စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Showing posts with label မြန်မာ့တောတောင်ရေမြေသဘာဝ. Show all posts
Showing posts with label မြန်မာ့တောတောင်ရေမြေသဘာဝ. Show all posts

Tuesday, December 2, 2008

၂၀၀၈ ဒီဇင်ဘာ တမ်းချင်း

(၁)


လပြာသို ဆန်းခါစ

မြခွာညို ပန်းသဘာဝ နဲ့

ချမ်းကာပို ဒီဇင်ဘာလမှာ

မှန်းကာငို အညာအလှကို

လွမ်းဇရာသာ ကျကျနေရတယ်

ပြေးလို့ဖြင့် မတွေ့နိုင်ပါတကား။


အသက် တစ်နှစ်ကြီးလာပြန်ပြီ။ ဒီဇင်ဘာမှာ မွေးတဲ့ ကျွန်တော်ဟာ ဒီဇင်ဘာကို အရမ်းချစ်ပါတယ်။ ချမ်းအေးတဲ့ ဒီဇင်ဘာ ဟာ ကျွန်တော့် အတွက် ဘ၀မှာ ပြန်လိုချင် တောင့်တစရာတွေနဲ့ ပြည့်နှက်နေတတ်တယ်။


(၂)


ဒီဇင်ဘာ နံနက်ခင်းတွေဆို အညာက အမေ့အိမ်က ထမင်းကြမ်းကြော် ကို ရွာထိပ်က ဒေါ်ဒေါင်း အကြော်ဆိုင်က မွန်းနံရွက် ဒါမှမဟုတ် မြင်းခွာရက် ဒါမှမဟုတ် ကြက်သွန် ပေါင်းကြော် လေး တစ်ခု၊ နှစ်ခုလောက် နဲ့ စားတဲ့ ဓလေ့လေးကို ပြန်အလိုချင်ဆုံးပဲ။ အဲဒီ ဓလေ့ကို ကျွန်တော် ဟိုး ငယ်ငယ်လေးကတည်းက စပြီး စွဲလမ်းခဲ့မိတာပါ။ အဲဒီလို မနက်ခင်းဆို အဖေ့ ရေနွေးကြမ်းအိုးက လည်း ကျွန်တော်တို့ မောင်နှမတွေ သောက်လို့ ကုန်တာချည်းပဲ။ တချို့ မနက်တွေဆို ရှားသားမီးကြီးခဲတွေ အောက်မှာ ထန်းပင်မြစ်လေး ထိုး ဖုတ်ထားတတ်သေးတယ်။ ကျက်ရင် အခွှံနွှာပြီး နှမ်းဆီစစ်စစ် ထဲ ထိုးစိမ်ပြီး စားတော့တာပဲ။ တခါတလေတော့ ရွာတောင်ပိုင်းက ဒေါ်လေး လည်ရောင်းတဲ့ ထန်းသီးမှုန့် လေး တယောက် ၃ စိတ်စီလောက်ဝယ်ပြီး နှမ်းဆီ နဲ့ တို့စား တတ်တယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ခုဆို ကျွန်တော်က အမေ့ အိမ် နဲ့ မဝေးချင်လည်း ဝေးနေရပြီလေ။ စိတ်ထဲမှာ အညာသားက လွှဲပြီး ရန်ကုန်သား တောင် မဖြစ်ချင်ခဲ့ တဲ့ ကျွန်တော် က ခုတော့ ရန်ကုန်ထက် ဝေးတဲ့ နေရာမှာ နေနေရတယ် လေ။ ဒါပေမယ့် ကျွန်တော့ နေရာအစစ်ဟာ ဟိုးအဝေးက ဒီဇင်ဘာ နံနက်ခင်း မြူမှုန်တွေကြား ရွာသူပျို တို့ နှမ်း စီးချင် စီးနေမယ့် ဒါမှမဟုတ် ကျောင်းမသွားခင်မှာ ကျောင်းသားတချို့ နှင်းတောတိုးပြီး နွားစာရိတ်ချင် ရိတ်နေကြတဲ့ အဲဒီ သဘာဝ ပန်းချီကားချပ်လေးတခု ရှိတဲ့ အညာက နေရာလေးပါပဲ။ ဘာတွေ ဘယ်လိုပြောင်းပြောင်း ဘယ်တော့မှ ပြောင်းလဲမသွားမယ့် ကျွန်တော့် နေရာ ဟာ အဲဒီ အညာက ရခိုင်ရိုးမ အစွယ်အပွား တောင်နီတောင်ညို အခြေက ကျွန်တော် အရမ်းချစ်ရတဲ့ ကျွန်တော်တို့ ရွာလေးပါပဲ။


တောင်နီတောင်ညို ၀န်းရံခစား

သီရီကုက္ကို၊ ဤမြေသည်ကား

ကျွန်တော့် ချက်ကြွေ မွေးရပ်မြေတည်း။


ဒါကြောင့် ဒီဇင်ဘာရောက်ရင် ကျွန်တော် ရွာကို အပြေးပြန်ချင်မိတယ်။ ငယ်ငယ်တုန်းကလို အမေ့ရင်ခွင်ထဲကနေ အေးချမ်းစွာ နိုးထချင်မိတယ်။ သွားတိုက်ဆေးတွေ မလိုပဲ ဆားနဲ့ ပဲ သွားတိုက်ချင်သေးတယ်။ ပြီးရင် နံနက်စာ ကို တပ်မက်စွာလည်း စားတတ်ချင်သေးတယ်။ စားပြီးရင် ကျောင်းမသွားခင် ယာထဲ ကို အပြေးသွားပြီး နှင်းတောထဲ ဇွတ်တိုးလို့ နွားစားလည်း ရိတ်ကြဦးမယ်။ နွားစာရိတ်ပြီး ဟင်းချက်ဖို့ ရာပဲသီးတို့ ဖရုံသီးတို့ လည်း ခူးခဲ့ဦးမယ်။ ပြီးရင် နွားစာထုံးတွေ ရွက်ထမ်းပြီး ချွေးတွေ နှင်းတွေ စိုရွှဲအောင် အိမ်ကို အပြေးပြန်ရမယ်။ အိမ်ရောက်တော့ တောင်ဘက်အိမ်က အမေကြီးခင်တင့် တို့ ရေတွင်းကို သွားပြီး ရေအပြေးချိုးရမယ်။ကျွန်တော်တို့ ရေချိုးနေတုန်း အမေက ကျွန်တော်တို့ အတွက် ထမင်းဘူး ပြင်ထားမယ်။ ပြီးတာနဲ့ တခြားတရွာမှာ ရှိတဲ့ အလယ်တန်းကျောင်းလေးကို စက်ဘီး နဲ့ သွားကြရတယ်။

ဒါဟာ တချိန်တုန်းက ဆင်းရဲလှတဲ့ ငါတို့ဘ၀ လို့ ညည်းယူခဲ့ရဖူးတဲ့ ဒုက္ခ တမျိုးပါပဲ။ ကျွန်တော်တို့ ဆီမှာ ပညာသင်တယ်ဆိုတာ မြို့မှာလို ခပ်ကြော့ကြော့လေး အသာသင့် ပညာရှာခွင့်ရကြတာ မဟုတ်ပါဘူး။ ယာလုပ်ရင်း ကိုင်းထွက်ရင်း ပညာကို ယူခဲ့ရတာပါ။ အဲဒီတုန်းက ငါတို့များ ဆင်းရဲလိုက်တာ လို့ ညည်းညူခဲ့ဖူးပေမယ့် အခုတော့ အဲလို ရိုးသားကြိုးကုတ်တဲ့ သဘာဝ ကို ပြန်တည်ဆောက်ချင်မိတယ်။ ဒါပေမယ့် အရင်တုန်းက ရှိဖူးတဲ့ ရိုးကုတ်တတ်တဲ့ အေးချမ်းမှု ဟာ ခေတ်နဲ့အမှီ တိုးတက်နေတဲ့ ဘ၀နေထိုင်မှု၊ ပညာဆည်းပူးမှု နဲ့ အတူ သဟဇာတ ရှိလှစွာ ဒွန်တွဲ နေရင်တော့ ပိုကောင်းတာပေါ့။


နွားစာတထုံး စာတလုံး

နှင်းတောတိုးရင်း စာပန်းကုံး

တထောက်တရွာ အရောက်လာ

ပညာဆိုတာ ရှာရတာ။


(၃)


အဲလို အိပ်မက်တွေဟာ ကျွန်တော် ခဏခဏ မက်တတ်တဲ့ အိပ်မက်တွေပါ။ အဲဒီ အိပ်မက်ဟာ ကျွန်တော့အတွက် သစ္စာတရားဆိုလည်း ဟုတ်ပါတယ်။ နေ့ခင်း ကြောင်တောင်ကြီးမှာလည်း မက်ချင်မက်တယ်။ ဒါမှမဟုတ် ခုလို ခေတ်မှီတိုးတက်တဲ့ နေရာမှာ ကွန်ပျူတာရှေ့ ထိုင်ပြီး ဘလော့ဂ်အတွက် ပို့စ်တခု ရေးရင်းလည်း မက်ချင် မက်နေမယ်။ ဒါမှမဟုတ် ရွာဘက်ကို ချောက်မြို့ ကနေ ဟိုင်းလတ် ကားနဲ့ အမိုးပေါ်ကစီးရင်း အိမ်ပြန်ခရီးမှာ မက်ချင်လည်း မက်နေမယ့် အိပ်မက်ပါ။ အဲလို အချိန်ဆို ကျွန်တော်တို့ ရွာနား ကပ်လာရင် အဲဒီအိပ်မက်က ကျွန်တော့်ကို မျက်ရည်ဝဲအောင် လုပ်တော့တာပဲ။ ရွာနဲ့ နီးလာတာနဲ့အမျှ ရခိုင်ရိုးမ အစွယ်အပွား တောင်နီတောင်ညို တွေကို ပြာလဲ့လဲ့ ကောင်းကင် နောက်ခံထားပြီး မြင်ရတော့တာပဲ။ ငယ်ငယ်တုန်းက ပြောင်ဖူးခင်းစောင့်ရင်း လင့်စင်ပေါ်က နေ့ပေါင်းများစွာ၊ လပေါင်းများစွာ တနေ့ကုန် ထိုင် ကြည့် ဖူးတဲ့ ဒီတောင်တန်းတွေရဲ့ ကောက်ကြောင်းတွေ၊ အဖုအထစ်တွေကို ကျွန်တော် ခုထိ အလွတ်ရနေတယ်။ မမြင်ရလည်း ပုံဖော် တတ်နေတယ်။ အဲဒီ တောင်တန်းတွေဟာ ငါငယ်ငယ်တုန်းက ထင်းခွေ၊ မှိုရှာ၊ နွားစာရှာ၊ ဆေးမြစ်ဆေးဥ ရှာတဲ့ နေရာပါလားဆိုတဲ့ အသိဟာ ကျွန်တော့်ကို အရမ်းပဲ လွမ်းဆွတ် စေပါတယ်။ အမေ့အတွက် ဆေးမြစ်ဆိုလည်း ဘယ်တောင်နားက ဘယ်တောမှာ ရှိတယ်ဆို တာ ကျွန်တော် အခုထက်ထိ အလွတ်ရနေဆဲပဲလေ။ အင်ကြင်းပန်းတွေ ဘယ်ချောင်မှာပေါတယ်၊ ရင်ခတ်ပန်းတို့ ဘယ်အဆွယ်မှာ ရှိမယ်၊ လွန်ဆန် တွေ ဘယ်ကြောမှာ ပေါတယ် က အစ၊ ဇီးဖြူသီး၊ ဖန်ခါးသီးတို့ ရှိတတ်တဲ့ နေရာတွေ၊ မှိုပေါက်တတ်တဲ့ တောတွေ အားလုံးကို ကျွန်တော် ခုထိ သတိရနေဆဲပါ။ အဲလို ကျွန်တော် နဲ့ ပွေ့ဖက် ရင်းနှီးခဲ့ရတဲ့ တောင်တန်းတွေ ရဲ့ အထိအတွေ့ကို ကျွန်တော် မြို့ ပြကနေ ပြန်လာတိုင်း အငမ်းမရ လိုချင်မိတယ်။

လိုင်းကားပေါ်က နေ သူတို့ ကို စပြီး မြင်ရရင် ကျွန်တော် မျက်ရည် ၀ဲရတော့တာပါပဲ။ သူတို့လည်း ကျွန်တော် ကို မှတ်မိ နေဦးမယ် သေချာပါတယ်။


ရခိုင်ရိုးမ တောင်အစွယ်

အမောင် ဘာတွေ ရှာခဲ့မယ်။

အမေ့အတွက် ဆေးတမြစ်

အမအတွက် ပန်းတပွင့်။


(၄)


သားငယ်ဟာ အမေ့ ရင်ခွင်မှာ ငယ်စဉ်က ပြေးလွှားဆော့ကစားခဲ့တော့ အမေ့ဟာ သူ့သွေးသားကို ရင်နှစ်မခြား ထာဝရ မကွဲကာ အမြဲသာ အတူရှိနေစေချင်တာတဲ့လေ။ ဒါပေမယ့် အသက်ကြီးလာတာနဲ့ အမျှ အဲဒီ သားငယ်ဟာ သူ ပြေးလွှားဆော့ကစား ဖူးတဲ့ အမေ့ရင်ခွင်ကို သတိမရ နိုင်အောင် လောက တာဝန်တွေ ထမ်းပိုးပြီး တိုးတက်မှုတွေ ရှာချင် ရှာနေလိမ့်မယ်။ ဒါမှ မဟုတ် သတိရသည့်တိုင် တစ်နှစ် တစ်ခါတောင် ပြန်လာနိုင်လောက်အောင် အခြေအနေ မပေးပဲ ဖြစ်ချင် ဖြစ်နေလိမ့်မယ်။

ဒါပေမယ့် အမေဆိုသူ တို့ ရဲ့ ရင်မှာတော့ အဲဒီ သူတို့ ပြေးလွှားဆော့ကစားခဲ့ဖူးတဲ့ ရင်အစုံ ရှိနေသမျှ သားတွေကို နေ့တိုင်း လွမ်းဆွတ် နေရဦးမှာပါပဲ။ ကျွန်တော် သိပါတယ် အမေ။ အမေ ကို လွမ်းတိုင်းလည်း မျက်ရည်ဝေရပါတယ် အမေ။ ဒါပေမယ့် အခြေအနေ ပေးအောင် သားစောင့်ရဦးမယ်လေ အမေ။ အမေရယ် ကျွန်တော် ချစ်တဲ့ အမေ နဲ့ အတူ ကျွန်တော် ကို ချစ်တဲ့ ဒုတိယအမေ အဲဒီ တောင်နီ တောင်ညို တောင်တန်းတွေကို လည်း ကျွန်တော် လွမ်းတယ်။

အမေတို့ နှစ်ယောက် ဒီကြားထဲမှာ ကျန်းမာရေးကို ဂရုစိုက်နော်။ ရာသီဥတုဒဏ် ကလည်း ကာကွယ်ကြနော်။

တနေ့နေ့ မှာ ကျွန်တော် အမေ့စကားတွေကို ပြန်ဖြေနိုင်မှာပါ။ အဲ..မဖြေနိုင်ခင် စပ်ကြားတော့ အမေ့ပြောဖူးတဲ့ စကားတွေပဲ သား နားထဲ ပဲ့တင် ထပ်နေပါတယ် အမေ…။

သားရယ်……….မင်း အမေ့ တို့ နဲ့ အတူ ရွာမှာ လယ်ထွန် မစားနိုင်ဘူးလား……..။

ဆိုတဲ့ အမေ့စကားပါ။

အမေ ယုံပါ။ အဲဒီ အချိန်ထိ အမေ ရှိနေသေးရင် သားပြချင် တယ် အမေ့ကို။ အမေ့ မွေးပေးခဲ့ တဲ့ အမေ့သားဟာ အမေ့ဂုဏ်ကို ဆောင်၊ အမေ့ရွာ ရဲ့ ဂုဏ်ကို ဆောင် ပြီး ရွာအတွက် ၊ နယ်အတွက် ဂုဏ်ယူရသူ တယောက် ဖြစ်ပြီး ပြန်လာတဲ့ တနေ့ အမေ သာ ရှိနေသေးရင် သား အမေ နဲ့ အတူ လယ်ပဲ စိုက်စားတော့မယ် အမေ………..။


ရိုးလှ တဲ့ ဘဝ

လယ်ယာကိုပဲ

သူတို့ထွန်

အေးချမ်းတဲ့ဘဝ

သဘာဝ နဲ့

ချစ်ခြင်းပဲ အကဲပို

အမေဆိုဖူးတဲ့

သားဆိုတာ

အမေ့အတွက် အားဖြစ်အောင်

အမေ့သားမောင်

ရိုးကုတ်တော့မယ် အမေ။



ကောင်းတမန် (စင်္ကာပူ စံတော်ချိန် ညနေ ၆ နာရီ ၅၀ မိနစ်၊၂၀၀၈-၁၂-၀၂။)



ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Friday, November 23, 2007

ယာကန်သင်းတစ်ခု တည်ဆောက်ခြင်း (မြန်မာပြန်)

ယခုတလော စင်္ကာပူ မှာ မိုးခဏခဏ ရွာတတ်သည်။ စင်္ကာပူတွင် ရာသီဥတု ဘယ်နှစ်မျိုး ရှိမှန်း ကျွန်တော် မစူးစမ်းမိသေး။ ဒီတော့ ဒီမှာ ယခု ဘာရာသီရောက်နေတာလည်း ကျွန်တော် မသိ။ သို့ပေမယ့် ဒီရက်များအတွင်း နံနက်စောစော နှင့် ညပိုင်း တွင် မိုးများ ရံဖန်ရံခါ ဆိုသလို သည်းထန်လေ့ရှိပေသည်။

ယနေ့ နံနက်စောစောတွင် လည်း ကိုရွှေမိုးသည် နံနက်မင်္ဂလာကို သူ၏ မိုးစက်မိုးပေါက်များဖြင့် သွန်းဖြန်း ကြိုဆိုလိုက်ပြန်သည်။ မနက်က မိုးသည် တော်တော် တော့ သည်းထန်ပေသည်။ ရွာစကား နှင့် ပြောရလျှင်တော့ မိုးက တော်တော် အရည်ပါပေသည်။ မိုးအေးအေး ဆိုတော့ ကျွန်တော်လည်း လွတ်နေသော ခြုံစောင် ကို ပြန်ဆွဲခြုံပြီး နှပ်နေလိုက်သည်။ အမှန်ကတော့ ပျင်းနေတာလို့ လည်း ပြော၍ရမည်။ ဘာပဲ ပြောပြော မိုးအေးအေးမှာ စောင်ခြုံကွေးရသည့် အရသာ ကို ကျွန်တော် တော်တော်ကြိုက်သည်။

ကောင်းကင် မှ မိုးပုလဲလုံးများ ခေါင်မိုးနှင့် မြေပြင်များ ပေါ်တွင် တအုံးအုံး နှင့် ကြွေချနေသံများ ကြားနေရသည်။ သို့ပေမယ့် ဒီမှာ ကြားနေရသော မိုးပုလဲလုံးများ၏ အော်သံသည် ကျွန်တော် ရွာမှာရှိစဉ်က သယ်ကယ်မိုး ထားသည့် အမေ့အိမ်၏ အိမ်မိုးပေါ် သို့ ရိုက်ခတ်သော မိုးသံများလောက် မလှဟု ကျွန်တော်က ထင်သည်။ ကျွန်တော် ကြီးပြင်းခဲ့ရသော အမေ၏ အိမ်ရှိသော ကျွန်တော်တို့၏ ရွာလေးသည် မြန်မာပြည် အလယ်ပိုင်း က အညာမြေတွင် တည်ရှိပေသည်။ ထို အညာမြေကို ဖန်ခါး မြေဟု လည်း တင်စားတတ်ကြသေးသည်။ကျွန်တော်က မူ ဖန်ခါးမြေ၊ ဇီးဖြူမြေ၊ တမာမြေ၊ ရင်ခပ်ပန်းတို့ ပွင့်ရာမြေ၊ အင်ကြင်းမြေ၊ ရှားစောင်းမြေ စသဖြင့် ဝေဆာ နေအောင် ပေးမနေပဲ ပြေးပဲ ခံစားလိုက်ချင်သည်။ ထိုမြေသည် မြန်မာ နိုင်ငံ၏ မိုးခေါင်းရပ်ဝန်း။ နွေရာသီသည် ထိုနေရာ တွင် အပူဆုံး။ မိုးရေချိန်သည် မည်သည့် နှစ်မှ မလောက်ငှပေ။ ထို့ကြောင့် တောင်သူလယ်သမား တို့ အတွက် တခါတရံ မှသာ လာလည်တတ်သော ကိုရွှေမိုးသည် ပုလဲလုံးများကဲ့သို့ တန်ဖိုးကြီးမားကြပေသည်။

တောင်သူ လယ်သမားတို့သည် တနှစ်ပတ်လုံး အလုပ်လုပ်ကိုင်ကြရပေသည်။ နွေ၊မိုး၊ဆောင်းတို့သည် တစ်နှစ်တာ ကို လည်ပတ် ကုန်ဆုံးစေသကဲ့သို့ တောင်သူလယ်သမားတို့သည် လည်း တောင်ယာ လုပ်ငန်းကို မနေမနား လုပ်ကြရသည်။ ပညာရေးရည်မှန်းချက် အတွက် ဇာတိချက်ကြွေ မွေးရပ်မြေမှ မခွဲခွာမီအထိ ကျွန်တော်လည်း တောင်သူလုပ်ခဲ့ဖူးသည်။ ထိုတောင်သူလုပ်ငန်း အတွေ့အကြုံသည် ကျွန်တော့်ဘ၀ အတွက် တကယ် ပင် မမေ့နိုင်စရာ ဖြစ်နေတော့မည် သေချာသည်။ ထို အတွေ့အကြုံများထဲ မှာ တစ်ခု ကို စိတ်မီးအိမ် တွင် မျှဝေ ရန် ကျွန်တော် စောင်ခြုံထဲ မှာ ကွေးနေရငှ်း တွေးနေမိသည်။ မိုးရွာစဉ် တွေးနေသော အတွေးများကို အခြေခံသဖြင့် တောင်သူလယ်သမားတို့၏ မိုးကို မျှော်လင့်ကြရပုံ၊ မိုးပုလဲလုံး များကို မည်မျှ တန်ဖိုးထားရပုံ စသည့် အကြောင်းအရာများသည် ခေါင်းထဲသို့ အလျှို အလျှိ ၀င်ရောက်လာပေသည်။ ထိုအတွေးတို့သည် ကောင်းတမန် ကို စောင်ခြုံထဲတွင် ပို၍ အရသာ ရှိစေပြန်သည်။ လွတ်နေသော စောင်တဖက်ကို ဆွဲ ဖုံးလိုက်ရင်း ကျွန်တော် ဆက်တွေးမိပြန်သည်။

ထိုနေ့ရက်များကို “ကျွန်တော်၏ တောင်သူနေ့များ” ဟု ကိုယ့်ဘာသာ အမည်ပေးလိုက်ပြန်သည်။ တောင်သူလယ်မားတို့၏ သနားစရာ မိုးမျှော်ကြရပုံကို သရုပ်ဖော်လိုသည်။ ထိုနှစ်က မှတ်မှတ်ရရ ကျွန်တော် တို့ ယာတွေ ထဲမှာ ချောင်းကောက်ဟု အမည်ပေးထားသော ယာကွက် တစ်ခုတွင် ပဲတီစိမ်း (အညာအခေါ် ပဲနောက်) များစိုက်ထားသည်။ ပုံမှန်အားဖြင့် ပဲတီစိမ်းကို နယုန်လ မိုးများ ရွာပြီး၍ မိုးနူးလျှင် စိုက်တတ်ကြသည်။ ပဲတီစိမ်းသည် တစ်လ နှင့် တစ်ဆယ့်ငါးရက် အရွယ်ရောက်လျှင် အဖူးအပွင့်တို့ စထွက်လေသည်။ ထိုအချိန်သည် တောင်သူလယ်သမားတို့အတွက် အရေးအကြီးဆုံး အချိန်ပင်။ ၀ါဆို ၀ါခေါင် ရေဖောင်ဖောင် ၊ သပြေသီးမှည့် ကောက်စို့ကွယ် စသဖြင့် ထိုရာသီ ထိုကာလအတွင်း မြန်မာနိုင်ငံ ၏ မိုးကောင်းလှပုံကို အမျိုးမျိုး တင်စားကြပေသည်။ သို့ရာတွင် ကောင်းတမန် တို့ အညာတွင် ထို လများတွင်ပင် မိုးမကောင်းတတ်ပေ။ မှတ်မှတ်ရရ ကောင်းတမန် ကိုးတန်းနှစ် က ၀ါဆိုဝါခေါင် ပဲနောက်များ ပွင့်ချိန်တွင် မိုးက မလာတော့ပေ။ အသီးအပွင့်တို့ ဝေဆာရန် တနည်းအားဖြင့် ပဲနောက် အထွက်ကောင်းရန် ကိုရွှေမိုးက သော့ချက်ဖြစ်ပေသည်။ သို့သော် လူကြီးမင်း က ထိုနှစ်တွင် ရောက်မလာပေ။ ကောင်းတမန် တို့ မောင်နှမသုံးယောက် လုံးဝ စိတ်မကောင်းကြ။ မိုးကောင်းကင် ကို မော့ကြည့်ရလွန်း၍ လည်ပင်းများပင် ညောင်းလှပေပြီ။ ထိုမျှ စိတ်မကောင်းရခြင်း အကြောင်းအရင်းကား ထိုနှစ်က ကောင်းတမန် တို့ မိသားစု ပေါ်တွင် တင်ရှိ ခဲ့သော အကြွေးများကြောင့်ပင်။ ကောင်းတမန် က ကိုးတန်း၊ အမက ဆယ်တန်း၊ ညီမလေးက ငါးတန်း တက်ခါစ။ ထိုသုံးယောက်၏ ကျောင်းစရိတ် နှင့် အခြားရွာတို့ သွားရောက်တက်ရသဖြင့် ၀ယ်ရသည့် စက်ဘီးဖိုးများ အတွက် အမေ့၏ နားနှစ်ဖက် လည်း မလှတော့။ အဖေ၏ ကျောတို့လည်း မအေးမြတော့။ ပေါင်နှံချေငှား၍ ကျောင်းစရိတ်ကို ရှင်းထားရသည်။ ထို အကြွေးများကို ကျေနိုင်ရင် ကယ်တင်ရှင် က ဒီ ပဲနောက်ခင်းများ။ ပဲနောက် မထွက်လျှင် အဖေ နဲ့ အမေ အကြွေးမကျေ သည့်အပြင် အကြွေးထပ်တင်ရပေမည်။ ထိုသို့ဖြင့် ကောင်းတမန်၏ အဖေ နှင့် အမေသည် ထို အကြွေးများ၊ ကျောင်းစရိတ်များကို ဂုဏ်ယူစွာ ရင်ဆိုင်၍ ကောင်းတမန် တို့ကို ပညာသင်ပေးခဲ့သည်။ ကျွန်တော် တို့ မောင်နှမ သုံးယောက် လည်း ထိုနှစ် တွင် မိုးပုလဲများကို အဖေ၊အမေ တို့ ထက် ပိုမျှော်မိသည်။ ယခင်နှစ်များက ကလေးစိတ်ဖြင့် ကောင်းစွာ နားမလည် ခဲ့သမျှ ဒီနှစ်မှ ကျောင်းစရိတ်၊ စားစရိတ်၊ အကြွေး စသည် တို့ကို နားလည် ခဲ့ပေသည်။ ထို့ကြောင့် မိုးသည် ကျွန်တော်တို့၏ ကယ်တင်ရှင်ပင် ဖြစ်သည်ဟု သိနားလည်လာသည်။

ဒီနှစ်တွင် မိုးငတ်နေချိန် မိုးများ ရွာချလိုက်လျှင် အဖေ အမေ တို့ကို မပင်ပန်းစေချင်သဖြင့် ကောင်းတမန် တို့ သုံးယောက် ချောင်းကောက်ထဲသို့ ပြေး၍ မိုးရေ ကို ဖမ်းမည် ဟု ဆုံးဖြတ်ထားသည်။ ချောင်းကောက်ဟု အမည်ပေးထားရခြင်းမှာ တောင်ကျ ချောင်း တစ်ခု ကောင်းတမန် တို့ ယာကွက် နားတွင် ကွေ့ကောက်လာ၍ ယာကွက်ကို ဖြတ်ပြီး စီးဆင်းတတ်သောကြောင့် ဖြစ်သည်။ အညာမြေတွင် မိမိတို့ ၏ ယာများကို ထိုကဲ့သို့ နာမည်ပေးလေ့ရှိသည်။ ကျွန်တော်တို့ ယာကွက်များ၏ အမည်မှာ ချောင်းကောက်ယာ၊ကန်တော်ယာ (ရေကန်အနီးတည်ရှိ၍)၊ သရက်ပင်ကွက်(သရက်ပင်ရှိ၍)၊ အနောက်ယာ (ရွာ၏ အနောက်ဘက်တွင်ရှိ၍) စသည်တို့ ဖြစ်သည်။

မိုးသည် မျှော်လေ မလာလေပင်။ ၀ါဆိုကျော်၍ ၀ါခေါင်ကူးလေပြီ။ အညာတွင် မိုးမရွာသေး။ ပဲနောက်ပင် တို့သည် ညှိုးနွမ်းပိန်ချိနေပေပြီ။ ထို့ထက် ကျွန်တော်တို့ စိတ်တွေသည် ပို၍် ညှိုးနွမ်းရပေသည်။ မိုးမရွာလွန်းသည့် အခါ ကျေးလက် ဓလေ့အရ ရွာဦးကျောင်းဆရာတော် နှင့် တောရကျောင်း ဆရာတော်ဘုရားတို့ ကို ပင့်ဖိတ်၍ ငရံ့မင်း ပရိတ် ရွတ်ကြသည်။ ပရိတ်ရေမိုး ရွာစေသည်။ လွန်ဆွဲ လျှင် မိုးရွာစေသည် ဟု အယူရှိသဖြင့် လွန်ကြိုးကို အပြိုင်အဆိုင် ဆွဲကြသည်။

ထို့ကြောင့်လား၊ သဘာဝ တရားကြောင့်လားတော့ မသိ ပရိတ်ရွတ် ၊လွန်ဆွဲပြီးမကြာမီ ထိုနှစ်က မိုးရွာပေသည်။ အဖေ၊ အမေ နှင့် ကျွန်တော် တို့၏ မျက်နှာများတွင် အပြုံးရိပ်များ ပြန်လည် ထင်ဟပ်လာပြန်သည်။ မှတ်မှတ်ရရ ထိုမိုးပုလဲများ ကျလာချိန်သည် ကျွန်တော်တို့ မောင်နှမတွေ ကျောင်းက ပြန်ရောက်ချိန်လေးပင်။ မိုးက တကယ် အရည်ပါမပါ ခဏစောင့်ကြည့်ကြသည်။ မိုးသည် သည်းသထက် ပို၍ သည်းထန်လာပေသည်။ နောက်ဆုံး အရည်ပါသည် ဟု သေချာ သော အခါ ကျွန်တော်တို့ သုံးယောက် ပေါက်ပြား၊ငန်းပြား နှင့် ဂေါ်ပြား တို့ ကိုယ်စီ ထမ်းကာ ချောင်းကောက် ယာသို့ ပြေးတော့သည်။ ကျွန်တော် က ငှက်ကြီးထောင်ဓားကို ခါးတွင် ထိုး၍ အပိုယူလာသည်။ အမေက အိုးထဲ က ထန်းလျက်ခဲများကို နှိုက်၍ ပလတ်စတစ်ဖြင့် ထုတ်ပေးလိုက်သည်။ မိုးရွာနေသဖြင့် ရေဗူး ထည့်မပေး။ အချိန်မရ၍ လည်း ဖြစ်သည်။

မိုးထဲတွင် ပုလဲလုံးများ အမှန်ခံရသည် မှာ တကယ် ပျော်စရာ ကောင်းလှသည်။ဒီလိုနှင့် မောင်နှမတွေ ပြေးလွှားဆော့ကစားရင်း ချောင်းကောက်ထဲသို့ ရောက်လေသည်။ တောင်ကျ ချောင်းရေသည် ချောင်းကောက်သို့ရောက်မလာသေးပေ။ ထို့ကြောင့် ကျွန်တော် တို့ သုံးယောက် အမြန်လုပ်ငန်းစသည်။ ချောင်းရေလာလျှင် ဖမ်းရန် အတွက် ယာကန်သင်းကို ပို၍ မြင့်အောင် ခိုင်ခံ့အောင် မံရမည်။ ကျွန်တော် က ပေါက်ပြားဖြင့် မြေကို တူးဆွသည်။ တူးထားသည့် မြေစာများကို အမ က ဂေါ်ပြားဖြင့် ကော်၍ ကန်သင်းပေါ်တွင် အုံသည်။ ညီမလေးက ငန်းပြားဖြင့် ထိုနည်းတူအုံသည်။ လိုအင်လျှင် ငန်းပြားဖြင့် ကန်သင်းကို ရိုက်၍ ပိုမို ခိုင်ခံ့စေသည်။ ဒီလိုနှင့် ကန်သင်း အရှည်တလျှောက် လိုက်လံ၍ မြေဖို့ပြီး ပိုမို မြင့်မား ခိုင်ခံ့စေသည်။ လုံလောက်ပြီ ဟု ထင်သည့် အချိန်တွင် ကျွန်တော်တို့ တော်တော် မောနေပြီ။ ပါလာသော ထန်းလျက်ခဲ များကို မိုးရေနှင့်အတူ လည်ချောင်းထဲ ပစ်သွင်း၍ ရွှံ့ထဲ မိုးထဲတွင် အားရပါးရ ထိုင်နားလိုက်သည်။

သိပ်မကြာပါ။ တောင်ကျ ချောင်းရေ သည် ကျွန်တော် တို့ ယာနား သို့ ရောက်လာသည်။ ကျွန်တော်တို့လည်း တော်တော် ပျော်နေသည်။ ချောင်းရေသည် ကန်သင်း အတားနှင့် တွေ့သောအခါ လာလှမ်းအတိုင်း မစီးနိုင်တော့ပဲ ကျွန်တော်တို့ ယာအနှံ့ စီးဝင် စိမ့်ဝင် တော့သည်။ ပျော်လိုက်သည့် ဖြစ်ခြင်း။ ပဲနောက်ဖူးတို့သည် ရုတ်တရက် ပွင့်အာလာသည်။ ပဲနောက်ရွက် ခပ်စိမ်းစိမ်း နှင့် ပဲနောက်ပွင့် ၀ါဖန့်ဖန့် တို့သည် လိုက်ဖက်ညီစွာ ပင် မိုးနဲ့ အတူ သဘာဝ ပန်းချီကားကို ရေးခြစ်ပြန်သည်။ နားနေရင်း ပဲနောက်ခင်း တစ်လျှောက် ချောင်းရေ စိမ့်ဝင် စီးဆင်းသည် ကို လိုက်ကြည့်ကြသည်။ အပေါ်က မိုးကလည်း ရွာနေသည်။ ချမ်းလှ၍ အားလုံး ခိုက်ခိုက်တုန်နေသည်။ သို့သော် ကျွန်တော်တို့ စောင့်ကြည့်မှ ဖြစ်မည်။ ရေများလာလျှင် ကန်သင်းသည် နိုင်မည်မဟုတ်။ ကျိုးနိုင်ပေသည်။

သို့သော် ကလေး အတွေးဖြင့် ကျွန်တော်တို့ သည် ယာကန်သင်းကို ရေမကြော်နိုင်ရန် ထပ်မံ ဖြည့်စွမ်းနိုင်မည်ဟု ထင်ထားပေသည်။ မိုးသည် ပို၍ပို၍ သည်းထန်လာသည်။ ချောင်းရေသည် ပို၍ အစီးသန်လာပေပြီ။ ယာကန်းသင်းကို ကျော်စပြုပြီ။ ကန်သင်းမြေစာသည် အသစ်ဖြစ်၍ ရေတိုးရေစိမ့်ဒဏ်ကို ကောင်းကောင်း မခံနိုင်ပေ။ ပေါက်သည့် နေရာ က ပေါက်သည်။ ရေကျော်သည့် နေရာက ကျော်နေပြီ။ ထိုအခါ ကျွန်တော်တို့ သုံးယောက် လုပ်ငန်းစရပြန်ပြီ။ မြေစာကို တူးဆွ၍ ယာကန်သင်းတွင် ထပ်မံ ဖို့သည်။ ဖာသည်။ သို့သော်မရ။ ယာထဲတွင် ရေက အပြည့်ဖြစ်၍ အီနေသည်။ နောက်ဆုံးတွင် ချောင်းရက အနိုင်ရသည်။ ကန်သင်းကို ကျော်၍ စီးဆင်းသွားလေပြီ။ကျွန်တော်တို့ လည်း ဘယ်လိုမှ မနိုင်သောအခါ မောမော နှင့် ထိုင်ကြည့်နေရသည်။ မိုးများတိတ်၍ ချောင်းရေ စဲသွားသောအခါ အိမ်သို့ ပြန်ခဲ့ကြသည်။ အိမ်ရောက်မှ ရေတွင်းမှာ ရေကို ငင်ကာ ရေချိုးလိုက်သည်။ ထို့နောက် ညနေစာ ကို စားကာ စောင်ခြုံထဲသို့ ၀င်၍ ကွေးလိုက်ကြသည်။

သို့သော် ထိုနှစ်တွင် ကျွန်တော်တို့ ယာက ပဲနောက် အများဆုံးရလိုက်ပေသည်။ အကြောင်းမှာ ချောင်းရေကို ယာကွက်ထဲတွင် အချိန် တော်တော်ကြာကြာ စိမ့်ဝင် စီးဆင်းစေပြီး မြေကြီး အနက်အထိ ရေကို ၀င်ရောက်စေခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် နောက်ထပ် မိုးများမရွာသောအခါ ထိုသို့ ပြုလုပ်မထားသော တောင်သူတို့၏ ယာများတွင် တစ်ကြိမ်သာ ပဲနောက် ကောက်လိုက်ရပြီး ကျန် အကြိမ်များတွင် ပဲနောက် မအောင်တော့ပေ။ ကျွန်တော်တို့ ယာတွင် ထိုသို့ ရေကို မြေကြီးအနက် အထိ စိမ့်ဝင် ထိန်းသိမ်းစေသဖြင့် မိုးမရွာသည့် ဒဏ်ကို ခံနိုင်စေကာ ပဲနောက် အကြိမ်ကြိမ် ကောက်လိုက်ရပေသည်။ ကံအားလျော်စွာ ပဲနောက်ဈေး တက်သည့် နှစ် နှင့် ကြုံသောအခါ ကျွန်တော်တို့ အကျွေးများ ဆပ်လိုက်နိုင်ပေသည်။ အမေ ၏ နားနှစ်ဖက် လည်း ပြန်လှလာပေပြီ။ အဖေ၏ ကျောသည်လည်း အေးမြပြန်ပြီ။ ကျောင်းစရိတ်လည်း ထိုနှစ်က မပူလိုက်ရ။

ထိုနှစ်သည် ကျွန်တော် တောင်သူ လုပ်ခဲ့သမျှ သက်တမ်းအတွင်း အပျော်ဆုံး နှစ်ဖြစ်ခဲ့သည်။ ထို ယာကန်သင်းတစ်ခု မောင်နှမတွေ ပေါင်း၍ မွမ်းမံ ခိုင်ခံ့စေခဲ့သော သင်ခန်းစာ သည် ကျွန်တော့် ဘ၀အတွက် မောင်နှမသုံးယောက် တို့၏ မေတ္တာ တရားကို ခိုင်ခံ့စေသာ ကန်သင်းတစ်ခု အလိုလို ဆောက်ပေးနိုင်ခဲ့သည် ဟူ ထိုအချိန်က မတွေးမိပေ။ နောက်နှစ်ပေါင်းများစွာ ကြာညောင်းခဲ့၊ မိဘ မောင်နှမ တွေ နှင့် ဝေးခဲ့ရမှ ထိုအချိန်က ဆောက်ခဲ့သော စိတ်ကန်သင်းသည် မည်မျှ ခိုင်ခံ့ကြောင်းသိလာရပေသည်။ အမ နှင့် ညီမလေးကို လွမ်းသည်။ မိုးရွာထဲတွင် ယာကန်သင်း အတူတူ ဆောက်ချင်သည်။ အမေ့ နားနှစ်ဖက် ကို ထိုထက်ပိုလှစေချင်သည်။ အဖေ ကျောနှစ်ခြမ်းကို ထိုထက်ပို အေးချမ်းစေချင်သည်။

ကျွန်တော်တို့၏ ထိုစိတ်ကန်သင်းသည် လောကဓံ ဆိုသည့် ချောင်းရေ မည်မျှ အားကောင်းပါစေ၊ ထိုချောင်းကို အံတု ခုခံ ကာကွယ် ပြီး ကျွန်တော်တို့ မောင်နှမတွေ၏ ဘ၀ ယာခင်းများကို ခိုင်မာတည်တံ့စွာ ထာဝရ ဘောင်ခတ် လှပစေ၍ ဘ၀အေးချမ်းသာယာမှု ဟူသော ပဲနောက်များကို အောင်မြင်စွာ ခူးကောက်ရမည်ဟု ရောက်သည့်နေရာမှ မိုးရွာတိုင်း ကောင်းတမန် လွမ်းဆွတ်တမ်းတစွာ တွေးတောနေမိပေသည်။

[+/-] အပြည့်အစုံသို့...

Sunday, November 18, 2007

Making an embankment: ယာ ကန်သင်း တစ်ခု တည်ဆောက်ခြင်း

"More exactly, it is in an arid zone of our country. Summers are the hottest and rainfalls are the lowest in my village during the whole year around. Farmers in our area work all year around: winter, summer and rainy season. I did so too till I finally left my village for higher education. I would like to share one of my family activities on the farm during my farmer days in my village. Actually that instant of time I am going to share with you is my most missing part of life whenever I experience heavy rain in whatever place I am and however far I am from my native village. This morning rain here urged me to write this post to share my family farm life with you all."

There is a frequent rain here during these days. Actually I have not explored how many seasons they have here. But for this time of the year there is a random visit of rain here mostly during the night and in the early morning.

This morning the rain said its early-morning hello to us here again. It is quite a heavy rain. I felt the coldness by the rain when I wrapped up myself in my blanket. I could hear the sound of rainwater dropping on the roofs and ground. But this sound here is not so beautiful unlike the sound I had heard on my cottage house when I was in my village with my family. My native village is in the up country of Myanmar. More exactly, it is in an arid zone of our country. Summers are the hottest and rainfalls are the lowest in my village during the whole year around. Farmers in our area work all year around: winter, summer and rainy season. I did so too till I finally left my village for higher education. I would like to share one of my family activities on the farm during my farmer days in my village. Actually that instant of time I am going to share with you is my most missing part of life whenever I experience heavy rain in whatever place I am and however far I am from my native village. This morning rain here urged me to write this post to share my family farm life with you all.

When I am thinking to share that part of my life which I called as my farmer days, I have noticed that I should point out how rainwater is so important for the farmers in arid zone to get a successful cropping and harvesting. Since we have the lowest rainfall in our village, farmers always long for and value the rare heavy rain in our Anyar Myay ( the up country land). Some years we don't have any rainfall the whole year around. Some years, there are two or three times visit of rain, which are not enough to get a successful plantation and harvest. For the lower part of our village, we can still get some good harvesting seasons by the help of the River Irrawaddy sweeping its water to our fields and leaving enough layer of good-fertilizing soil on our fields and enough water content or moisture content in the soil to some depth of soil or ground, which can guarantee a successful harvest time for us. But the River Irrawaddy can never reach to the upper part of our village. Moreover during my farmer days, there was no technology yet to make effective use of underground water. Therefore the rainwater become the only source we have to rely on for getting a good seeding and planting of crops on our upper farms.

Therefore even one time heavy rain in our land is very important for us. No farmer will not let this water wasted. All have to capture the biggest amount of rainwater in their farm during this scarce coming of rain fall. Some years, when we have plantation ready to give its buds and flowers which will support us the good harvest time, no rain falls. As a result, there are no successful budding and flowering. Both we farmers and our friends plants are waiting for the rain to come and refresh us. If finally the rain come, all of the farmers from our village have to run to their farms with farm equipment on their shoulders to capture a stream of rainwater in their fields. That does not exclude me and my family. I want to recall my memories of that time with my two sisters. When there was a heavy rainfall after the continuous lack of rain, we ran to our fields to collect rainwater in our field.

Our field is located near the bottom of a small mountain ranges. So whenever there is a heavy rain, a stream of rainwater collected from each mountain passes through our farm. When we got to our farm, the stream had not reached to our farm. So we had enough time to prepare a bank of earth to intermit the flow when it came. The rain became heavier and heavier. We got so cold while we were trying to make a good embankment. We dug up the earth and put it on the embankment to make it stronger and stronger. As soon as we thought our embankment was strong and high enough to stop the flow of mountain water, the stream got at our farm. We excitingly waited for the stream to get at our embankment on a perpendicular line on our farm. Finally it arrived at our embankment. But since the flow encountered intermittence, the mountain water kept on flowing all around our farm sinking deeply to the underground. But the rain got even heavier to a greater degree. The stream of water became stronger and its speed became uncontrollable. This was demanding me and my two sisters to mend more earth to the embankment. So we dug more earth and mended the embankment. But when the water was so strong, we lost our control. Water level became higher than the height of embankment. Some leaked through the embankment. Some flowed over it. Finally we totally lost our control. Stronger stream of mountain water broke down our embankment finally at all places. But at least we had let the water be sipped in the deeper soil, which can guarantee us a good harvest time.

Plants immediately gave out their buds and flowers because of rain and rainwater. Forest on the mountain ranges became greener. Arid zone was totally changed into a green land for a very short part of the season. How beautiful this part of my life. I really did not notice at that time I did enjoy my family life and my farmer days fully to make an embankment that would strengthen the kinship between me and my sisters. But I hope and I will always try to make this embankment of our kinship never be broken down by the streams of life called stresses, strains, and Law-ka-Dan (sufferings from life).

Whenever it rains hard again, wherever I am, I want to get back to my village to make an embankment for our family farm to get a successful harvest of our new generations: my children and my two sisters' children.

[+/-] အပြည့်အစုံသို့...

Tuesday, October 30, 2007

မြန်မာ့သစ်တောက်ငှက်

သည်နေ့တော့ ရွာသားတို့၏ ထုံးစံအတိုင်း လိုင်းပေါ်တွင် တောလည်ထွက်ခဲ့မိရာမှ မြန်မာ့သစ်တောက်ငှက်တို့ အကြောင်း စူးစမ်းလေ့လာမိပေသည်။

မြန်မာ့ သစ်တောက်ငှက်တို့ အကြောင်းမပြောမီ သစ်တောက်ငှက်အကြောင်း ယေဘုယျဆွေးနွေးလိုသည်။

သစ်တောက်ငှက်သည် သစ်တော၊သစ်အုပ်မှာ ပျော်မွေ့ပြီး သစ်ပင်တွေပေါ်မှာ နေထိုင်လေ့ရှိသည့် ငှက်အမျိုးအစားဖြစ်သည်။

အရွယ်အစား

သစ်တောက်ငှက်တို့ကို အသေး၊အလတ်နှင့် အလယ်အလတ်အဆင့်အကြီးစား ငှက်များ အနေဖြင့် သုံးမျိုးတွေ့နိုင်ပေသည်။ အကြီးဆုံး သစ်တောက်ငှက်သည် (၁၉) လက်မမှ (၂၁) လက်မ အထိ အရှည်ရှိပြီး (၁) ပေါင် မှ (၁.၂၅) ပေါင် အလေးချိန် ထိ ရှိသည်။ ပျမ်းမျှသက်တမ်း မှာ (၄) နှစ်မှ (၁၁) နှစ်ထိ အသက်ရှင် နေထိုင်ကြသည်။

ထူးခြားသည့် ၀ိသေသ

၎င်းတို့သည် ၄င်းတို့၏ အသက်မွေးဝမ်းကြောင်း ထူးခြားမှု နှင့် နေထိုင်ကျက်စားရာ နေရာဒေသ တို့ ကြောင့် လူသိများ ထင်ရှားသည့် ငှက်မျိုးပင်ဖြစ်သည်။ အထူးသဖြင့် ဆောက်သွားကဲ့သို့ ထက်မြက်သော နှုတ်သီးများ အသုံးချ၍ သစ်ပင်၏ပင်စည် ကို ထိုးဖောက်ကွဲအက်စေ၍ အထဲရှိ ပိုးမွှားများကို စားသုံးခြင်းဖြင့် တောင်သူလယ်သမား များကို အကူအညီပေးသည့် မိတ်ဆွေငှက်များဖြစ်ပေသည်။ ထို့ပြင် နှုတ်သီးကို အခြားအပင်ငယ်များအောက်ရှိ ပိုးမွှားများ ရှာဖွေရန် မြေကို တူးဆွခြင်း၊ အသိုက်အမြုံဆောင်လုပ်ခြင်းတို့ အတွက်လည်း အသုံးပြုကြပေသည်။

ထူးခြားသည့် ၀ိသေသမှာ ရှေ့ ဘက်သို့ ထိုးထွက်သည့် ခြေချောင်း နှစ်ချောင်း၊ ဘေးဘက် သို့မဟုတ် နောက်ဘက် သို့ ထိုးထွက်သည့် ခြေချောင်း နှစ်ချောင်း ပါရှိခြင်းပင်ဖြစ်သည်။ ယင်းဝိသေသကြောင့်ပင် ၎င်းတို့သည် ခန္ဓာကိုယ် ကို သစ်ပင် ပင်စည် ဖြင့် ထောင့်မှတ်ကျ ကျက်ခြေခတ်၍ အထက်၊ အောက် သွားလာနိုင်ကြပေသည်။

အစားအစာ

အဓိက အစားအစာမှာ အင်းဆက်ပိုးမွှားများ၊ သစ်သီးများ၊ နှင့် အခွံမာ အသီးများ ဖြစ်သည်။

အမျိုးကွဲ နှင့် အရေအတွက်

ကမ္ဘာပေါ်တွင် သစ်တောက်ငှက် မျိုးကွဲများ (၂၈) မျိုးရှိပြီး မျိုးစိတ် (၂၁၅) မျိုး ထပ်မံခွဲခြားနိုင်ပေသည်။ တိကျ သည့် သစ်တောက်ငှက် အရေအတွက် ကို ကမ္ဘာပေါ်တွင် သုတေသန ပြု ကောက်ယူထားခြင်း မရှိသေးပါ။

မိတ်လိုက်ရာသီ

အမျိုးကွဲ အမျိုးမျိုးပေါ် မူတည်၍ ကွဲပြားကြသည်။

သိုက်မြုံဥ နှင့် မျိုးပွားခြင်း

ဥ (၄) လုံး ခန့် အထိ ဥကြသည်။အမိ နှင့် အဖ တို့သည် သစ်ပင်၏ အခေါင်းတွင် အသိုက်ဆောက်၍ ဥများ ကို မျိုးပွားစေသည်။ ဥ စဥချိန်မှ အကောင်ပေါက်ချိန်အထိ (၂)ပတ်ခန့် အချိန်ယူသည်။ မွေးကင်းစ သစ်တောက်ငှက်သည် အတောင်များ မပါရှိသေးပဲ အမြင်အာရုံလည်း မရရှိသေးပေ။မွေးကင်စ သားသမီး များကို အမိ၊အဖ အနက် တစ်ကောင်မှ စောင့်ရှောက်၍ တစ်ကောင်မှာ အားလုံးအတွက် အစာရှာရပေသည်။ အကောင်ပေါက် သားငယ် များအတွက် အရွယ်ရောက်၍ အသိုက်မှ ထွက်ခွာနိုင်သည်အထိ (၂၅) ရက်မှ ရက် (၂၀) ထိ ကြာမြင့်ပေသည်။

မြန်မာနိုင်ငံတွင် တွေ့ရှိနိုင်သော သစ်တောက်ငှက် အမျိုးအစား တချို့ ကို တွေ့ရှိနိုင်သော နေရာနှင့်တကွပူးတွဲတင်ပြအပ်ပါသည်။

အမျိုးအစား

ကျက်စားရာ နေရာ

ရင်ကျား သစ်တောက်ငှက်ဝိတိုရိယတောင်
ဒါဂျီလင်း သစ်တောက်ငှက်ဝိတိုရိယတောင်

ဝမ်းဗိုက်နီညို သစ်တောက်ငှက်

ဝိတိုရိယတောင်

ခရမ်းရင်သားရှိ သစ်တောက်ငှက်ဝိတိုရိယတောင်၊ ဖုန်ကမ်ရာဇီ
လည်ချောင်းနက် သစ်တောက်ငှက်ဝိတိုရိယတောင်
ရင်ပုတ် သစ်တောက်ငှက်ရွှေစက်တော်
လည်ချောင်းပုတ် သစ်တောက်ငှက်ရွှေစက်တော်
လည်ချောင်းဖြူ သစ်တောက်ငှက်ရွှေစက်တော်
မီးခိုးဦးထိပ် သစ်တောက်ငှက်ရွှေစက်တော်
ခေါင်းညို သစ်တောက်ငှက်ဖုန်ကမ်ရာဇီ
မီးတောက်မြီး သစ်တောက်ငှက်ဖုန်ကမ်ရာဇီ
အနီရောင်အမြီး သစ်တောက်ငှက်ဖုန်ကမ်ရာဇီ
နီညိုတောင်ပံ သစ်တောက်ငှက်ဖုန်ကမ်ရာဇီ
ထူးစက်ပြောက် သစ်တောက်ငှက်-
သံခြေးရောင်ဝမ်းဗိုက် သစ်တောက်ငှက်-
ရင်ထိုး သစ်တောက်ငှက်ဖုန်ကမ်ရာဇီ
ဝါကြန့်လည်ပင်း သစ်တောက်ငှက်-
ဝါကြန့်မီးခိုး သစ်တောက်ငှက်အလောင်းတော် ကဿပ
မြဲစိမ်းကျော သစ်တောက်ငှက်
ထူးခြားကျောက်ခဲရောင် သစ်တောက်ငှက်အလောင်းတော် ကဿပ
မြဲစိမ်းကျော သုံးချောင်းထောက် သစ်တောက်ငှက်-
ထူးခြားမီးတောက်ကျော သစ်တောက်ငှက်အလောင်းတော် ကဿပ

clip_image001clip_image002

ပုံ(၁) ၀ါကြန့်မီးခိုး သစ်တောက်ငှက်ထီး ပုံ(၂) ထူးခြားကျောက်ခဲရောင် သစ်တောက်ငှက်မ

clip_image003

ပုံ(၃) ထူးခြားမီးတောက်ကျော သစ်တောက်ငှက်

မြန်မာနိုင်ငံတွင် ဖုန်ကမ်ရာဇီ၊အလောင်းတော်ကဿပ၊ ရွှေစက်တော် သည့် နယ်မြေများတွင် သစ်တောက်ငှက်များ ထူထပ်စွာ နေထိုင်ကျက်စားကြကြောင်း ဖတ်ရှုမှတ်သားရသည်။ ၎င်းစာရင်းသည် နိုင်ငံခြားသား ခရီးသွားများ၏ မှတ်တမ်းများမှ သိရှိရသဖြင့် ဖေးမဲ့တောများနှင့် ခရီးသွးတို့ စိတ်ဝင်စားသည့် နေရာများတွင်သာ ကောက်ယူမှတ်တမ်းတင်ထားကြောင်း သိသာပေသည်။ သို့ရာတွင် သဘာဝ တောတောင် ရေမြေ သစ်တောတို့ ထူထပ်သော မြန်မာနိုင်ငံတွင် သစ်တောက်ငှက် မျိုးကွဲများ ယခုထက် ပိုမိုပေါများ၍ ရှိမည်မှာ အမှန်မသွေပင်ဖြစ်သည်။ စာရေးသူနေထိုင်သည့်ကျေးရွာ၌ပင် သစ်တောက်ငှက်မျိုးများစွာ ရှိပေသည်။

အလောင်းတော် ကဿပ ကို လာလှည်သည့် ခရီးသွားဧည့်သည် ပါမောက္ခတွေသည်ပင်လျှင် အမေရိကန်နိုင်ငံ၊ ဒဲ့ဒရိတ် ပြည်နယ်၌ သစ်တောက်ငှက် သုတေသန ပြုလုပ်ရန် အလောင်းတော် ကဿပ မှ သစ်တောက်ငှက်DNA ရယူသွားချိန်တွင် ကျွန်တော်တို့ မြန်မာတွေ ဘာမှ မလုပ်နိုင်ကြသေးပေ။ ကမ္ဘာ့သိပ္ပံပညာရှင်များသည် သစ်တောက်ငှက် မျိုးကွဲများစွာ အဘယ်အကြောင်းအရင်းပေါ်တွေမူတည် ကွဲပြားခြားနားသည်ကို သိရှိရန် သုတေသန အပူတပြင်း လုပ်ဆောင်နေကြပေပြီ။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ဘာသာရပ်လေ့လာ ကျောင်းသား၊ကျောင်းသူများ အနေဖြင့် သစ်တောက်ငှက်တို့ အကြောင်းကို သုတေသန ပြုလုပ်၍ မှတ်တမ်းပြုစုအပ်ပေသည်။

( မှတ်ချက် - ဤဆောင်းပါးတွင် သုံးနှုန်းထားသော သစ်တောက်ငှက် အမည်များသည် စာရေးသူ၏ ဘာသာပြန်ဆိုမှုပင်ဖြစ်သည်။ စာရေးသူသည် လက်ရှိ သစ်တောက်ငှက်မျိုးကွဲများ ကို အမည်မပေးရသေးဟု ယူဆပါ၍ ယခုကဲ့သို့ နာမည်ပေးခြင်းဖြစ်ပါသည်။ အကယ်၍ နာမည် ပေးပြီး အဖွဲ့အစည်းဖြင့်သတ်မှတ်ထားသော နာမည်များ စနစ်တကျ ရှိပါလျှင် စောဒက တက်ကြပါရန် ဖိတ်ခေါ်ပတ်အပ်ပါသည်။

ဤဆောင်းပါးကိုစီးပွားဖြစ်အတွက် မည်သည့် နည်းဖြင့်ဖြစ်စေ အသုံးပြုလိုပါက စာရေးသူ ခွင့်ပြုချက်ယူကြရန် တောင်းပန်အပ်ပါသည်။ အကယ်၍ တစ်သီးပုဂ္ဂလိက အသုံးပြုလိုပါကဤဘလော့ဂ် အမည် ဖြစ်စေ၊စာရေးသူနာမည်ဖြစ်စေ ညွှန်းဆိုဖော်ပြရန် တောင်းပန်ပါသည်။

ဆက်လက်၍လည်း မြန်မာ့ သစ်တောက်ငှက်များ အကြောင်းကို စောင့်ကြည့် မှတ်တမ်းတင်သွားပေးပါမည်။)

အညွန်းအကိုးများ

၁။ http://www.defenders.org/wildlife_and_habitat/wildlife/woodpeckers.php

၂။ http://myanmartravelinformation.com/mti-ecotourism/alaungdaw-kathaphar.htm

၃။ http://www.birds.cornell.edu/AllAboutBirds/conservation/success/myanmar

၎။ http://bio.fsu.edu/~jameslab/woodpkr.html

၅။ http://www.pbase.com/lilwings/piciformes

၆။ http://www.birdtourasia.com/myanmarreport06.html

[+/-] အပြည့်အစုံသို့...

Monday, October 15, 2007

ယာကွက်ပေါ် မျဉ်းဖြောင့်ဆွဲခြင်း Drawing a line in the field



ခေါင်းစဉ် ကို ကြည့်ပြီး ဘာလားဟ လို့ တွေးနေကြမလားဗျ။ ခဏဗျို့ မတွေးခင် ဒါလေးက နေ စဖတ်ပေးကြပါဗျာ။

ကျွန်တော့် ကို တောင်သူယာလုပ် ဓားမခုတ် တဲ့ အမေ နဲ့ အဖေ က မြေလတ်ပိုင်း ရွာလေးတစ်ရွာမှာ သားအလတ်ကောင်အနေနဲ့ မွေးဖွားပေးခဲ့တာပါ။ ဒါကြောင့် ကျွန်တော်လည်း တောင်သူဖိုးသားလေး ဘ၀ ကနေ တောင်သူလူပျိုလေး ဖြစ်တဲ့ အထိ မိရိုးဖလာ တောင်ယာ၊ကိုင်းကျွန်အလုပ်တွေကို လုပ် ကိုင်ခဲ့ဖူးပါတယ်။ တောင်သူလယ်သမား ဘ၀ဟာ ပင်ပန်းဆင်းရဲပေမယ့် ကျွန်တော်ပျော်တယ်။ နေပူပူ မှာ ကျောပြောင်ပြောင်က ချွေးဒီးဒီးကြအောင် ကို လုပ် ခဲ့ရပေမယ့် ကျွန်တော် တကယ် ပျော်ခဲ့တယ်ဗျ။ အဲဒါ ဘာဖြစ်လို့လဲ ဆိုရင် သင်္ချာပညာ၊ တီထွင်လိုစိတ်၊ သဘာဝကို ချစ်တဲ့စိတ်၊ စတာတွေကို မြေကိုတူးဆွ ထွန်ယက်တဲ့ အတတ်ပညာက သူ့အလိုလို ကျွန်တော် ကိုယ်တိုင် သတိမထားမိပဲ ကျွန်တော့် ကို သင်ကြားပေးခဲ့လိုပဲ။

ဟာ ဒီကောင် စကားကြီး စကားကျယ် နဲ့ ဘာတွေ လာပြောနေတာ လဲလို့ အတွေး မစောနဲ့ဦး။ အပစ် လည်း မတင်နဲ့ဦးဗျာ။ အဲဒါ လေးတွေ ကို ကျွန်တော် ဆယ်တန်းအောင် ပြီး အဆင့်မြင့် ပညာတွေ သင်လို့ တော်တော်ကြီးကြာမှ တောင်သူ အလုပ်က ငါ့ကို ဒါတွေ သင်ပေးတာပါလားလို့ သဘောပေါက်ခဲ့မိလို့ပါ။ ကျွန်တော် သဘောပေါက်မိတဲ့ ဟာတွေ ကို တခုချင်း ပြောပြမယ်။ ပထမတော့ သင်္ချာပညာက စရအောင်။

ဒီစကားကို နောက်တခါ ထပ် ပြီး လေးနက် အောင် ဆိုခွင့်ပြုဦးဗျာ။ တောင်ယာကို ထွန်ယက်စိုက်ပျိုး လုပ်ကိုင်ရင်းနဲ့ပဲ တောင်သူလယ်သမားတို့ရဲ့ သင်္ချာဥာဏ် အမျှော်အမြင်ရှိမှု၊ သင်္ချာပညာကို လက်တွေ့သုံးချနေမှုတွေ ကို ကျွန်တော် စူးစမ်းသိရှိခဲ့ရတာပါ။ သူတို့ ကိုယ်တိုင်တောင် သူတို့ သင်္ချာကို လေ့လာအသုံးချနေမှန်းမသိကြပါဘူး။

ကျွန်တော် လူပျိုဝင် စ အရွယ်က အဖေက သူ့သားကြီး (ကျွန်တော်က တော့ သားငယ်ပေါ့) စာဥ နဲ့ နွားနီကြီး သုံးပြီး ထွန်ကိုဆင်၊ ထွန်းဆင် အပြီးမှာ အမေ့ ပေးတဲ့ ရေနွေးကြမ်းဘူးကို ဆွဲ၊ ဓားမကြီး ကို ပုဆိုးခါးပေါင်း ထဲ ထိုးသွင်းပြီး ဖင်ကောက်ချိတ် ကောက်ချိတ်နဲ့ နွားတွေ မောင်းပြီး တောထဲ ထွက်သွားတာ မြင်ကတည်းက ယာထွန်တတ်ချင်တာ ရူးလို့ဗျာ။ ငါ လဲ တနေ့မှာ အဖေ့ လို ယာထွန်တတ်ရမယ်ပေါ့။ အဲလို သာ ထွန်တတ် ရင် အဖေ့လိုပဲ ခါးမှာထိုးထားတဲ့ ဓားမကြီး ပြုတ်မကျအောင် ဖင်ကောက်ချိတ်ကောက်ချိန် နဲ့ တောထဲထွက်မယ်ပေါ့။
ဒီလို နဲ့ ကျွန်တော် အသံတွေသြပြီး လူပျိုသားနည်းနည်း ရလာချိန်မှာပဲ အမေက ကျွန်တော့် ကို ယာထွန်သင်ခွင့်ပေးခဲ့တာ။ ကျွန်တော်လည်း တော်တော်မြောက်နေပြီ။ ရွာမှာ က ယာထွန်တတ်မှ ကောင်မလေးတွေက ဒီကောင်တော့ အားကိုးလို့ ရနိုင်တယ်ဆိုပြီး ကျွန်တော့် ကို ကြည်မှာလေ။ ဟဲ…ဟဲ..။

ပထမဦးဆုံး အဖေ့ဆီက သင်ခဲ့ရတာ ဂျီသြမေတြီ ပုစ္ဆာ တစ်ပုဒ်ဆို တာ ကျွန်တော် အဲဒီ ယာစထွန်တဲ့ နေ့ က မသိခဲ့ဘူးဗျာ(နောက်မှ ပြန်တွေးကြည့်မှသိခဲ့တာ)။

အဖေ့ က ပြောတယ်။
“ထွန်ကြောင်းတွေ ဟာ ဖြောင့်နေရမယ်။အဲလို ဖြောင့် နေဖို့ ဆို တာ ငါ့သား နွားကြိုးကို ကိုင်တတ်မှု အပေါ်မှာ မူတည်တယ်။ ဘယ်အတိုင် ညာအလှည့် ဆိုတာ ကို လည်း မမေ့နဲ့။ စပြီး ထွန်ကြောင်းဆွဲတော့မယ် ဆို ထွန်တုံးပေါ် အလယ်တည့်တည့် ကို တက်။ ပြီးတာနဲ့ ဖေ့သားကြီး နှစ်ကောင်ရဲ့ ကြိုးကို မတင်းမလျှော့ထား။ အေး..ထွန်ကြောင်းဖြောင့် ဖို့ က တော့ ဒီကန်သင်း တစ်ဖက်ကနေ၊ ဟိုဘက် ကန်သင်းဖက် ကို လှမ်းပြီး စိတ်ကူးနဲ့ မျဉ်းဖြောင့်ဆွဲရမယ်။ ပြီးတာနဲ့ အဲဒီ မျဉ်းဖြောင့် ထိပ်မှာ သတ်မှတ်ချက် တခုပေါ့။ ဥပမာ ဟို အဝေးကမြင်နေရတဲ့ ဒွေးလေးကြင် ရဲ့ ကန်သင်းက ထန်းပင်။ အဲလို မျဉ်းဖြောင့် ကို စိတ်ကူးနဲ့ ဆွဲပြီး ငါ့သား ထန်းပင် ကို ပဲ သေချာကြည့်။ ပြီးရင် စမောင်း။ ထန်းပင်နဲ့ မင်း အကြည့်နဲ့ မဖြောင့် တော့ဘူးဆိုရင် ဖေ့သားကြီးတွေ ကြိုးကို လိုသလို ဘယ်ဆွဲ ညာယိမ်းလုပ်ပေး။ ကဲ အဖေအရင် မောင်းပြမယ်”
ဆို ပြီး သူ မျဉ်းဖြောင့် စဆွဲတယ်။ ဖြောင့် လိုက် တာ ဗျာ။ စင်းနေတာပဲ။ ကျွန်တော် အဖေ့ ကို တစ်သက်မှာ ပထမဦးဆုံး အလေးစားဆုံး အကြည့် နဲ့ မော်ကြည့်မိတယ်။

ပြီးရင် ကျွန်တော့် အလှည့်။ ခင်ဗျားထင်မှာပေါ့။ သိပ်လွယ်ပါတယ်လို့။ကျွန်တော်လည်း အဲလို ပဲ ထင်ခဲ့တာပဲ။ တကယ်တော့ ကျောင်းစာသင်ခန်းထဲက ဗလာစာအုပ်မှာ မျဉ်းဖြောင့် ဆွဲတာနဲ့ ယာကွက်ပေါ် မျဉ်းဖြောင့်ဆွဲတာ ကွာတာတွေ အများကြီးပဲ။ ဗလာစာအုပ်ပေါ်မှာ ကိုယ့်စိတ်ငြိမ်ရင် ကိုယ့်လက် ကို ကိုယ်နိုင်ရင် မျဥ်းဖြောင့်မယ်။ ယာထဲမှာတော့ ဖေ့သားကြီးတွေကို ထိန်းရတာမလွယ်ဘူး။ သူတို့ က ဘေးနားက မြက်ပင်စိမ်းမြင်ရင် လှမ်းဟပ်မယ်။ ဒါဆို ကျွန်တော် ဟန်ချက်ပျက်ပြီး ဒွေးလေးကြင် ထန်းပင်ဆီ လှမ်းဆွဲထားတဲ့ မျဉ်းဖြောင့်ဟာ မရှိတော့ဘူး။ ဒါဆို ကောက်နေမှာစိုးလို့ နောက် ကို ပြန်ကြည့်မိပြန်၊ ဟန်ချက် ပိုပျက်ပြန်ပဲ။ နောက် က ပျက်နေပြီးသား မျဉ်းဖြောင့်ကို လည်း စိတ်ကရောက်။ ရှေ့က ထန်းပင်ဆီ အကြည့်လွတ်သွားမှာလည်း ကြောက်ပေါ့။ မျဉ်းဖြောင့် ပေါ်မှာ ကိုယ်က ရှိမနေတော့ လှမ်းမြင်ရနေရတဲ့ ဒွေးလေးကြင် ထန်းပင်ဆီကို ထပ်ဆွဲတဲ့ မျဉ်းဟာ မျဉ်းကြောင်းအသစ်ပေါ့။ ခု ပာန်စပျက်တဲ့ နေရာ (point) က နေ ထန်းပင် ကို ထပ် ပြီး ကြည့်ပြီး မောင်းတော့ မျဉ်းဖြောင့် အသစ် တခုတော့ ရတယ်။ ဒါပေမယ့် စောစော က မျဉ်းဖြောင့် အဟောင်းနဲ့ အသစ်နဲ့ ပေါင်းရင် ဘယ် လို မျဉ်းဖြောင့် ပြန်ရတော့မလဲဗျာ။ ဒါကို နောက်မှတွေးမိတော့ ကိုယ်ဆွဲတဲ့ ထွန်ကြောင်းမဖြောင့်တာကို တော်တော် စိတ်ဆင်းရဲခဲ့ရတယ်။ အဖေ့ရှေ့မှာလည်း မျဉ်းဖြောင့် ရချင်ခဲ့တာ တအားပဲဗျ။ ဒါပေမယ့် ဒီလို နဲ့ အဲဒီ တမနက် ဟာကျွန်တော့် ထွန်းရေးတွေဟာ Sine Wave, Cosine Wave တွေ နဲ့ ပဲ ယာတကွက်လုံး ပြည့်နေခဲ့တယ်။ မျဉ်းဖြောင့်လို့ ယူဆလောက်တဲ့ မျဉ်းကွေးတောင် မရခဲ့ပါဘူးဗျာ။ အဲဒီတော့မှ ဂျီသြေမေတြီ ဆို တာ သီအိုရီမှာ သင်တာထက် တကယ် သုံးရတာ ပိုခက် မှန်းစသိခဲ့တာ။
လူပျိုပေါက်အတွေးနဲ့ ဟိုဘက် ယာချောင်က ပေါင်းကောက်နေတဲ့ ညိုမတို့ ကြားအောင် “ဟေ့ ဖေ့သားကြီးတွေ လုပ်စမ်းဟ၊ ရုန်းထားစမ်းပါ၊ ဟာ… ဟို ကောင် ငါ ရိုက်လိုက်ရရင် နာသွားမယ်” စသဖြင့် ညာသံ၊ ဖိုသံ ပေးဖို့ပဲ ယာထွန်တတ်အောင် သင်ချင်မိတဲ့ ကျွန်တော် တော့ အဲဒီနေ့က သင်္ချာကို မသင်ချင်ပဲ သင်လိုက် ရတာ မှတ်မှတ်ရရပဲဗျ။

နောက်နေ့ မှ ထောင့်မှန်ကျအောင် ဆွဲနည်းနဲ့ ပိုက်သာဂိုရပ်စ် သီအိုရမ်ကို ဆက် ပြောပြဦးမယ်။

ကောင်းတမန်

[+/-] အပြည့်အစုံသို့...