စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Showing posts with label တွေးစရာ၊မေးစရာ. Show all posts
Showing posts with label တွေးစရာ၊မေးစရာ. Show all posts

Saturday, October 18, 2008

အတွေးများ

အချိန်တွေက ပြောင်းလဲ နေတယ် ဆိုတာ စဉ်းစားကြည့်မိတယ်။


တခါတလေမှာ စိတ်ထဲမှာ ဖြစ်နေတာတွေ အကုန် အန်ချချင်မိတယ်။

အဲလို အန်ချဖို့တောင် အချိန်မရှိခဲ့ရင်။ ဒါမှမဟုတ် အန်ချတာကို နားထောင်မယ့်သူများ မရှိခဲ့ရင်။ ဘ၀အတွက် ဖြေစရာ ထွက်ပေါက်လေးတောင် မရှိသလိုဖြစ်နေတတ်ပြန်တယ်။

ဒီလိုနဲ့ လူတိုင်းပြောပြောနေတတ်တဲ့ ဒီလိုပါပဲ ဆိုတဲ့ စကားစုလေး ပြောဖို့တောင် ဒီလိုပါပဲ ဖြစ်နေတတ်ပြီ။ ဒါဆို လူဆိုတာ သဘာဝလား။ သဘာဝ ထက် ဘာသာလဲ။ သဘာဝကို စဉ်းစားသင့်ပြန်ပြီ။

သဘာဝမှာ အရာရာဟာ သဘာဝပဲ။ ဥပမာ မြစ် ဆိုပါစို့။ ကောက်ကွေ့ တဲ့ မြစ်ပဲ ဖြစ်ဖြစ်၊ ရိုးစင်းတဲ့ မြစ်ပဲ ဖြစ်ဖြစ် ချောင်းလက်တက်တွေက စတင် တယ်တဲ့။ ပြီးတော့ ပင်လယ်၊သမုဒ္ဒရာ ရောက်သွားရင် အားလုံး အတူတူပဲ တဲ့။ ကျယ်ပြောတဲ့ သဘော၊တူညီတဲ့ သဘော နဲ့ လောက ကို အလှဆင်တယ်တဲ့။ တကယ်တော့ သဘာဝတခု ဖြစ်တဲ့ ပထ၀ီဝင် မြေကြီးက အလေးနက်ဆုံးဖြစ်မယ်ထင်တယ်။ တွေးကြည့်တာပါ။ ဘာပဲဖြစ်ဖြစ် ချောင်းတွေဆိုတာ မြေကြီးမရှိရင် မရှိနိုင်သလို၊ မြစ်တွေ လည်း ဒီသဘောပါပဲ။ လှပကျယ်ပြောတဲ့ မဟာ သမုဒ္ဒရာတွေ ကို ထမ်းပိုးထားတာလည်း ဒီမဟာပထ၀ီမြေကြီးပဲ ဖြစ်နေပြန်တယ်။ အဲဒါဆို မြေကြီးဟာ အရေးကြီးဆုံးလား။ ဒီလို လည်း မဟုတ်ပြန်ဘူးလေ။

မြေကြီးတာ ရှိပြီး နေမင်း ကြီး မရှိရင်လည်း ရာသီဥတု မရှိနိုင်သလို မြစ်တွေ၊ချောင်းတွေ လည်း မရှိပြန်ဘူး။ ဒါဆို နေမင်းကြီးက အားလုံးကို ဖန်တီးနေတာလား။


တကယ်တွေးရင်း မဟုတ်ပြန်ဘူးလေ။ ဘာဖြစ်လို့လဲ ဆိုတော့ နေမင်းရှိပြီး လေထု မရှိရင် ပူချင်သလောက်ပူ၊လင်းချင်သလောက်လင်း ရာသီဥတုဆိုတာ ဖြစ်မလာနိုင်ဘူးလေ။

ဒါဆို ဘာက ဘာကို ထိန်းချူပ်တာလဲ။ သေချာ စဉ်းစားကြည့်ရင် ဘယ်တခုတည်းသော အရာကမှ ဤလောက ကို ဖြစ်ထွန်းပေးနိုင်စွမ်း မရှိပြန်ဘူး။ ဒါဆိုဘယ်လိုလဲ။


နောက်ဆုံးအဖြေက အပြန်အလှန်တည်ရှိနေမှု နဲ့ အပြန်အလှန် မှီခိုနေမှု လို့ ပြောရမယ် ထင်တယ်။ အဲဒီ ထဲက ဟန်ချက်တခုခု လွှဲသွားရင် ကမ္ဘာကြီးလည်း တခုခု ဖြစ်မယ်။ ဒါပေမယ့် အဲဒီ ဟန်ချက်ပျက်မှု က နေမင်းကြီးကိုတော့ သိပ်ပြီး ထိရောက်မှု မပြင်းနိုင်ဖူးလို့ ထင်ရပြန်တယ်။ ဒါဆို ကမ္ဘာကြီးလုံးလုံးပျက်သွားရင် နေမင်း ဘာဖြစ်မလဲ။ လေထု ရော ဘယ်လို နေမလဲ။ တခြား ဂြိုလ်တွေ နဲ့ စင်္ကြာဝဠာ တခုလုံး ရောဘယ်လို နေမလဲ။ အသေအချာ မပြောနိုင်ပေမယ့် ကမ္ဘာပျက်သလို၊ ဒီပြင် စင်္ကြာဝဠာထဲက အရာအားလုံး ပြိုင်တူပျက်ကြရင်တော့ ဒီစင်္ကြာဝဠ ကြီးရဲ့ ဟန်ချက်ပျက်နိုင်သလို၊ လုံးလုံးလဲ ပျက်သွားနိုင်ပြန်တယ်။ ဒါဆို အခြားစင်္ကြ၀ဠာတွေလည်း ခုလို ပြိုင်ပျက်ကြရင် ဘာဖြစ်မလဲ။

အဲဒါဟာ အားလုံးရဲ့ အဆုံးသတ်နေ့ဖြစ်မယ်ထင်တယ်။ တွေးနိုင်သလောက် ချဲ့တွေးကြည့်တာပါ။


ဒါဆို မြစ်တွေက ကောက်ကွေ့လည်း ဒီသဘော၊ ဖြောင့်လည်း ဒီသဘောပဲ။နေမင်းနဲ့ စင်္ကြ၀ဠာလည်း ဒီသဘောပဲ။ နောက်ဆုံး စဥ်းစားတော့ အားလုံးဟာ သင်္ခါရ ဖြစ်သလို နတ္ထိပဲ ဖြစ်နေပြန်တယ်။


ဒါဆို လူသားတွေရော ဘယ်လိုလဲ။ လူသားဟာ စိတ်ကလေး တစ်ခု ရှိနေတာပဲ ပိုပြန်တယ်။ ဒါဆို စိတ်က ရုပ်ပိုင်းဆိုင်ရာထက် ဘာတွေ ပိုစွမ်းသလဲ။ ရှင်းရှင်းလေးပါ။ ဖြစ်ချင်တိုင်း ဖြစ်နေပြီး၊ပျက်ချင်တိုင်း ပျက်နေတဲ့ ရုပ်ကို စိတ်က သာ နိုင်အောင် ထိန်းနေနိုင်ရင် ကိုယ့်တကိုယ်ရေ ကမ္ဘာလေးကတော့ အေးချမ်းနေမှာ အမှန်ပဲ။ ဒါဆို စင်္ကြာဝဠာတွေ တစ်ခုလုံး ဆုံးသွားတဲ့နေ့မှာ အဲဒီ စိတ်နဲ့ ကိုယ်ဟာ ဘယ်လို ပျက်စီးသွားမလဲ ဆိုတာ ဘယ်သူမှ မတွေးနိုင်၊ မသိနိုင်ပြန်ဘူး။


အကောင်းဆုံးက တော့ တကယ်ကို အနှစ်သာရ ရှိရှိ နဲ့ အတွင်းကျတဲ့ အေးချမ်းမှု အစစ် လူတိုင်းလူတိုင်းမှာ ရှိနေဖို့ပဲ ထင်တယ်။ခုအချိန်လေးမှာ အေးချမ်းနေဖို့ အရေးကြီးဆုံးပဲထင်တယ်။ ဒါပေမယ့် တဦးချင်တောင် ဖြစ်နိုင်၊ ရနိုင်ဖို့ ခဲယဉ်းရင် လူတိုင်းအတွက်ဆိုတာ ဘယ်လိုမှ မလွယ်ကူပြန်ဘူးလေ။ ဒါဆို အကောင်းဆုံးက ဘာလုပ်မလဲ။ တစ်ကိုယ်ရေ အေးချမ်းမှု ကို ရှာရမလား။ သေချာတာက တစ်ကိုယ်တည်း အေးချမ်းနေလို့ မဖြစ်ပြန်ဘူး။ အနည်းဆုံးတော့ ကိုယ့်ပတ်ဝန်းကျင်လေးပါ အေးချမ်းဖို့ လိုပြန်တယ်။


ဒါဆို အရင်ဆုံး တစ်ကိုယ်ရေ အေးချမ်းမှု ကို ရှာ။ မိမိကိုယ်တိုင်က အရင် လွှတ်မြောက်စေရမယ်။ ပြီးမှ အနီးကလူတွေ ကိုလည်း အေးချမ်းအောင် ကူညီနိုင်ရမယ်။ သူတို့ကို်လည်း သူတို့ ကိုယ်တိုင်က လွှတ်မြောက်ဖို့ ကူညီရမယ်။ ဒါဆို အဲလို ကနေ တဖြည်းဖြည်း ပြောင်းလဲယူလာရင် နောက်ဆုံးမှာ တကယ် တလောကလုံး အေးချမ်းမှု အတွက် ကိုယ်က အနည်းအပါးဖြစ်ဖြစ် ကိုယ့်တာဝန် ကို ထမ်းနေသလို ခံစားရမယ် ထင်တယ်။


ဒါ့အတွက် အရင်ဆုံးလုပ်သင့်တာတွေ တန်းစီ စဉ်းစာလိုက်တော့ အဖြေက ရှင်းရှင်းလေးပဲ။

၁။ လောကီကို မစွန့်နိုင်သေးသမျှ ကိုယ်ကျရာ နေရာမှာ ကျရာ အလုပ်ကို တာဝန် ကျေနေရမယ်။

၂။ မိမိပတ်ဝန်းကျင်မှာ တန်းဖိုးရှိတဲ့လူ၊ တကယ် ဦးကြိုချင်စရာ ကောင်းတဲ့လူဖြစ်အောင် လုပ်ရမယ်။

၃။ အပြန်အလှန်လေးစားပြီးကူညီရမယ်။

ဒီအခြေခံ အချက်သုံးခု သာ တကယ် ဖော်ဆောင်နိုင်ရင် အားလုံးဟာ ကိုယ့်အတွက် အေးချမ်းလာတော့မယ်။ တကယ်တမ်း ဖော်ဆောင်ဖို့ ဆိုရင် ပထမဆုံး ကိုယ်မကြိုက်တဲ့၊ ကိုယ့်စိတ် ထဲကဖြစ်ချင်တာနဲ့ ဖီလာဆန့်ကျင်ဖြစ်တဲ့ အလုပ်ကြိုးစားမှု ကနေ စရမယ်။ အချိန်ပြည့် ကိုယ်စွမ်း၊ဥာဏ်စွမ်းရှိသမျှ အဲဒီအထဲမှာစိတ်မြုပ်ပြီး လုပ်ရတော့မယ်။


ဒါဆို အန်ချစရာတွေဟာ ကိုယ့်အတွက် မဟုတ်ပဲ အများအတွက် ဖြစ်လာတော့မယ်။ ကိုယ်ရဲ့ ဖိစီးမှုများလို့ အန်ချလိုမှုဟာ ကိုယ်က အားလုံးကို နိုင်နေအောင် ကြိုးစားလို့ အောင်မြင်မှုအတွက်သူများတွေ အန်ချ ချီးမွမ်းရမယ့် အရာမျိုးဖြစ်လာတော့မယ်။


ဒါပေမယ့် အဲလို အချိန်သာ ရောက်နိုင်ခဲ့ရင် အဲဒီ ချီးမွမ်းမှုမျိုးနဲ့ သာတဲ့ တစ်ကိုယ်ရေ အတွင်းကျ အေးချမ်းမှု လေးနဲ့ ပဲ ကိုယ်ကပျော်မွေ့ နေတော့မယ် ထင်တယ်။


ပထမတော့ ကြိုးစားကြည့်ကြတာပေါ့ဗျာ။ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားနဲ့ အချိန်ပြည့် ကြိုးစားကြတာပေါ့။


လောကသားတွေ အေးချမ်းပါစေ။ နှလုံးသား အနာ၊စိတ်အနာ ကင်းကြပါစေ။

[+/-] အပြည့်အစုံသို့...

Saturday, August 16, 2008

ဆိုင်ချင်မှ ဆိုင်မည့် အတွေးများ သို့မဟုတ် ရောက်တတ်ရာရာ စိတ်ကိုလွှတ်ပေးခြင်း


(၁)


မနေ့က ကျွန်တော် ဆရာနှင့် ကျောင်းစာကိစ္စ ဆွေးနွေးကြသည်။

သူက…….

ယနေ့ ကမ္ဘာတွင် ပုံပြင်စာအုပ်များ မလိုတော့။ တိုးတက်နေသော သိပ္ပံ ပညာသည် လူအားလုံးကို ၎င်းအား လိုက်မမှီနိုင်စေရန် ဖြစ်စေ၏။ ထို့ကြောင့် ပုံပြင်စာအုပ်များကို ခေါက်ထားရန်သာ ရှိတော့၏။ …

ဟု ဆိုသည်။


မဆီမဆိုင် “ဖိုးလမင်းရေ ထမင်းဆီဆမ်း၊ ရွှေလင်ပန်း နဲ့ ပေးပါလား၊ ဟ၀ှား…ဟ၀ှား.. ဟ၀ှား” ကို သွားသတိရသည်။ ကလေးငယ်ကို စကားမြန်မြန် ပြောတတ်လာစေရန်၊ ပါးစပ်မှ လေမှုတ်တတ်လာစေရန် အိမ်ရှေ့ကွပ်ပျစ်ပေါ်မှ လမင်းကို ကြည့်ရင်း အမိ သို့မဟုတ် အဖ လုပ်သူက ပါးစပ်ကို လက်နှင့်ပိတ်ကာ ဖွင့်ကာ ရှေ့မှ ဆိုပြသည်။ ထိုအခါ ကလေးငယ်လည်း လူကြီးကိုတုကာ လက်ကို ပါးစပ်ဝ၌ ပိတ်၍ဖွင့်၍ လေကို ကြိုးစားမှုတ်ပေမည်။ ထို အသက်အရွယ်သည် ကလေးငယ်၏ စကားပြောတတ်ရန် လမ်းစနေသော အရွယ်ဖြစ်ပေမည်။



(၂)


ပြီးခဲ့သည့် တနင်္လာနေ့မှ စ၍ ကျွန်တော် အဖျားမိသည်။ မိုးမိရာမှ စသည် ထင်သည်။ ရာသီဖျားဟု လည်း ဆိုနိုင်ပေမည်။ သူငယ်ချင်းတွေလည်း ချောင်းဆိုး၊နားစေး ဖြစ်နေကြသည်။ ဆေးခန်းသွားပြလျှင် ဒေါ်လာ ၈၀ ခန့် အနည်းဆုံး ကုန်ပေဦးမည်။


မဆီမဆိုင် သားဖျားနေလျှင် အမြဲ ပူနေတတ်သော အမေ့ကို လွမ်းသည်။ လဖက်ရည်ကျအောင် နှပ်ထားသည့် စဉ့်ရေနွေးအိုးကြမ်း၊ မနောဆန် နှင့် ချက်ထားသော ထမင်းဆီဆမ်းပူပူ၊ ဧရာဝတီ၏ မြစ်ကြိုးအင်းများက ထွက်သော ရေချိုငါးကြော် သေးသေးလေးများကို ပြေးသတိရသည်။ မြင်းမိုရ်းကုန်း ဟုခေါ်သော အခိုးထုတ်ဆေးကို သောက်စေကာ စောင်ခေါင်းမြီးခြုံစေ၍ အိပ်ခိုင်းမည်။ ၁၅ မိနစ်ခန့် ကြာသောအခါ လေမ၀င်စေရန် လက်ကို စောင့်အောက်မှာ လျှိုကာ အမေသည် သား၏ အပူချိန်ကို အထိအတွေ့ဖြင့် မှန်းဆလိမ့်မည်။ ဆေးတန်ခိုးဖြင့် အပူကျလာလျှင် ကိုယ်ခံအားကောင်းလာစေရန် အမဲသားပြုတ်ကြော် ကို ကျွေးလိမ့်မည်။ မဟုတ်ပါက အနှိပ်ဆရာသည် ၎င်း၊ ဒေါက်တာရမ်းကု (လိုင်စင်မဲ့ ဆေးဆရာများကို ကျွန်တော်တို့ ရွာတွင် ခေါ်သော နာမည်) သည် ၎င်း အမေ၏ ဧည့်သည် ဖြစ်ပေတော့မည်။



(၃)


ခုစာရေး နေသည့် အချိန်တွင် ကျွန်တော့ အခန်းဖော် ဗီယက်နမ်သည် အိပ်ရာဝင်စပြုလေပြီ။ အချိန်က နံနက် ၅ နာရီ နှင့် မိနစ် ၅၀။ သူခုမှ အိပ်ရာဝင်ရခြင်း အကြောင်းမှာ သောကြာနေ့ ညတိုင်းကို သူ လင်းအောင် ကုန်ဆုံးစေခြင်းကြောင့်ဖြစ်သည်။ အကြောင်းမှာ သူ့ကောင်မလေး ဗီယက်နမ်တွင် နေသူကို လွမ်းဆွတ်၍ ညလုံးပေါက် သူတို့ အင်တာနက် လိုင်းပေါ်မှာ မျက်နှာပါ မြင်နိုင်သော နည်းလမ်းများဖြင့် တိုက်ရိုက်ပြောဆိုကြသောကြောင့်ဖြစ်သည်။ ဗီယက်နမ်ရှိ သူ့ကောင်မလေး၏ အိမ်တွင် အင်တာနက်လိုင်းများ ချိတ်နိုင်နေပြီ ဖြစ်ကြောင်း သူကတခါတလေ ကျွန်တော့်ကို ကြွားတတ်သည်။ အင်တာနက် တပ်ဆင်ခ၊ သုံးခ နှုန်းထားများ တော်တော်သက်သာ နေပြီ ဆိုကြောင်းလည်း ပါတတ်သည်။


မဆီမဆိုင် ကျွန်တော်တို့ရွာမှ တက္ကသိုလ်ထိ ကျောင်းပြီး၍ ဆက်သွယ်ရေးရုံးတွင် အလုပ်လုပ်နေသော အကိုတယောက်၏ လုံးပန်းမှုကြောင့် ရွာတွင် တယ်လီဖုန်း တစ်လုံးခန့် ဆင်နိုင်သော နေ့က ကျွန်တော် သူငယ်ချင်းများကို ငါတို့ရွာမှာ ခု ဖုန်းတိုက်ရိုက်ဆက်လို့ ရပြီ ဟု မိမိကြွားခဲ့ တာကို ပြန် သတိရမိသည်။ သို့ပေမယ့် ယခုထိ နိုင်ငံရပ်ခြားမှ ခေါ်ဆိုလျှင် အသံရှင်းလင်းစွာ မကြားရသည့်အပြင် ခေါ်ဆိုအောင်မြင်ဖို့ပင် အင်မတန် ခဲယဉ်းနေတတ်သေးသည်။



(၄)


မနေ့ညက ရေနံ နှင့် ဓါတ်ငွေ့ အင်ဂျင်နီယာ နယ်ပယ် တွင် စက်မှု အင်ဂျင်နီယာများ၏ အခန်း ကဏ္ဍ အကြောင်း သင်ကြားပေးသော အတန်းတစ်ခု တက်ရောက်ခဲ့သည်။ ဆရာက ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ ပေါများသော နိုင်ငံများသည် ထို ပေါများသည့် အချက်ပေါ် အခြေခံ၍ မိမိတို့၏ စီးပွားရေး မဏ္ဍိုင်ကို ခိုင်အောင် တည်ဆောက်ကြသည် ဟု ဆိုသည်။ ထို့ပြင် ခေတ်မှီတိုးတက်သော တွင်းတူး၊ဆီသန့် စသည့် စက်များ၊ နည်းလမ်းများ ကို မိမိတို့ အင်အားဖြင့် စတင် ကြိုးပမ်းကြသည်။ မိမိတို့ အင်အင်းဖြင့် မနိုင်တော့သောအခါ နိုင်ငံခြား ကုမ္ပဏီ လက်ထဲ အပ်ကြရသည်ချည်း ဖြစ်သည် ဟု ဆိုသည်။


မဆီမဆိုင် ကျွန်တော် သုံးတန်းလောက်တုန်းက အညာက ကျွန်တော်တို့ ရွာနားတွင် နိုင်ငံခြားဖက်စပ် ရှာဖွေသည် ဆိုသော ရေနံ စီမံကိန်းကို ပြေးသတိရသည်။ ရေနံစိမ်း ရှိမရှိ ရှာဖွေရင်း ရွာဟိုး အနောက်ဘက် ရခိုင်ရိုးမ အစွယ်အပွားများမှ သည် ဟိုး အရှေ့ ဘက် ဧရာဝတီမြစ် ကမ်းခြေအထိ ခေတ်မှီစက်များဖြင့် မြေကြောများကို ကွန်ပျူတာနည်းလမ်းများဖြင့် စမ်းနေသည်များကို အံ့သြစွာ ငေးကြည့်ဖူးခဲ့သည်။ ထို့အပြင် အမှတ်မမှားလျှင် မှန်မည်ဖြစ်သော ဂျာမဏီက ပညာရှင်များ၊ နောက်တွင် ကပ်ပါလာသော စကဒ် တိုတို နှင့် မြန်မာ အတွင်းရေးမှုးမများ၊ ရွက်ဖျင်တဲများ၊ ဘီယာဗူးခွံများ၊ ငယ်ငယ်က နားမလည်နိုင်ခဲ့သော ပလစ်တစ် အကွင်းများ၊ ထူးဆန်းသော ထမင်းကြော်ချက်နည်းများ၊ ရွာမှ မျှစ်ကြော်ကို အငမ်းမရ စားသုံးတတ်ကြသော ထို နိုင်ငံခြားသားများ၊ ရွာထဲကို ဖုန်မွှန်သည်ဟု ဆို၍ ၀င်တောင် မ၀င်နိုင်သော ထိုမြန်မာ အတွင်းရေးမှုးမများ၊ လိုရာကို ရဟတ်ယာဉ်များဖြင့် သာသွားသော ထို နိုင်ငံခြားသား ပညာရှင်များနောက် ကားကြီးများဖြင့် အပြေးလိုက်ကြရသည့် မြန်မာအလုပ်သမားများ၊ နားမလည်နိုင်သော ကွန်ပျူတာ မျက်နှာပြင်ပေါ်မှ ကမ္ဘာမြေကြီး၏ ဖြတ်ပိုင်းပုံများ၊ ကြွင်းကျန်ခဲ့သော အမှိုက်ပုံများအကြား ဘီယာဗူးခံမှအစ၊ ပလတ်စတစ် ခါးပတ် အဆုံး ရှာဖွေ ပျော်ရွှင်နေကြသော ကျွန်တော်၏ သူငယ်ချင်းများ ကိုလည်း ပြေးမြင်မိပြန်သည်။

[+/-] အပြည့်အစုံသို့...

Tuesday, November 20, 2007

တွေးစရာ၊မေးစရာ (၁)

"စင်္ကာပူကျောင်းဆိုတာများ မြန်မာကျောင်းလို့တောင် ထင်ရတယ်။ များလိုက်တဲ့ မြန်မာတွေဗျာ။ ဘယ်နေရာရောက်ရောက် ရွှေမြန်မာတို့ အသံတွေပဲ။ မြန်မာတို့ လည်း စင်္ကာပူမှာ မြင့်မားတဲ့ ဘ၀ ကို ပျော်ပါးရင်း မြန်မာပြည်ကို မေ့သွားကြမှာ အလိုလို စိုးရိမ်မိနေတယ်ဗျာ။"


စာမေးပွဲ ဖြေဖို့ စာထိုင်ကြည့်နေတာဗျာ။ကျောင်းမှာ။
ကျွန်တော်က ပျင်းတာနဲ့ စာကို အခန်းထဲ မကြည့် ပဲ လက်ချာ ခန်း တစ်ခု ရဲ့ ရှေ့ က ခုံတန်းရှည်ပေါ်ကို ထိုင်ကြည့်နေတာ။
ကုလားတစ်ယောက် နဲ့ မြန်မာ နှစ်ယောက် လည်း မျက်နှာချင်းဆိုင် ခုံမှာ စာထိုင်ကြည့်နေကြတယ်။
ဘေးကပ်ရဲ့ ခုံကနေ အီညောင် အီညောင် နဲ့ ပြောနေတဲ့ အတွဲ ဖုန်းဆက်သံက လည်း ကြားနေရတယ်။ ကောင်မလေးက လည်း မြန်မာကပဲ။ ဒီမှာ မြန်မာစကား ကြားလိုက်ရရင် ကျွန်တော် တော့ တော်တော် ၀မ်းသာမိတယ်။ ကောင်မလေးက သူ့ကောင်လေး ဆီကို ဖုန်းဆက်နေတာ။ ဒီလို မြင်ကွင်း ကြားကွင်း မျိုးက ဒီမှာ အရှားကလား။ ကောင်မလေး က ကျွန်တော် ထိုင်တဲ့ နေရာ နဲ့ သိပ်မဝေးတဲ့ ခုံမှာထိုင်ပြီးပြောနေတာ။ သူ့ကိုယ် သူ လည်း "သက်"ကလေ၊ "သက်"ကလေ လို့ ညွှန်းပြီး ပြောနေသံ ကြားရတယ်။ ရယ်တော့ ရယ်ရ ကလား။ သူ့က ကျွန်တော် ကို လည်း မြန်မာမှန်းမသိဘူးထင်တယ်(ကျွန်တော် ရုပ်က ကုလားရုပ် ပေါက်နေလို့ လဲ ပါမှာပေါ့ ဗျာ၊ သူများမပြောခင် ကြိုပြောထားတာ။)။ ကျွန်တော် က တော့ အေးအေး ဆေးဆေး ထိုင်နားထောင်နေလိုက်တယ်။ အသံ ၀ဲတာက တော့ မြိတ်သံ (သို့) ထာဝယ်သံ ၀ဲသလိုမျိုးပဲ ဗျ။
ဒါပေမယ့် မကြာလိုက်ဘူး။ ကိုရွှေမိုးက ရုတ်တရက်ကြီး သွန်းချလိုက်တယ် ဗျ။
သဲကြီးမဲကြီးပဲ။ နေလို့ ထိုင်လို့ တော့ တော်တော် ကောင်းသွားတယ်။ မိုးသံ၊လေသံကြားမှာ ကောင်မလေးအသံကို မကြားရတော့ဘူး။
ကန်တီးဘက် အဆင်း လှေခါးပေါ်မှာ လည်း ကျောင်းသူကျောင်းသားတွေ ဥဒဟို သွားလာနေကြတယ်။ ကြားရတာ မြန်မာစကားတွေပဲ။
"စင်္ကာပူကျောင်းဆိုတာများ မြန်မာကျောင်းလို့တောင် ထင်ရတယ်။ များလိုက်တဲ့ မြန်မာတွေဗျာ။ ဘယ်နေရာရောက်ရောက် ရွှေမြန်မာတို့ အသံတွေပဲ။ မြန်မာတို့ လည်း စင်္ကာပူမှာ မြင့်မားတဲ့ ဘ၀ ကို ပျော်ပါးရင်း မြန်မာပြည်ကို မေ့သွားကြမှာ အလိုလို စိုးရိမ်မိနေတယ်ဗျာ။"
မကြာဘူး။ စောစော က ဖုန်းပြောနေတဲ့ မမလေး ဖုန်းပြောပြီးသွားတော့ ဖိုးသား မနေနိုင်တော့လို့ သွားမေးကြည့်တယ်။ သူက တကယ် မြိတ်သူ ဖြစ်နေတယ်ဗျို့။ကျွန်တော်ကို မြန်မာမှန်းသိသွားတော့ သူ နည်းနည်းတော့ ရှက်သွားရှာတယ်။ ဒါပေမယ့်ဗျာ နောက် တဖြည်းဖြည်းရင်းနှီးလာတော့ သူ့အကြောင်း သူသေချာ ပြောပြတယ်။ သူက ဒီမှာ ကျောင်းလာတက်တာ ဒီစာသင်နှစ် မှ စတာတဲ့လေ။
စောစော က မျက်နှာချင်းဆိုင် စားပွဲမှာ ကုလား တစ်ယောက် နဲ့ အတူ စာထိုင်ကြည့်နေတဲ့ မြန်မာအတွဲ ထဲက ကောင်လေး ဟာ စောစောက ရန်ကုန် က ကောင်လေးကို ဖုန်းဆက်နေတဲ့ မြိတ်သူ ကောင်မလေး ရဲ့ မောင် တစ်ဝမ်းကွဲတယ့်ဗျာ။ ကျွန်တော် တော်တော်တောင် အံ့အားသင့်သွားတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ တနေ့လုံး မှာ မောင်နှမနှစ်ယောက် စကားပြောတာ တစ်ခါ ပဲ တွေ့ရတယ်။ပြီးတော့ ဒီနေရာ မှာ သူတို့ အမှတ်မထင်တွေ့ကြတာတဲ့လေ။ ကောင်လေးက ကောင်မလေး ကို "အမ ထမင်းစားပြီးသွားပြီလား" တဲ့။ ဒီတစ်ခွန်းပဲ။ ကောင်မလေး ကလည်း စားပြီးပြီတဲ့။ ဒီတစ်ခွန်း ပဲ ပြန်ဖြေတယ်။
ကျွန်တော်လည်း တော်တော် စိတ်ဝင်စားသွားလို့ မေးကြည့်မိတယ်။ အမ လုပ်သူ ပြောလိုက်တာက ခပ်ရှင်းရှင်းပဲ "သူတို့တွေက ရေကြည်ရာ မျက်နုရာ ကို ရှာရင်း နဲ့ စင်္ကာပူ မှာ အခြေချ နေထိုင်လာတာတော်တော် ကြာနေပြီ။ ဒါကြောင့် မောင်နှမတွေ သိပ်မရင်းနှီးဘူးတဲ့။ သူတို့ အိမ်ဆို သွားတောင် မလည်ဘူး။ငယ်ငယ် ကတည်း က သူတို့ ပြောင်းသွားကြတော့ မရင်းနှီးကြတော့ဘူးလေ။သူတို့ က လည်း အမျိုးမမက်ပါဘူး။ ခုတောင် မတော်လို့ မျက်နှာချင်းဆိုင် တွေ့လို့ နှုတ်ဆက်ဖော်ရတာလေ။" တဲ့လေ။
အင်း ကျွန်တော် စဉ်းစားကြည့်တယ်ဗျာ။ မြန်မာ့ လူအဖွဲ့အစည်း ဟာ အနည်းနဲ့ အများတော့ ပုံသွင်းခံနေရပြီဆိုတာ။ မောင်နှမဆို တာ နှစ်ဝမ်းကွဲ၊သုံးဝမ်းကွဲတောင် အရင်းချာလို ရင်းနှီးကြတာ ချစ်စရာ မြန်မာ့ ဓလေ့လေ။ ခုတော့ ဘယ်လိုများလဲဗျာ။
ဒါတွေ တွေးရင်း တွေးရင်း နဲ့..................................................။


[+/-] အပြည့်အစုံသို့...