စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး
၁။ သူက အများကို မြင်နိုင်တယ်။
၂။ သူ့ကို အများကမြင်နိုင်တယ်၊
၃။အများကိုလည်း အများက မြင်နိုင်စေတယ်။
ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။
စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်
Wednesday, February 25, 2009
Sunday, February 22, 2009
ရောက်ပြန်ပြီ သည်တနွေ
"သည်နွေဦး"
ရောက်ပြန်ပြီ သည်တနွေ
ဖော်မဲ့လေ ငါ့မှာဖြင့်
ရော်ရွက်ကြွေ လေမှာဝဲပြန်တော့
မျှော်တဲ့လေ ဟိုဟိုဒီဒီ
တွေ့ပါပြီ ရွှေဥဩ
လေသုတ်မျော သူ့တေးသံ
နွေသဏ္ဍာန် ဖွင့်အံလို့ဟစ်ကြူး
ဖေးကူလို့ ငါမှာတတ်နိုင်ငဲ့
သနားစရာ သင်းကွဲခါနေရ
ဝေးကွာရ သူ့အဖော်
မျှော်ကာမျှော် ပေါ်မလာ
တော်တော်ကြာ ချိန်ခါနှောင်းမှာမို့
ပြောင်းပြန်တဲ့ သည်တနွေ
ပူဆွေးကာ လွမ်းကာ'တ'လည်း
မှန်းဆရ ခက်သည့်ဆီကို
ဘယ်လိုပင် ဖွေရှာရလိမ့်
အိုအမယ် ရွှေဥဩငယ်ငဲ့
သည်မောင်မှာ အတောင်ညောင်းပါလို့
ဘယ်ချောင်မှာ ပုန်းရော်နေပါဘိ
ထွက်တော်မူ မောင့်ရင်ခွင်ဆီသို့
ဖြစ်စမ်းစေချင်ပါသည့်လေ........
ဇာကြီး
သူငယ်ချင်းများကို သတိရစွာဖြင့်
ကိုရင် အနတ္တရဲ့ သည်နွေဦးကို မျှဝေခံစားပါသည်။
Posted by
ခိုင်မြဲ
at
5:18 PM
0 comments Labels: ကဗျာ
Tuesday, February 3, 2009
စက္ကန့်တံမပါသော နာရီလို နေပါ ..။

စက္ကန့်တံမပါသော နာရီတစ်လုံးကဲ့သို့
အချိန်များကို တည်ငြိမ်စွာ ဖြတ်သန်းပါ ..။
သင့်ကိုယ် သင် သတိမပြုမိသော အချိန်အတွင်
သင် ခရီးများစွာ ရောက်နှင့်နေပါလိမ့်မည် ...။
Posted by
ခိုင်မြဲ
at
12:20 AM
0 comments Labels: စိတ်တည်ငြိမ်မှု စိတ်ချမ်းသာမှူနှင့် ဘ၀အောင်မြင်မှူ
Monday, February 2, 2009
နာကျည်းစွာနဲ့ကြေကွဲလျက်ပါ
အိမ်မက်လှေဟာ ဦးတည်ရာမဲ့ -ကြေကွဲခြင်း၊ခံစားခြင်း၊ပူလောင်ခြင်းတွေရဲ့ နေရာမှာ ဝေ့၀ဲလို့ အလွမ်းမီးပြတိုက်ရဲ့ အနီးမှာ.XXXXXX
ဘယ်အချိန်ထိ ခံစားကြေကွဲနေရဦးမှာလဲ....၊မင်းပေးခဲ့တဲ့ ရက်စက်ခြင်းတွေ ခုံမင်စွာနဲ့ခံယူ ခုထိလွမ်းနေဆဲပါပဲ၊ မင်းနင်းလျှောက်သွားတဲ့ ငါ့ရင်ဘက်ထဲက အသဲနှလုံးတစ်စုံဟာ မင်းဆီက တစ်စုတစ်ရာကို ဆာလောင်နေတယ်၊မင်းမရှိတော့ မင်းထိုင်ခဲ့တဲ့ ခုံတန်းလေးပေါ်က နှင်းဆီရိုင်းလေးတစ်ပွင့်ဟာ ငါ့ရဲ့နာကျင်ခြင်းတွေကို ကိုယ်စားပြုနေတယ်။တစ်ချိန်က ရင်နှင့်မကမြတ်နိုးခဲ့ရပါတယ်ဆိုတာထက် ပိုတဲ့ မြတ်နိုးရသူ ကောင်မလေးရယ်......ခုတော့ ငါ့အတွက် ကြေကွဲခြင်း ၊နာကျင်ခြင်း တွေကို မင်းအလွယ်တကူပဲ ပေးအပ်ထွက်ပြေးသွားခဲ့။
ဘ၀ရဲ့ ငြိမ်းချမ်းမှု့တွေမှာ အချစ်ဟာ ဘယ်အခန်းကပါလဲ မသိချင်တော့..အချစ်ဆိုတဲ့အရာဟာ နှစ်လုံးသားချင်းသာ သက်ဆိုင်တယ်လို့ နှစ်ဦးစလုံး နားလည်လက်ခံထားကြတဲ့အတွက် ငါတို့နှစ်ယောက်ရဲ့ နှစ်လုံးသားမှာ တခြားဘာဂုဏ်ဓနအရောင်တွေမှ အစွန်းထင်းမခံခဲ့၊ရင်ထဲမှာ ဖြစ်တည်နေတဲ့ နှစ်လုံးသားရဲ့ ချစ်ခြင်းတရားကိုသစ္စာတရားနဲ့ ဘောင်ခက်ထိန်းချုပ်ရင်း အနာဂတ်မှာ အသိုက်အမြုံတစ်ခု တည်ဆောက်မယ်လို့ ခိုင်ကျဉ်စွာဆုံးဖြတ်ထားခဲ့ကြ.......ဒါတွေဟာ အိမ်မက်တစ်ခုတော့ မဟုတ်ခဲ့ပါဘူး၊ဒါပေမယ့် အိမ်မက်တွေလိုပါပဲ........တစ်ချိန်က မင်းရဲ့ "သိပ်ချစ်ပါတယ်"ဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ ရက်စက်တဲ့အပြုံးတွေပါနေတာ ငါမသိခဲ့၊ခုတာ့ ဒါတွေဟာ အတိတ်ရဲ့အမှတ်ရစရာတွေ ဒါဏ်ရာတွေဖြစ်ဖို့ ဖန်တီးခဲ့တာလား၊ဆုံးဖြတ်ချက်တွေ အခိုင်အမာချခဲ့ပြီးခါမှ အနားမှ ထွက်ခွာသွားသူရယ် ဖုန်းထဲကနေ မကြာမကြာ ငါ့ကိုမခြောက်လှန့်ပါတော့နဲ့ကွာ၊မင်းရဲ့"ကို့ကိုသိပ်ချစ်နေဆဲပါပဲ"ဆိုတဲ့ ရိသဲ့သဲ့စကားသံတွေ ၊မင်းရဲ့လှောင်သလိုလိုရယ်မောသံတွေ ငါသိပ်ကြောက်လွန်းလို့ပါ...မင်းရဲ့ အဲ့ဒီစကားသံတွေရဲ့နောက်ကွယ်မှာ ဘယ်လိုစီမံကိန်းတွေရှိမလည်းဆိုတာ ငါမသိပေမယ့် ငါ့ရဲ့ရင်ကိုကြေကွဲခြောက်ခြားစေနိုင်တာကိုတော့ ငါအခိုင်အမာယုံကြည်တယ်။
တော်ပါတော့ကွာ၊တော်ပါတော့ မင်းစကားတွေရပ်လိုက်ပါတော့၊အရာအားလုံးကိုပေးဆပ်ခဲ့ပြီးပြီပဲ ၊ငါ့ဆီက ဘာတွေထပ်လိုချင်နေသေးလဲ၊ဒီလောက်ရက်စက်မှု့တွေနဲ့မတင်းတိမ်နိုင်သေးဘူးလား၊မင်းရဲ့ပျော်ရွှင်ရာမှာ ငါခေါင်းတွေအခါခါငုံ့ခဲ့ပြီးပြီပဲ၊အားလုံးပြောင်းလည်းခဲ့ပါပြီ၊ဒီပြောင်းလည်းခြင်းရဲ့အဆုံးမှာဒါဏ်ရာတွေသာပိုလာခဲ့၊တစ်ချိန်က မင်းရဲ့အချစ်တွေကို ယုံကြည်ခဲ့မိတဲ့ ငါ့ကိုယ်ငါပဲ အပြစ်တင်ရမလား၊ဘာပဲဖြစ်ဖြစ် ခုချိန်မှာတော့ ငါမင်းကို သိပ်ကြောက်သွားပါပြီ။ငါ မင်းကိုလွမ်းမိတယ်ဆိုပေမယ့် နာကျည်းနေပါပြီ၊ကြေကွဲနေတယ်ဆိုပေမယ့် မုန်းနေပါပြီ၊မင်းကိုအရင်လို ချစ်နေတုန်းပါပဲ ဒါပေမယ့် သတ်ပြစ်ချင်နေတယ်၊သေချာတာတစ်ခုကတော့ ငါမင်းကို ဘယ်လိုမှ မေ့လို့မရသေးဘူးကွယ်။
အိမ်မက်လှေဟာ ဦးတည်ရာမဲ့--ကြေကွဲခြင်း၊နာကျည်းခြင်း၊ပူလောင်ခြင်းတွေရဲ့နေရာမှာ ဝေ့၀ဲလို့ အလွမ်းမီးပြတိုက်ရဲ့ အနီးမှာ...XXXX/
Posted by
ခေတ်လူ
at
8:57 AM
0 comments Labels: စိတ်စေရာ-၂-
Sunday, February 1, 2009
အရိုင်း သို့မဟုတ် မုဆိုး
အရိုင်းတယောက်လို
ဖြစ်ကတတ်ဆန်း ငါ့ကို
အချစ်ငတ်သရမ်း လို့
မင်း.က သမုတ်တတ်နေပြီလား……။
အညစ်ကျပ် အနမ်းတဖွကို
အသစ်စပ် ဖြန်းဘ၀လိုလိုနဲ့
အမြစ်ပြတ် အမ်းချင်တုန်းကလဲ
မင်း….ပဲလေ။
မင်း.…..
မှတ်ထား……။
အလကား မတ်တင်းရတိုင်း
လျှာဖျား အဖတ်တင်ရုံလေး
ငါ…..
အာယား အမှတ်ထင်ခဲ့တာ မဟုတ်ဘူး။
အဲဒီတုန်းက
မင်း ကို ငါ…
တကယ်ချစ်ခဲ့ရိုးအမှန်ပါ။
အေး..ခုတော့
ငါ့လို… အရိုင်းကောင်က
အပြစ်မှတ်ပြီဆို
အချစ်ထပ်မပိုနိုင်တော့ဘူး။
တကယ်ဆို..
ယုန်ငယ်သားကိုမှ အကုန်ရှယ်စားချင်တဲ့
အမဲလိုက် ငါ.မုဆိုးအတွက်…
မင်း…..က
နှာသရုပ်ပိုးတွေနဲ့
အသပြာထုပ်ခိုးဖို့
မသမာ စုတ်ထိုးပြီး
မြူဆွယ်ခဲ့။
ဒါကို..
ငါ….
အချစ်မှတ်လို့ ကိုးကွယ်ခဲ့ပြီး
အဖိုးမဆယ်နိုင်ခဲ့တာ
ရင်နာစရာ…။
ဘာပဲဖြစ်ဖြစ်
ခုတော့…
ငါ…
ငါ့ မုဆိုးဆရာ အဘိုးကဗျာကို
ခံစားတတ်ခဲ့ပြီ။
ကေသရာဇာမျိုးက
မြေခွေးနဲ့ ခွေးအ
ဝေငှစားရတဲ့
ယုန်သူငယ်ကိုလည်း
ပုံမ၀ယ်တော့ဘူး။
အနမ်းပေးတဲ့
ပန်းကလေးတွေကိုလည်း
အငမ်းမငေးတော့ဘူး။
ဒါပေမယ့်
ငါ့..လည်ဆံတွေတော့
အတွယ်ခံ ခဲ့ရပြီပေါ့…။
နောက်ဆုံးတော့
အရိုင်းမုဆိုး
ငါ…ဟာ
မုဆိုးအရိုင်းပဲ ဖြစ်နေဆဲပါ။
ကောင်းတမန်
ညနေ ၅ နာရီ ၄၃ မိနစ်
၂၀၀၉၊ဖေဖော်ဝါရီ၊ ၁ရက်။
Posted by
Thein Min Htike
at
5:46 PM
0 comments Labels: Poem
Thursday, January 29, 2009
အင်ဒိုနီးရှား … ဂျာဗားကျွန်းပေါ်ကမြို့တစ်မြို့
ဒီမှာ ဈေးထဲသွားပြီး ခင်ဗျား ခြင်ထောင်လိုက်ရှာရင် ဘယ်မှာမှ ၀ယ်လို့ရမှာ မဟုတ်ဘူး - ဟုကျွန်တော့် သူငယ်ချင်းကပြောသည်။ တကယ်တွင်လည်း ဂျော့ဂျာ၌ ခြင်ကိုသိပ်မတွေ့ရ၊ မိုးတွင်းပင်လျှင် ခြင်ကိုက်တာသိပ်မရှိ။ ကျန်သူငယ်ချင်း တစ်ယောက်က သူ့ဆေးကျောင်းသင်တန်း သုတေသနစာတမ်းအတွက် ငှက်ဖျားပိုးကို မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ ခန်းတောက်မြစ်က ကုသပေးနိုင်ပုံအကြောင်း လေ့လာပြုစုခဲ့ရတာတွေ ပြောပြသည်။ chloroquine ကို ခန်းတောက်မြစ်နှင့် နှိုင်းယှဉ်ကာ ကြွက်တွေကို ငှက်ဖျားဖြတ်နိုင်စွမ်း စမ်းသပ်ခြင်းဟု ဆိုသည်။ အင်ဒိုနီးရှား၏ ငှက်ဖျားဖြစ်နှုန်း မည်မျှရှိသည်၊ မြန်မာထက်မည်မျှ များသည် နည်းသည်ကို ကျွန်တော်တော့ အတိအကျမသိပါ။ နေထိုင်မှုအဆင့်အတန်း အထိုက်အသင့် ကောင်းမွန်တာကိုမူ ငြင်းရမည်မထင်။ ဤအထင်ကြီးမှုသည် ယခုမှမဟုတ်…
ကျွန်တော် ကိုးတန်းလောက်ကတည်းက ဂျာဗားကော်ဖီမစ်သောက်ပြီး ဂြိုဟ်တုစလောင်း ရုပ်သံလိုင်းများမှတစ်ဆင့် အထင်တကြီး ကြည့်ခဲ့သော rcti, sctv စသောချန်နယ်တွေကို အလွယ်တကူ antenna ထောင်ကြည့်၍ရသော အရပ် ဒေသတစ်ခုသို့ရောက်လာလိမ့်မည်ဟု ထိုစဉ်က ကျွန်တော်မမှန်းဆမိဖူးခဲ့။
တကယ်ဆို ဂျော့ဂျာဟာတောပဲ၊ ဘန်ဒွန်းကိုတော့ ရောက်အောင်သွားခဲ့ - ဟုစင်္ကာပူက သူငယ်ချင်းက ပြောလိုက်တာမှတ်မိသေးသည်။ သို့သော်လည်း ဘန်ဒေါင်းဖြစ်ဖြစ်၊ ဂျကာတာဖြစ်ဖြစ်၊ ဂျော့ဂျာဖြစ်ဖြစ် အစစအတော်အဆင်ပြေပြီး သက်တောင့်သက်သာ လည်းရှိသည့်အင်ဒိုနီးရှားဟု ယခုတော့ သိလာခဲ့ပြီ။ အချိန်မတိကျတာတွေကိုတော့ ဝေဖန်စရာ တစ်ခုဖြစ်နေသည်။ မမျှော်လင့်ဘဲ ခမ်းခမ်းနားနား ကြည့်ခွင့်ရလိုက်သော Arts Scholarship ကပွဲတွေ သတ်မှတ်ချိန်ထက် နောက်ကျခြင်းမှာ ကျွန်တော်တို့ဆီက မြန်မာစံတော်ချိန် လိုပင်လေလား။
အင်ဒိုနီးရှားနှင့်မြန်မာ ဂရင်းရွိုင်ယယ် ဖိတ်ခေါ်ဘောလုံးပွဲ ရန်ကုန်၌ ကန်ကြတာကို တီဗီမှတစ်ဆင့် ကြည့်ရတော့ ရန်ကုန်ပြန်ချင်စိတ်ပင် ပေါ်မိ၏။ မြန်မာသွေးတော့ အပြည့် ပါနေသေးသည်ဟု ဆိုနိုင်သည်။ တကယ်တော့ ဂျော့ဂျာ၌ မြန်မာဆို၍ ဘောလုံးတစ်သင်းစာပင်မရှိ။ အများစုမှာ ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည်။ သို့သော် အနှီလက်တစ်ဆုပ်စာ ကျွန်တော်တို့ တစ်တွေသည် တကယ် စည်းလုံးကြသည်။ အချင်းချင်း ချစ်ခင်စာနာမှု၊ နားလည်ဖေးမမှု အပြည့်ရှိသည်။
မှတ်မှတ်ရရတွေ အများကြီးထဲက မုန့်ဟင်းခါး ချက်စားကြသည်။ ပလာတာ ကိုယ်တိုင် ရိုက်စားကြသည်။ လက်ဖက်သုပ် စုသုပ်စား ကြသည်။ ဒန်ပေါက်ချက်စားသည်။ နာမည်ကြီး Prangtritis နှင့် Depok ကမ်းခြေတို့သို့ ပျော်ပွဲစားထွက်သည်။ ဒါတောင်ကျွန်တော် ရောက်တာ တစ်လသာသာရှိသေး။ မည်မျှရင်းနှီးချစ်ခင်သည် ဆိုသည်ကိုမှန်းဆကြည့်နိုင်ပါသည်။ ထို့ပြင် ကျန်ကြော်ငြာထားသော အစီအစဉ်တွေက တန်းစီနေသေး သည်။ အုန်းနို့ခေါက်ဆွဲ၊ ရှမ်းထမင်းချဉ်၊ ထမနဲ၊ ပဲပုပ်၊ နို့ထမင်း စသည် plan တွေဆွဲပြီးသား။ မီးတောင် သွားလေ့လာဖို့၊ မြို့ပတ် bus ကားအပျော်လိုက်စီးဖို့၊ James Bond ရုပ်ရှင်အသစ် ရုပ်ရှင်ရုံသွားကြည့်ဖို့ စတာ တွေလည်းကျန်သေးသည်။ ဂျကာတာသွားမည့် လူကြုံရှိက မှာစရာတွေစာရင်းဆွဲပြီးသားပါအသင့်။ စုစုစည်းစည်းနှင့် နေချင့်စဖွယ်ကောင်းသော အသိုက်အ၀န်းလေးတစ်ခုဟု ဆိုနိုင်ပါသည်။
ဂျော့ဂျာအနီးက Borobudur သည် ကမ္ဘာ့အံ့ဖွယ်တစ်ပါး ဖြစ်သည်နှင့်အညီ အမှန်ပင် အံ့ချီးဖွယ် ဖြစ်ပါသည်။ သွားလေ့လာခွင့်ရလိုက်တာ များစွာဗဟုသုတရ၊ အကျိုးရှိလိုက် ပါသည်။
Borobudur Temple, Jogya, Indonesia
Prangtritis ကမ်းခြေသွားရင်း ပင်လယ်ရေထိ၊ ချွတ်ယွင်းသွားသော canon ကင်မရာ အတွက်တော့စိတ်မကောင်း။
Prangtritis ကမ်းခြေ နေ၀င်ချိန်
သို့တိုင် Depok ကမ်းခြေထက် sea-food တွေ အ၀အပြဲစားရင်း ပင်လယ်လှိုင်းလေတွေရှုစားရတာ၊ မျက်စိတစ်ဆုံး ပင်လယ်ပြင်ကြီးကို ထိုင်ငေးခွင့်ရတာ တန်ပါသည်။
ဒါတောင် မြို့အနီးက ပရန်ဘာနန်ကျောင်းတော်၊ မရပီမီးတောင်တို့ဆီ မသွားရသေး။ ဆူလတန်ဘုရင့်နန်းတော်တွင်း ယဉ်ကျေးမှုကပွဲတစ်ပွဲသွားကြည့်ရင်း အင်ဒိုနီးရှားရိုးရာ အနုပညာ ကို မျက်ဝါးထင်ထင်မြင်ခွင့်ရသည်မှာလည်း တန်ဖိုးရှိလှသော အတွေ့အကြုံဟုပင် ဆိုပါလေတော့။
ရောက်ပြီးသိပ်မကြာခင် ညကြီးသန်းခေါင် သူငယ်ချင်းနှင့်သွားစားဖြစ်ခဲ့သော ကမ္ဘာကျော် McDonald's ဘာဂါကတော့ စင်္ကာပူကိုမမီချင်။ ဈေးကတော့များစွာသက်သာသည်။ Mall ဟုခေါ်သော စူပါ မားကတ်ထဲ အားရအောင်လျှောက်သွားပြီးနောက် နာမည်ကျော် Pizza Hut ၌ ပီဇာစားစဉ်ကလည်း ဘယ်မှာမှမရနိုင်သောဈေးနှုန်း သက်သာစွာဖြင့် တ၀ကြိတ်ခဲ့ရသေးသည်။ အဆင်ဆန်း၊ ဈေးချို၊ ပစ္စည်းစစ်သော ပါတိတ်များ၊ အံ့ချီးစရာ အုန်းခွံ၊ ကြက်ဥခွံ၊ ငွေထည်၊ ကြိမ် စသည် တို့ဖြင့်သပ်ရပ်ရှုချင်စရာဖန်တီးထားသော လက်မှုထည်များ၊ ရိုးရာရုပ်သေးရုပ်၊ စက်ဘီး၊ မြင်းလှည်း ရုပ်လေးများ၊ တံဆိပ်ကောင်းပြီး တခြားနေရာနှင့်ယှဉ်လျှင် ဈေးချိုသော အ၀တ်အစားများ။ အင်ဒိုနီးရှား၏ ရိုးရာအစဉ်အလာဓလေ့များနှင့် global brand များအလယ်တွင် တစ်ဦးချင်း individual ဆန်စွာ လှုပ်ရှားသွားလာနေသူများ ဟန်ချက်ညီနေသည့် ဆိုင်ကယ်မြို့တော် ဂျော့ဂျာပင်ဖြစ်သည်။
Yogya, အာရှ ဆိုင်ကယ်မြို့တော်
ဒီမြို့မှာ တက္ကသိုလ်ပေါင်း ၂၀၀ ကျော်ရှိတယ်ဆို ခင်ဗျားယုံမလား - ဟုသူငယ်ချင်းကပြောတော့ ဟုတ်ပါ့မလားဟု တွေးမိသေးသည်။ တကယ်လည်း နိုင်ငံတကာအဆင့် အမျိုးသား တက္ကသိုလ်ကြီးများ အပါအ၀င် တကယ့်တက္ကသိုလ်ကြီးတွေ အမှန်ပင် ထီးထီးမားမား ရှိနေပါသည်။ အင်ဒိုနီးရှား၏ အခြားအလှမ်းဝေးသောကျွန်းများမှ ကျောင်းလာတက်သူ တွေပင်များစွာ ရှိနေကြောင်း တွေ့ရသည်။ လူဦးရေ သန်း ၂၀၀ ကျော်ရှိသည်ဆိုသော အင်ဒိုနီးရှားတစ်ခွင်ကမှ ကျွန်တော် ရောက်ခဲ့ဖူးသော ဂျာဗားကျွန်း အလယ်ပိုင်းက ယော့ယကာတာ သို့မဟုတ် ဂျော့ဂျာကာတာ ဖြစ်ပါသည် ဟုသာ…
၁၂/၁၂/၀၈
ကိုညိမ်း
Posted by
Thein Min Htike
at
12:44 PM
Tuesday, January 27, 2009
ကိုးမား ... နဲ့ ယူသာနားဆီးယား ...
တစ်ခါက သူငယ်ချင်း တစ်ယောက်ပို့လိုက်တဲ့ ဖော်ဝဒ် မေးလ် ထဲမှာ စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာ ပရိုဂရမ်မာ အမျိုးသမီး တစ်ဦး ကိုးမား ရောဂါရသွားတယ် လို့ဆိုတယ် ..။ ဆေးရုံးမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ အတူ သူ့အတွက်ကူညီလှူဒါန်းမှူတွေ ပါ ပြုလုပ်နိုင်အောင် ဖုန်းနံပတ်တွေ၊ ငွေလွှဲနိုင်အောင် ဘဏ်အကောင့်တွေပါ ထည့်ပေးထားတယ် ..။ ဝေဒနာရှင်ရဲ့ အမည်က ခိုင်ယဉ်ယဉ်ဌေး ..။ စင်္ကာပူမှာ အလုပ်လုပ်တာ ၁၀လလောက်ကြာပြီး တစ်နေ့မှာ အပြင်းဖျားတယ် ..။ နောက်မေ့မြောသွားတယ် ..။ ဆေးရုံတင်လိုက်ရတယ် .။ ဆေးရုံပေါ်ရောက်ပြီး ၃လ ကျော်တဲ့ အထိ သတိပြန်လည် မလာသေးဘူး ..။ နောက်တော့ သူလုပ်တဲ့ ကုပ္မဏီက စိုက်ထုတ်နိုင်တဲ့ ငွေပမာဏ ကျော်သွားတဲ့ အတွက်သူ့မိဘ တွေက ဆက်ပြီး တာဝန်ယူရတဲ့ အတွက် ဝိုင်းပြီး ကူညီကြပါဦးဆို ပြီး ဖော်ဝဒ်မေးတွေ ပို့ကြတယ် ..။
ဒီဖော်ဝဒ်မေးကို ဖတ်ပြီး လွန်ခဲတဲ့ ၃နှစ်လောက်က ဖတ်ဖူးတဲ့ ကာတွန်းစာအုပ်လေးကို သတိရမိတယ်..။ အဲဒါ လည်း ကိုးမား အကြောင်းပဲ ..။ ဆေးရုံတစ်ခု မှာ လာကုတဲ့ ဝေဒနာသည်တွေကို မေ့ဆေးပေးတဲ့ နေရာမှာ မှားယွင်းမှူ ဖြစ်ပြီး ကိုးမား ရောဂါရသွားတယ်။ ကိုးမား ဖြစ်ရတဲ့အကြောင်းတွေကတော့ ခန္ဒာကိုယ် ဇီဝကမ္မဖြစ်ပျက်မှူ မှာယွင်းလို့ပဲ ဖြစ်ဖြစ်၊ အက်ဆီးဒင့် တစ်ခုခုကြောင့် ဦးနောက်ကို ထိခိုင်ရင် ဖြစ်တတ်တယ်လို့ဆိုတယ်..။ ကိုးမား ရောဂါဆိုတာက ဦးနှောက်ကလွဲရင် တစ်ကိုယ်လုံးက အကောင်းပကတိလို့ဆိုတယ်..။ ဒီခန္ဒာကိုယ်ကို လိုအပ်တဲ့ အပုချိန်၊ အဟာရ၊ အောက်ဆီဂျင်သာ ပေးမယ်ဆိုရင် နှစ်ပေါင်းများစွာ အသက်ရှင်နိုင်တယ် ..။ ဒါပေမယ့် သတိပြန်လည် လာနိုင်တဲ့ ရာခိုင်နှန်းက တော့ ၁၅ % ပဲ ရှိတယ်တဲ့ ..။ အဲဒီတော့ အဲဒီဆေးရုံက ကိုးမား ဝေဒနာ ရှင်တွေရဲ့ ခန္ဒာကိုယ် အစိတ်အပိုင်း နှလုံး၊ ကျောက်ကပ်စတဲ့ အစိတ်အပိုင်းတွေကို ရောင်းစားတယ် လို့ တရားစွဲထားတဲ့ ကားတွန်းလေးပါ ..။ Illegal Transplantation ပေါ့ ..။
ကိုးမား (Coma) ဆိုတာ ဂရိဘာသာစကားဖြစ်ပြီး Deep Sleep လို့ဆိုတယ်..။ ဒါပေမယ့် မြန်မာလိုတော့ မေ့မြောနေခြင်း လို့ ပြောရင် ပိုပြီး ရှင်းမယ် ထင်တယ် ..။ သာမန်လူတွေလို အိပ်မယ် ၊နိုးမယ် ဆိုတာ မရှိတော့ဘူး ..။ ဘာလို့လဲ ဆိုတော့ ကိုးမား ဝေဒနာ ရှင်ဟာ မေ့မျောပြီး အိပ်စက်ရာကနေ ဘယ်တော့မှ မနိုးတော့လို့ပါပဲ ..။ နာကျင်ထိတွေ့ ခံစားမှူလည်း မရှိတော့ဘူး ..။ တစ်ခါက နိုင်းနိုင်းစနေ ရေးတဲ့ ဝတ္တုတိုလေးထဲကလို လူက မေ့မြောနေပေမယ့် ဝိညာဉ်က အွန်လိုင်းကို လာပြီး ချက်နိုင်သေးရင် ကောင်းသား လို့တောင် တွေးမိသေးတယ်..။ မခိုင်ယဉ်ယဉ်ဌေးရဲ့ မိဘတွေကတော့ မျော်လင့်ချက်အပြည့်နဲ့ ဆက်ပြီး အာဟာရတွေ ဖြည့်ပေးနေဦးမယ်ထင်တယ် ..။ အခု နောက်ပိုင်းတော့ မခိုင်ယဉ်ယဉ်ဌေးရဲ့ သတင်း မကြားရတော့ဘူး..။ တခြား ပရိုဂရမ်မာတွေကို လည်း အကူအညီတောင်းချင်သေးတယ် ..။ ခန္ဒာကိုယ် ဇီဝကမ္မဖြစ်ပျက်မှူ အမြဲတမ်း မှန်နေအောင် ပရိုဂရမ်လေး ရေးပေးပါဦး .. လို့ ..။
တစ်ချို့အနောက်နိုင်ငံ ဇာတ်လမ်းတွေမှာတော့ အသုံးမဝင်တော့တဲ့ လူစင်မမှီတော့တဲ့ သူတွေဆိုရင် သတ်ပြစ်လိုက်ကြတာပဲ..။ တိုက်ပွဲမှာ မိုင်းမိလို့ ခြေလက်တွေ ပြတ်သွားရင် သတ်ပြစ်လိုက်တာပဲ..။ မသယ်နိုင်တော့ဘူးလေ .. ဒုက္ခိကကြီးကို ..။ ကိုယ့်လူကို ကိုယ် မသတ်ရင် ရန်သူက ရက်ရက်စက်စက် သတ်ဦးမှာ..။ အဲဒီတော့ သနားလို့ သတ်ပေးလိုက်တယ် ..။ မျက်စေ့မှိတ်ခိုင်းပြီးနားထင်ကို သနတ်နဲ့ ပြစ်လိုက်တယ် ..။ ဒါကိုပဲ Mercy Killing သနားလို့ သတ်တာဆို ပြီး နာမည်ပေးထားသေးတယ် ..။ Euthanasia (ညင်သာစွာသေဆုံးစေခြင်း) ဆိုပြီး တရားဝင် သတ်ခွင့်ရှိတဲ့ နိုင်ငံတွေလည်း အများအပျားပဲ ..။ ကျွန်တော်တို့ အိမ်နီးချင်း ထိုင်းနိုင်ငံတောင် သနားတတ်လို့ အဲဒီ ဥပဒေကို တရားဝင်သတ်မှတ်ထားတယ်တဲ့ ..။
ကိုးမား ဖြစ်တိုင်း သတိပြန်လည်မလာတာတော့ မဟုတ်ပါဘူး ..။ ၁၉၈၈ ခုနှစ်က ဥရောပ အလယ်ပိုင်း ပိုလန်နိုင်ငံက ရထားလမ်းလုပ်သားလေး ရထားနဲ့ ဦးခေါင်းထိခိုက်မိပြီး ကိုးမားဖြစ်သွားတယ်..။ ဦးနှောက်အတွင်းပိုင်း ရောင်လို့ဖြစ်သွားတာတဲ့ ..။ သူ့ဇနီးရဲ့ စနစ်တကျ ပြုစုစောင့်ရှောက်မူကြောင့် ၁၉နှစ်ကြာပြီးနောက် ၂၀၀၆ ခုနစ်မှာ သတိပြန်လည် လာခဲ့တယ်..။ ဘာ့ကြောင့်လဲ ဆိုတော့ အသက်ကြီးလာပြီး ဦးနှောက်အတွင်းပိုင်းက ရှံ့လာပြီး အရောင်လျော့သွားလို့တဲ့ ..။ သူ ကိုးမား မဖြစ်ခင်က သားသမီး လေးယောက်ရှိခဲ့တာ အခုတော့ မြေး ၁၁ယောက်ချီနေရပြီ ..။ သူကပြောသေးတယ် .. ကျွန်တော် အနေနဲ့ကတော့ အဖြစ်အပျက်က မနေ့ကလိုပါပဲ.. အရင်က ကျွန်တော် ဈေးဆိုင်တစ်ဆိုင်ထဲဝင်လိုက်ရင် လဘက်ခြောက်၊ဗနီဂါ နဲ့ အသားခြောက်တွေပဲ တွေ့ရတယ် အခုတော့ ..ဈေးဆိုင်တွေမှာလည်းကုန်မျိုးစုံနဲ့ တွေ့သမျှလူအားလုံးက လမ်းပေါ်မှာ ဟန်းဖုန်းကို ကိုင်ပြီး လျှောက်နေကြပြီ ..။
ကျွန်တော်လည်း ကြားထဲကနေ မဆီမဆိုင် တွေးမိသေးတယ် ..။ ကျွန်တော်သာ ၁၉၈၈ ခုနှစ်က ကိုးမား ဖြစ်ပြီး (ဖွာ့ ဟဲ့. . လွဲပါစေ.. ဖယ်ပါစေ) ၂၀၀၆ ခုနှစ်မှာ သတိပြန်ရခဲ့ရင် ကျွန်တော်တို့ မြန်မာနိုင်ငံကို ဘယ်လိုလေး ပြန်မြင်ရမလဲလို့ ရင်ခုန်မိသေးတယ် ..။
Posted by
ခိုင်မြဲ
at
3:16 PM
0 comments Labels: အတွေးများ