေါ်ကယုန်ရုပ်လေး

လပေါ်မှာ ယုန်ရုပ်နဲ့ပါတ်သက်ပြီးတော့ ငယ်ငယ်ကတော့ ပုံပြင်တွေ၊ ကဗျာတွေ ကြားဖူးပါတယ်။ ဒါပေမယ့် စာရေးဆရာတွေ စိတ်ကူးယဉ်ပြီး ရေးကြတယ်ဆိုပြီး မှတ်ထားမိတာ... ဟိုတလောက ရွှေကျီးမြင် ဘုရားပါတ်ဖူးရင်း ပညာပျိုးခင်းကနေပြီး ဓမ္မဒါနအဖြစ်စာအုပ်တွေ အခမဲ့ဖတ်စေတာ တွေ့ခဲ့ရပါတယ်။ အနတ္တလည်း (အလကားရတယ်ဆိုပြီး.. ဟုတ်ပါဘူး) အချိန်ရတယ်ဆိုပြီး ဓမ္မဗျူဟာ စာစောင်ဖတ်ဖြစ်ခဲ့ပါတယ်။ အဲဒီထဲမှာ တစ်ကမ္ဘာကြာသည့်တိုင်အောင် မပျက်မဆီး တည်ရှိနေမယ့် အရာလေးခုကို ပြန်လည်ဖတ်ခဲ့ရ ပါတယ်။ အဲဒီအရာလေးခုကို အနတ္တကပို့စ်တင်ဖို့ရန်အတွက် နာမည်တွေအတိအကျကူးရေးမယ်ဆိုပြီး ပြန်ရှာခဲ့ ပေးမယ့် အဲဒီစာအုပ်ကိုရှာလို့မတွေ့ဘူးဖြစ်နေလို့ မှတ်မိတဲ့အတိုင်းပဲ တင်ပေးလိုက်ပါတယ်။
ကမ္ဘာတည်သမျှတည်ရှိနေမယ့် အရာလေးခုကတော့.......
(၁) ဘုရားအလောင်းငုံးမင်းဘဝ မီးကွင်းတဲ့နေရာ
(၂) အဆစ်မပါတဲ့ ကျူပင်
(၃) လပေါ်က ယုန်ရုပ်
(၄) မိုးကွင်းတဲ့နေရာ တို့ပဲဖြစ်ပါတယ်။
(၁) ဘုရားအလောင်းတော် ငုံးမင်းဘဝမှာတုန်းက သစ္စာစွမ်းအားကြောင့် မီးကွင်းခဲ့တဲ့နေရာဟာ ကပ်တစ်ကမ္ဘာ ကြာသည့်တိုင်အောင် မီးမလောင်တော့ဘူးတဲ့။ မီးကွင်းအောင်ရွတ်ဖတ်ရတဲ့ ငုံးမင်းပရိတ်တော် ရှိနေတာကြောင့် ယခုအကြောင်းအရာက ဗုဒ္ဓဘာသာဝင်တိုင်း ကြားဖူးနားဝ ရှိနေတဲ့အကြောင်းအရာပါပဲ။
(၂) ဘုရားအလောင်းတော် မျောက်မင်းဘဝမှာ မျောက်အပေါင်း ငါးရာကို ခေါင်းဆောင်ပြီး နေထိုင် သွားလာတယ်တဲ့။ ခရီးသွားတဲ့အခါမှာလည်း သူအောက်ကမျောက်အပေါင်းကို မမြင်ဘူးတဲ့ အသီး၊ မသောက်ဘူးတဲ့နေရာကရေ မစား၊မသောက်ဖို့မှာထားတယ်တဲ့။ အဲဒီလိုနဲ့ ခရီးတစ်ခုလည်းရောက်ရော မျောက်အပေါင်းက ရေစာနေတဲ့အချိန်မှာ အသားစားဘီလူးစောင့်တဲ့ ရေအိုင်တစ်ခုကိုတွေ့သတဲ့။ ရေအိုင်ကရေကို သောက်ဖို့ မျောက်မင်းထံ ခွင့်တောင်းတဲ့အခါ မျောက်မင်းက ရေအိုင်ရဲ့ပါတ်လည်မှာ လိုက်ကြည့်လိုက်တဲ့အခါမှာ ရေကန်ထဲကို ဆင်းသွားတဲ့ခြေယာသာတွေ့ပြီး ပြန်တက်လာတဲ့ခြေယာကို မတွေ့ရဘူးတဲ့။ အဲဒါကြောင့် မျောက်မင်းက ရေဆင်းသောက်ဖို့ခွင့်မပြုဘဲ အနီးအနားမှာရှိတဲ့ ကျူပင်းတစ်ပင်ကို နုတ်ခိုင်းပြီး ဘဝအဆက်ဆက်ကဖြည့်ခဲ့တဲ့ ပါရမီတွေကို တိုင်တည်ပြီးဆုတောင်းလိုက်သတဲ့ အဲဒီလိုဆုတောင်ပြီး ကျူပင်ကို နှုတ်ခမ်းမှာတွေ့ပြီး မှတ်ထုတ်လိုက်သတဲ့ အဲဒီကျူပင်နဲ့တပြိုင်တည်း တခြားကျန်တဲ့ကျူပင်တွေ အားလုံးပါ အဆစ်တွေပြုတ်ထွက်ကုန်တယ်တဲ့။ အဲဒီအချိန်ကနေစပြီး ဒီတစ်ကမ္ဘာတိုင်အောင်ကျူပင်တွေဟာ အဆစ်မပါတော့ဘူးတဲ့။ ကျူပင်တွေအဆစ်တွေလည်းပြုတ်ရော ဘုရားလောင်းမျောက်မင်းက ကျူပင်ကို ရေထဲချပြီး ကုန်ပေါ်ကနေ ရေစုပ်သောက်စေသတဲ့။ အဲဒီတော့မှပဲ တခြားမျောက်တွေက အနားကကျူပင်တွေကိုနှုတ်ယူပြီး ရေစုပ်သောက်ကြသတဲ့။ အဲဒီရေအိုင်မှာစောင့်တဲ့ ဘီးလူးကလည်း သူ့ရေအိုင်ထဲကိုဆင်းလာတဲ့ သတ္တဝါအားလုံး စားသောက်ဖို့ နတ်မင်းကြီးတွေကခွင့်ပြုထားသတဲ့။ အခုမျောက်မင်းနဲ့အပေါင်းအပါမျောက်တွေက ကုန်ပေါ်ကနေပဲ ရေသောက်ကြတာဆိုတော့ ဘီးလူးအစား မခံရဘဲ မျောက်တစ်ကောင်မှ အသက်မဆုံးရှုံးတော့ဘူးပေါ့လေ။
(၃) ဘုရားအလောင်း ယုန်မင်းဘဝမှာ တောထဲမှာ တခြားတိရိစ္ဆာန်နှစ်ကောင်းနဲ့ မိတ်ဆေဖွဲပြီး နေထိုင်သတဲ့။ အဲဒီလိုနေထိုင်ရင်းနဲ့ ယုန်မင်းဟာစဉ်းစားတဲ့အခါ သူတို့တိရိစ္ဆာန်သုံးကောင်းဟာ အစားစားတဲ့သူ မပါကြဘူးတဲ့။ အဲဒီတော့ သူတို့ဆီမှာ အသားတစုံတရာမရှိကြဘူးလေ။ ယုန်မင်းဟာ အလျှူဒါနမှာ စံပြုလောက်အောင်ကိုပဲ သဒ္ဒါတရာထက်သန်တယ်လေ။ သူတို့ဆီကိုများ အလျှူခံပုဂ္ဂိုလ်လာပြီးအလျှူခံရင် ဘုရားအလောင်းယုန်မင်းဟာ သူ့အသက်အသေခံပြီး သူ့အသားကိုလျှူဒါန်းဖို့ ဆုံးဖြတ်ထားသတဲ့။ အဲဒါကြောင့်ပဲ သိကြားမင်းရဲ့ ကျောက်ဖျာဟာ ပူပြီး တင်းလာသတဲ့။ သိကြားမင်းလည်း လူ့ပြည်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာ ယုန်မင်းရဲ့သဒ္ဒါတရားကို တွေ့ရှိသွားတာနဲ့ သူတော်စင်ယောင်ဖန်ဆင်းပြီး ယုန်မင်းတို့ အဖွဲ့ဆီကိုသွားပြီး အလျှူခံသတဲ့။ အဲဒီအခါမှာတခြားနှစ်ကောင်ဟာ သူတို့ဆီမှာရှိတဲ့ မုံလာဥတို့၊ တခြားသစ်ဥ၊ သစ်ဖုတို့ အသီးအနှံတို့ကို လျှူလိုက်သတဲ့။ သူတော်စင်ယောင်ဆောင်ထားတဲ့ သိကြားမင်းကလည်း ယုန်မင်းဆီကိုသွားပြီး အလျှူခံသတဲ့။ အဲဒီအခါမှာ ယုန်မင်းက သူတော်စင်ကိုမေးတော့ ဒီတော၊ဒီတောင်မှာ တရားအားထုတ်ဖို့ လာခဲ့တာပါလို့ဖြေလိုက်တဲ့အခါမှာ ဘုရားအလောင်းယုန်မင်းက သူတော်စင်ကို မီးဖိုတစ်ဖို ပြင်ဆင်ခိုင်းသတဲ့။ မီးဖိုလည်းအဆင်သင့်ဖြစ်ရော ယုန်မင်းဟာ အသင်သူတော်စင် အသင်ဟာသူတော်ကောင်းဖြစ်တဲ့အတွက် သူများအသက်ကို သတ်ဖြတ်ဖို့ လုပ်မှာမဟုတ်တဲ့အတွက် သူ့အသက်ကိုသူပါသာသူ မီးထဲကိုခုန်ချပြီး အဆုံးစီရင်မယ် သူ့အသားကျက်ခါမှ အသင်အနေနဲ့ ယူငှင်ပြီး စားသုံးပါ။ စားသုံးပြီး သူတော်ကောင်းတရားကို ကျင့်ကြံအားထုတ်ပါဆိုပြီး သူ့အမွေးတွေကြားမှာ ကပ်ညှိနေနိုင်တဲ့ပိုးမွှားတွေကို သုံးကြိမ်သုံးခါ ခါထုတ်ပြီး မီးထဲကို ခုန်ချသွားသတဲ့။ အဲဒီအချိန်မှာ ယုန်မင်းရဲ့ အမွေးကလေးကိုမှ မီးမလောင်တဲ့အပြင် အေးမြခြင်းကို ခံစားနေရသတဲ့။ အဲဒီအချိန်မှာ သူတော်စင်က သူဟာ သိကြားမင်းဖြစ်ကြောင်း၊ ယုန်မင်းရဲ့သဒ္ဒါတရားကို စမ်းသပ်လိုသည်အတွက်ကြောင့် ယခုကဲ့သို့ ပြုမူဆောင်ရွက်သည်ဖြစ်ကြောင်း ပြောပြသောအခါ ယုန်မင်းက အသင်ဟာ သိကြားမင်းပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် သူ့အသက်နဲ့အသားကို ပေးလျှူမည်ဖြစ်ကြောင်း ပြောပြလိုက်သောအခါ သိကြားမင်းက အနားမှာရှိတဲ့တောင်တစ်လုံးကို အဆီညှစ်ထုတ်ပြီး လပေါ်မှာ တောင်ကထွက်တဲ့အဆီနဲ့ ယုန်ရုပ်ရေဆွဲလိုက်သတဲ့ အဲဒီယုန်ရုပ်ဟာ ကပ်တစ်ကမ္ဘာကြာသည့်တိုင်အောင် တည်ရှိနေမယ်လေ။
(၄) မြတ်ဗုဒ္ဓ ဘုရားရှင် တစ်ပါးလက်ထက်မှာ သူဆင်းရဲတစ်ဦးဟာ မျက်မမြင်မိဘနှစ်ပါးကို လုပ်ကျွေးပြုစု နေသတဲ့ ဘုရားရှင်ဟာ သူဆင်းရဲကို ချီးမြှောက်လိုတဲ့အတွက်ကြောင့် သူဆင်းရဲရဲ့အိမ်ကိုသွားပြီး အိမ်မိုး သက်ကယ်တွေကို အလျှူခံခိုင်းလိုက်သတဲ့။ မျက်မမြင်မိဘနှစ်ပါးဟာ ဘုရားသားတော်တွေမှန်းသိတော့ လျှူဒါန်လိုက်သတဲ့။ သူဆင်းရဲသားပြန်ရောက်လာတဲ့အခါ ဘုရားရှင်ရဲ့ချီးမြှင့်မြှောက်စားမှုကို ဝမ်းသာပီတိ ဖြစ်နေတာ (၁၄)ရက်တိုင်တိုင် ကြာသည့်တိုင်အောင်ဆိုပဲ။ သူရဲ့ စေတနာ၊ သဒ္ဒါတရားအဟုန်ကြောင့် အဲဒီ သူဆင်းရဲ နေတဲ့နေရာဟာ အဲဒီအချိန်ကနေစပြီး တစ်ကမ္ဘာကြာသည့်တိုင်အောင် မိုးရွာလည်း မိုးမစိုဘူးတဲ့လေ.
အဲဒီအကြောင်းအရာတွေကတော့ ကောင်းတဲ့ တစ်ကမ္ဘာကြာတဲ့အရာတွေပေါ့၊ နောက် တစ်ကမ္ဘာ ကြာအောင် အဝီစိငရဲမှာ ခံနေရတာကတော့ ကံကြီးငါးပါးထိုက်တဲ့သူတွေပေါ့လေ......

[+/-] အပြည့်အစုံသို့...

Thursday, January 3, 2008

MIND WASHING 4

အမှတ်မှားကို သန့်စင်ခြင်း

အနတ္တ အရင်တုန်းက စိတ်ထဲမှာ ထင်မှတ်ထားတာလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ လူအပါအဝင် သတ္တဝါတွေဟာ သေပြီးရင် နောက်ဘဝမှာ ကိုယ်ပြုလုပ်တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံ တွေကတပါတည်းလိုက်ပြီး အကျိုးပေးတယ်။ ယခုဘဝ သေသွားတဲ့အခါမှာ အသက်ဝိညာဉ် ကလေးက နောက်ခန္ဓာ တစ်ခုမှာ သွားပြီးကိန်းအောင်းပြီး ဘဝအသစ်စတယ်ဆိုပြီးတော့ မှတ်ထင်ထား ပါတယ်။ လောက်လန်းသဖွယ်လိုပေါ့ ဒီဘက်အဖျားလေးကနေ ထောက်ပြီး ဟိုဘက်အဖျားလေး ထိလိုက်တာနဲ့ ဒီဘက်အဖျားလေးကို လွှတ်ပေးလိုက်သလိုမျိုး ဒီဘဝရဲ့ အသက်ဝိညာဉ်လေးကလည်း ဘဝ တစ်ခုနဲ့ တစ်ခုကူးပြောင်းတယ် ဆိုပြီးတော့ ထင်မှတ်ထားပါတယ်။ ဒါပေမယ့် ဆရာဆန်လွင် (အရှင်အာဒိစ္စရံသီ) ရဲ့ ဗုဒ္ဓဘာသာ သံသရာခရီးသည်အတွက် ပထမထွက်လမ်း ဆိုတဲ့ စာအုပ်ကိုဖတ်ပြီးတော့မှပဲ အနတ္တမှတ်ထားတာက သဿတဒိဋ္ဌိ စွဲ မှတ်ထားပါလားဆိုတာကို သိလိုက်ရပါတယ်။ ဆရာဆန်လွင်ရဲ့ စာသားအတိုင်း အနည်းငယ် ဖော်ပြပြီး အမှတ်မှားကို သန့်စင်ပါရစေ……………
>>> ဒီဘဝက ငါလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကို နောင်ဘဝကျရင် ငါပဲ စံစားရမယ်။ ခံစားရမယ်လို့လည်း စွဲလမ်းယုံကြည်ကြတယ်။…..
"ကမ္မဘဝ ပစ္စယာ ဇာတိ” ဆိုတာကြောင့် ဒီဘဝမှာ စုတိစိတ် ကျတဲ့အခါ ရုပ်ရောနာမ်ရော ချုပ်တာ မှန်ပေမယ့် ကံက နောက်ဘဝကို လိုက်ပြီး ပဋ္ဋိသန္ဓေကို တည်ထောင်ပေးတယ်လို့ ယုံကြည်ကြပြန်တယ်။……..
ကံက ပဋ္ဋိသန္ဓေကိုလုပ်သည်။ ဒါဖြင့် ကံကလေးက ပဋ္ဋိသန္ဓေကို သွားလုပ်သလား။ သူကကော မပျက်ဘဲ လုပ်နိုင်သလား လို့ မေးလို့ရှိရင် မချုပ်ဘဲနဲ့ ဒီကံကလေးက သွားပြီး သာကာလ ခန္ဓာအိမ်ကလေး ဆောက်ပေးနေတယ်။ ဒီလို ယူတဲ့ အယူဟာ သဿတဒိဋ္ဌိ။ ကံလိုက်တယ်လို့ယူတဲ့ အယူဟာ သဿတဒိဋ္ဌိအယူ။…………….
ဘုရာသခင် ကိုယ်တော်မြတ်ကြီးက ဟေ့ တိုက်ရိုက်ယူရတဲ့ နေရာလည်းရှိတယ်ကွ။ ဆောင်ပြီးယူရတဲ့ နေရာလည်း ရှိတယ်ကွ။ ဒီနှစ်ခုကို မညှိတတ်ရင် ဒိဋ္ဌိဖြစ်တယ်။ (နှာ-၄၇၉)…………..
သဗ္ဗေ သင်္ခါရာ အနိစ္စာ ဆိုသောကြောင့် သူလည်းဖြစ်ပြီး ပျက်ပဲ။ ကံကြောင့် ပဋ္ဋိသန္ဓေ နေတယ်ဆိုတာကိုလည်း ဘုန်းကြီးက မငြင်းပါဘူး။ စေတနာက နာမ်၊ သူခိုင်းလို့ လုပ်တာက ရုပ်ကြီး။ လှူတယ်တန်းတယ်ဆိုတာ နာမ်ကလုပ်တာ။ နာမ်ရုပ်က လုပ်ပြီး လုပ်တဲ့နေရာမှာတင် ချုပ်တာပဲ။ ကမ္မဘဝပစ္စယာ ဇာတိလို့ ဘုရားက ဘာကြောင့်ပါလိမ့်။ ကြောင်းကျိုးဆက်ပေးလို့ ပထမနာမ်ရုပ်ကတော့ လုပ်ပြီး ချုပ်သွားတယ်။ ချုပ်တော့ ချုပ်တယ်။ ဒါပေမယ့် သူ့သတ္တိက နာမ်ရုပ်အကြောင်းကြောင့် နာမ်ရုပ်အကျိုး မပေါ်ဘူးလား။ (နှာ-၄၈၁) အရင်လုပ်တဲ့ ရုပ်နာမ်ကလုပ်တာလား။ သူက ချုပ်သွားပြီး။ ဒါဖြင့်ဘယ်သူလုပ်တာလဲ။ အကြောင်းချုပ်လို့ ရှိရင် အကျိုးသတ္တိက ဒီနေရာတွင်ချုပ်တယ်။ သူလဲ အနိစ္စပဲ။ မမြဲဘူး။ နောက်ပဋ္ဋိသန္ဓေထိ ဒီကံက လိုက်လုပ်တာ မဟုတ်ဘူး။ မလိုက်တာ သေချာတယ်။ အနိစ္စတရားမို့ မလိုက်နိုင်ဘူး။ ဒီလိုသိမှ သဿတ ဒီဋ္ဌိကို ပယ်နိုင်တယ်။(နှာ-၄၈၂) အကြောင်းနဲ့ အကျိုးဆက်တဲ့ သဘောပဲ။ ဒါကိုသိရင် အဆက်ပြတ်တယ်။ သေရင်ပြီးတာပဲ ချုပ်တာပဲဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိလည်း လွတ်တယ်။(နှာ-၄၈၃) မိုးကုတ် ဆရာတော်ဘုရားကြီး၏ ဟောကြားချက်ဖြစ်တယ်။
သဿတဒိဋ္ဌိ အစွဲသန်တဲ့ လူဟာ ကံကို အားကိုးတယ်။ ဒီဘဝ ငါလုပ်ခဲ့တဲ့ ကုသိုလ်ကံတွေ နောက်ဘဝမှာ ငါ့ကို အကျိုးပေးတော့မှာပဲလို့ နောက်ဘဝ ကောင်းစားရေးကို မျှော်တယ်။………………<<< အဲဒီစာသားတွေကတော့ ဆရာဆန်းလွင်ရဲ့ ဗုဒ္ဓဘာသာ သံသရာခရီးအတွက် ပထမထွက်လမ်း ဆိုတဲ့ စာအုပ်ရဲ့ စာမျက်နှာ ၆၈၊ ၆၉၊ ၇၀ ကစာသားလေးတွေကို ဖော်ပြပေးလိုက်တာပါ။ သူငယ်ချင်းမိတ်ဆွေအားလုံး အမှားနည်းပါး အလင်းများ စိတ်ထားကိုယ်စီ ဖြစ်ပါစေ…………….. ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Thursday, November 15, 2007

MIND WASHING 3

အမှတ်မှားကို သန့်စင်ခြင်း

အရိပ်ရဲ့ နိစ္စဓူဝ လေးကိုဖတ်ပြီး “ငါက ဘာလဲ…?” ဆိုတာကို ဆက်ပြီးစဉ်းစား ကြည့်လိုက်တဲ့အခါမှာ စာကြောင်းလေးတစ်ကြောင်းကို သွားပြီးသတိယတယ်။ အဲဒီစာကြောင်းလေးကတော့ “ငါ သေရင်နိဗ္ဗါန်ရောက်မယ်” ဆိုတာပါပဲ။ အစကတော့ တော်တော်အတ္တကြီးတဲ့ အတွေးမျိုးပဲလို့ ထင်လိုက်မိတယ်။ နောက်ပိုင်းကျမှ အတ္တကြီးတဲ့သူက အနတ္တဆိုတဲ့ကျွန်တော်ဖြစ်နေတာကို မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးတော်ကြောင့် အနည်းငယ်ရိပ်မိလာပါတယ်။ ဘာကြောင့်လဲဆိုတော့ လူ၊ နတ်၊ ဗြဟ္မာ၊ ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် စတဲ့ ပညတ်သတ်မှတ်ချက်တွေကို အစစ်အမှန်တကယ်အရှိလို့ထင်လိုက်မိတယ်။ အလွန်ပါးလွှာတဲ့ အမိုက်မှောင်နဲ့ ဖုံးလွှမ်းထားတာကြောင့်လဲ လူဆိုရင် သူ၊ မင်း၊ ငါ၊ အမိ၊ အဖ၊ သူဌေး၊ ဆင်းရဲသား၊ဘုရင်၊ ကျွန်…. တရိစ္ဆာန်မှာဆိုရင်လဲ… ခွေး၊ ၀က်၊ နွား… စသဖြင့် သတ်မှတ်ခေါ်ဝေါ် နေတဲ့ ပညတ်ချက်တွေကို မရှိကို အရှိထင်ပြီး မှားယွင်းတဲ့ အယူဝါဒတွေနဲ့ ကြီးပြင်းခံယူလာလိုက်ကြတာ ဘုရားတွေအဆူဆူ ပွင့်တော်မူတာတောင်မှ ကျွတ်တန်းမရကြတာ အဲဒီလို မှားယွင်းတဲ့ အယူအဆတွေကြောင့်ပဲလို့ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်တွေမှာ နာယူမှတ်သားဘူးပါတယ်။ မှားယွင်းတဲ့အယူအဆတွေကို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ၊ဟောပြောနိုင်ဖို့ ဆိုတာ သဗ္ဗညုတဥာဏ်ရှိတဲ့ ဘုရားပွင့်တော်မူမှ ဖြစ်နိုင်တာကို။ ဘုရားဟော တရားတော်တွေကို မိုးကုတ်ဆရာတော်ဘုရားကြီးတို့လို ကျေးဇူးရှင်ကြီးများက ပြန်လည်ဟောပြောမှသာ မှတ်သားသိနဲ့ အနည်းငယ် နားလည်သိရှိနိုင်လာတာကို။ အမှန်တကယ်မရှိတဲ့ ငါ ဆိုတဲ့ ပညတ်ချက်ကို အမှန်တကယ်ရှိတဲ့ ရုပ်၊နာမ် ဖြစ် ပျက်မှု အနေနဲ့ စဉ်ဆက်မပြတ် ကိုယ်တိုင် မြင်တွေ့ သိရှိလာနိုင်မယ်(ငါ သေပြီး ဖြစ်၊ပျက် စဉ်ဆက်မပြတ်မြင်လာမယ်) ဆိုရင် နိဗ္ဗါန်ရောက်နိုင်တယ် ဆိုတာကို ကျေးဇူးရှင်ကြီးများကြောင့် သိရှိခံစားတတ်လာတာကြောင့် “ငါ သေရင်နိဗ္ဗါန်ရောက်မယ်” ဆိုတာကို နားလည် သဘောပေါက်မိပါတယ်။ အမှတ်မှား၊ အယူမှား ကို အမှန်ရောက်အောင် လမ်းကြောင်းပေါ်တင်ပေးတဲ့ ကျေးဇူးရှင်ကြီးများနှင့် “ငါ သေရင်နိဗ္ဗါန်ရောက်မယ်” လို့ သွန်သင်ဆုံးမခဲ့တဲ့ ပုဂ္ဂိုလ်ကြီးကို ခြေ၊လက်၊နဖူး၊တတောင်၊ဒူး ငါးဦးညီညွှတ်စွာဖြင့် ကန်တော့လိုက်ရပါသည်။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Thursday, November 1, 2007

MIND WASHING 2

အမှတ်မှားကို သန့်စင်ခြင်း

(၃) မြတ်စွာဘုရားရှင်တောင် မိဘကျေးဇူးကို နို့တစ်လုံးပဲကျေအောင်ဆပ်နိုင်တယ် ဆိုတာနဲ့ ပါတ်သက်ပြီးတော့ ရန်ကုန်မြို့က ကိုမိုးကျော်သူနဲ့ ကိုအောင်ဇော် မေးထားတာကို ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက ပြန်လည်ဖြေကြား ဟောပြသွားတဲ့ အထဲက အနည်းငယ်ဖော်ပြပါရစေ။
“ဗုဒ္ဓစာပေကို မှီုငြမ်းတဲ့ မိဘမေတ္တာဖွဲ့တွေမှာ မြတ်စွာဘုရားရှင်တောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးပဲ ကျေအောင်ဆပ်နိုင်ခဲ့တယ် ဆိုတဲ့အချက်ကိုတွေ့ရတော့ သိပ်ကိုအံ့သြမိပါတယ်။
ပိဋကတ်တော်မှာမပါတဲ့ အကြောင်းအရာတစ်ခုကို ပါသလိုလို ရေးသားပြောဆိုတာဟာ အရမ်းအရမ်းကို အပြစ်ကြီးပါတယ်။ နို့တစ်လုံးပဲကျေတယ် ဆိုတဲ့အချက်ကို မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်လည်း ဟော်ပြောတော်မမူခဲ့သလို အဋ္ဌကထာဆရာ၊ ဋီကာဆရာတွေကလည်း ဖွင့်ဆိုတော်မမူခဲ့ကြပါဘူး။
သားသမီးတွေအပေါ်မှာ မိဘကျေးဇူးကြီးမာတာ မှန်ပါတယ်။ ဒါပေမယ့် မိခင်ကိုအမွန်းတင်ချင်လွန်းတာနဲ့ မြတ်စွာဘုရားရှင်ကို ပုတ်ခတ်စော်ကားသလို ဖြစ်သွားတာကတော့ လုံးဝ မသင့်တော်ပါဘူး။ ဘုရားတောင်မှမိခင်ကျေးဇူး နို့တစ်လုံးပဲကျေတယ်လို့ ပြောတဲ့သူဟာ ဘုရားကိုလည်းစော်ကားရာ ရောက်သလို တရားကိုလည်း ဖျက်ဆီးရာ ရောက်ပါတယ်။ သာသနာဖျက်တဲ့သူလို့တောင် ပွင့်ပွင့်လင်းလင်း ပြောနိုင်တဲ့အထိ အကုသိုလ်ကြီးပါတယ်။
မြတ်စွာဘုရားရှင်ဟာ မိခင်ကျေးဇူးကို နို့နှစ်လုံးဖိုးလုံး ကျေအောင် ဆပ်နိုင်ခဲ့ပါတယ်။ မြတ်စွာဘုရားရှင်မှာ မိခင်အပေါ် နို့ဖိုးကြွေး လုံးဝ မကျန်တော့ပါဘူး ဆိုတဲ့ မိန့်ဆိုရေးသားချက် ပိဋကတ်တော်(ထေရ၀ါဒစစ်စစ် ဗုဒ္ဓစာပေ)မှာ အခိုင်အမာ အထင်အရှားရှိပါတယ်။
ပါဠိတော်မူရင်းကတော့……….
ပါဠိအနက်။ မဟာမုနေ - မြတ်စွာဘုရား၊ တွံ - အရှင်မြတ်ဘုရားသည်၊ မယှံ - ဘုရားတပည့်တော်အား၊ ဗန္ဓနာရက္ခနေ - ကိလေသာ အနှောင်အဖွဲ့မှ လွတ်မြောက်အောင် စောင့်ရှောက်ခြင်းကြောင့်၊ မယှံ - ဘုရားတပည့်တော်၏အပေါ် ၌၊ အနဏော - နို့ဖိုးကြွေး ကင်းသူသည်၊ ၀ါ - နို့နှစ်လုံးဖိုးလုံးကျေအောင် မိခင်ကျေးဇူး ဆပ်ပြီး သူသည်၊ အသိ - ဖြစ်တော်မူပါပေ၏ ။
(အညွှန်း။ - ထေရီအပဒါနပါဠိတော်၊ စာမျက်နှာ ၂၀၉။ ဂါထာ ၁၃၃။)”

မှတ်ချက်။ ။ ပြည့်ပြည့်စုံစုံသိလိုပါက ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားတော်မူထားတဲ့ “မိဘကျေးဇူး အကျေဆပ်နည်း” စာအုပ်ကို ဖတ်ရှုပါရန်။

အနတ္တ

[+/-] အပြည့်အစုံသို့...

MIND WASHING 1

အမှတ်မှားကိုသန့်စင်ခြင်း

(၁) အနတ္တ ငယ်ငယ်တုန်းက ပွဲကြည့်ပြီး မှားယွင်းစွာ မှတ်သာမိတာလေး တစ်ခု ရှိပါတယ်။ အဲဒါကတော့ ဘုရားအလောင်းမိခင် မယ်တော်မာယာဟာ ဘုရားအလောင်းတော်ကို မွေးဖွားသန့်စင်ပြီးချက်ချင်ပဲ ကွယ်လွန်သွားတယ်ဆိုတာပါ။ အမှန်က ဇာတ်နာအောင် က ခဲ့ကြတယ်ဆိုတာကို မသိခဲ့ပါဘူး။ တကယ်တော့ ဘုရားအလောင်းတော်ကို ဖွားတော်မူပြီး သီတင်းတစ်ပါတ်(ခုနှစ်ရက်) နေပြီးမှာ ကွယ်လွန် အနိစ္စရောက်သွားတာပါ။
(၂) လူတွေဟာ ကိုယ့်ကိုယ်ကိုသတ်သေရင် အဖန်ငါးရာ၊ငါးကမ္ဘာ ငရဲပြည်မှာ ၀ဋ်ကြွေးခံရတယ် လို့ ဘုရားကဟောထားခဲ့တယ်ဆိုပြီးပြောနေကြပါတယ်။ (တိုက်ဆိုင်မှုရှိတဲ့အခါမှာပေါ့) အနတ္တ ဖတ်ဖူးတဲ့ အချက်နှစ်ချက်နဲ့ဆိုရင် ကိုက်ညီမှု မရှိသလိုခံစားပြီး စိတ်ရှုပ်ထွေးစွာနဲ့ အချိန်အတော်ကြာနေခဲ့ရဖူးပါတယ်။ တစ်အချက်က ဗုဒ္ဓမြတ်စွာဘုရားကိုလျှူတဲ့အလျှူထဲမှာ ဘုရားဖြစ်ခါနည်း လျှူတဲ့ သုဇာတာရဲ့ နို့ဂနာဆွမ်းရယ်၊ ဘုရားပရိနိဗ္ဗါန်စံဝင်တော်မူရန် အကြောင်းဖြစ်တဲ့ ၀က်သားဟင်းကပ်လျှူတဲ့ အလျှူရယ်ဟာ ဒါနအမြောက်ဆုံးအလျှူဆိုပြီးတော့လေ။
အဲဒီမှာ ဒုက္ခ ခန္တာကြီး ချုပ်ငြိမ်းဖို့ရာ(၀ဋ်ကျွေးဆပ်ဖို့ရာ)အကြောင်းဖြစ်တဲ့ အလျှူဟာ မြတ်တယ်ဆိုတာရယ်။ နောက်တစ်ချက်ကတော့ အရှင်ဂေါဓမမြတ်စွာဘုရား လက်ထက်မှာပဲ အရှင်ဂေါဓိကရဟန်းဟာ ဈာန်သမာပတ်တွေရပြီး ၀ိပဿနာကူးခါနီးမှာ အနာရောဂါ နှိပ်စက်လို့ ဈာန်ပြန်လျှောသွားခဲ့ရတယ်။ ကျမ်းမာလာပြီးကျင့်ကြံအားထုတ်တော့ဈာန်ပြန်ရ၊ ၀ိပဿနာကူးခါနီးဈာန်ပြန်လျှောနဲ့ ဖြစ်လိုက်တာ ခြောက်ကြိမ်တောင်ပဲရှိသွားတယ်။ သတမအကြိမ်လည်း ဈာန်ပြန်ရရော ဈာန်ရပုဂ္ဂိုလ်အနေနဲ့ပဲ အသေခံတော့မယ်ဆိုပြီ လည်ပင်းကိုသင်တုန်းဓားနဲ့ ကိုယ်ကိုယ်တိုင် လှီးဖြတ်ပစ်လိုက်ပါတယ်။ မူလစွဲကပ်နေတဲ့ အနာရောဂါကြောင့် ဖြစ်တဲ့ ဝေဒနာရော၊ လည်းပင်းလှီးဖြတ်လိုက်လို့ ဖြစ်ပေါ်လာတဲ့ဝေဒနာ ကိုပါ ကြိတ်မှိတ်သည်းခံပြီး တရားဆက်အားထုတ်လိုက်တာ အသက်လည်းကုန်၊ ရဟန္တာလည်းဖြစ်ဆိုပဲ။ အဲဒီမှာတင် ကိုယ့်ကိုယ်ကို သတ်တာ အဖန်ငါးရာ၊ ငါးကမ္ဘာ ငရဲခံရတယ်ဆိုတာကို လုံးဝ လက်မခံနိုင်တော့တာ။ မြတ်ဘုရားက ဘယ်သောအခါမှ မမှန်သော သစ္စာမဲ့ စကားမပြောခဲ့ဘူး။ ပြောပြီးသားစကားဟာလဲ အခြေအနေတွေ၊ အချိန်အခါတွေ၊ လူပုဂ္ဂိုလ်တွေ ဘယ်လိုပဲပြောင်းပြောင်း ထာဝရ မှန်ကန်နေမှာပဲလေ။ ကိုယ့်ကိုယ်ကို သတ်သေလို့(သေကြောင်းကြံစည်လို့) ငရဲခံရမယ်ဆိုရင် အရှင်ဂေါဓိကဟာ ဘယ်လိုအကြောင်းကြောင့်မှ ရဟန္တာဖြစ်မသွားနိုင်ဘူးလေ။ အဲဒီစကားနဲ့ပါတ်သက်ပြီး အချိန်တော်တော်ကြာကြာပဲ မရှင်းမလင်း ဖြစ်နေမိတယ်။ ဓမ္မဗြူဟာ မဂ္ဂဇင်းအမေးအဖြေကဏ္ဍထဲမှာ အဲဒီအကြောင်းကို ဆရာတော်ကြီးက ဘုရားဟော မဟုတ်ပါဘူး လို့ဖြေလိုက်မှပဲ စိတ်ထဲရှင်းရှင်းလင်းလင်း ဖြစ်သွားတော့တယ်။ (စိတ်ထဲမှာရှင်းလင်းသည့်အကြောင်းကိုမျှဝေခံစားခြင်းဖြစ်ပါသည်။ တခြားရည်ရွယ်ချက်မရှိပါ။)

အနတ္တ

[+/-] အပြည့်အစုံသို့...

Tuesday, October 23, 2007

"အမှားပြင်ဆင်တောင်းပန်ခြင်း"


ဝါသနာကိုစားသောအချစ် ဆိုတဲ့ထဲမှာ ၀ါသနာကို ဘုရား ကလွဲရင်ဘယ်သူမှ မစွန့်လွှတ်နိုင်သေးဘူးလို့ ပြောပြီး ရဟန်းဒါကြီး တစ်ပါးလို့ သုံးနှုန်းခဲ့ပါတယ်။ အဲဒီလိုရေးနေတဲ့အချိန်မှာ ကြားဘူးထားတာက ရဟန်းဒါကြီးဟာ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးလို့ ဆိုပြီး ကြားဘူးတာပါ။ ဒါပေမယ့် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး က မျောက်ဘ၀တော့ ရောက်ဘူးချင်ရောက်ဘူးခဲ့မယ် (ဘုရားအလောင်း မျောက်မင်းတောင်ရှိသေးတာကို)၊ ရေအိုင်(မြောင်း) တွေ့တိုင်း ခုန်မကူးလောက်ဘူးလို့ ၊ (ခုန်ကူးတယ်ဆိုတာကိုလက်မခံနိုင်လို့ )အတိအကျမရေးပဲ ရဟန်းဒါကြီးဆိုပြီးတော့ သုံးနှုန်းလိုက်တာပါ။ ရွှေပါရမီတောရဆရာတော် အရှဆန္ဒာဓိက ဟောကြားထားတဲ့ အနှိုင်းမဲ့ရဟန်း ဆိုတဲ့ တရားစာအုပ်ကလေးကိုဖတ်လိုက်ရတော့မှပဲ စိတ်ထဲ ရှင်းရှင်းလင်းလင်း ဖြစ်သွားတော့တယ်။ ဆရာတော်ဘုရား ဟောကြားထားတဲ့အထဲက သက်ဆိုင်ရာစာပိုဒ်ကလေးကို ဆရာတော်ဟောကြားတော်မှုတဲ့အတိုင်း ပြန်လည်ရေးသားတင်ပြ လိုက်ပါတယ်။ …………….
ဆရာတော်ဟောကြားထားတာကတော့…..
"မျောက်ဘ၀က လာခဲ့လို့ အရှင်သာရိပုတ္တရာ မြောင်းတွေ့ရင် ခုန်ချင်တယ်၊ ချောင်းတွေ့ရင် ခုန်ကူးချင်တယ် ဆိုတဲ့ စကားဟာ ထေရ၀ါဒ ပိဋကတ်တော်တွေမှာ လုံးဝမပါတဲ့ တစ်ဆင့်ကြား ပါးစပ်ရာဇ၀င်စကားသာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မဟာယာနကျမ်းတစ်ကျမ်း ကျမ်းမှာပါတဲ့ ဘုရားလောင်းဝါဒ စည်းရုံးသိမ်းသွင်းမှုသာဖြစ်ပါတယ်။ အရှင်သာရိပုတ္တရာကို သက်သက်သိက္ခာချတဲ့စကားပါ။ လုံးဝ မမှန်ပါဘူး။
အရှင်သာရိပုတ္တရာရဲ့ သန္တာန်မှာ တဏှာဆိုတဲ့ လောဘကိလေသာသာ ၀ါသနာအငွေ့အသက် မရှိသလောက် ကင်းစင်တာ မဟုတ်ပါဘူး။ ဒေါသ၊ မာန စတဲ့ တခြားကိလေသာတွေ အားလုံးလည်း ၀ါသနာ အငွေ့အသက် မရှိသလောက် ကင်းစင်ပါတယ်။"………...
မှားယွင်းစွာမှတ်သားမိခဲ့၊ ရေးမိခဲ့တဲ့ အတွက် ထေရ၀ါဒ ဗုဒ္ဓဘာသာ အားလုံးကို အထက်ပါစာပိုဒ်ကလေးနဲ့အတူ လေးစားစွာ တောင်းပန်အပ်ပါတယ်။

အမှောင်ကိုခွင်း၍ အလင်းဆောင်နိုင်ကျပါစေ…………..
အနတ္တ

[+/-] အပြည့်အစုံသို့...