စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Showing posts with label Discussion. Show all posts
Showing posts with label Discussion. Show all posts

Friday, April 25, 2008

ECOLOGY

ဂေဟဗေဒ
ဂေဟဗေဒ ကို အင်္ဂလိပ်လို Ecology လို့ ခေါ်ဆိုပြီး မြန်မာလိုတော့ အပင်တွေ၊သတ္တဝါတွေ ရဲ့ဆက်နွယ်မှုကို လေ့လာသော ဘာသာရပ်လို့ အကျဉ်းချုန်းခေါ်ဆိုလို့ရမယ်ထင်ပါတယ်။
အနတ္တ ကတော့ အပင်တွေအကြောင်းလည်း မသိပါဘူး။ သတ္တဝါတွေ အကြောင်းလည်း မသိပါဘူး။ ဂေဟဗေဒ အကြောင်းလည်း မသိပါဘူး။ ဒါပေမယ့် အပင်တွေ၊ သတ္တဝါတွေ နဲ့လည်း ကင်းကွားပြီး မနေပါဘူး။ ဆက်နွယ်ပါတ်သက်ပြီး နေပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အနတ္တဟာလည်း အပင်တွေနဲ့ဆက်နွယ်ပါတ်သက်နေတဲ့ လူဆိုတဲ့ သတ္တဝါ ဖြစ်နေလို့ပါပဲလေ။ အဲဒီမှာ အပင်တွေရယ်၊ သတ္တဝါတွေရယ်ကို နည်းနည်းလောက် စဉ်းစား ကြည့်ရအောင်ဗျာ။
အပင်နဲ့ပါတ်သက်ပြီး ကြားဖူးတာလေးတစ်ခုကို ပြန်ပြောကြည့်မယ်ဗျာ ဂေါတမဘုရားရှင်လက်ထက်မှာ ဆေးဖက်မဝင်တဲ့အပင်ရှိတယ်ဆိုရင် ရှာယူခဲ့ပါ မသေဆေးဖော်ပေးမယ်ဆိုပြီးရှာခိုင်းတာ အပင်တိုင်းအပင်တိုင်းဟာ ဆေးဖက်ဝင်နေသတဲ့ ဆေးဖက်မဝင်တဲ့အပင်ရယ်လို့ ရှာမရဘူးဆိုပဲ။ အပင်တိုင်းဟာ ဆေးဖက်ဝင်တယ်ဆိုပေမယ့် အသုံးချတတ်အုန်းမှကို။ အသုံးမချတတ်ရင် ကောင်းကျိုးတဲ့ဆိုးကျိုးကများ နေမလားပဲ။ ဥပမာ ဒိုင်းနမိုက် လိုမျိုးပေါ့။
အခုတစ်ခါ အပင်တွေရယ်၊ သတ္တဝါတွေရယ် သဘာဝကျကျ တည်ရှိနေတဲ့ နေရာလေးတစ်ခုကို သွားကြည့်ရအောင်။ အဲဒီနေရာလေးကို တောတစ်တော အဖြစ်ယူဆကြပါစို့။ အဲဒီတောလေးထဲမှာ ယုန်တို့၊ သမင်၊ဒရယ်တို့ စတဲ့ အသားမစားတဲ့ သတ္တဝါလေးတွေကို တစ်ဘက်မှာဖယ်ထားပြီးတော့ ကျားတို့၊ ကျားသစ်တို့၊ ခြေင်္သေ့တို့စတဲ့ အသားစား သတ္တဝါတွေအကုန်လုံးကို တစ်ခြားတစ်ဘက်မှာ ဖယ်ထုတ်ထားမယ်ဆိုရင် အဲဒီတောလေးထဲမှာ အသားစားသတ္တဝါတွေပဲ ရှိတဲ့ဘက်အခြမ်းမှာတော့ ဘယ်လိုမှ သာယာချမ်းမြေ့နေမှာမဟုတ်လောက်ဘူး။ နောက်ပြီးရေရှည်တည်တံ့နေမှာလဲ မဟုတ်လောက်ဘူး။ တစ်ကောင်းနဲ့တစ်ကောင်းဟာ ကိုက်ဖြတ်စားသောက် ပြစ်တာနဲ့ သေကျေပျက်ဆီးကုန်မှာပဲလေ။ နောက်ဆုံး သစ်ပင်ချုံနွယ်တွေကပဲတော တစ်ခြမ်းလုံး နေရာယူသွားမှာပဲလေ။ အသားစားသတ္တဝါတွေ မရှိကြတဲ့ ကျန်တဲ့တောတစ်ခြမ်းဟာလည်း အသားစားသတ္တဝါတွေမရှိကြတော့ ကျန်တဲ့သတ္တဝါလေးတွေဟာ ပျော်ရွှင်မြူးတူးပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးပွားလာမယ်။ အဲဒီလိုတိုးပွားလာတာနဲ့အမျှ သူတို့ရဲ့စားကျက်တွေ ဟာလည်း လုံလောက်မှုမရှိနိုင်တော့ဘူး။ အစာရေစာတွေ တဖြည်းဖြည်းရှားပါလာမယ်ဆိုရင် ငတ်မွတ်ခေါင်းပါးမှုကဒ်တွေဆိုက်မယ်။ ရောဂါဘာယဘေးတွေ ဆိုက်ရောက်လာမယ် ဆိုရင်လည်း အဲဒီဘက်အခြမ်းမှာလဲ မရှေးမနှောင်းပဲ ပျက်ဆီးခြင်းဆုံးခန်းတိုင် သွားကြမှာပဲလေ။ အဲဒီလို ပျက်ဆီးခြင်းဆုံးခန်းတိုင်မှုကို အနှေးဆုံးဖြစ်အောင် သဘာဝတရားက ဖန်တီးထားတာပဲလေ။ သဘာဝကဖန်တီးထားတဲ့ အပင်တွေ၊ သတ္တဝါတွေရဲ့ ဆက်နွယ်ပါတ်သက်နေမှုကိုပဲ ဂေဟဗေဒ လို့ခေါ်ကြတာပဲမဟုတ်လား။ အဲဒီလိုစဉ်းစားလိုက်မယ်ဆိုရင်ပဲ ဂေဟဗေဒ ဆိုတဲ့အကြောင်းအရာလေးက ကျွန်တော်တို့ကို ဘာပြောနေသလဲဆိုရင်……
(၁) အကောင်းတွေကိုချည်ပဲလည်း မမျှော်လင့်ပါနဲ့
(၂) အဆိုးတွေကိုချည်ပဲလည်း မကြောင့်ကျနေပါနဲ့
(၃) အကောင်း၊အဆိုး မညီမျှမှုတွေကိုလည်း မဆိုးရိမ်နေပါနဲ့
(၄) အဆိုးတွေမရှိဘဲနဲ့ အကောင်းတွေဆိုတာမဖြစ်နိုင်သလို
အကောင်းတွေဟာလဲ အဆိုးတွေကြောင့်သာ ထင်ပေါ်လာတာပါတဲ့
(၅) သဘာဝဟာ သဘာဝအလျှောက် သဘာဝအတိုင်းဖြစ်နေတာပါတဲ့
သဘာဝကို ကျော်လွန်ပြီး တည်ရှိနေချင်တယ်ဆိုရင် အရင်ဆုံး သဘာဝကို သဘာဝအတိုင်းပဲ အမှန်တကယ်အဆက်မပြတ် ကိုယ်တိုင်မြင်အောင်၊ ကိုယ်တိုင်သိအောင် ကြည့်နိုင်ရမယ်ဆိုပဲ………

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Thursday, January 3, 2008

MIND WASHING 4

အမှတ်မှားကို သန့်စင်ခြင်း

အနတ္တ အရင်တုန်းက စိတ်ထဲမှာ ထင်မှတ်ထားတာလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ လူအပါအဝင် သတ္တဝါတွေဟာ သေပြီးရင် နောက်ဘဝမှာ ကိုယ်ပြုလုပ်တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံ တွေကတပါတည်းလိုက်ပြီး အကျိုးပေးတယ်။ ယခုဘဝ သေသွားတဲ့အခါမှာ အသက်ဝိညာဉ် ကလေးက နောက်ခန္ဓာ တစ်ခုမှာ သွားပြီးကိန်းအောင်းပြီး ဘဝအသစ်စတယ်ဆိုပြီးတော့ မှတ်ထင်ထား ပါတယ်။ လောက်လန်းသဖွယ်လိုပေါ့ ဒီဘက်အဖျားလေးကနေ ထောက်ပြီး ဟိုဘက်အဖျားလေး ထိလိုက်တာနဲ့ ဒီဘက်အဖျားလေးကို လွှတ်ပေးလိုက်သလိုမျိုး ဒီဘဝရဲ့ အသက်ဝိညာဉ်လေးကလည်း ဘဝ တစ်ခုနဲ့ တစ်ခုကူးပြောင်းတယ် ဆိုပြီးတော့ ထင်မှတ်ထားပါတယ်။ ဒါပေမယ့် ဆရာဆန်လွင် (အရှင်အာဒိစ္စရံသီ) ရဲ့ ဗုဒ္ဓဘာသာ သံသရာခရီးသည်အတွက် ပထမထွက်လမ်း ဆိုတဲ့ စာအုပ်ကိုဖတ်ပြီးတော့မှပဲ အနတ္တမှတ်ထားတာက သဿတဒိဋ္ဌိ စွဲ မှတ်ထားပါလားဆိုတာကို သိလိုက်ရပါတယ်။ ဆရာဆန်လွင်ရဲ့ စာသားအတိုင်း အနည်းငယ် ဖော်ပြပြီး အမှတ်မှားကို သန့်စင်ပါရစေ……………
>>> ဒီဘဝက ငါလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကို နောင်ဘဝကျရင် ငါပဲ စံစားရမယ်။ ခံစားရမယ်လို့လည်း စွဲလမ်းယုံကြည်ကြတယ်။…..
"ကမ္မဘဝ ပစ္စယာ ဇာတိ” ဆိုတာကြောင့် ဒီဘဝမှာ စုတိစိတ် ကျတဲ့အခါ ရုပ်ရောနာမ်ရော ချုပ်တာ မှန်ပေမယ့် ကံက နောက်ဘဝကို လိုက်ပြီး ပဋ္ဋိသန္ဓေကို တည်ထောင်ပေးတယ်လို့ ယုံကြည်ကြပြန်တယ်။……..
ကံက ပဋ္ဋိသန္ဓေကိုလုပ်သည်။ ဒါဖြင့် ကံကလေးက ပဋ္ဋိသန္ဓေကို သွားလုပ်သလား။ သူကကော မပျက်ဘဲ လုပ်နိုင်သလား လို့ မေးလို့ရှိရင် မချုပ်ဘဲနဲ့ ဒီကံကလေးက သွားပြီး သာကာလ ခန္ဓာအိမ်ကလေး ဆောက်ပေးနေတယ်။ ဒီလို ယူတဲ့ အယူဟာ သဿတဒိဋ္ဌိ။ ကံလိုက်တယ်လို့ယူတဲ့ အယူဟာ သဿတဒိဋ္ဌိအယူ။…………….
ဘုရာသခင် ကိုယ်တော်မြတ်ကြီးက ဟေ့ တိုက်ရိုက်ယူရတဲ့ နေရာလည်းရှိတယ်ကွ။ ဆောင်ပြီးယူရတဲ့ နေရာလည်း ရှိတယ်ကွ။ ဒီနှစ်ခုကို မညှိတတ်ရင် ဒိဋ္ဌိဖြစ်တယ်။ (နှာ-၄၇၉)…………..
သဗ္ဗေ သင်္ခါရာ အနိစ္စာ ဆိုသောကြောင့် သူလည်းဖြစ်ပြီး ပျက်ပဲ။ ကံကြောင့် ပဋ္ဋိသန္ဓေ နေတယ်ဆိုတာကိုလည်း ဘုန်းကြီးက မငြင်းပါဘူး။ စေတနာက နာမ်၊ သူခိုင်းလို့ လုပ်တာက ရုပ်ကြီး။ လှူတယ်တန်းတယ်ဆိုတာ နာမ်ကလုပ်တာ။ နာမ်ရုပ်က လုပ်ပြီး လုပ်တဲ့နေရာမှာတင် ချုပ်တာပဲ။ ကမ္မဘဝပစ္စယာ ဇာတိလို့ ဘုရားက ဘာကြောင့်ပါလိမ့်။ ကြောင်းကျိုးဆက်ပေးလို့ ပထမနာမ်ရုပ်ကတော့ လုပ်ပြီး ချုပ်သွားတယ်။ ချုပ်တော့ ချုပ်တယ်။ ဒါပေမယ့် သူ့သတ္တိက နာမ်ရုပ်အကြောင်းကြောင့် နာမ်ရုပ်အကျိုး မပေါ်ဘူးလား။ (နှာ-၄၈၁) အရင်လုပ်တဲ့ ရုပ်နာမ်ကလုပ်တာလား။ သူက ချုပ်သွားပြီး။ ဒါဖြင့်ဘယ်သူလုပ်တာလဲ။ အကြောင်းချုပ်လို့ ရှိရင် အကျိုးသတ္တိက ဒီနေရာတွင်ချုပ်တယ်။ သူလဲ အနိစ္စပဲ။ မမြဲဘူး။ နောက်ပဋ္ဋိသန္ဓေထိ ဒီကံက လိုက်လုပ်တာ မဟုတ်ဘူး။ မလိုက်တာ သေချာတယ်။ အနိစ္စတရားမို့ မလိုက်နိုင်ဘူး။ ဒီလိုသိမှ သဿတ ဒီဋ္ဌိကို ပယ်နိုင်တယ်။(နှာ-၄၈၂) အကြောင်းနဲ့ အကျိုးဆက်တဲ့ သဘောပဲ။ ဒါကိုသိရင် အဆက်ပြတ်တယ်။ သေရင်ပြီးတာပဲ ချုပ်တာပဲဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိလည်း လွတ်တယ်။(နှာ-၄၈၃) မိုးကုတ် ဆရာတော်ဘုရားကြီး၏ ဟောကြားချက်ဖြစ်တယ်။
သဿတဒိဋ္ဌိ အစွဲသန်တဲ့ လူဟာ ကံကို အားကိုးတယ်။ ဒီဘဝ ငါလုပ်ခဲ့တဲ့ ကုသိုလ်ကံတွေ နောက်ဘဝမှာ ငါ့ကို အကျိုးပေးတော့မှာပဲလို့ နောက်ဘဝ ကောင်းစားရေးကို မျှော်တယ်။………………<<< အဲဒီစာသားတွေကတော့ ဆရာဆန်းလွင်ရဲ့ ဗုဒ္ဓဘာသာ သံသရာခရီးအတွက် ပထမထွက်လမ်း ဆိုတဲ့ စာအုပ်ရဲ့ စာမျက်နှာ ၆၈၊ ၆၉၊ ၇၀ ကစာသားလေးတွေကို ဖော်ပြပေးလိုက်တာပါ။ သူငယ်ချင်းမိတ်ဆွေအားလုံး အမှားနည်းပါး အလင်းများ စိတ်ထားကိုယ်စီ ဖြစ်ပါစေ…………….. ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

ဒိဋ္ဌိ ဖယ်ခွာ ဤချိန်ခါ မှန်စွာ အလင်း ရစေမည်

"အမှား" ကဗျာနဲ့ပါတ်သက်ပြီးတော့ သူငယ်ချင်းမိတ်ဆွေတွေက ပြောကြပါတယ်။ ကျေးဇူးတင်တယ်တဲ့။ ဒါပေမယ့် အနတ္တက တဆင့်သမားပါ။ တကယ်တန်း ကျေးဇူးတင်ရမှာက အနတ္တ မဟုတ်ပါဘူး။
အနတ္တ အရင်တုန်းက နှစ်အနည်းငယ်ကြာကြာ ကဗျာတစ်ပုဒ်ကို မေ့ဖို့ကြိုးစားဖူးပါတယ်။ ဒါပေမယ့် အဲဒီကဗျာလေးက ပါဒ(စာကြောင်း) လေး သုံးကြောင်းကို မေ့မရဘူးဖြစ်နေတယ်။ ကဗျာရေးဖွဲ့ သူကိုတော့ မမှတ်မိတော့ပါဘူး။ ပါဒလေး သုံးကြောင်းကတော့….
"ဆန္ဒာ ဒေါသ ဘယာ မောဟ အပါယ်ကျသာ
ဓမ္မလေးမည် ကတိတည်၍
လူ့ပြည်နတ်ရွာ ဆန်စုန်ဆန်လျှက်"……… တဲ့
အကတိ တရားလေးပါးကို ပြောပြထားတာပါ။ အနတ္တက အဲဒီကနေပြီးတော့ ချစ်၊မုန်း၊ကြောက်၊တွေဝေ ဆိုပြီး ယူရေးလိုက်တာပါ။ အဲဒီအတွက် နံပါတ်တစ် အဲဒီကဗျာရေးတဲ့ သူကို ကျေးဇူးတင်သင့်ပါတယ်။ နံပါတ်နှစ် ကတော့ အငှားခန္ဓာ ဆိုတဲ့ စကားလုံးက လယ်တီဆရာတော်ဘုရားကြီး သုံးနှုန်းတဲ့ စကားလုံးလေးပါ။ ကြိုက်လွန်းလို့ ယူသုံးလိုက်တာပါ။ အဲဒီအတွက်ကြောင့် လယ်တီဆရာတော်ဘုရားကြီး ကိုပဲ ကျေးဇူးတင်သင့်ပါတယ်။ နံပါတ်သုံးကတော့ အမှားဆိုတဲ့ စကားလုံးလေးကို ရင်ထဲမှာ စွဲနေအောင် ထည့်ပေးလိုက်တဲ့ သူပါ။ အလွန် တရာ ကျေးဇူး ကြီးမားလှပါတယ်။ သူကတော့ မိုးကုတ်ဆရာတော် ဘုရားကြီး ဦးဝိမလ ဖြစ်ပါတယ်။ အမှားကို ပါဠိလို မိစ္ဆာဒိဋ္ဌိ (ဒိဋ္ဌိ လို့ပဲသုံးလေ့ရှိပါတယ်) ခေါ်ဆိုပါတယ်။ ဆရာတော်ဘုရားက ဝိပဿနာ အားထုတ်တဲ့ပုဂ္ဂိုလ်ဟာ ဦစွာပထမ ဒိဋ္ဌိ ပြုတ်အောင် (အမှတ် မမှားအောင်) အရင်လုပ်ရပါတယ်တဲ့။ ဒိဋ္ဌိ ၆၂ မျိုးရှိပေမယ့် အဓိက ကတော့ သုံးမျိုးပဲ ရှိပါတယ်တဲ့။ အဲဒီသုံးမျိုးထဲမှာ ၆၂ မျိုးလုံး အကျုံးဝင်တယ်တဲ့။ အဲဒီသုံးမျိုးကတော့ (၁) သက္ကာယဒိဋ္ဌိ၊ (၂) သဿတဒိဋ္ဌိ၊ (၃) ဥစ္ဆေဒဒိဋ္ဌိ တို့ဖြစ်ပါတယ်။ အနတ္တက သက္ကာယဒိဋ္ဌိ ကို မရှိကိုအရှိထင်တဲ့အမှား၊ သဿတဒိဋ္ဌိကို မဆက်ကိုအဆက်ထင်တဲ့အမှား၊ ဥစ္ဆေဒဒိဋ္ဌိကို မပြတ်ကိုအပြတ်ထင်တဲ့အမှားဆိုပြီး ယူသုံးလိုက်တာပါ။ အမှန်တကယ်တော့ ဆရာတော်ဘုရားကြီးကိုပဲ ကျေးဇူးတင်သင့်ပါတယ်။ သူငယ်ချင်းမိတ်ဆွေအားလုံး အမှားနည်းအောင် (ဒိဋ္ဌိ ပါးအောင်) ကျင့်ကြံနေထိုင်နိုင်ကြပါစေ………..။

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Tuesday, December 4, 2007

"ပုလဲလုံးလေးတွေမွေးဖွားခြင်း(သို့)လွန်ဆွဲခြင်း၏ရည်ရွယ်ချက်"

လွန်ဆွဲခြင်း(ငြင်းခုန်ခြင်း)ကို တော်တော်များများက မကောင်းတဲ့အမြင်နဲ့ သုံးသပ်ကြပါတယ်။ အဲဒီလိုမြင်ကြရတဲ့အကြောင်းကို စဉ်းစားကြည့်ရင် လွန်ဆွဲကြတဲ့ ရည်ရွယ်ချက်ခြင်း မတူလို့ပဲဖြစ်မယ်လို့ မှတ်ယူမိပါတယ်။ အနတ္တကတော့ လူတိုင်းလူတိုင်းမှာ မြင်နိုင်တဲ့ရှု့ထောက်တွေ မတူညီနိုင်ဘူး။ သူတို့တွေဘယ်လိုမြင်လဲ ဆိုတာကို သိချင်လို့ပါဘဲ။ နောက်ပြီး သူ့အမြင်နဲ့ ကိုယ်အမြင်နဲ့ ဖလှယ်ပြီး အကောင်းဆုံးတွေကို နာလည်သိရှိလာနိုင်လို့ပါ။ ကိုယ်မတွေးဖူး၊ မမြင်ဘူးတဲ့ အတွေးတွေ၊ အမြင်တွေကို သိရှိလာနိုင်လို့ပါ။ လွန်ဆွဲနည်း နှစ်နည်းရှိတယ်လို့ တွေးထင်မိပါတယ်။ တစ်နည်းက ပညာရှိလွန်ဆွဲနည်းနဲ့ နောက်တစ်နည်းက စစ်သူကြီးလွန်ဆွဲနည်းဆိုပြီးတော့လေ။ ပညာရှိလွန်ဆွဲနည်းက အနိုင်အရှုံးကို အဓိက မထားဘူး။ အကြောင်းအရာ ဟုတ်မှန်မှုအပေါ်ပဲမှုတည်ပြီး လွန်ဆွဲကြပြီး စစ်သူကြီးလွန်ဆွဲနည်းကတော့ အနိုင်ရလိုမှုကို ဦးတည်ချက်ထားပြီး ဖြစ်နိုင်ချေနည်းတာ များတာကိုထည့်မတွက်ဘဲနဲ့ ကိုယ်လိုချင်၊ ပြောချင်တာကို ဆက်စပ်ပြီး လွန်ဆွဲကြတယ်လို့ ထင်ပါတယ်။ ဘယ်နည်းနဲ့ ဆွဲဆွဲပါ ဆွဲတယ်ဆိုရင်ပဲ ဦးနှောက်ကို အလုပ်ပေးရတော့တာပဲလေ အဲဒီကနေ အတွေးအခေါ်တွေ၊ အမြင်သစ်တွေ ရရှိဖလှယ်နိုင်မယ်လို့ ယူဆမိပါတယ်။ အဲဒီလို ရရှိတဲ့ အတွေးအခေါ်တွေ၊ အမြင်သစ်တွေက တစ်နေရာရာမှာတော့ အသုံးဝင်လိမ့်မယ်လို့ ထင်ပါတယ်။ ဥပမာ…. မုဒ်ကောင်းလေးတွေဟာ အစားအစာထဲမှာ မကြေညက်နိုင်တဲ့ အရာဝတ္ထုလေး(ဂဲ)တွေပါသွားတဲ့အခါမှာ အစာကလဲမချေနိုင်။ ဗိုက်ထဲမှာလဲ ခိုးလိုးခုလုနဲ့ စူးရှနေတော့ ဗိုက်ထဲမှာရှိတဲ့ အရည်လေးတွေနဲ့ ဟိုဘက်တွန်းပို့၊ ဒီဘက်တွန်းပို့ လုပ်နေလိုက်တာ နောက်ဆုံးတော့ ပုလဲလုံးလေးတွေ ဖြစ်သွားတော့တာပဲမဟုတ်လား။ အဲဒီလိုပဲ လွန်ဆွဲကြမယ်ဆိုရင် လွန်ဆွဲကြတဲ့ သူတွေက မုဒ်ကောင်းလေးတွေလိုပဲ ခိုးလိုးခုလုနဲ့ ဦနှောက်တော့ အလုပ်ပေးရတာပေါ့ ဒါပေမယ့် လွန်ဆွဲလို့ ထွက်လာတဲ့ အကြောင်းအရာ၊ အတွေးအခေါ်လေးတွေဟာ ဆန်းသစ်နေမယ်ဆိုရင် အဲဒါလေးတွေဟာ ပုလဲလုံးလေးတွေလို တစ်နေရာရာမှာတော့ အသုံးဝင်သွားမယ်လို့ထင်ပါတယ်။ အဖိုးတန်၊ မတန်ဆိုတာကတော့ အသုံးချတဲ့သူအပေါ်မှာပဲ မူတည်မယ်ထင်တယ်။ အနည်းဆုံးတော့ ဦးနှောက်သံချေးမတက်တော့တာပေါ့။ ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Monday, December 3, 2007

Brain Work 2

အရိပ်က သယ်ရင်း….လွန်မဆွဲတော့ပါဘူးဟာ ဆိုပြီးတော့ Comment မှာလွန် ၀င်ဆွဲသွားတယ်။ မကြီးပါချူးကလည်း ခေါင်းစဉ်မဲ့ ကာရံမဲ့ဆိုပြီး မကြီး-ပါချူး ဘလော့မှာ ကဗျာတစ်ပုဒ်ရေးဖူးတယ်။ အင်းအဲဒါကို ဖတ်ပြီးတော့ ဒေါက်တာသန်းထွန်း ရေးတဲ့စာအုပ်တွေကိုသွားသတိယတယ်။ကျွန်တော်ဟာ စာရေးဆရာတစ်ယောက် မဟုတ်ပါ ဆိုပြီးရေးလိုက်တာ စာအုပ်တွေကိုမနည်းဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အရိပ်ဆွဲသွားတာလေးကို ပြန်ဆွဲကြည့်ရအောင်……..

အရိပ်ကလည်း…တဖူးဖူးမှုတ်တယ်လို့မပြောပါဘူးဟာ။ တဖူးဖူးလုပ်တယ်လို့ပြောတာပါ။ ငါကဥပမာပြောတာပါ။ တကယ်လို့ မေးတဲ့သူအနေနဲ့ ပြောရင်တော့ပါးစပ်က ပွစိပွစိနဲ့လုပ်နေတာကိုမြင်တယ်လို့ပြောရမှာပေါ့။ သူ့အနေနဲ့တော့ ပူလို့မှုတ်နေတာပဲ ဒါပေမယ့် ဘေးကမြင်တဲ့သူကတော့ ပါးစပ်က ပွစိပွစိပဲမြင်မှာလေ… ပါးစပ်ပွစိပွစိ လုပ်တာနဲ့တော့ ပူလို့ဆိုတာကို တန်းမသိနိုင်လောက်ပါဘူးနော်။

ခုဏက Comment ထဲမှာ အရှုံးပေးပါတယ်ဆိုတဲ့ စကားကိုကြားတော့… ကြားဖူးတာလေးတစ်ခုကို သွားသတိယတယ်။ အဲဒါကတော့….တစ်ခါက ကုလသမဂ္ဂမှာ နိုင်ငံနှစ်နိုင်ငံကမိတ်ဆွေနှစ်ယောက်ဟာတော်တော်လေး ရင်းနှီးခင်မင် ကြတယ်တဲ့။ ဒါပေမယ့် သူတို့နှစ်ယောက်ကိုကြည့်ရင် အမြဲတန်း ငြင်းခုန်နေကြတယ်တဲ့။ (ဒို့စကားနဲ့ပြောရင် လွန်ဆွဲတာပေါ့ဟာ ငြင်းခုန်တာကို လူတွေတော်တော်များများက မကောင်းတဲ့အမြင်နဲ့လက်ခံထားကြတာကို။)တစ်နေ့မှာနိုင်ငံတစ်နိုင်ငံကတစ်ယောက်ဟာ ငွေကြေးအခက်အခဲ ဖြစ်လို့ သူ့မိတ်ဆွေဆီကို အကူအညီတောင်ခံပြီးနောက်ပိုင်းမှာ ငွေကြေးကူညီတဲ့သူက ဘာလာပြောပြော အကူအညီရတဲ့သူက အမြဲတန်း အရှုံးပေးနေတော့ အရှုံးပေးတာကိုခံရတဲ့သူက သြော်…ငါမိတ်ဆွေတော့ ငါ့ကို ခင်မင်မှုနည်းသွားပါလားဆိုပြီး အရမ်းဝမ်းနည်းသွားတယ်တဲ့။ အရိပ်ရေ....... နင်လွန်မဆွဲချင်ရင်လဲ နေပါတော့ အရှုံးတော့မပေးပါနဲ့ နင်အရှုံးပေးတာက တစ်ဖက်လူဘယ်လိုခံစားရမလဲဆိုတာကို သတိမထားမိလို့ဖြစ်မှာပါ။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Friday, November 30, 2007

"BRAIN WORK @ လွန်ဆွဲကြရအောင်"

အရိပ်ရေ…
ဆုတောင်းတိုင်းတန်းပြည့်ရအောင် သီလ၊ သမာဓိ၊ ပညာ အားကောင်းနေမှဖြစ်မှာလေ။ အနတ္တက အဲဒီသုံးချက်အားကောင်းနေတယ်လို့ မခံယူထားဘူး။ အဲဒီတော့ ဆုတောင်းတိုင်တန်းပြည့်မှာ မဟုတ်တဲ့အတွက် မိုးရွာပါစေလို့ ဆုမတောင်းဘူးလေ။ မိုးရွာစေချင်ရင် တို့ တစ်ဖွဲ့လုံးလွန်ဆွဲကြမယ်လေ။ အခုတို့နှစ်ယောက်ကစပြီး(စဉ်းစားမှု)လွန်စဆွဲမယ်လေ။ အာလုံးပါဝင် ဆင်နွှဲနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ လွန်စဆွဲမယ့် အကြောင်းအရာလေကတော့ အရိပ် တင်ထားတဲ့ ဒုတိယမေးခွန်းလေကိုပဲ စလိုက်ကြရအောင်လေ။ အဲဒီမေးခွန်းတွေပါတဲ့ အမေးအဖြေ စာအုပ်ရှိရင်လဲ အဲဒီအဖြေမှန်တယ်ဆိုတာကိုအသာထားပြီး အဲဒီမေးခွန်းနဲ့ ဆိုင်တဲ့အဖြေတွေကို အကျိုးအကြောင်းနဲ့ စဉ်းစာကြည့်မယ်လေ။
“ပူသေးလို့” ဆိုတဲ့အဖြေကို စဉ်းစာကြည့်လိုက်တယ်။ ဘာမှမစားရခြင်း အကြောင်းပြချက် အတွက်တော့ခိုင်လုံပါတယ်။ဒါပေမယ့် စံပါယ်ပြောသလို မကြိုက်လို့တို့၊ မကြီးပါချူးပြောတဲ့ စားဖို့ရာ ဇွန်းရှာမတွေ့လို့ပါ တို့၊ အတူတူစားဖို့စောင့်နေတာတို့၊ အချိန်မကျသေးလို့ တို့ အားလုံးဟာ ဘာမှမစားပဲဒီအတိုင်းထိုင်နေတယ် ဆိုတဲ့အကြောင်းအတွက် ပြောလို့ရတာပဲလေ။ ပူသေးလို့ ဆိုတဲ့အဖြေနဲ့ပါတ်သက်ပြီးတော့ လက်မခံနိုင်စရာ အချက်တစ်ချက်ကတော့ အဲဒီလူနာတွေဟာ သူတို့ကိုဧည့်ခံတယ်ဆိုတဲ့အသိစိတ်လေ၀င်ပြီးတော့ မရှိကို အရှိထင်ပြီးစားနေတယ်စားမယ်….ဆိုရင် ပူသေးလို့ ဆိုတဲ့ အသိဝင်ရင် သူကဒီအတိုင်းထိုင်နေမယ်ထင်သလား။ ဘယ်လိုမှ ဒီအတိုင်းထိုင်နေတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ပူနေတဲ့ဆန်ပြုတ်ကို အေးအောင်လို့ လေနဲ့မှုတ်နေမှာပေါ့။ ဒါဟာအမြဲတန်းဖြစ်လေ့ဖြစ်ထရှိတဲ့အလေးအကျင့်ပဲလေ။ အနတ္တနောက်ဆုံးဖြေတဲ့ အဖြေက အစားအသောက်ကိုအချိန်နဲ့စားတာ။ စားဖို့အချိန်မရောက်သေးလို့ ဆိုပြီးဖြေခဲ့တယ်နော်….. အဲဒီလိုဖြေရတဲ့အကြောင်းကတော့… နံပါတ်တစ်… မေးခွန်မှာကို ပြောလိုက်တဲ့အချိန်မှာတို့၊ မေးလိုက်တဲ့အချိန်မှာတို့ဆိုပြီး နမိတ်ပြဆက်စပ်စကားလုံးတွေပါလို့ပဲ။ နံပါတ်နှစ် အရူးကတစ်မူးသာ ဆိုတဲ့စကားပုံနဲ့လဲညီညွတ်သွားအောင်… အစားကိုအချိန်နဲ့စားတာ၊ စားဖို့အချိန်မရောက်သေးလို့ ဆိုပြီး သာမန်လူတွေထက်သာအောင်ဖြေလိုက်တာလေ။ အဲဒီအဖြေနဲ့ပါတ်သက်ပြီး အရိပ်ရဲ့အဖြေမှန်နဲ့ မကိုက်ညီဘူးဆိုရင်တော့ လက်ခံပါတယ်။(အဖြေမှန်တယ်ဆိုတာကိုလက်ခံတာမဟုတ်ပါ။) ဒါပေမယ့် အဖြေကမှားနေသေးတယ်ဆိုတာကို ဘယ်လိုအကြောင်းကြောင့်လဲဆိုပြီး အရိပ်လွန်ဆွဲမယ့် အကြောင်းအကျိုးလေးကို သိချင်ပါတယ်။

မှတ်ချက်။ ။ ဆရာဝန်တွေသွားမေးတဲ့လူနာက ဘာမှမစားပဲ ဒီအတိုင်းထိုင်းနေတယ် ဆိုတဲ့ နေရာမှာ ဘာမှမစားပဲတဖူးဖူးနဲ့ လုပ်နေတယ်ဆိုရင် အရိပ်ရေ…. နင်ပြောတဲ့ အဖြေကို လက်ခံပါတယ်။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Thursday, November 15, 2007

MIND WASHING 3

အမှတ်မှားကို သန့်စင်ခြင်း

အရိပ်ရဲ့ နိစ္စဓူဝ လေးကိုဖတ်ပြီး “ငါက ဘာလဲ…?” ဆိုတာကို ဆက်ပြီးစဉ်းစား ကြည့်လိုက်တဲ့အခါမှာ စာကြောင်းလေးတစ်ကြောင်းကို သွားပြီးသတိယတယ်။ အဲဒီစာကြောင်းလေးကတော့ “ငါ သေရင်နိဗ္ဗါန်ရောက်မယ်” ဆိုတာပါပဲ။ အစကတော့ တော်တော်အတ္တကြီးတဲ့ အတွေးမျိုးပဲလို့ ထင်လိုက်မိတယ်။ နောက်ပိုင်းကျမှ အတ္တကြီးတဲ့သူက အနတ္တဆိုတဲ့ကျွန်တော်ဖြစ်နေတာကို မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးတော်ကြောင့် အနည်းငယ်ရိပ်မိလာပါတယ်။ ဘာကြောင့်လဲဆိုတော့ လူ၊ နတ်၊ ဗြဟ္မာ၊ ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် စတဲ့ ပညတ်သတ်မှတ်ချက်တွေကို အစစ်အမှန်တကယ်အရှိလို့ထင်လိုက်မိတယ်။ အလွန်ပါးလွှာတဲ့ အမိုက်မှောင်နဲ့ ဖုံးလွှမ်းထားတာကြောင့်လဲ လူဆိုရင် သူ၊ မင်း၊ ငါ၊ အမိ၊ အဖ၊ သူဌေး၊ ဆင်းရဲသား၊ဘုရင်၊ ကျွန်…. တရိစ္ဆာန်မှာဆိုရင်လဲ… ခွေး၊ ၀က်၊ နွား… စသဖြင့် သတ်မှတ်ခေါ်ဝေါ် နေတဲ့ ပညတ်ချက်တွေကို မရှိကို အရှိထင်ပြီး မှားယွင်းတဲ့ အယူဝါဒတွေနဲ့ ကြီးပြင်းခံယူလာလိုက်ကြတာ ဘုရားတွေအဆူဆူ ပွင့်တော်မူတာတောင်မှ ကျွတ်တန်းမရကြတာ အဲဒီလို မှားယွင်းတဲ့ အယူအဆတွေကြောင့်ပဲလို့ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်တွေမှာ နာယူမှတ်သားဘူးပါတယ်။ မှားယွင်းတဲ့အယူအဆတွေကို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ၊ဟောပြောနိုင်ဖို့ ဆိုတာ သဗ္ဗညုတဥာဏ်ရှိတဲ့ ဘုရားပွင့်တော်မူမှ ဖြစ်နိုင်တာကို။ ဘုရားဟော တရားတော်တွေကို မိုးကုတ်ဆရာတော်ဘုရားကြီးတို့လို ကျေးဇူးရှင်ကြီးများက ပြန်လည်ဟောပြောမှသာ မှတ်သားသိနဲ့ အနည်းငယ် နားလည်သိရှိနိုင်လာတာကို။ အမှန်တကယ်မရှိတဲ့ ငါ ဆိုတဲ့ ပညတ်ချက်ကို အမှန်တကယ်ရှိတဲ့ ရုပ်၊နာမ် ဖြစ် ပျက်မှု အနေနဲ့ စဉ်ဆက်မပြတ် ကိုယ်တိုင် မြင်တွေ့ သိရှိလာနိုင်မယ်(ငါ သေပြီး ဖြစ်၊ပျက် စဉ်ဆက်မပြတ်မြင်လာမယ်) ဆိုရင် နိဗ္ဗါန်ရောက်နိုင်တယ် ဆိုတာကို ကျေးဇူးရှင်ကြီးများကြောင့် သိရှိခံစားတတ်လာတာကြောင့် “ငါ သေရင်နိဗ္ဗါန်ရောက်မယ်” ဆိုတာကို နားလည် သဘောပေါက်မိပါတယ်။ အမှတ်မှား၊ အယူမှား ကို အမှန်ရောက်အောင် လမ်းကြောင်းပေါ်တင်ပေးတဲ့ ကျေးဇူးရှင်ကြီးများနှင့် “ငါ သေရင်နိဗ္ဗါန်ရောက်မယ်” လို့ သွန်သင်ဆုံးမခဲ့တဲ့ ပုဂ္ဂိုလ်ကြီးကို ခြေ၊လက်၊နဖူး၊တတောင်၊ဒူး ငါးဦးညီညွှတ်စွာဖြင့် ကန်တော့လိုက်ရပါသည်။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Monday, November 5, 2007

BRAIN STORM ( Part 2 )

သီတင်ကျွတ်လပြည့် အဘိဓမ္မာနေ့မှာ သဗ္ဗညုတမြတ်စွာဘုရား ကို က၊ခ အမေးအဖြေ အပိုင်းတစ်အနေနဲ့ ပူဇော်ခဲ့ပါတယ်။ အခုလည်း က၊ ခ အပိုင်းနှစ်အနေနဲ့ ဆက်သွားကြည့်ရအောင်ဗျာ……
* ဒုက္ခအားလုံးချုပ်ငြိမ်းရာဖြစ်တဲ့မြတ်နိဗ္ဗါန်ကိုသွားတဲ့နည်းလမ်းကတော့…. နိဗ္ဗါန်ကို ကိုယ်တိုင်မျက်မှောက်ပြုပြီးဖြစ်တဲ့ဗုဒ္ဓမြတ်စွာဘုရားရဲ့ သစ္စာတရားတော်တွေကို နာကြားပြီး ရနိုင်လောက်တဲ့ ဇွဲသန်သန်နဲ့ ကျင့်ကြံအားထုတ်တဲ့နည်းလမ်းပဲလို့ ဆိုတော့…..
? ဗုဒ္ဓမြတ်စွာဘုရားရဲ့ သစ္စာတရားတော်တွေကို နာကြားဖို့အတွက် ဘာတွေလိုအပ်သလဲ။
* ၁။ သစ္စာတရားတော်တွေကို ဟောကြားနိုင်တဲ့ မြတ်ဘုရားပွင့်တော်မူတဲ့ အချိန်ကာလ (သို့) ဘုရားဟော တရားဒေသနာတော်တွေကို ပြန်လည်ဟောကြားနိုင်တဲ့ သာသနာတွင်းအချိန်ကာလ ဖြစ်ရမယ်။
၂။ သစ္စာတရားတော်တွေကို နာကြားနိုင်တဲ့ပုဂ္ဂိုလ်( သရဏဂုံ သုံးပါးတည်ပြီး ကိုယ်ခန္တာအစိတ်အပိုင်း ချို့ယွင်းမနေသူ) ဖြစ်ရပါ့မယ်။
? ဘုရားတစ်ဆူ ပွင့်တော်မူရန် ဘယ်လောက်ကြာလဲ။
* ဘုရားတစ်ဆူပွင့်ရန် ကြာချိန်ကို အတိအကျ မပြောနိုင်ပါ။ ဒါပေမယ့် အရှင်ဂေါတမမြတ်စွာ ပွင့်တော်မူရန်အတွက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်တော်မူရပါသည်။ ( မှတ်ချက်။ တစ်သင်္ချေ မှာ ကမ္ဘာပေါင်း တစ်နောက်မှ သုည တစ်ဆယ့်သုံးလုံးရှိဟု ဒေါက်တာမင်းတင်မွန်ဟောပြောစဉ်က မှတ်သားဖူးပါသည်။)
? ဒါဆို သာသနာနဲ့ကြုံကြိုက်ဖို့ရန်အတွက်လွယ်ပါ့မလား။
* လုံးဝ မလွယ်ကူပါ။ ဆယ်နှစ်မှ တစ်ကြိမ်သာ သမုဒ္ဒရာရေမျက်နှာပြင်ကို တက်လာတဲ့ လိပ်ကန်းကြီးဦးခေါင်းနဲ့ သမုဒ္ဒရာထဲကိုမျောလာတဲ့ ထွန်တုံးရဲ့အပေါက် စွပ်သွားရင်စွပ်သွားမယ် သာသနာနဲ့ကြုံ ဆုံရန်အတွက်ကတော့လုံးဝ မလွယ်ပါ လို့ မှတ်သားဖူးပါသည်။
? ဘုရားတွေရော ဘယ်နှစ်ဆူ ပွင့်တော်မူပြီးပြီလဲ။
* ယခုဘဒ္ဒကမ္ဘာမှာတော့ ဘုရားငါးဆူပွင့်တော်မူမှာဖြစ်ပြီး၊ ဘုရားလေးဆူ ပွင့်တော်မူပြီး အရိမေတ္တရမြတ်ဘုရားတစ်ဆူ ပွင့်တော်မူရန်ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။ ဂင်္ဂါဝါနု သဲစု မက ဘုရားများပွင့်တော်မူခဲ့ကြောင်း သိရှိရပါသည်။
? ဘုရားတွေအသိန်း၊ အသန်း မက(မရေမတွက်နိုင်) ပွင့်တော်မူခဲ့တာ တောင်မှ ဘာလို့ နိဗ္ဗါန် မရောက်ကြသေးတာလဲ။
* ဘုရားပွင့်ချိန်မှာ နိဗ္ဗါန်ရောက်နိုင်တဲ့ ရင့်သန်တဲ့ပါရမီမရှိသေးလို့။ ရင့်သန်တဲ့ပါရမီရှိရင် ဘယ်ဘုံ၊ ဘယ်ဘ၀၊ ဘယ်လောက်ပဲအယူမှားနေပစေ ကျွတ်ထိုက်သောသူကို ကျွတ်တန်းဝင်အောင်မြတ်ဘုရားကချေချွတ်တော်မူခဲ့တာပဲ။
? ပါရမီရှိအောင်ဘယ်လိုလုပ်ရမလဲ။
* ဒါန၊သီလ စတဲ့ ပါရမီဆယ်ပါးကို ပြုလုပ်ရာမှာ ဘာအကျိုးရလာဒ်မှ မမျှော်ကိုးပဲ နိဗ္ဗါန်ရောက်ကြောင်း အထောက်အပံ့ ဖြစ်ပါစေ ဆိုရင် ပါရမီဖြည့်တာပဲ။
? ဒါန၊ သီလ…. စတာတွေကို ပြုလုပ်တိုင်းပါရမီ ဖြည့်ပြီးသားဖြစ်လား။
* ဒါန၊ သီလ… စတာတွေကိုပြုလုပ်တိုင်ပါရမီမဖြစ်ပါ။ ကုသိုလ်တော့ရပါသည်။ ကုသိုလ်ကံ အကျိုးပေးလို့ ကောင်းရာမွန်ရာဘုံဘ၀ကိုရောက်ရှိမည်ဖြစ်သော်လည်း ကံကုန်ပါက နောက်ထပ်အကျိုးပေးသည့်ကံအတိုင်း ခံစား၊ စံစားရမည်သာဖြစ်ပါသည်။
? ဘုံဘ၀ နှင့် နိဗ္ဗါန် သက်ဆိုင်မှုရှိပါသလား။
* သက်ဆိုင်ပါသည်။ လူဘုံ ဟာ နိဗ္ဗါန်ကိုရောက်ရန်အတွက် အနည်းစပ်ဆုံးဘုံပေါ့။ နတ်ပြည်၊ ဗြဟ္မပြည် တွေဟာ အသက်တွေရှည်ကြာလွန်း၊ ဒုက္ခခံစားရသိမ်မွေ့လွန်းလို့ သစ္စာလေးပါးသိရှိရန်မလွယ်ကူသည့်အတွက် နိဗ္ဗါန်ရောက်ရန် မနီးစပ်ပါ။ ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်ဘုံတွေဟာလည်း ဒုက္ခတွေကို ပြင်းထန်စွာခံစား၊ ကောင်းမှုကုသိုလ်တွေကို ပြုလုပ်ဖို့ရန်လည်း အခြေအနေမပေးတဲ့အတွက် နိဗ္ဗါန်နှင့် လုံးဝ မနီးစပ်ပါ။

က၊ ခ အမေးအဖြေ အပိုင်း ၂ ရပ်နားခွင့်ပြုပါ။

ယောနိသောမနသိကာရ
အနတ္တ

[+/-] အပြည့်အစုံသို့...

Sunday, November 4, 2007

Discussion: MIND washing (2)

အနတ္တ ရဲ့ အမှတ်မှားကို သန့်စင်ခြင်း အစီအစဉ် ထဲက နံပါတ် (၁) အချက်ဖြစ်တဲ့ "ဘုရားအလောင်းမိခင် မယ်တော်မာယာဟာ ဘုရားအလောင်းတော်ကို မွေးဖွားသန့်စင်ပြီးချက်ချင်းပဲ ကွယ်လွန်သွားတယ်" ဆိုတဲ့ အမှတ်မှားဆွေးနွေးချက်နဲ့ ပတ်သက်ပြီး အနည်းငယ် ပါဝင်ဆွေးနွေးလိုပါတယ်။

အနတ္တ ရဲ့ တင်ပြချက်ကို ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ပြုစုတော်မူသော ဇိနတ္ထပကာသနီကျမ်း လာ ဖော်ပြချက်နဲ့ ထောက်ခံပါတယ်။ ဇိနတ္ထပကာသနီကျမ်း စာမျက်နှာ (၁၈) မှ (၁၉) တွင်ဖော်ပြထားသော "မယ်တော် မဟာမာယာ နတ်ရွာစံခြင်း" ဆိုတဲ့ ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီး ရဲ့ ရေးသားချက်ကို ကူးယူတင်ပြအပ်ပါသည်။

မယ်တေ် မဟာမာယာ နတ်ရွာစံခြင်း

အလောင်းမင်းသားကို ဖွားမြင်တော်မူသည်မှ နောက် ခုနစ်ရက်မြောက်သော နေ့ဝယ် မယ်တော်သိရီမဟာမာယာ မိဖုရားသည် ဓမ္မတာဝန်အားဖြင့် အိပ်ပျော်သော ယောက်ျားကဲ့သို့ များစွာသော အန္တရာယ်မတွေ့ဘဲ စုတေခဲ့ပြီးသော် ဘုရားမယ်တော်တို့၏ ဖြစ်ရာ တုသိတာနတ်ပြည်

ဝယ် "သန္တုသိတ" အမည်ရှိသော နတ်မင်းဖြစ်လေ၏။

ဇိနတ္ထပကာသနီကျမ်း (ပဉ္စမအကြိမ်)၊စာ ၁၈-၁၉

အားလုံး အေးချမ်းကြပါစေ။

[+/-] အပြည့်အစုံသို့...

Thursday, November 1, 2007

MIND WASHING 2

အမှတ်မှားကို သန့်စင်ခြင်း

(၃) မြတ်စွာဘုရားရှင်တောင် မိဘကျေးဇူးကို နို့တစ်လုံးပဲကျေအောင်ဆပ်နိုင်တယ် ဆိုတာနဲ့ ပါတ်သက်ပြီးတော့ ရန်ကုန်မြို့က ကိုမိုးကျော်သူနဲ့ ကိုအောင်ဇော် မေးထားတာကို ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက ပြန်လည်ဖြေကြား ဟောပြသွားတဲ့ အထဲက အနည်းငယ်ဖော်ပြပါရစေ။
“ဗုဒ္ဓစာပေကို မှီုငြမ်းတဲ့ မိဘမေတ္တာဖွဲ့တွေမှာ မြတ်စွာဘုရားရှင်တောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးပဲ ကျေအောင်ဆပ်နိုင်ခဲ့တယ် ဆိုတဲ့အချက်ကိုတွေ့ရတော့ သိပ်ကိုအံ့သြမိပါတယ်။
ပိဋကတ်တော်မှာမပါတဲ့ အကြောင်းအရာတစ်ခုကို ပါသလိုလို ရေးသားပြောဆိုတာဟာ အရမ်းအရမ်းကို အပြစ်ကြီးပါတယ်။ နို့တစ်လုံးပဲကျေတယ် ဆိုတဲ့အချက်ကို မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်လည်း ဟော်ပြောတော်မမူခဲ့သလို အဋ္ဌကထာဆရာ၊ ဋီကာဆရာတွေကလည်း ဖွင့်ဆိုတော်မမူခဲ့ကြပါဘူး။
သားသမီးတွေအပေါ်မှာ မိဘကျေးဇူးကြီးမာတာ မှန်ပါတယ်။ ဒါပေမယ့် မိခင်ကိုအမွန်းတင်ချင်လွန်းတာနဲ့ မြတ်စွာဘုရားရှင်ကို ပုတ်ခတ်စော်ကားသလို ဖြစ်သွားတာကတော့ လုံးဝ မသင့်တော်ပါဘူး။ ဘုရားတောင်မှမိခင်ကျေးဇူး နို့တစ်လုံးပဲကျေတယ်လို့ ပြောတဲ့သူဟာ ဘုရားကိုလည်းစော်ကားရာ ရောက်သလို တရားကိုလည်း ဖျက်ဆီးရာ ရောက်ပါတယ်။ သာသနာဖျက်တဲ့သူလို့တောင် ပွင့်ပွင့်လင်းလင်း ပြောနိုင်တဲ့အထိ အကုသိုလ်ကြီးပါတယ်။
မြတ်စွာဘုရားရှင်ဟာ မိခင်ကျေးဇူးကို နို့နှစ်လုံးဖိုးလုံး ကျေအောင် ဆပ်နိုင်ခဲ့ပါတယ်။ မြတ်စွာဘုရားရှင်မှာ မိခင်အပေါ် နို့ဖိုးကြွေး လုံးဝ မကျန်တော့ပါဘူး ဆိုတဲ့ မိန့်ဆိုရေးသားချက် ပိဋကတ်တော်(ထေရ၀ါဒစစ်စစ် ဗုဒ္ဓစာပေ)မှာ အခိုင်အမာ အထင်အရှားရှိပါတယ်။
ပါဠိတော်မူရင်းကတော့……….
ပါဠိအနက်။ မဟာမုနေ - မြတ်စွာဘုရား၊ တွံ - အရှင်မြတ်ဘုရားသည်၊ မယှံ - ဘုရားတပည့်တော်အား၊ ဗန္ဓနာရက္ခနေ - ကိလေသာ အနှောင်အဖွဲ့မှ လွတ်မြောက်အောင် စောင့်ရှောက်ခြင်းကြောင့်၊ မယှံ - ဘုရားတပည့်တော်၏အပေါ် ၌၊ အနဏော - နို့ဖိုးကြွေး ကင်းသူသည်၊ ၀ါ - နို့နှစ်လုံးဖိုးလုံးကျေအောင် မိခင်ကျေးဇူး ဆပ်ပြီး သူသည်၊ အသိ - ဖြစ်တော်မူပါပေ၏ ။
(အညွှန်း။ - ထေရီအပဒါနပါဠိတော်၊ စာမျက်နှာ ၂၀၉။ ဂါထာ ၁၃၃။)”

မှတ်ချက်။ ။ ပြည့်ပြည့်စုံစုံသိလိုပါက ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားတော်မူထားတဲ့ “မိဘကျေးဇူး အကျေဆပ်နည်း” စာအုပ်ကို ဖတ်ရှုပါရန်။

အနတ္တ

[+/-] အပြည့်အစုံသို့...

MIND WASHING 1

အမှတ်မှားကိုသန့်စင်ခြင်း

(၁) အနတ္တ ငယ်ငယ်တုန်းက ပွဲကြည့်ပြီး မှားယွင်းစွာ မှတ်သာမိတာလေး တစ်ခု ရှိပါတယ်။ အဲဒါကတော့ ဘုရားအလောင်းမိခင် မယ်တော်မာယာဟာ ဘုရားအလောင်းတော်ကို မွေးဖွားသန့်စင်ပြီးချက်ချင်ပဲ ကွယ်လွန်သွားတယ်ဆိုတာပါ။ အမှန်က ဇာတ်နာအောင် က ခဲ့ကြတယ်ဆိုတာကို မသိခဲ့ပါဘူး။ တကယ်တော့ ဘုရားအလောင်းတော်ကို ဖွားတော်မူပြီး သီတင်းတစ်ပါတ်(ခုနှစ်ရက်) နေပြီးမှာ ကွယ်လွန် အနိစ္စရောက်သွားတာပါ။
(၂) လူတွေဟာ ကိုယ့်ကိုယ်ကိုသတ်သေရင် အဖန်ငါးရာ၊ငါးကမ္ဘာ ငရဲပြည်မှာ ၀ဋ်ကြွေးခံရတယ် လို့ ဘုရားကဟောထားခဲ့တယ်ဆိုပြီးပြောနေကြပါတယ်။ (တိုက်ဆိုင်မှုရှိတဲ့အခါမှာပေါ့) အနတ္တ ဖတ်ဖူးတဲ့ အချက်နှစ်ချက်နဲ့ဆိုရင် ကိုက်ညီမှု မရှိသလိုခံစားပြီး စိတ်ရှုပ်ထွေးစွာနဲ့ အချိန်အတော်ကြာနေခဲ့ရဖူးပါတယ်။ တစ်အချက်က ဗုဒ္ဓမြတ်စွာဘုရားကိုလျှူတဲ့အလျှူထဲမှာ ဘုရားဖြစ်ခါနည်း လျှူတဲ့ သုဇာတာရဲ့ နို့ဂနာဆွမ်းရယ်၊ ဘုရားပရိနိဗ္ဗါန်စံဝင်တော်မူရန် အကြောင်းဖြစ်တဲ့ ၀က်သားဟင်းကပ်လျှူတဲ့ အလျှူရယ်ဟာ ဒါနအမြောက်ဆုံးအလျှူဆိုပြီးတော့လေ။
အဲဒီမှာ ဒုက္ခ ခန္တာကြီး ချုပ်ငြိမ်းဖို့ရာ(၀ဋ်ကျွေးဆပ်ဖို့ရာ)အကြောင်းဖြစ်တဲ့ အလျှူဟာ မြတ်တယ်ဆိုတာရယ်။ နောက်တစ်ချက်ကတော့ အရှင်ဂေါဓမမြတ်စွာဘုရား လက်ထက်မှာပဲ အရှင်ဂေါဓိကရဟန်းဟာ ဈာန်သမာပတ်တွေရပြီး ၀ိပဿနာကူးခါနီးမှာ အနာရောဂါ နှိပ်စက်လို့ ဈာန်ပြန်လျှောသွားခဲ့ရတယ်။ ကျမ်းမာလာပြီးကျင့်ကြံအားထုတ်တော့ဈာန်ပြန်ရ၊ ၀ိပဿနာကူးခါနီးဈာန်ပြန်လျှောနဲ့ ဖြစ်လိုက်တာ ခြောက်ကြိမ်တောင်ပဲရှိသွားတယ်။ သတမအကြိမ်လည်း ဈာန်ပြန်ရရော ဈာန်ရပုဂ္ဂိုလ်အနေနဲ့ပဲ အသေခံတော့မယ်ဆိုပြီ လည်ပင်းကိုသင်တုန်းဓားနဲ့ ကိုယ်ကိုယ်တိုင် လှီးဖြတ်ပစ်လိုက်ပါတယ်။ မူလစွဲကပ်နေတဲ့ အနာရောဂါကြောင့် ဖြစ်တဲ့ ဝေဒနာရော၊ လည်းပင်းလှီးဖြတ်လိုက်လို့ ဖြစ်ပေါ်လာတဲ့ဝေဒနာ ကိုပါ ကြိတ်မှိတ်သည်းခံပြီး တရားဆက်အားထုတ်လိုက်တာ အသက်လည်းကုန်၊ ရဟန္တာလည်းဖြစ်ဆိုပဲ။ အဲဒီမှာတင် ကိုယ့်ကိုယ်ကို သတ်တာ အဖန်ငါးရာ၊ ငါးကမ္ဘာ ငရဲခံရတယ်ဆိုတာကို လုံးဝ လက်မခံနိုင်တော့တာ။ မြတ်ဘုရားက ဘယ်သောအခါမှ မမှန်သော သစ္စာမဲ့ စကားမပြောခဲ့ဘူး။ ပြောပြီးသားစကားဟာလဲ အခြေအနေတွေ၊ အချိန်အခါတွေ၊ လူပုဂ္ဂိုလ်တွေ ဘယ်လိုပဲပြောင်းပြောင်း ထာဝရ မှန်ကန်နေမှာပဲလေ။ ကိုယ့်ကိုယ်ကို သတ်သေလို့(သေကြောင်းကြံစည်လို့) ငရဲခံရမယ်ဆိုရင် အရှင်ဂေါဓိကဟာ ဘယ်လိုအကြောင်းကြောင့်မှ ရဟန္တာဖြစ်မသွားနိုင်ဘူးလေ။ အဲဒီစကားနဲ့ပါတ်သက်ပြီး အချိန်တော်တော်ကြာကြာပဲ မရှင်းမလင်း ဖြစ်နေမိတယ်။ ဓမ္မဗြူဟာ မဂ္ဂဇင်းအမေးအဖြေကဏ္ဍထဲမှာ အဲဒီအကြောင်းကို ဆရာတော်ကြီးက ဘုရားဟော မဟုတ်ပါဘူး လို့ဖြေလိုက်မှပဲ စိတ်ထဲရှင်းရှင်းလင်းလင်း ဖြစ်သွားတော့တယ်။ (စိတ်ထဲမှာရှင်းလင်းသည့်အကြောင်းကိုမျှဝေခံစားခြင်းဖြစ်ပါသည်။ တခြားရည်ရွယ်ချက်မရှိပါ။)

အနတ္တ

[+/-] အပြည့်အစုံသို့...

Saturday, October 27, 2007

BRAIN STORM ( Part 1 )

သီတင်ကျွတ်လပြည့် အဘိဓမ္မာနေ့မှာ သဗ္ဗညုတမြတ်စွာဘုရား ဟာ တာဝတိံသာနတ်ပြည်မှာဝါ
တွင်းသုံးလပတ်လုံး အဘိဓမ္မာတရားတော်ကို ဟောကြားပြီးလူ့ပြည်ကို ပြန်လည်ဆင်းသက်လာခဲ့ပါတယ်။ မြတ်ဘုရားဆင်းသက်လာတဲ့အခါမှာ လူ့ပြည်မှနေပြီး အမွှေးနံသာဆီးမီးတွေထွန်းညှိပူဇော်ပြီးတော့ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
(ဟုတ်ပြီဒါဆိုရင် အမေး၊ အဖြေလေးနဲ့ သွားကြည့်ရအောင်ဗျာ)

> ဘာအတွက်ကိုရည်ရွယ်ပြီးကြိုဆိုကြတယ်လို့ထင်ပါသလဲ?
* မြတ်ဗုဒ္ဓဟောကြားတဲ့ သစ္စာတရားတွေကိုနာကြားချင်လို့ပေါ့။

> ဘာအတွက်သစ္စာတရားတွေကိုလူ၊နတ်၊ဗြဟ္မာတွေက နာကြားလိုကြတာလဲ?
* လောကီ၊ လောကုတ္တရား အကျိုးတရားတွေရလိုကြလို့ပေါ့။

> ဘယ်လိုလောကီ၊ လောကုတ္တရာ အကျိုးတရားတွေ ရနိုင်လို့လဲ?
* လောကီမှာဆိုရင် လူချမ်းသာ၊နတ်ချမ်းသာ၊ဗြဟ္မာ့ချမ်းသာ တွေကိုရနိုင်တဲ့ သုဂတိဘုံတွေမှာပဲ ပြန်လည်ရောက်ရှိနိုင်တဲ့အကျိုးတရားတွေရှိလို့ပေါ့။
* လောကုတ္တရာမှာဆိုရင် သောတာပန်၊ သကဒါဂါမ်၊အနာဂါမ်၊ရဟန္တာ ဖြစ်ပြီး နိဗ္ဗါန်ရောက်ကြောင်း ဖြစ်တဲ့ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်တွေရနိုင်တဲ့အကျိုးတရားရှိလို့ပေါ့။

> လူချမ်းသာ၊နတ်ချမ်းသာ၊ဗြဟ္မာ့ချမ်းသာတွေနဲ့ နိဗ္ဗါန်ချမ်းသာနဲ့ ဘာကွာသလဲ?
* ချမ်းသာသာ၊ဆင်းရဲရဲ လူဖြစ်လာမယ်ဆိုကတဲ့နေပြီသေလွန်တဲ့အထိ ဒုက္ခတွေကိုခံစားရမှာပဲ။ အဲဒီလိုပဲ နတ်ဖြစ်ရင်လဲနတ်ဒုက္ခ၊ ဗြဟ္မာဖြစ်ရင်လဲ ဗြဟ္မာဒုက္ခ ဆိုတာခံစားရအုန်းမှာပဲ။ နိဗ္ဗါန်ဆိုတာကတော့ ဒုက္ခအားလုံးချုပ်ငြိမ်းရာကိုခေါ်တာပေါ့။

> ဒုက္ခအားလုံးချုပ်ငြိမ်းရာဖြစ်တဲ့မြတ်နိဗ္ဗါန်ကိုဘယ်လိုရောက်အောင်သွားနိုင်ပါလဲ?
* ဒုက္ခအားလုံးချုပ်ငြိမ်းရာဖြစ်တဲ့မြတ်နိဗ္ဗါန်ကိုသွားတဲ့နည်းလမ်းကတော့…. နိဗ္ဗါန်ကို ကိုယ်တိုင်မျက်မှောက်ပြုပြီးဖြစ်တဲ့ဗုဒ္ဓမြတ်စွာဘုရားရဲ့ သစ္စာတရားတော်တွေကို နာကြားပြီး ရနိုင်လောက်တဲ့ ဇွဲသန်သန်နဲ့ ကျင့်ကြံအားထုတ်တဲ့နည်းလမ်းပဲပေါ့။

>>> သြော်…. ဒါကြောင့်လည်း သောင်းသောင်းဖျဖျ ကြိုဆိုကြတာကို။
အပိုင်း (၁) အနေနဲ့ရပ်နားခွင့်ပြုပါ။

အနတ္တ

[+/-] အပြည့်အစုံသို့...

Tuesday, October 23, 2007

ဆွေးနွေးခြင်း

ကောင်းတမန်ကမေးတယ် အနတ္တ “ဒါနဲ့ ၀ါသနာ စွန့်နိုင်သွားပြီလား?”တဲ့ အနတ္တကပြောချင်ပါတယ် ၀ါသနာကိုစွန့်နိုင်ဖို့ဆိုတာလွယ်တာမှမဟုတ်တာ။ မစွန့်နိုင်သေးပါဘူးလို့ပဲပြောရမှာပေါ့။ အနတ္တထင်တာကတော့ ၀ါသနာဆိုတာ အချစ်လိုပဲလို့။ ကြားဖူးတာလေးတစ်ခုကိုနှစ်သက်တာနဲ့ပြန်ပြောပြပါရစေ…….. အချစ်ဆိုတာက ရှေးရေစက်ကြောင့်ရယ်၊ အနေနီးစပ်မှုကြောင့်ရယ်ကြောင့် ပေါက်ဖွားလာနိုင်တယ် ဆိုတာလေးပါ။ အဲဒီလိုပဲ ၀ါသနာဆိုတာက… ရှေးအထုံ(အလေ့အကျင့်)ကြောင့်ရယ်၊ အနေနီးစပ်လို့ရယ်ကြောင့် ပြန်လည်ရှင်သန်လာနိုင်တာပဲ မဟုတ်လား။
နောက်တစ်ခုက “ရဟန္တာ ကြီးက သင်္ကန်း အလှူခံရအောင် ရေအိုင် ကို မခုံတော့ပဲ ၀ါသနာ ကို စွန့်ဖို့ ကြိုးစားတာ။” လို့ပြောတယ်နော်… အနတ္တအထင်တော့ ရဟန္တာ ဆိုတာ လောဘစိတ်မရှိတော့လို့ အလှူခံရအောင်လို့ တော့မဟုတ်လောက်ဘူး။ ဒကာရဲ့လှူတန်းချင်တဲ့စိတ်(သဒ္ဒါတရား)ပျောက်သွားမှာစိုးလို့၊ သဒ္ဒါတရားပျောက်သွားရင် ကုသိုလ်လဲပျောက်သွားမှာစိုးလို့နေမှာပါ။ နောက်ပြီးအဲဒီအကြောင်းအရာနဲ့ပါတ်သက်ပြီးတောင်းပန်တဲ့အကြောင်းတင်ပေးပါအုန်းမယ် (ကောင်းတမန်နဲ့တော့မသက်ဆိုင်ပါဘူး)

အနတ္တ

[+/-] အပြည့်အစုံသို့...