စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Showing posts with label Student's Life. Show all posts
Showing posts with label Student's Life. Show all posts

Wednesday, November 21, 2007

Exam Weeks Here စာမေးပွဲတွင်း ပုံရိပ်များ

"အဲဒီမှာပဲ အိပ်ကြတယ်။ ခေါင်းအုံးတွေ စောင်တွေလည်း ယူလာကြတယ်။ အိမ်ကို မပြန်ကြတော့ဘူး။ ဟုတ်လို့ဗျို့။ အဲလို ခုံရှာနေလိုက်တာ တချို့ အားတဲ့ ခုံကြ ကွန်ပျူတာ ကြိုးထိုးဖို့ ပလပ်ဂ် ပေါက် မရှိပြန်ဘူး။ ဒီလို နဲ့ ရှာလိုက်ရတာ သနပ်ခါး နဲ့ အိပ်မက်စိမ်းဆို လျှာတွေ ထွက်တဲ့အထိပဲ။ ဖိုးသား က တော့ ယောက်ျားလေး ဆိုတော့ မမောပါဘူးဗျာ။ နောက်ဆုံး တော့ လက်ချာခန်း (၆)ထောင့်က တိတ်ဆိတ် တဲ့ ဒီခုံလေးကို ရလိုက်တာ။ ခု ဒီခုံလေးပေါ်က နေ ဒီပို့စ် ကို ရေးနေတာလေ။"

ဒီနေ့ တော့ ကောင်းတမန် တို့ သူငယ်ချင်း သုံးယောက် စာပေါင်းကြည့်ကြတယ်။
ကောင်းတမန် ရယ်၊ သနပ်ခါးရယ်၊ အိမ်မက်စိမ်းရယ် ပါ။ ခု ကျောင်းမှာစာမေးပွဲတွင်းဆိုတော့ ကျောင်းသားအားလုံး စာစု ကြည့်နေကြတာ ဟိုနား တစ်စု၊ဒီနားတစ်စု နဲ့ အုပ်စုတွေ တော်တော်များတယ်။

ကောင်းတမန် တို့ တွေ လက်ချာခန်း(၆) ရဲ့ ထောင့်က ခုံတန်းရှည်လေး ကို မောင်ပိုင်စီး ထားလိုက်တယ်။ ဒီခုံရှည်ကို ရဖို့ တော်တော် လဲ လျှောက်ပတ်ရှာလိုက်ရတယ်။ ကျောင်းက အင်ဂျင်နီယာ ဌာန အနှံ့ပဲဗျာ။ ခုံတွေက တော်တော် များများ မအားကြဘူး။ အားလုံး က စာမေးပွဲတွင်းဆိုတော့ ခုံပြည့် နီးပါး စာကြည့်နေကြတာ။ တချို့ဆို စားစရာ သောက်စရာ တွေ ပါ ယူလာပြီး အဲဒီခုံတွေပေါ်မှာ နေ့ရော ညပါ စာကြည့်ရင်း နေကြတယ်။ အဲဒီမှာပဲ အိပ်ကြတယ်။ ခေါင်းအုံးတွေ စောင်တွေလည်း ယူလာကြတယ်။ အိမ်ကို မပြန်ကြတော့ဘူး။ ဟုတ်လို့ဗျို့။ အဲလို ခုံရှာနေလိုက်တာ တချို့ အားတဲ့ ခုံကြ ကွန်ပျူတာ ကြိုးထိုးဖို့ ပလပ်ဂ် ပေါက် မရှိပြန်ဘူး။ ဒီလို နဲ့ ရှာလိုက်ရတာ သနပ်ခါး နဲ့ အိပ်မက်စိမ်းဆို လျှာတွေ ထွက်တဲ့အထိပဲ။ ဖိုးသား က တော့ ယောက်ျားလေး ဆိုတော့ မမောပါဘူးဗျာ။ နောက်ဆုံး တော့ လက်ချာခန်း (၆)ထောင့်က တိတ်ဆိတ် တဲ့ ဒီခုံလေးကို ရလိုက်တာ။ ခု ဒီခုံလေးပေါ်က နေ ဒီပို့စ် ကို ရေးနေတာလေ။

စာကြည့်ရင်း တချက်တချက် မထိန်းနိုင်လို့ စိတ်မီးအိမ် ဥယျာဉ် နဲ့ မကြီးပါချူး ဘလော့ဂ်ကို လည်ဖြစ်သေးတယ်။ မကြီးပါချူးက အမှတ်တရ တန်ဆောင်တိုင် ဆိုပြီး တင်ထားပြန်ပြီ။ မကြီးပါချူးရေ ကောင်းတမန် တော့ ဖတ်ရင်း မယ်ဇလီဖူးသုပ်ကို မြင်ယောင်ပြီး သားရေကျလာပြီ။ ဒါပေမယ့် မကြီးပါချူး သရုပ်ဖော်ထားတဲ့ ခု ဒို့ခေတ်မှာ သုပ်စားဖို့ အချိန်တောင် မရလို့ မသုပ်ကြတော့ ဘူး ဆိုတာ ကို ဖတ်ပြီး စိတ်မကောင်းဘူးဗျာ။ တကယ်ကို ကျွန်တော် အပါအ၀င် အဲလိုဖြစ်နေတာ။ မကြီး ပါချူးရေ ကျွန်တော် ရွာမှာရှိတုန်းကတော့ တော်တော် ပျော်စရာ ကောင်းခဲ့တယ်ဗျာ။ အမေ နဲ့ သူ့မွေးချင်း မောင်နှမတွေ သုပ်ကျွေးတာ ကျွန်တော် တို့ မောင်နှမတွေ အပြိုင်အဆိုင်လုစားရင်း ဝေဖန် အမှတ်ပေးခဲ့ကြာတာ မှတ်မိသေးတယ်။ တန်ဆောင်မုန်းရဲ့ တိမ်ကင်းည လပြည့်ဝန်းဆို တာ ရွာမှာပဲ ခံစားလို့ ကောင်းတယ်ဗျာ။ ဆေးစွမ်းထက်တဲ့ လပြည့်ည သန်းခေါင် ကို စောင့်ပြီး စားကြတာ တော်တော် ပျော်စရာကောင်းတယ်။ သန်းခေါင် မရောက်မချင်း ဖိုးသားတို့ တော့ ရွာကစားနည်း တွေ ကစားကြခဲ့ဖူးတယ်။ ခုတော့ ဒါတွေကို ဘယ်လို များ ခံစားနိုင်ဦးမလဲ။ ဘ၀ က ဒီလိုပဲလား။ ဘ၀ကို ကျေနပ် ပျော်ရွှင်ဖို့ အချိန် နည်းနည်း ပိုပေးနိုင်ဖို့ပဲ အများကြီးကြိုးစားရဦးမယ်။

ဒီလို နဲ့ ၁၂ နာရီ ခွဲမှာ သနပ်ခါး နဲ့ အိမ်မက်စိမ်း က ထမင်းသွားဝယ် ဖို့ နဲ့ စာကြည့် တိုက် မှာ စာအုပ်သွားငှါးဖို့ တာဝန်ကျ လို့ ထွက်သွားပြီ။ ကောင်းတမန် က ဒီခုံလေး သူများ ဦးမသွားဖို့ ခုံစောင့် နတ်မှုးလေး တာဝန်ကျတယ်။ ခု စောင့် နေရင်း ဒီပို့စ် ကို ရေးနေတာဗျ။

ဟော ပြောရင်းဆိုရင်း သူတို့ ပြန်လာပြီ။ ထမင်းလွေးလိုက်ဦးမယ်။
……………………………………………………………………………….
စားလို့ တော့ ပြီးသွားပြီဗျာ။ ငါးဟင်းနဲ့ အားလူးထောင်းကြော်၊ ပဲပင်ပေါက်ကြော်၊ ပြည်ကြီးငါး၊ ဆိတ်သားဟင်း၊ ဘာပဲမှန်းမသိတဲ့ ပဲတစ်မျိုး နဲ့စားတယ်။ အားလုံး ၀ယ်လာသမျှတွေကို မျှဝေ စားကြတယ်။ ဟင်းပို စုံသွားအောင်လို့ပါ။ စားလို့ အဆင်ပြေပါတယ်။ ထမင်းဝိုင်းကတော့ ဖိုးသားတို့ အဖွဲ့ရဲ့ ထုံးစံအတိုင်း မြန်မာပြည်က ဟင်းတွေကို လွမ်းတဲ့ အကြောင်းနဲ့ တန်ဆောင်မုန်းလပြည့် ည ရဲ့ လမင်းကြီးကို အပြည့်အ၀ မခံစားရမယ့် အကြောင်း၊ မယ်ဇလီ ဖူးသုပ် ကို စာမေးပွဲကြောင့် သုပ်မစားနိုင်တော့ တဲ့ အကြောင်းတွေကို လွမ်းဆွတ်စွာ လုယက်ပြောရင်း နဲ့ သုံးယောက်တည်း စည်ကားနေခဲ့ပြန်တယ်။

ခုတော့ သနပ်ခါး နဲ့ အိပ်မက်စိမ်းလည်း သူတို့ စာကြည့်တိုက်က ငှားလာတဲ့ စာအုပ်တွေထဲမှာ ခေါင်းဝင် ပြီး စာကြည့် နေကြပြန်ပြီ။ ကျွန်တော် လည်း ဇီဝ စက်မှု ဘာသာ အကြောင်း ကြည့် နေတယ်ဗျာ။

ထမင်းရှိန်ကြောင့် အိပ်ငိုက်လာရင်တော့ www.youtube.com က မြန်မာသီချင်းတွေကို ခဏ နားထောင်ဖြစ်ဦးမယ်ထင်တယ်။ မြန်မာပြည်ကို ခဏဖြစ်ဖြစ် စိတ်ကူးထဲမှာ ပြန်ရောက်ချင်လွန်းလို့ပါဗျာ။

[+/-] အပြည့်အစုံသို့...

Tuesday, October 30, 2007

တမိတည်းဖွားသည့် သံယောဇဉ်

ဒီခေါင်းစဉ် ကို ရဖို့ တော်တော် စဉ်းစားခဲ့ရပါသည်။ ရေးချင် တဲ့ အကြောင်းအရာကတော့

စိတ်ထဲရှိပြီးသားပါ။ အကြောင်းအရာကို ခြုံငုံမိသည့် ခေါင်းစဉ် ပေးဖို့ စဉ်းစားနေတာကြာပြီ။ ဒီနေ့မှ ခေါင်းစဉ် စိတ်ထဲ တက်လာသဖြင့် ကောက်ရေးလိုက်ခြင်းဖြစ်သည်။

အဖြစ်က ဒီလိုပါ။ ကျောင်းသူ၊ကျောင်းသားတွေသည် ကျောင်းစတက်စ ပထမနှစ်၊ ဒုတိယနှစ်မှာ နယ်တူရာကို မိတ်ဆွေဖွဲ့ပြီး သံယောဇဉ်ထားတတ်ပါသည်။ နောက် တစ်နှစ်လောက် ကြာပြန်လျှင် မိမိတို့ စိတ်တူ၊ကိုယ်တူ အဖွဲ့လေးကို ပိုလို့ သံယောဇဉ် တိုးတတ်ကြပြန်ပါသည်။ သို့ပေမယ့် ကျောင်းပြီးသွား၍ နှစ်ပေါင်းများစွာ ကြာသည့် အခါ တမိတည်းဖွားသည့် သံယောဇဉ်ကလေး မသိမသာ ကိန်းအောင် ရင့်သန်လာတတ်ပါသည်။ မိမိတို့ မိခင် ကျောင်းတော်ကို တမ်းတ အောက်မေ့ရင်း မိခင်ကျောင်းက ထွက်သူတိုင်းသည် မိမိနှင့် မွေးချင်း မောင်နှမ တော်စပ်သူတွေလိုပင် ခံစားလာရတတ်ပါသည်။

(၁)

အချိန်သည် ၂၀၀၆ ခုနှစ်။ ကောင်းတမန်သည် အင်ဒိုနီးရှားနိုင်ငံ၊ဘန်ဒေါင်းမြို့တွင် ပညာသင်ဆဲဖြစ်သည်။ ချောက်ဂျီတီအိုင် ကျောင်းသားဟောင်းများ စုစည်းနိုင်ရန် နေရာလေးတစ်ခု ရှာဖွေနေချိန်ပင်ဖြစ်သည်။ ထိုနေရာသည် အခြားနေရာမဟုတ်။လိုင်းပေါ်က တနေရာရာ။ ဒီတော့ သူငယ်ချင်းဟောင်းတွေ အကုန် စုရမည်။ လိုက်ရှာသည်။ ထိုကဲ့သို့ လိုက်ရှာရင်း ကောင်းတမန် လိုင်းပေါ်တွင် ၀င်းအေး၏ မိတ်ဆက်ပေးမှုကြောင့် အရိပ်ကို စတင်တွေ့ရှိခဲ့သည်။

အရိပ်ဆိုသူ ကို ကောင်းတမန်မသိ။ သို့ရာတွင် သူ့အမကို သိသည်။ အရိပ်ကို မသိဆိုသော်လည်း လူကိုသိ၏။ နာမည် ကို လည်း သိ၏။ သို့ရာတွင် ကျောင်းတက်တုန်းက မရင်းနှီးခဲ့သည့်အတွက် ထိုလူနှင့် ထိုနာမည်ကို တွဲ၍မသိပေ။ အရိပ်သည် လည်း ထို့အတူပင်။ မိမိကို မသိ။ သို့ရာတွင် ကိစ္စမရှိ။ တမိတည်းဖွားမောင်နှမတွေ၊ ချောက်မြို့၏တခွင်၊ ဖိုးလှကြီး၏ ရင် မှာ အတူတူ ကြီးသူတွေ။ ဒီတော့ မောင်နှမတွေ နွေးထွေးစွာ နှုတ်ဆက်သည်။ ကျောင်းဆင်းဖော် မဲ့နေသူတွေ ပီပီ ကျောင်းတုန်းက အကြောင်းတွေကို စားမြုံ့ပြန်ကြသည်။

ထိုသူတို့အဖွဲ့သည် မယ်မယ်ရရမဟုတ်။ အရိပ်က ပြောတတ်သည်။

"နင်သိလား။ ငါတို့ အဖွဲ့က ခေတာ မဟုတ်ဘူး။ဒေါ်စန်းဦးမော် အချိန်ကြီးကို ကျောင်းသားတွေအကုန် ချင်တောင်မ ခေါ်သွားပြီး အခန်းကြီးပိတ်ထားခဲ့တာလေ။ ဒေါ်စန်းဦးမော် နဲ့တွေ့ရော သိလား။ ငါတို့ အဖွဲ့ တော်တော် အကျိမ်းခံလိုက်ရတယ်။ ငါတို့ မြို့ပြမှာ ဆရာမက ထက်တယ်လေ။ သူက စည်းကမ်း အတင်းဆုံးပဲလေ။ ဒါပေမယ့် နောက်တော့လည်း ဆရာမနဲ့ ရင်းနှီးသွားတယ်ဟ"

ကျွန်တော်ကလည်း သူပြောသမျှ ချင်တောင်မ၊ဒေါ်စန်းဦးမော် စသည်တို့ကို ပြန်လည် စဉ်းစား လွမ်းဆွတ်ပြန်သည်။ သို့ပေမယ့် ကျွန်တော် က မြို့ပြမှမဟုတ်ပေ။ သို့ပေမယ့် ဘာပဲပြောပြော ချောက် ဂျီတီအိုင် အကြောင်းကိုတော့ မိမိနားထောင် ချင်တာ အမှန်ပင်။

ကျောင်းတုန်း က တစ်ခါမှမျှ စကားမပြောဖူးသော မောင်နှမတွေ ခုလို လိုင်းပေါ်မှာ မနားတမ်း စကား

ဝိုင်းဖွဲ့တတ်တာ ချစ်စရာ ဓလေ့ပင်။ ၈ နှစ်မျှသော အချိန်တို့သည် မသိသူတို့ကို မောင်နှမ ပြုလုပ်နိုင်စွမ်းရှိခဲ့ပေပြီ။ အမိ ဂျီတီအိုင် ကို လွမ်းမိပါ၏။

ဤသို့ဖြင့် အရိပ်နှင့် စကားဝိုင်းမှ တဆင့် ကျောင်းဆင်းဖော် သူငယ်ချင်းတို့သည် အသီးတစ်ရာ အညှာတစ်ခု အဖြစ် ကျရာနေရာ မှာ ရရာစား၍ ဘ၀ အတွက်၊ တိုင်းပြည်အတွက် အလုပ်လုပ်နေကြရကြောင်းသိရှိရ၏။ နှစ်ပေင်းများစွာ ခွဲခွာနေရသော တစ်ဆောင်တည်း နေ သူငယ်ချင်းဇော်ထိုက် အကြောင်းကိုလည်း အရိပ်မှ တဆင့် ပြန်လည် သိရှိခဲ့ရ၏။ ဆက်သွယ်ခွင့်ရရှိခဲ့ပေ၏။ ဇော်ထိုက်သည် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအောက်ရှိ ရေအားလျှပ်စစ်ဆောက်လုပ်ရေး ဌာနတွင် အင်ဂျင်နီယာတာဝန်များ ကို ထမ်းဆောင်နေပေသည်။ သူသည် တောင်ငူတွင် အခြေစိုက်၍ နယ်များတွင် ကွင်းဆင်းလုပ်ငန်းရကြောင်းလည်း သိရှိရပေ၏။

အရိပ်သည် ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသော အင်ဂျင်နီယာတစ်ဦးဖြစ်နေပေပြီ။

အကြောင်းအားလျော်လျှင် သူငယ်ချင်းများ တွေ့ဆုံဖို့ စကားဆိုမိကြ၏။ ထိုသို့ တွေ့ဆုံခွင့်ရခဲ့ပါမူ အနွေးထွေးဆုံးသော စကားဝိုင်းတို့ ရရှိဦးမည်ထင်သည်။ လောကဓံအောက်တွင် ထိုကဲ့သို့သော စကားဝိုင်းများ မပြောရသည်မှာ ကြာမြင့်ခဲ့ပြီမဟုတ်လား။

(၂)

ဖေးမ ကူညီမှုသည် ထုတ်ဖော် ၀င့်ကြွားမှုများ မပါသောအခါ ပို၍ မင်္ဂလာရှိပေ၏။

ကျောင်းတော်သူ ကျောင်းတော်သား တို့သည် ဖေးမ ကူညီမှုကို နောက်တော်ထုံးတမ်း မပျက်တမ်း ပို့ချပေးခဲ့၏။ အတန်းကြီးသူသည် အတန်းငယ်သူကို ကောင်းမှု၊မကောင်းမှု အားလုံး သင်ပြပေးလေ့ရှိ၏။ ထိုအရာသည် သင်လိုချင်သည် ဖြစ်စေ၊ မလိုချင်သည် ဖြစ်စေ ကျောင်းတော် သာတို့၌ လက်ဆင့်ကမ်းမြဲဖြစ်၏။

ထိုလက်ဆင့်ကမ်း သည့်အထဲမှ ကျောင်းတော်မှ ထွက်ခွာ၍ နှစ်ပေါင်းများစွာ ကြာမြင့်သည့်အခါ ကြွင်းကျန်ရစ်နေမည့် အရာသည်ကား ကောင်းမှု လက်ဆင့်ကမ်းခြင်းဖြစ်ပေသည်။

အချိန်သည် ပြောင်းလဲလာသည် နှင့်အမျှ ကောင်းတမန် တစ်ယောက် အင်ဒိုနီးရှားမှ ပြန်လာပေပြီ။ ထိုအချိန်ကား ၂၀၀၇ ခုနှစ် ဇူလိုင်လ။

ထိုလသည် ကောင်းတမန် ကို အသေသတ်မတတ် ရက်စက်ခဲ့သောလ။ အမှန်အတိုင်း ပြောရလျှင် ကောင်းတမန် ငိုခဲ့ရသောလပင်။

အခြေအနေ တစ်ခု၏ လိုအပ်ချက် အရ ကောင်းတမန် နေပြည်တော်သို့ ခရီးထွက်ရသည်။ ကောင်းတမန် ၏ အဖေသည် လည်း သနားစရာပင်။ သားတစ်ယောက်ကို ယခုအချိန်ထိ ပညာသင်ပေးခဲ့ပြီးပြီ။ ယခုထိလည်း လိုက်လံစောင့်ရှောက်နေရဆဲ။ ထိုနေ့က ကောင်းတမန် နှင့် အဖေသည် နေပြည်တော်ကို ရန်ကုန်မှ ရထားဖြင့် ဆန်တက်လာသည်။ နေပြည်တော် ရောက်သည်နှင့် ကိုရွှေမိုးက ကြိုဆိုသည်။ မြန်မာ နိုင်ငံ၏ မုတ်သုံမိုးသည် နေပြည်တော် ကို မပီဝိုးတ၀ါး ရေးဆွဲနေသည်။ နေပြည်တော် သည် ကောင်းတမန် အတွက် အသစ်။ ထို့အတူ နေပြည်တော်သည် သူ့အတွက်လည်း သူ့ကိုယ်တိုင်သည် အသစ်ပေ။ ထို့ကြောင့် အရာရာသည်စနစ်တကျမရှိလှပေ။

ကျွန်တော် နှင့် အဖေသည် မိုးကို အံတုကာ ဆိုင်ကယ် ငှား၍ သွားလိုရာ ဦးတည်ရာကို ချေဆန့်ကြသည်။ လက်မှတ်ထိုးစရာ ရှိသည် များ ထိုး၍ ပြီးစီးသည့်အခါ ကျွန်တော် အဖေ့ကို ဒီထက် ပို၍ မနှိပ်စက်ချင်တော့။ ထို့ကြောင့် သူငယ်ချင်း အသိဝန်ထမ်း အရာရှိတစ်ယောက် အခန်းတွင် တစ်ညမျှတည်းခိုပြီး နောက်နေ့ မနက်စောစော ၅ နာရီ ကားဖြင့် အဖေ့အား အိမ်ပြန်စေသည်။ အိမ်ရောက်မှ အဖေ စိတ်ချလက်ချ နားနေနိုင်မည် မဟုတ်လား။ အဖေသည် ကျွန်တော့် ကို နေပြည်တော် တွင် ရာသီဥတု ကြမ်းချိန်ဖြစ်၍ ကျန်းမာရေးဂရုစိုက်ရန် သတိပေး၍ ထွက်ခွာသွားသည်။

ကျွန်တော် လုပ်စရာရှိသည်များ လုပ်ကိုင်ရန် နေပြည်တော်တွင် အနည်းဆုံး တစ်ပတ်ခန့် နေထိုင်ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ အရာရှိကဆို၏။ ကိစ္စ မရှိ။ ကျွန်တော် တွေးမိ၏။ သို့နှင့် နေတဓူဝ ရုံးကိစ္စ တို့ဖြင့် အချိန်ကို ကုန်လွန်စေ၏။ သို့ရာတွင် မမြင်ဖူးသေးသော တမိတည်းဖွားသည့် အရိပ်ကို တွေ့ချင်၏။ ဇော်ထိုက်ကို တွေ့ချင်၏။ ထို့ကြောင့် ရက်ပိုတချို့ရရန် အချိန်ကို လုယက်၍ သေချာစီစဉ်ကာ ကိစ္စများ မြန်မြန်ပြီးစီးအောင် လုပ်ဆောင် မိသည်။

သို့ရာတွင် မှန်းချက်နှင့် နှမ်းထွက်မှာ တခါတရံတွင် သက်သက်စင် အောင် လွှဲတတ်သည်။ နေပြည်တော်တွင် သယ်ယူပို့ဆောင်ရေးအတွက် လိုင်းကားများရှိသော်လည်း တစ်နာရီခြားစီခန့် သာပြေးဆွဲကြသည်။ဝန်ထမ်းဖယ်ရီများ ရှိသော်လည်း ရုံးဆင်းချိန်၊ရုံးတက်ချိန်များသာ။ သို့အတွက် ခေတ္တမျှလာသော ကျွန်တော်သည် အခက်အခဲများ စတင်တွေ့ရပြီ။ အချိန်မှီ ပြီးစီးရေး၊သူငယ်ချင်းများကို တွေ့ခွင့်ရရှိရေးတို့အတွက် ကျွန်တော် အပြေးတလွှားလုပ်ရမည်။ ထို့ကြောင့် ဆိုင်ကယ်များကိုသာ ငှားရမ်း၍ ဌာနပေါင်းများစွာ နှင့် မိတ္တူကူးသည့် နေရာများကို ပြေးလွှား ရသည်။ ဖုန်းဆိုင်များကို လူးလွန့် ခေါက်တုံ့ပြေးရသည်။ မုတ်သုန်မိုးများ သည်းထန်နေသော်လည်း ကျွန်တော်က ဆိုင်ကယ် ဖြင့်သွားရသဖြင့် ထီး မဆောင်းနိုင်။ မိုးကာ အကျီကိုလည်း နေပြည်တော်ကို ခုမှ ရောက်သည့် လူသစ် ကျွန်တော် ဘယ်နေရာတွင် ၀ယ်ရမှန်းမသိ။ အမှန်တော့ ခေါင်းမာတာလည်း ပါသည်။ တကယ်ဆို ဈေး၌  ၀ယ်၍ရမည်ဖြစ်သည်။ သည်လိုနှင့် မိုးထဲတွင် နေ့ပေါင်းများစွာ ဆိုင်ကယ်စီးရာမှ အဆုတ်သည် အအေးပတ်စပြုလာသည်။ ထိုကဲ့သို့ ဖြစ်ဖူးပေါင်း များပြီဖြစ်၍ ဆိုးရွားစွာဖြစ်မည်ဟု မထင်။ ထို့ကြောင့် အင်ဒိုနီးရှားမှ ပင် စိတ်ကူးယဉ်ခဲ့ရသော ချဉ်ပေါင်ကြော်များ ကို အ၀တုတ်လိုက်သည်။ ပြီးလျှင် ရိုးရိုးဆေးဆေးများ သောက်သည်။ သို့သော် နေပြည်တော်တွင် အစားအာဟာရ မျှတစွာ            

ဝယ်ယူမစားသုံးတတ်။ ထိုနှစ်ခု ပေါင်းသော အခါ ကျွန်တော်သည် အဖျားကြီးစွာ ရတော့သည်။ လုပ်လက်စ ကိစ္စများ ရပ်၍ အိပ်ရာထက် လှဲလေသည်။

သို့ရာတွင် ကျွန်တော်သည် ဆေးရုံကို မည့်သို့ သွားရမည်မှန်းမသိ။ မိုးရွာထဲတွင် ဆိုင်ကယ်ခေါ်လိုလျှင်ပင် လက်ရှိတည်းခိုနေသော အဆောင်မှ မိုင်ဝက်ခန့် လှမ်းလျှောက်ရမည်။ ထိုမိုးသဲထဲတွင် တစ်မိုင်ခန့် လှမ်းလျှောက်ရန် ကျွန်တော် မှာ အင်အားတို့ မရှိပြီ။ အလိုလို တိုက်ခန်းထဲ နေလျှင်ပင် မေးချင်ရိုက်အောင် ချမ်းနေသည်။ သို့သော် ချမ်း၍ အနွေးထည် ၀တ်ပြန်လျှင် ချွေးစေးများပြန်လာပြန်သည်။ ဘာလုပ်ရမှန်းမသိ။ သည်လိုနှင့် ဘာမှ မစားဖြစ်။ ကံဆိုးချင်တော့ ကျွန်တော် တည်းခိုသော အခန်းပိုင်ရှင်သူငယ်ချင်းသည် တာဝန်ဖြင့် ဓါတ်တော် သို့ ခရီးဆန့်လေပြီ။ သို့သော် ကျွန်တော် စိတ်တင်းသည်။ ဘာမျှ ထွေထွေထူးထူး ဖြစ်မည် မဟုတ်။ အဖျားတို့ ၏ ထုံးစံအတိုင်း အချိန်တန်လျှင် ပြန်ကျမည်ဟု ပေါ့ပေါ့တွေးမိသည်။

 

(၃)

္က္ကဤသို့ ဖျားနေစဉ်တွင် ကိုကြွက်ကို တွေ့၏။ ကျွန်တော် နေပြည်တော် ရောက်ရှိနေမှန်းသိ၍ သူ့သူငယ်ချင်း ဆိုင်ကယ် ယူလာ၍ ကျွန်တော့်ကို လာတွေ့သည်။ ကျွန်တော့်ကို ဖျားရက် တွေ့သောအခါ သူအံ့အားသင့်နေ၏။ သူလာသော အချိန်တွင် ညနေပိုင်းဖြစ်၍ ကျွန်တော်သည် ဟန်ဆောင်၍ ထနိုင်၊စကားပြောနိုင်၏။ ညပိုင်းသာ ဖြစ်လျှင် စကားပြောနိုင်မည်မဟုတ်။ ထို့နောက် သူ၏ စီစဉ်မှုဖြင့် ကျွန်တော် နေပြည်တော် ကုတင် (၃၀၀) ဆေးရုံသို့ သွားရောက်ပြသ၏။ ဆရာမ သည် အပူချိန်ကို တိုင်း၏။ ထို့နောက် ဆရာဝန်မ အား ဆေးစာရေးပေးသည်။ ဆရာဝန်မ နှင့် ဆရာမသည် ကျောင်းမှ ဆင်းခါစ လူငယ်များဖြစ်သည်။ သမားဆို အိုမှတဲ့။ ဒုက္ခပဲ ကျွန်တော် ဘာဆက်ဖြစ်မလဲ တွေးနေမိသည်။ သို့ရာတွင် ဆေးခန်း တစ်ခု မျှမရှိသော နေပြည်တော်တွင် ဤသည်ပင်လျှင် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။ ဆရာမ သည် ကျွန်တော် တွင် ငှက်ဖျားသွေးမရှိဟု ဆို၏။ ဆရာဝန်မသည် ငှက်ဖျားဆေးမရှိသော်လည်း ကျွန်တော် ကို ငှက်ဖျားဆေးများ ပေး၏။ ကျွန်တော် မသောက်ချင်။ ဖတ်ဖူးသော စာအများ အရ ငှက်ဖျားဆေးသည် ငှက်ဖျား မရှိပဲ မသောက်သုံးရ။ ပိုဆိုးတာက ကျွန်တော်တွင် ဘာအစားအစာ အာဟာရမှ ဓါတ်ခံမရှိ။ ဘာလုပ်မည်နည်း။ နောက်နေ့တွင် ထပ်မံပြသရဦးမည်။ ဆေးမသောက်ခဲ့လျှင် မသောက်ခဲ့၍ မပျောက်ကြောင်းပြောဦးမည်။ သောက်လိုက်ရုံသာ။ ဒီလိုနှင့် အဲသည်ည ကိုကြွက်တို့ မြို့တော် စည်ပင် အိမ်ရာတွင် လိုက်အိပ်သည်။

သူငယ်ချင်းများနှင့် နွေးနွေးထွေးထွေးပေါ့။ အဖျားပျောက်နိုင်မည် ဟု ယုံကြည်မိသည်။ သို့ရာတွင် မမျှော်လင့်ထားသည့်နောက်ဖြစ်ရပ်တစ်ခု ကြုံရပြန်သည်။ ကိုကြွက်တို့ စည်ပင် တစ်စုလုံး နေပြည်တော် မြို့တော်ခန်းမသို့ပြောင်းရသည်။ ချက်ချင်းဆိုသလို ကြိုတင် အသိမပေးပဲ တီအီးကားစိမ်းကြီးဖြင့် ပစ္စည်းများ လာတင်သည်။ ထိုအချိန်တွင် ကျွန်တော်က ငှက်ဖျားမရှိပဲ၊ ငှက်ဖျားဆေးများကို စားသုံးထားခြင်း၊ အစားအသောက်ပျက်ခြင်းတို့ ဖြင့် ကိုယ့်ရှေ့က အရာကို ပင် သဲကွဲစွာမမြင်နိုင်အောင် မူးဝေနေပြီ။ ကိုကြွက်သည် ကောင်းရှာ၏။ ကျွန်တော့်ကို စောင်တစ်ထည်ခြုံစေ၍ ဆိုင်ကယ်ဖြင့် ယခင် အခန်းသို့ လိုက်ပို့သည်။ သူသည် ကျွန်တော်ကို လိုက်ပို့ပြီး ပစ္စည်းများ ချရန် သွားလေပြီ။ ကျွန်တော့်ကို စိတ်မပူဖို့အကြောင်း သူတစ်ခေါက်လာကြည့်မည့်အကြောင်းပြော၍ ထွက်ခွာသွားလေသည်။

သူထွက်ခွာသွားသောအခါ တင်းထားသော စိတ်ကို လျှော့၍ အဖျားတက်လိုက်မိသည်။ အတွင်းထဲမှ လှိုက်၍ လှိုက်၍ ချမ်းတော့သည်။ ချမ်းသော်လည်း ချွေးစေးများထွက်ပြန်သည်။ ဘာလုပ်ရမည်နည်း။ ဘာမှမလုပ်တတ်။ ဘယ်မှ မသွားတတ်။ ဘယ်သူမှ မရှိ။ ကြိတ်မိတ်ပြီးအိပ်သည်။ အိပ်ရာကနိုးတော့ နည်းနည်း သက်သာသလိုပင်။ အချိန်က ည ၂ နာရီလောက်။ ဒုက္ခပဲ။ ဗိုက်ဆာသည်။ စားစရာမရှိ။ သို့ဖြင် ထပ်၍ အိပ်ဖို့သာ။ သို့သော် မပြီးသေးသော အလုပ်ကိစ္စများ ကို စဉ်းစားမိသည့်အခါ အိပ်မပျော်နိုင်။ နံနက်လင်းခါနီးချိန်အိပ်ပျော်ပြန်သည်။ နံနက် ၉ နာရီနိုးသည်။ မိုးကျနေသည့်ကြားမှ အင်္ကျီကို ဆောင်းကာ ဆိုင်မှာ ထမင်းဆီဆမ်းသွားစားသည်။ ပဲကိတ်တစ်ထုပ် ၀ယ်၍ နေ့လည်စာအတွက်ယူလာသည်။ နေ့လည်ရောက်တော့ လဲစရာမရှိတော့သော အ၀တ်များကို မလျှော်နိုင်သဖြင့် ချေးထူသည့် အင်္ကျီတွေကို ပြန်ဝတ်ရပြန်သည်။

ဘာပဲပြောပြော တစ်ယောက်ယောက်ကို မျှော်မိသည်။ အိမ်ကို သတိရသည်။ အိမ်တွင်ဆိုလျှင် အမေသည် ရေနွေးပူပူ ကို မပြတ် အိုးတည်၍ သောက်ခိုင်းမည်။ အ၀တ်များကို ချွေစိုနေလျှင် မနားတမ်း လျှော်၍ မနားတမ်း လဲခိုင်းမည်။ မြန်မာ့ဆေးများဖြင့် ကုမည်။ ချွေးထုတ်ခိုင်းမည်။ တည့်သည့် အာဟာရဖြစ်သည့် ကျွန်တော် ကြိက်သည်များကို ချက်ပြုတ်ကျွေးမွေးပြုစုမည်။ ခလုတ်ထိမှ အမိတသည် ပြောပြော။ ကျွန်တော် အမေ့အိမ်ကို လွမ်းသည်။ သို့မဟုတ် သူငယ်ချင်း တစ်ယောက်ယောက်ဖြစ်ဖြစ် အနားရှိစေချင်သည်။ အားပေးစေချင်သည်။ အဖျားတက်နေချိန် အဖော်တစ်ယောက်ကို တမ်းတသည်။

သေချာသည်မှာ ကိုကြွက်ပြန်လာနိုင်မည် မဟုတ်။ မြို့တော်ခန်းမ သည် ကျွန်တော်တို့ တည်းခိုသောနေရာမှ လွန်စွာ ဝေးကွာလှသည်။ သူ့ပစ္စည်းများ ချရမည်။ ပြန်စီရမည်။ အခန်းသစ်ရှင်းရမည်။ ဘယ်သူလာနိုင်မည်နည်း။ ဘယ်သူမှ မလာနိုင်။ သို့သော် မတတ်နိုင်။ သည်တည တော့ စိတ်ကို တင်းထားရမည်။ မနက်ဖြန် နိုးသောအခါ အနီးဆုံးတွေ့သူကို အတင်းအကူအညီတောင်းမည် ဟု စဉ်းစားထားသည်။

ဤမျှ သက်သာကောင်းမွန်နေခြင်းသည်ပင် ကိုကြွက်၏ ကောင်းမှုကြောင့်ဖြစ်သည်။

(၄)

ထို့သို့စဉ်းစားပြီး လုပ်စရာ၊စားစရာ မရှိသောအခါ သောက်လက်စ ငှက်ဖျားဆေးများ သောက်၍ ထပ်မံ အိပ်ပျော်ရန် ကြိုးစားသည်။ အိပ်ပျော်လျှင် အဖျားကို မေ့သွားနိုင်သည်။ သို့သော် အိပ်မပျော်။ အဖျားသည် သူ၏ ဒီဂရီကို မြှင့်တင်နေလေပြီ။ အပူချိန်သည် ရုတ်ချည်း ထိုးတက်သွားသည်။ အတန်ငယ်ကြာလျှင် ရုတ်ချည် ပြန်ဆင်းသွားပြန်သည်။ ထိုဒဏ်ကို ခန္ဓာကိုယ်သည် အလူးအလဲ ခံနေရသည်။ ချမ်းလွန်းလျှင် အရမ်း ချမ်းတုန်နေပြီ။ ပူလျှင်လည်း အတွင်းအစိတ်အပိုင်း အားလုံး ကွဲထွက်မတတ်ပူနေသည်။ ကျွန်တော် နေပြည်တော် ငှက်မိပြီလား။ တွေး၍ ကြောက်နေမိသည်။ ဒီနေ့ည ဘယ်သူမှငါ့ကို မတွေ့လိုက်ပဲ ငါ လျှောတော့မည်လား။ ထိုမျှ တွေးပူနေပြီ။ ကျွန်တော့်မှာ အဖော်မရှိ။ ဆေးမရှိ။ စားစရာမရှိ။ ဖျားနားမှု ဒဏ်ကို တကယ် ကို မဖော်ပြတတ်တော့။ နံပေနေ့သည် ဂျင်းအင်္ကျီကို ထပ်မံ      

ဝတ်၍ ထိုင်တချည် အိပ်တလှည့် ကြိုးစား၍ စိတ်ကို စုသည်။ မည်သို့မှ မရ။ ခေါင်းသည်  

ဝင်္ကပါလှည့်နေ၏။ အပူသည် ခေါင်းကို တဒိတ်ဒိတ် တိုးနေ၏။ ငှက်ဖျားပိုး ဦးနှောက်ကို ရောက်ပြီလား။ ငါ မသေရဘူး။ ငါ မသေရဘူး။ စိတ်ကို ကြိုးစားစုစည်း၏။သို့သော် မရ။ မမေ့တချက်။ မေ့တချက်။ အိပ်ပျော်ပြန်သည်။ နိုးပြန်သည်။ နိုးလျှင် မျက်စိထဲတွင် ကြယ်၊လတို့စုံနေပြန်၏။ ငါ ဒီအတိုင်းဆက်နေရင် သွားတော့မယ်။ ကျွန်တော် ကုန်ရုံးထမိ၏။ မရ။ အော်ကြည့်၏။ မရ။ ထိုသို့ အပြန်အလှန် ဖြစ်ပျက်နေရင်း မည်ကဲ့သို့ ဖြစ်သည် မသိ။ ကျွန်တော် အိပ်ပျော်သွားသည်။ သို့မဟုတ် မေ့မျောနေသည်။

နောက်ဆက်သိချိန်တွင် ကျွန်တော်ခန္ဓာသည် အရုပ်ကြိုးပြတ်။ ကျွန်တော် ကိုယ်ကိုကိုယ်ပြန်သိခြင်းမှာ အသံတခုကြောင့်ဖြစ်မှန်းသိရသည်။ ထိုအသံသည် တံခါးခေါက်သံ။ ထို့နောက်က လူသံများ ကြားရသည်။ ငါ့အခန်းကို ခေါက်တာလား။ ထို့နောက် သဲကွဲစွာကြားရသည်။ ဒီအခန်းကို ခေါက်တာ။ ကျွန်တော် အားတက်သွားသည်။ ဘာပဲပြောပြော တစ်ယောက်ယောက်လာလျှင် အကူအညီ ပေးတန်ကောင်းမည်။ ကုန်းရုံးထသည်။ ဟန်မဆောင်နိုင်။ နုံးရနေသော ခန္ဓာကို သယ်၍ တံခါးဝဆီသွားပြီး ဖွင့်ပေးလိုက်သည်။

ဟင်.............အရိပ်။

လိုင်းပေါ်မှာတွေ့တဲ့ တမိတည်း ဆင်းတဲ့ သူငယ်ချင်း။ မျက်စိတို့ မယုံချင်။ တကယ် 

ဝမ်းမြောက်သွားသည်။ နေမကောင်း တကောင်းက ဖုန်းဆက် စဉ် ပေးခဲ့သော မပြည့်စုံသော လိပ်စာဖြင့် သူရောက်အောင်လာခြင်းဖြစ်သည်။

"ဟေး..သယ်ရင်း၊ ကြည့်စမ်း နင်ဖျားနေတာလား"

"အေး......ဟုတ်တယ်။ ငါမရတော့ဘူးဟာ"

"ငါ လုပ်ငန်းက ကားပါတယ်လေ။ လာ ဆေးရုံးသွားရအောင်"

ဆေးရုံ။ တွေးမိသည်။ ငှက်ဖျားဆေးများ မလိုအပ်ပဲ ပေးခဲ့သော ဆေးရုံကိုပြန်မသွားချင်။ ဒါပေမယ့် တခြားနည်းလမ်းမရှိ။ ဆရာဝန်မ ကို သေချာ ရှင်းပြရမည်သာ။ ကားပေါ်ရောက်မှ အရိပ်ကို ရှင်းပြသည်။

"ငါ့ကို ဆရာဝန်မ က မဖျားပဲ ငှက်ဖျားဆေးတွေ သောက်ခိုင်းလို့ ခုလိုဖျားတာဟ"

"ဟုတ်လား။ ဒါဆိုလည်း ဆေးရုံရောက်ရင် သေချာပြောတာပေါ့ဟာ"

သည်လိုနှင့် ဆေးရုံကို ရောက်သည်။ အရေးပေါ်လူနာတစ်ယောက် ရောက်နေ၍ ခဏ စောင့်ကြရသည်။

ဆရာဝန် မ အသစ် ကို တွေ့ရသည်။ သူနာပြုဆရာမတော့ မပြောင်း။ ဆရာဝန်မ က သောက်ထားသော ဆေးတွေ အကုန်မေးသည်။ မဖျားပဲ ငှက်ဖျားဆေးများ သောက်ခိုင်းခြင်းကြောင့် ယခုကဲ့သို့ ဖြစ်ရကြောင်းသူကရှင်းပြသည်။ ၀မ်းသာလိုက်သည့် ဖြစ်ခြင်း။

"အပျောက်ကုပြမယ်။ ဒီဆေးတွေကို အပတ်ကုန်အောင် သောက်လိုက်" ဟုဆို၍ ဆရာဝန်မ က ဆေးအသစ်တွေပေးသည်။ ထိုးဆေး တစ်လုံးလည်း ထိုးသည်။ ဘာပဲ ပြောပြော စိတ်ပေါ့သွားသည်။ ထိုးဆေး နှံ့သောအခါ ကိုယ်ပါပေါ့သွားသည်။ အားတက်သွားသည်။

ဆေးရုံမှ ပြန်သောအခါ အရိပ်က

"ငါ့ သူငယ်ချင်းကို သနားပါတယ်ဟာ၊ ငှက်ဖျားဆေးကြောင့် နင်ခံရာတာ၊ အစားကို မျှတအောင်၊ အားဖြစ်အောင် စားနော်သယ်ရင်း။ ငါ အချိန်မရလို့။ အချိန်ရရင် ကြေးအိုး ၀င်တိုက်တယ်။ ငါတို့က ပျဉ်းမနား ဟိုဘက်ထိ ဆက်မောင်းရဦးမှာ။ ဒီတော့ နင့်ကို ခု ပြန်လိုက်ပို့မယ်။ နင် မနက်ဖြန် သေချာ အားဖြစ်အောင် ၀ယ်စားနော်"

ဆိုပြီး အရိပ် က ကျွန်တော့်ကို အဆောင် ကို လိုက်ပို့ပါသည်။ ပေါင်းလောင် ကနေ နေပြည်တော် အထိ တကူးတက လာတွေ့သည့်၊ ဆေးရုံလိုက်ပြသည့် အရိပ်နှင့် ကားမောင်းဆရာ၊ ပြီးတော့ သူနှင့်အတူ ပါလာသည့် သူငယ်ချင်း ၂ ယောက် အားလုံးကို ကျေးဇူးတင်သည်။ အဖော်မဲ့ နေချိန်တွင် ကူညီဖေးမပေးခဲ့တာ မမေ့နိုင်ပါ။ မိမိတစ်ယောက်တည်းဆို ထိုည ဘာဖြစ်မည် မသိ။ အသက်သခင် ကျေးဇူးရှင်များ ကို ကျေးဇူးတင်မိသည်။

(၅)

တကယ်တော့ အရိပ် ကို ကျွန်တော် ကျောင်းတုန်းက ကောင်းကောင်းမသိပါ။ သို့သော် သူသည် ငယ်သူငယ်ချင်း တစ်ယောက်ပမာ ဖြစ်ခဲ့ပြီမဟုတ်လား။ တမိတည်းဖွားသည့် သံယောဇဉ် သည် မရင်းနှီးဖူးသော်လည်း ရင်းနှီးဖူးသည်ထက် ပို၍ရင်းနှီးစေသည်။ မောင်နှမတို့သည် ထာဝရ အေးချမ်းကြပေ၏။ အရိပ်၊ကိုကြွက် တို့ အားလုံးကို ကျေးဇူးတင်၍ မဆုံးတော့။

ထိုနည်းတူစွာ မိမိ အလှည့်ကျလျှင် မောင်နှမသွေး၊ညီအစ်ကိုသွေးပြရန် အဆင့်သင့်ဖြစ်အောင် ကြိုးစားနေမိပါသည်။

ဖေးမ ကူညီမှုသည် ထုတ်ဖော် ၀င့်ကြွားမှုများ မပါသောအခါ ပို၍ မင်္ဂလာရှိပေ၏။

[+/-] အပြည့်အစုံသို့...

ဒို့ ချစ်ရတဲ့ ဆရာ ဆရာမ များ အကြောင်း (၂)

ဒီနေ့တော့ ကောင်းတမန် စာနည်းနည်းဆို နည်းနည်းလေးကြည့်ပြီး ကိုယ့်ဘာသာ စိတ်ကျေနပ်ချင်ယောင်ဆောင်လိုက်ပြီး ဒီစာကို ကောက်ရေးလိုက်တာ။

ဒုတိယပိုင်း အနေနဲ့ ပွင့်လင်း၊ရိုးသားပြီး တပည့်တွေ ကို သံယောဇဉ်ကြီးတတ်သူ ဆရာမတစ်ယောက်ကြောင်း ပြောချင်ပါတယ်။

အဲဒီဆရာမ က ဘုတလင်သူ။ ရုပ်က ပြတ်သားသလို စကားပြောလည်း အရမ်းပြတ်သားတယ်။ စာကိုလေးစားသလောက် အလုပ်လည်း စည်းကမ်းတကျ နဲ့ အရမ်းလုပ်တတ်သူပါ။ ကောင်းတမန် အမ်တီယူ တက်တုန်း က ဆရာမ နဲ့ စသိခဲ့ရတာပါ။

ပထမဆုံး ဆရာမ ကို စတွေ့တာ အမ်တီယူ မှာ အင်တာနက် သုံးဖို့ ကျောင်းသားအားလုံးကို စတင် ပညာပေးပွဲလေး တစ်ခုမှာပါ။ ဒီ ပညာပေးပွဲလေးကို ဆရာကြီး ဒေါက်တာ အောင်ကျော်မြတ် ဦးဆောင် မှုနဲ့ ဆရာမ ရဲ့ ပို့ချမှုတွေနဲ့ စခဲ့တာပါ။ ဂေါ်ဂယ် လောက်ကိုတောင် အထူးတဆန်း ဖြစ်နေတဲ့ သူ့တပည့်တွေ သိလိုဇောနဲ့ မေးတာတွေ ဖြေရင်း "နောက်ထပ် လင့်ခ်တွေ လိုက်ချင်ရင် လက်ပုံလေးကို ဆက်နှိပ်ပါ" လို့ မနားတမ်း စေတနာ အပြည့် နဲ့ ရှင်းပြတဲ့ ဆရာမ ကို အဲဒီပွဲလေးကနေ စတွေ့သိခဲ့တာပါ။

ဆရာမ နာမည်ကတော့ ဒေါ်ခင်လေးမြင့် လို့ ခေါ်ပါတယ်။ နာမည် က မြန်မာဆန် သလောက် ရုပ်ရည် က လည်း မဟာဆန်၊မြန်မာဆန် တဲ့ ဆရာမပါ။ အထူးသဖြင့် ဆရာမဟာ ကျောင်းသူ၊ကျောင်းသားတွေကို နှစ်လိုတဲ့ အပြုံးလေး အမြဲတမ်း လက်ဆောင် ပေးတတ်ပါတယ်။ ကျောင်းသူ၊ကျောင်းသား တွေနဲ့ မောင်နှမတွေလို ရင်းရင်းနှီးနှီး ပေါင်းတတ်ပါတယ်။ စကားပြောခါနီးရင် နာမည်ကို အရင်ခေါ်လေ့ရှိပါတယ်။ ပြီးရင် တည်တည်ကြီး ကြည့်ပြီး တည့်တည့် ပဲ ပြောတတ်တဲ့ ဆရာမကို တွေ့စ၊ သိစက တပည့်တွေ ကြောက်လည်းကြောက်၊လေးလည်း လေးစားခဲ့ရပါတယ်။

daw khin lay myint

(ပုံ) အညာတမာတန်း နှင့် မြန်မာဆန်သည့်ဆရာမ

 

ဒီလို နဲ့ အမ်တီယူ Main Building ဒုတိယထပ်က အင်တာနက် ခန်းလေးမှာ အီးမေးလ် ဘယ်လိုသုံးမလဲ၊ News group တွေနဲ့ ဘယ်လိုချိတ်မလဲ စတာတွေ ကို စိတ်ရှည်လက်ရှည် သင်ကြားပေးခဲ့ တဲ့ဆရာမကို ခုလို ဘလော့ပေါ်မှာ ကန်တော့ခွင့်ရတာ တော်တော်လေး ကို ၀မ်းသာပါတယ်။ အရေးကြီး ပြီး ဆိုက်ဒ်သိပ်ကြီးတဲ့ ဖိုင်တွေကို အချိန်ကန့်သတ်ချက် ကြောင့် လိုင်း အပြည့်အ၀ မသုံးနိုင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် ဆာဗာမှာ မနားတမ်း ထိုင်ကူး၊ စီဒီတွေ မနားတမ်း ရိုက်ပေးတဲ့ ဆရာမကို ကျွန်တော်တို့ အားလုံး အရမ်း ချစ်ကြပါတယ်။

နောက်နှစ်မှာ ကျွန်တော် တို့ အတန်းကို ဆရာမ က Computer Applicationဆိုတဲ့ဘာသာရပ် ကို အင်ဂျင်နီယာတန်းတွေအားလုံးအတွက် မိတ်ဆက်သင်ကြားပေးပါတယ်။ စာကို အမြဲတမ်း အလေးအနက် ထားတတ်တဲ့ဆရာမ က အတန်းစာတွေ ကုန်အောင် သင်ပြီးတဲ့ အချိန်မှာ ကျောင်းသားတွေ နားလည်တတ်ကျွမ်းမှု စစ်ဆေးရန် စာတမ်းအသေးစားလေးတွေ ပြုစုပြီး အတန်းရှေ့မှာ အဖတ်ခိုင်းခဲ့တာ ကို သတိရသေးတယ်။ ဘာကိုမဆို စနစ်တကျ လုပ်တတ်တဲ့ ဆရာမကို ခုအချိန်မှာ ကျေးဇူးတင်မိပါတယ်။ အတန်းရှေ့မှာ အင်္ဂလိပ်စကားမပြောသူတွေကို အင်္ဂလိပ်လို ခပ်တည်တည် ထွက်ပြောခိုင်းတော့ ရလာတဲ့ အတွေ့အကြုံတွေကို တနေ့မှာ ကျောင်းသားတွေ လုပ်ငန်းခွင် သို့မဟုတ် သက်ဆိုင်ရာနယ်ပယ်မှာ ကောင်းကောင်း အသုံးချ ဖို့ မြေတောင်မြှောက်ပေးတာပါလားလို့တွေ့းပြီး နောက်မှ တကယ်ကြုံမှ ဆရာမကို ကျေးဇူးတွေတင်လို့ဗျာ။

ဒီလို နဲ့ အမ်တီယူမြေရဲ့ ခြောက်သွေ့တဲ့ တမာတန်း နဲ့ ပင်လက်ပံ နီရဲရဲ၊ မြူနှင်းတွေ ခ တဲ့ ရေတံခွန်၊ မြခနောက် နဲ့ ရန်ကင်းတောင် တွေ၊ မိုးသည်းလွန်းရင် မလုံတတ်တဲ့ ကနောင်၊မက္ခရာ၊ပြင်စည် နဲ့ ညောင်ရမ်း၊ လှပတဲ့ ကျောင်းဆောင်၊ ကျောင်းတော်သားတွေ အားလုံးဟာ အနာဂတ်တွေ ကို အနာဂတ်မှန်းမသိအောင် ဖိစီးသိမ်းဆည်းရင်း နဲ့ နှစ်တွေ ကုန်လွန်ခဲ့ပါတယ်။ ဒီလို နဲ့ ကျွန်တော် တို့လည်း အမ်တီယူမြေကို နှုတ်ဆက်ခဲ့ရတယ်။ ဆရာမကို လည်း နှုတ်ဆက်ခဲ့ရပါတယ်။

နောက်နှစ်တွေမှာ ဆရာမလည်း မြန်မာပြည် အထက်အောက် ကူးရပြန်တယ်။ ဆရာမ နဲ့ ကျွန်တော်တို့လည်း ကွဲသွားလိုက်။ ပြန်တွေ့လိုက်။ ဟော ပြန်ကွဲလိုက်။ တခါတလေ ပြန်တွေ့လိုက်။ ခဏ တဖြုတ်ပါ။ နောက် ကျွန်တော် အဝေးတနေရာ ရောက်သွားတဲ့ အခါ ဆရာမ က မုံရွာ ကွန်ပျုတာ ဘက်မှာ ရောက်နေတယ်တဲ့။ သူ့နယ်နား နီးတဲ့ နယ်မှာ တာဝန်ထမ်းဆောင်ရတာ ဆရာမ ပျော်မှာပါလို့ တွေးမိခဲ့တယ်။ တခါတလေ ဆရာမ ဆီ က မမျှော်လင့်ချိန် မေးလ် တွေ လာတတ်တယ်။ ဆရာမ က တပည့်တွေကို အချိန်မရွေး၊ နေရာမရွေး ဂရုစိုက်ခဲ့တယ်လေ။ မေးလ်နဲ့ ဆုံးမပြန်တယ်။ စာကြိုးစားရမယ်။ သုတေသန ကို သေချာ ဖိလုပ်ရမယ်။ စသဖြင့်ပေါ့။

အဝေးတနေရာ ရောက်နေခဲ့တဲ့ ကျွန်တော်ဟာ တခါတလေ မှာ အလုပ်တွေ အရမ်းပိပြီး ဖိအားတွေများ နေရင် လုပ်လက်စ ကို ရပ်၊ရပ်နေမိတတ်ပါတယ်။ အဲလို အချိန်မျိုး ဆရာမကို လိုင်းပေါ် ခဏတွေ့ခဲ့ရင် ဆရာမဟာ သူ့တပည့်ရဲ့ ပြဿနာ တွေ ကို ဘယ်လို ဖြေရှင်းရမလဲ ဆို တာ သွန်သင်ပြန်တယ်။ တရားထိုင် ခိုင်းမယ်။စိတ်ငြိမ်ရင် အရာအားလုံး ချောမွေ့စေဖို့တဲ့။ ဆရာမရဲ့ တပည့်တယောက် အပေါ်ထားတဲ့ စေတနာပါ။ မှတ်မှတ်ရရ ကျွန်တော် အဝေးတနေရာကနေ ပြန်လာခါနီးမှာ သုတေသန လုပ်နေတုန်း တော်တော် ကြီးကို စိတ်ဓါတ်ကျစရာ တခု ကြုံခဲ့ရဖူးပါတယ်။ ဆရာမက လိုင်းပေါ်တွေ့တိုင်း ပြောတယ်။ သူတပည့်တွေကို မေတ္တာ ပို့တဲ့ အကြောင်း။ ကျွန်တော်လည်း သူ့ပို့သတဲ့ မေတ္တာကြောင့် ဘယ်လို အဆင်ပြေမယ့်အကြောင့်ပေါ့။ မိခင် ငုံးမကြီးက ငုံးဥတွေ ကို အဝေးက မေတ္တာပို့ အကောင်ပေါက်စေသလို ဆရာမလည်း ကျွန်တော်တို့ကို အဝေးကနေ အကောင်ပေါက်စေခဲ့ပါတယ်။ သုတေသန လုပ်နည်း တွေ၊ အချိန်မီ ပြီးစီးအောင် ဘယ်လို နည်းနာသုံး ဆောင်ရွက်ရမယ်ဆိုတာတွေ၊ ကျမ်းကြီးကျပ်သူနဲ့ ဆက်သွယ်နည်းတွေအားလုံးကို ဆရာမ သင်ပြပေးခဲ့ပါတယ်။

ဆရာမတို့ နေတဲ့ တိုက်ဝါ ဘက်ကို သွားလည် ခဲ့တဲ့ အချိန်တွေဟာလည်း အမှတ်တရပါ။ ခိုင်ဇော်လင်း၊ငြိမ်းဝေ တို့နဲ့ ဆရာမဆီကို သွားသွားလည်တတ်တယ်။ ဒါက အမ်တီယူတုန်းကပါ။ အစီအစဉ် မကျအောင် ရေးတတ်တာ ကိုက ကျွန်တော့ အကျင့်။ ခုကြည့် ပြောနေရင်း တခါ နောက်ကြောင်းလှည့်နေပြန်ပြီ။ အဲလို သွားလည်ရင် ဆရာမ က ကော်ဖီပူပူလေးနဲ့ ပေါင်မုန့်ထောပတ်သုတ်လေး လုပ်ကျွေးတတ်ပါတယ်။ အဲလို ညတွေဆို ကျွန်တော် တို့ စကားတွေ ဖောင်ဖွဲ့ကြတယ်။ ဆရာမက သူ့တို့ တက္ကသိုလ်တက် တုန်း က အဆောင်မှာ မိန်းကလေး တွေ ချည်း သူခိုးဖမ်းတဲ့ အကြောင်း ပြောချင်ပြောမယ်။ တခါတလေမှာ သူတို့ သုတေသန လုပ်တဲ့ အကြောင်းတွေ ပြောချင်ပြောမယ်။ ဆရာမ ရဲ့ ပွင့်လင်း ပြီး တည့်ပြောတတ်တဲ့ အကျင့်၊ သရုပ်ပေါ်အောင် ပြောဆိုတတ်တဲ့ အကျင့် တို့ကြောင့် အားလုံး ဟာ ကျွန်တော်တို့ အတွက် အမှတ်တရ စကားတွေပါ။ အဲလို မျိုးဆက် တစ်ခု ကနေ တစ်ခု ဆီကို သမိုင်းစကား ပါးစပ် နဲ့ သင်ပြပေးတတ်သေးတဲ့ ဆရာမပါ။

မှားတာလုပ်ရင် ငေါက်မယ်။ မှန်တာ လုပ်ရင် ထောက်ခံမယ်။ တပည့်တွေ ကို မောင်နှမတွေလို ဆက်ဆံမယ်။ အင်မတန် ရိုးသားအေးချမ်းမယ်။ မြန်မာဆန်တယ်။ အလုပ်စနစ်တကျ စည်းကမ်းကျနစွာ လုပ်တတ်တယ်။ တပည့်တွေ အကူအညီ လိုရင် မနားတမ်း၊မမောတမ်း လိုက်လုပ်ပေးတတ်တယ်။ အချိန်အခါ နဲ့ တပည့်တွေကို ကောင်းစွာ နားလည် ဖေးမတယ်။ အဲလို ဂုဏ်တွေ နဲ့ ဆရာမ ကို ကျွန်တော် နေပြည်တော် ကို ခဏရောက်တုန်း တွေ့ခဲ့ရသေးတယ်။ ဆရာမ ကို အားပါးတရ သွားကန်တော့ခဲ့ရတယ်။ တော်တော် ၀မ်းသာပါတယ်။ ဆရာတပည့် တွေ ထုံးစံ အတိုင်း မတွေ့တာ ကြာတေ့ စကားပြောကြတာ အားပါးတရပါပဲ။ အဲဒီည က နေပြည်တော်မှာ မှတ်မှတ်ရရ ဆရာမတို့ အဆောင်ကအပြန်၊ ဆိုင်ကယ် ကယ်ရီ မရလို့ အကြာကြီး စောင့်ခဲ့ရသေးတယ်။

ဒီလိုနဲ့ ဆရာမ ကို နေပြည်တော် မှာ ကန်တော့ နှုတ်ဆက်ပြီး ကျွန်တော်တို့လည်း လောကထဲကို ခုဆို ဆက်လက် ပျံသန်းနေကြပြန်ပါပြီ။

ခုတော့ ဆရာမကို ဘလော့ဂ်မှာ ဒီစာလေး နဲ့ အပဲ သီတင်းကျွတ်မှာ မှတ်မှတ်ရရ ကန်တော့ ပါတယ်။ တပည့်သားတွေသည် ဆရာမအပေါ်မှာ ကာယကံ၊၀စီကံ၊ မနောကံတို့မှ ပစ်မှားခဲ့သည်ရှိသော် ခွှင့်လွှတ်ကျေအေးပေးပါ ဆရာမ ခင်ဗျာ။

 

 

စာကြွင်း။     ။ဆရာမချက်ကျွေးတဲ့ မြန်မာဆန်ဆန် ထမင်း၊ဟင်းတွေ နောက်မှ လာစားဖြစ်အောင် စားဦးမယ်။

ဆရာမ ရဲ့ ဘလော့ဂ် ကို သွားရောက် လည်ပတ်ချင်သူများ မကြီးပါချူး ဆိုတဲ့ လင့်ခ်ကနေ သွားရောက်ကြပါခင်ဗျာ။

[+/-] အပြည့်အစုံသို့...

Thursday, October 18, 2007

ဒို့ ချစ်ရတဲ့ ဆရာ ဆရာမ များ အကြောင်း (၁)


ဒီအကြောင်းကို ရေးဖို့ စဉ်းစားထားတာ ဟို.ဘလော့ဂ်တွေ မပေါ်ခင်ကတည်းကပါ။ တကယ့် ကို ကိုယ့် တပည့် ကို တော်စေချင်၊ တတ်စေချင် တဲ့ စိတ် စေတနာ အပြည့်အ၀ထား ပြီး ကိုယ်တိုင်လည်း စံနမူနာ ပြ ဆရာ၊ ဆရာမ ကောင်း ဖြစ်အောင် နေပြတဲ့ ဆရာ၊ ဆရာမ တို့ အကြောင်းကို မှတ်တမ်းသဘော မျိုးတင်ထားချင်တာ ကြာခဲ့ ပါပြီ။

ပြောနေရင် ကြာပါတယ်။ ဒီနေ့ ပဲ စလိုက်မယ်။
အမေချစ် အကြောင်းကနေ စပြောမယ်။

အမေချစ်ဆို တာ ကျွန်တော် တို့ တတွေ ချောက် ဂျီတီအိုင် မှာ တက်တုန်းက သင်္ချာသင်ပြပေးတဲ့ ဆရာမကြီး ဒေါ်မြသန်းချစ်ပါ။ သူ့ ကို ချစ်စနိုး၊ လေးစားစနိုး နဲ့ တပည့်တွေ အားလုံးက အမေချစ် လို့ ခေါ်ကြတယ်။ ကျွန်တော်တို့ တွေ ကျောင်းရောက်တော့ အမေချစ်တောင် တော်တော် အသက်ရနေပြီ။

အမေချစ် ပုံပန်းက ခပ်ပြတ်ပြတ်ပဲ။ စိတ်ဓါတ်ကလည်း ခပ်ပြတ်ပြတ်ပါပဲ။ မျက်မှန် အမြဲဝတ်ထားပြီး မြန်မာဆန်ဆန် ဆံထုံးလေး အမြဲထုံးထားတတ်တယ်။ စကားပြောရင် လေးလေးနက်နက် နဲ့ စကားစုတွေကို ရှင်းလင်းပီသစွာ ခွဲခြားပြောတတ်သူပါ။အသံကို အမြဲတမ်း အနိမ့်အမြင့် နဲ့ ထိရောက်စွာ ပြောဆို အသုံးချတတ်တဲ့ ဆရာမကြီးပါ။ သူက အင်ဂျင်နီယာ သင်တန်းများ အာလုံး ကို သင်္ချာ သင်ပြပေးတယ်။ Academics ဌာန ရဲ့ ဌာနမှုး လည်း သူပဲပေါ့။ ကျောင်းရှေ့ Assembly တွေမှာ ကျောင်းအုပ်ဆရာကြီး တိုင်းလေးစား ရတဲ့ ဆရာမကြီး ဟာ သြ၀ါဒ အမြဲ ခြွေရတတ်ပါတယ်။

ပထမဆုံး သူအတန်းကို တက်တဲ့ နေ့ က တော့ မှတ်မှတ်ရရ ပဲ။ အားလုံး က မင်္ဂလာပါလို့ နှုတ်ဆက်တယ်။ ပြီးတော့ ထုံးစံ အတိုင်း တပည့်ဝတ် ငါးပါး ဆိုရတယ်။ ဒါနဲ့ အားလုံး ပြီးပြီပေါ့။ အားလုံး က သင်ခန်းစာ စမယ် မှတ်နေတာ။ ဘယ်ဟုတ်မလဲ။ အမေချစ် က ပြောပြတယ်။ သင်ခန်းစာ မစမီ မှာ ကျောင်းသား အားလုံး ကို နမောတဿ သုံးကြိမ်ရွတ်ခိုင်းတာ သူ့ အတန်းရဲ့ ဓလေ့ ပဲတဲ့။ အဲဒါ နဲ့ အဲဒီနေ့ က စပြီး သူ့အတန်းတိုင်းမှာ နမောတဿ ရွတ်ရတယ်။

ဆရာမကြီး မကြိုက်တတ်တာ တခု ပြောပြဦးမယ်။ ယောက်ျားလေး သနပ်ခါး ပါးကွက် ကွက်တာ ကို ဆရာမ ကြီး လုံးဝ မကြိုက်ဘူးဗျ။ ယောက်ျားဆို ကျားကျား ရားရားနေရမယ်တဲ့။ သနပ်ခါး ပါးကွက် ကွက်စရာမလိုဘူးတဲ့။ ဒါပေမယ့် ကျွန်တော်တို့ က ရွာသားလေ။ ရွာမှာ နွားကျောင်းထွက်ရင် နေပူဒဏ် ကာကွယ်ဖို့ သနပ်ခါး ပါးကွက် ခပ်ထူထူလေး ကွက်သွားတာပဲ။ ဒါပမေယ့် ဆရာမကြီးက သနပ်ခါး ပါးကွက် ကို ယောက်ျားလေး ပါးမှာ တွေ့ရင် သူ နမ်းမယ် လို့ ပြောလို့ မကွက်ရဲပါဘူးဗျာ။ တချို့ စတတ်တဲ့ ကောင်တွေ က တကယ် ကွက်လာလို့ ဆရာမ ကြီးလည်း သူတို့ ပါးကို တကယ် နမ်းခဲ့ တာ မှတ်မှတ်ရရပဲ။ ဆရာမကြီးက သူပြောထားရင် အကုန်လုပ်တယ်။

နောက် တခု က ဆရာမကြီးက မြန်မာ အမျိုးသမီးတွေ ဆို မြန်မာ လို လေးပဲ လှနေစေချင်တာ။ အကွဲတွေ၊ အပြတ်တွေ၊ Jeans ကျပ်တွေ ၀တ်တာ လုံးဝမကြိုက်ဘူး။ စကပ် တောင် ၀တ်မလာရဘူး။ သူ့အတန်းကို အဲလို ၀တ်လာမိရင် အဲဒီ ကောင်မလေး သေပြီသာမှတ်။ ဘာလုပ် တယ် မှတ်လဲဗျာ။ သူက အဲလို ၀တ်လာတဲ့ ကောင်မလေး ကို မတ်တပ်ရပ် ခိုင်းတယ်။ ပြီးရင် ယောက်ျားလေး တွေ ကို ပြောတယ်။ အဲလို ကောင်မလေး ဟာ သူ့ ကို ကြည့်စေချင်လို့ အကွဲ၊အကျပ် နဲ့ အပြတ်တွေ ၀တ်လာတာ။ ဒီတော့ မင်းတို့ သူကို ကြည့်ရမယ်။ မညှာနဲ့ မင်းတို့ တာဝန်ပဲတဲ့။ ကြည့် ကြတဲ့ဗျာ။ တကယ် ပြတ်တဲ့ ဆရာမကြီး။ မင်းတို့ မျက်လုံးတွေ ကျွတ်ပြီး သူ့ဆီ ရောက်သွားပါစေ၊ ကြည့် ကြတဲ့။ သူက အကြည့် ခံချင်လို့ ၀တ်လာတာ တဲ့။ နောက်ကို မ၀တ် ရဲ အောင် ဆုံးမတာပါ။ ဒါပေမယ့် လုံလုံ ခြုံ ခြုံ ၀တ်လာ သူကို ကြည့် မိရင် မင်းတို့ ဟာ မိကောင်းဖခင် သားသမီးမဟုတ်ဘူးတဲ့။ သူက အိနြေ္ဒရရ ၀တ်လာတာ ကို မင်းတို့ က ကြည့်ရင် မင်းတို့ ဟာ မိုက်ရိုင်းတယ်။ လူမျိုးကောင်း သားသမီး မပီသဘူးတဲ့လေ။

နောက် သူ့ စည်းကမ်းပိုင်းကို ပြောပြမယ်။ သူ့ စည်းကမ်း ကြီးတာ က တော့ လေးစားစရာ တော်တော် ကြီးကို ကောင်းပါတယ်။ သူ့ အတန်းကို တခါ မှ နောက်ကျ ပြီး မရောက်ဘူး။ မိုးရွာလည်း မဖျက်ဘူး။ သူက အမြဲ ပြောတယ်။ သတ်မှတ် ကျောင်းပိတ်ရက် မဟုတ်တဲ့ အတန်းချိန်တိုင်း ဘာအကြောင်းကြောင့်ဖြစ်စေ သူ့အတန်း မဖျက်ဘူးဆိုတဲ့ အကြောင်း။ တကယ် လို့ တတန်းလုံး တက်ရောက်ဖို့ ပျက်ကွက်ခဲ့ရင် သူက စာသင်ခုံတွေ ကိုပဲ သင်ခဲ့မယ် တဲ့လေ။ အဲဒါ ခင်ဗျား ဘယ် လို ထင်လဲ။ တခါ က တော့ တကယ် မှတ်မှတ်ရရပဲ။ မိုးသိပ်နည်း တဲ့ချောက်မြို့ မှာ မိုး အရမ်းရွာတဲ့ တနေ့။ ဆရာမကြီး အတန်းချိန်ပေါ့။ မိုးအရမ်း ရွာရင် ရေအိုးစင် မှတ်တိုင်အလွန်က ချောင်းလေးဟာ ရေအရမ်းတက် ပြီး မြို့ထဲ က ကားတွေ ကျောင်းဘက် ကို လာလို့မရအောင် ဟန့်တားတော့တာပဲ။ ဒါပေမယ့် လူကူးတံတား တစ်ခုတော့ ရှိတယ်။ အဲလောက် မိုးကသဲ၊ ချောင်းရေက ကြီးတော့ ဘယ်သူ ကျောင်းကို ခြေကျင်လာမလဲ။ လျှောက်ရတာ လည်း နည်း တာ မဟုတ်ဘူး။ အနည်းဆုံး လေးမိုင်လောက် ရှိမယ်။ အဲဒီတော့ မြို့ထဲ က ကျောင်းသားတွေ လည်း မလာဘူး။ ကျောင်းနားက အဆောင်မှာနေတဲ့ ကျောင်းသားတွေက လည်း မြို့ထဲက ကျောင်းသားတွေလည်း မလာဘူး၊ ဆရာမကြီးလည်း ဒီအခြေအနေ အတိုင်းဆို မလာနိုင်ဘူးပေါ့။ ဘယ်သူမှ အတန်းကို မသွားကြဘူး။ ဒါပေမယ့် နောက် တပတ် အတန်းမှာ ဆရာမကြီးက တချိန်စာ စာကို ကျော်သင်တယ်။ ပြီးခဲ့ တဲ့ အပတ် က တယောက်မှ မလာလို့ သူ့ အတန်းထဲ က ခုံတွေကို သင်ခဲ့တယ် တဲ့လေ။ တကယ် စည်းကမ်းပိုင်း ပြတ်တဲ့ ဆရာမကြီး။

နောက် သင်ကြားရေးပိုင်း။ သူ့ရဲ့ သင်္ချာပညာကို ချစ်မြတ်နိုးမှု နဲ့ တတ်ကျွမ်းမှု ကတော့ အံ့မခန်းပဲဗျာ။ နဂို သင်္ချာဥာဏ်က လည်း အရမ်းတော် လုပ်သက် ကလည်း ကျွန်တော် တို့ အသက် လောက် ရှိခဲ့ပြီ ဆို တော့ ဆရာမ ကြီး စာသင် တာ ဟာ အရမ်းကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူက ဘယ် သင်္ချာပုစ္ဆာ ကို မဆို အသေ မထားဘူး။ သင်္ချာ ပညာ ဟာ လွတ်လပ် ကျယ်ပြောတယ်။ သဘာဝ ကို ပုံဖော်တဲ့ ဘာသာ လို့ သူအမြဲပြောတယ်။ ဒီတော့ သင်္ချာပုစ္ဆာ တပုဒ် ကို ဖြေရှင်းတဲ့ နည်းဟာ ဖြေရှင်းနေတဲ့ လူအပေါ်မှာသာ မူတည် ပါတယ်တဲ့။ သူကိုယ်တိုင် လည်း ပုစ္ဆာ တပုဒ် ကို နည်းလမ်းပေါင်း များစွာ နဲ့ မှန်ကန် တဲ့ အဖြေ တခု ဆီကို ချဉ်းကပ် ပြတယ်။ ဘယ်လို တွေးရမယ် ဆို တာ ကို တကယ် သင်တယ်။ ဒီလို နည်းလမ်းနဲ့ လုပ် လို့ ဘယ် တော့မှ ကျောင်းသားတွေ ကို ပုံစံခွက်ထဲ မထည့်ဘူးဗျ။ ပြီးရင် သူသင်ထားတဲ့ နည်းလမ်း မှ မဟုတ်ဘူး။ တခြား ဘယ် နည်းလမ်းမဆို ယုတ္တိရှိစွာ အဖြေ ကို ချဉ်းကပ် နိုင်ရင် သူက အမှတ်ပေးမှာပဲ။ ဖြေဆို သူ အပေါ်မှာသာ မူတည် ပါတယ်။ ပြီးရင် မလိုအပ် တဲ့ အသေးစိတ် အဆင့်တွေကို ကျော်လို့ရတယ်။ လမ်းကြောင်းဟောင်း အတိုင်း လိုက် ပြီး အဆင့်ကျော်ရင် အမှတ်မပေးဘူး ဆို တာ သူ့မှာ လုံးဝ မရှိဘူး။ ဆရာမကြီး သင်ပြပေးခဲ့တဲ့ အယ်ဂျီဘရာ နဲ့ ဂျီသြမေတြီ သင်္ချာပညာ အခြေခံတွေဟာ ကျွန်တော်တို့ ကို ခု ထိ အကျိုးပြုနေဆဲပဲ။

ကျောင်းက ဆရာ ကန်တော့ပွဲတွေ၊ နှုတ်ဆက်ပွဲတွေမှာ ဆရာမကြီး ဆိုဆုံးမ တဲ့ သြ၀ါဒတွေ ကို မှတ်မိတဲ့ သူရှိရင် မျှဝေခံစားဖို့ တောင်းခံ ရင်း ဒီစာလေး နဲ့ ပဲ ကျွန်တော်တို့ အားလုံးရဲ့ ချစ်လှစွာသော၊ လေးစားအပ်ပါသော ကွယ်လွန်သူ ဆရာမကြီး အမေချစ် ခေါ် ဒေါ်မြသန်းချစ်ကို ကာယကံ၊ ၀စီကံ၊ မနောကံ တို့မှ ပြစ်မှားကျူးလွန်ခဲ့မိသော် ခွင့်လွှတ်ပေးဖို့ ရိုသေစွာ ရှိခိုးကန်တော့အပ်ပါတယ်။ အမေချစ် တယောက် ကောင်းရာသုဂတိမှ ခံစား ခွင့်လွှတ်ပေးနိုင်ပါစေ။

တပည့်များအားလုံး ကိုယ်စား

ကောင်းတမန်

[+/-] အပြည့်အစုံသို့...

Thursday, October 11, 2007

ပြောပြချင်တယ်ဗျာ။ လွမ်းရတာတွေကို...၊
ပြောပြချင်တယ်ဗျာ။ တချိန်တုန်းက ကျွန်တော်တို့ တွေ ပျော်မြူးခဲ့ရတဲ့ နေရာလေး နဲ့ အဲဒီ နေရာလေးက လူတွေ အကြောင်း။

အဲဒီလို သာ စီပြောကြမယ်ဆိုရင် ပြောစရာတွေ ဘယ်တော့ မှ ဆုံးမယ် မထင်ဘူး။
အဲဒီနေရာ လေးကို စရောက်တုန်းက အားလုံး ဟာ ကျွန်တော်တို့တွေ အတွက် အထူးအဆန်းလေးတွေပါပဲ။ အထူးသဖြင့် တော့ ကျွန်တော့် လို တောက တက် လာ တဲ့ ဖိုးသား တစ်ယောက် အတွက်ပေါ့။
အဲဒီ အထူးအဆန်းလေး တွေ အားလုံးကို ရင်ခုန်စွာ ယစ်မူးခဲ့ကြတယ်လေ။ အခု ထိ လည်း ပြန်လိုချင်နေမိတယ်ဗျာ။

ပထမဆုံး ပြေးပြီး သတိရမိသူက တော့ ယောက်ျားလေးတွေ အတန်းကို ပါးကွက် ကွက်လာရင် နမ်းတတ်တဲ့ ဆရာမကြီး အမေချစ်။ စည်းကမ်းကြီး၊ ပညာတော်သလောက် စာအသင်အပြ အရမ်း ကောင်းတဲ့ အမေချစ် ကို ချစ်လည်း ချစ်တယ်။ အမှန်အတိုင်းပြောရရင် ကြောက်လည်း ကြောက်တယ်ဗျ (အနမ်းခံရမှာစိုးလို့ ဟဲ..ဟဲ။ စတာပါဗျာ။ အမေချစ် နမ်းမယ် ဆို ခံချင်ပါတယ်။)။ သင်္ချာ ပု စ္ဆာ တပုဒ်တည်း ကို နည်းလမ်းပေါင်းများစွာ နဲ့ တွက်ပြ ခဲ့တာ တစ်သက်မမေ့ဘူးဗျာ။ ခုတော့ အမေချစ်လည်း မရှိတော့ဘူး။

စကားဝဲတတ် တဲ့ ယောသူ၊ဆောသူ လေးတွေ က လည်း အဆန်းပါပဲ။ သူတို့ ကိုသွားမိတ်ဆက်တော့ သူတို့ ပြန်ပြောလိုက်တာ ကြားပြီး နားမလည်စွာနဲ့ အံ့အားသင့် ခဲ့ရဖူးတယ်။ သူတို့ ရှေ့ မှာ တည်နေခဲ့ ရပေမယ့် ကွယ်ရာရောက်မှ သူငယ်ချင်းနဲ့ ပြောပြီး ရယ် လိုက်ရတာဗျာ။ သူတို့ ဘာပြောတယ် မှတ်လဲ။ ငါတို့ ကလည်း ခန်တတ်ပါတယ်ဟယ်တဲ့။ သူတို့ က ငသတ် ကို နသတ် လို အသံဝဲနေမှန်း နောက် မှ ပဲ သိခဲ့ ရတာလေ။

ပြီးတော့ ကြောင်တောင် တောင် အဆောင် နာမည်တွေ က အစ ပေါ့။ ဥပမာ ထုတ်ပြရရင် My Youk Tiger Hostel, နတ်သျှင်နောင် နဲ့ ဓါတုကလျာ။ နာမည်လေးတွေ က တမင်အပြောင်ပေးထားတာလား၊ အတည်လားတော့ မသိဘူး။ ဒီလိုနဲ့ နတ်သျှင်နောင် နဲ့ ဓါတုကလျာ က လည်း ဟုတ်လို့ ဗျို့ ၊နတ်သျှင်နောင် နဲ့ ဓါတုကလျာ လက်သစ်လေး တွေ မွေးပေးနေတာလေ။ တခါတလေကျ နတ်သျှင်နောင် ဘက် က ထွက်လာတတ်တဲ့ တွံတေးစိုးအောင် သီချင်းနဲ့ အားလုံးကိုနှောင့်ယှက်တတ်တဲ့ မယ်ဒလင် ဆရာ ကို လည်း လွမ်းတယ်ဗျာ။

စာရေးကိရိယာ ရောင်းတဲ့ နွယ်ကသစ် နဲ့ ဖိုးသာထူး အကြော် ဆိုင် က လည်း ကျွန်တော် တို့ အသည်း စွဲပဲ။ ကောင်မလေးတွေ ညနေ ဈေးဝယ်ထွက်၊ ဘုရားဖူးထွက်၊ အကြော်စားထွက်ရင် ရှိုးရတာ လည်း အမောပေါ့။ ကိုယ်ကြိုက်တဲ့ ကောင်မလေး ပါရင် ကြိုဆိုပါ၏ ထိပ် ကို လိုက်သွားပြီး ဘာမှ မပြောပဲ ပြန်လာရတာလည်း ခုထိ လွမ်းနေဆဲ ပဲ ဗျာ။

အဆောင်မှာ ရေမလာရင် ကျောင်းထဲ ပြေးပြီး ရေချိုးရတာလည်း ပါသေးတယ်။ အညာနွေ အပူဆုံးအချိန်မှာ ရေမရှိတာ အဆိုးဆုံးပဲ။ အဲဒီတုန်းက တော်တော် ခံ ခဲ့ ရပေမယ့် ခုတော့ အဲဒါတွေ ပြန်လိုချင်လိုက်တာဗျာ။

ကျောင်း က Drawing Board တွေ လည်း အရင်တုန်းက လို သွားခိုးချင်သေးတယ်။ ဆရာတွေ အဆောင်လာစစ်ရင် နောက်ဖေးက ချောက်ထဲ ပစ်ထည့် ထားလိုက်တာပဲ။ သူတို့ ပြန်မှ ပြန်ထုတ်သုံးရတာပေါ့။
မိုးရွာရင် အဆောင်ထဲကနေတောင် ဓါတ်လိုက်မှာကို ကြောက်နေရအောင် ခြောက်တတ်တဲ့ အဆောင်ပေါ်က 66 KV ဓါတ်အားပေးလိုင်း ကို လည်း လွမ်းတယ်ဗျာ။

ချင်တောင်မ တောင်ကြောပေါ်ကနေ လှပတဲ့ ဧရာဝတီ ရဲ့ အကွေ့ အကောက်တွေ နဲ့ အတူ လွမ်းမော်ရှင် စေတီ တွေ ကို ကြည့်ရင်း ဘယ် ကို လွမ်းလို့ လွမ်းရမှန်းမသိ ခဲ့ တဲ့ အချိန်တွေ လည်း ပြန်လိုချင်တယ်ဗျာ။

အေးမြတဲ့ လပြည့် ည မှာ လွင်ထီးကျန် တောင် ကမုလေးပေါ်မှာ သူငယ်ချင်းတွေ စုထိုင်ပြီး စကားပြောရတာ က တော့ တကယ် အရသာ အရှိဆုံးပဲ။ အဲလို မိုးလင်းတဲ့ ညတွေ ဘယ်တော့ ပြန်ရမလဲဗျာ။

တော်ပြီဗျာ။ လွမ်းတာတွေ ကို နောက်မှ ဆက်ပြောပြမယ်။

ကောင်းတမာန်


[+/-] အပြည့်အစုံသို့...