အင်ဒိုနီးရှား … ဂျာဗားကျွန်းပေါ်ကမြို့တစ်မြို့
ဒီမှာ ဈေးထဲသွားပြီး ခင်ဗျား ခြင်ထောင်လိုက်ရှာရင် ဘယ်မှာမှ ၀ယ်လို့ရမှာ မဟုတ်ဘူး - ဟုကျွန်တော့် သူငယ်ချင်းကပြောသည်။ တကယ်တွင်လည်း ဂျော့ဂျာ၌ ခြင်ကိုသိပ်မတွေ့ရ၊ မိုးတွင်းပင်လျှင် ခြင်ကိုက်တာသိပ်မရှိ။ ကျန်သူငယ်ချင်း တစ်ယောက်က သူ့ဆေးကျောင်းသင်တန်း သုတေသနစာတမ်းအတွက် ငှက်ဖျားပိုးကို မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ ခန်းတောက်မြစ်က ကုသပေးနိုင်ပုံအကြောင်း လေ့လာပြုစုခဲ့ရတာတွေ ပြောပြသည်။ chloroquine ကို ခန်းတောက်မြစ်နှင့် နှိုင်းယှဉ်ကာ ကြွက်တွေကို ငှက်ဖျားဖြတ်နိုင်စွမ်း စမ်းသပ်ခြင်းဟု ဆိုသည်။ အင်ဒိုနီးရှား၏ ငှက်ဖျားဖြစ်နှုန်း မည်မျှရှိသည်၊ မြန်မာထက်မည်မျှ များသည် နည်းသည်ကို ကျွန်တော်တော့ အတိအကျမသိပါ။ နေထိုင်မှုအဆင့်အတန်း အထိုက်အသင့် ကောင်းမွန်တာကိုမူ ငြင်းရမည်မထင်။ ဤအထင်ကြီးမှုသည် ယခုမှမဟုတ်…
ကျွန်တော် ကိုးတန်းလောက်ကတည်းက ဂျာဗားကော်ဖီမစ်သောက်ပြီး ဂြိုဟ်တုစလောင်း ရုပ်သံလိုင်းများမှတစ်ဆင့် အထင်တကြီး ကြည့်ခဲ့သော rcti, sctv စသောချန်နယ်တွေကို အလွယ်တကူ antenna ထောင်ကြည့်၍ရသော အရပ် ဒေသတစ်ခုသို့ရောက်လာလိမ့်မည်ဟု ထိုစဉ်က ကျွန်တော်မမှန်းဆမိဖူးခဲ့။
တကယ်ဆို ဂျော့ဂျာဟာတောပဲ၊ ဘန်ဒွန်းကိုတော့ ရောက်အောင်သွားခဲ့ - ဟုစင်္ကာပူက သူငယ်ချင်းက ပြောလိုက်တာမှတ်မိသေးသည်။ သို့သော်လည်း ဘန်ဒေါင်းဖြစ်ဖြစ်၊ ဂျကာတာဖြစ်ဖြစ်၊ ဂျော့ဂျာဖြစ်ဖြစ် အစစအတော်အဆင်ပြေပြီး သက်တောင့်သက်သာ လည်းရှိသည့်အင်ဒိုနီးရှားဟု ယခုတော့ သိလာခဲ့ပြီ။ အချိန်မတိကျတာတွေကိုတော့ ဝေဖန်စရာ တစ်ခုဖြစ်နေသည်။ မမျှော်လင့်ဘဲ ခမ်းခမ်းနားနား ကြည့်ခွင့်ရလိုက်သော Arts Scholarship ကပွဲတွေ သတ်မှတ်ချိန်ထက် နောက်ကျခြင်းမှာ ကျွန်တော်တို့ဆီက မြန်မာစံတော်ချိန် လိုပင်လေလား။
အင်ဒိုနီးရှားနှင့်မြန်မာ ဂရင်းရွိုင်ယယ် ဖိတ်ခေါ်ဘောလုံးပွဲ ရန်ကုန်၌ ကန်ကြတာကို တီဗီမှတစ်ဆင့် ကြည့်ရတော့ ရန်ကုန်ပြန်ချင်စိတ်ပင် ပေါ်မိ၏။ မြန်မာသွေးတော့ အပြည့် ပါနေသေးသည်ဟု ဆိုနိုင်သည်။ တကယ်တော့ ဂျော့ဂျာ၌ မြန်မာဆို၍ ဘောလုံးတစ်သင်းစာပင်မရှိ။ အများစုမှာ ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည်။ သို့သော် အနှီလက်တစ်ဆုပ်စာ ကျွန်တော်တို့ တစ်တွေသည် တကယ် စည်းလုံးကြသည်။ အချင်းချင်း ချစ်ခင်စာနာမှု၊ နားလည်ဖေးမမှု အပြည့်ရှိသည်။
မှတ်မှတ်ရရတွေ အများကြီးထဲက မုန့်ဟင်းခါး ချက်စားကြသည်။ ပလာတာ ကိုယ်တိုင် ရိုက်စားကြသည်။ လက်ဖက်သုပ် စုသုပ်စား ကြသည်။ ဒန်ပေါက်ချက်စားသည်။ နာမည်ကြီး Prangtritis နှင့် Depok ကမ်းခြေတို့သို့ ပျော်ပွဲစားထွက်သည်။ ဒါတောင်ကျွန်တော် ရောက်တာ တစ်လသာသာရှိသေး။ မည်မျှရင်းနှီးချစ်ခင်သည် ဆိုသည်ကိုမှန်းဆကြည့်နိုင်ပါသည်။ ထို့ပြင် ကျန်ကြော်ငြာထားသော အစီအစဉ်တွေက တန်းစီနေသေး သည်။ အုန်းနို့ခေါက်ဆွဲ၊ ရှမ်းထမင်းချဉ်၊ ထမနဲ၊ ပဲပုပ်၊ နို့ထမင်း စသည် plan တွေဆွဲပြီးသား။ မီးတောင် သွားလေ့လာဖို့၊ မြို့ပတ် bus ကားအပျော်လိုက်စီးဖို့၊ James Bond ရုပ်ရှင်အသစ် ရုပ်ရှင်ရုံသွားကြည့်ဖို့ စတာ တွေလည်းကျန်သေးသည်။ ဂျကာတာသွားမည့် လူကြုံရှိက မှာစရာတွေစာရင်းဆွဲပြီးသားပါအသင့်။ စုစုစည်းစည်းနှင့် နေချင့်စဖွယ်ကောင်းသော အသိုက်အ၀န်းလေးတစ်ခုဟု ဆိုနိုင်ပါသည်။
ဂျော့ဂျာအနီးက Borobudur သည် ကမ္ဘာ့အံ့ဖွယ်တစ်ပါး ဖြစ်သည်နှင့်အညီ အမှန်ပင် အံ့ချီးဖွယ် ဖြစ်ပါသည်။ သွားလေ့လာခွင့်ရလိုက်တာ များစွာဗဟုသုတရ၊ အကျိုးရှိလိုက် ပါသည်။
Borobudur Temple, Jogya, Indonesia
Prangtritis ကမ်းခြေသွားရင်း ပင်လယ်ရေထိ၊ ချွတ်ယွင်းသွားသော canon ကင်မရာ အတွက်တော့စိတ်မကောင်း။
Prangtritis ကမ်းခြေ နေ၀င်ချိန်
သို့တိုင် Depok ကမ်းခြေထက် sea-food တွေ အ၀အပြဲစားရင်း ပင်လယ်လှိုင်းလေတွေရှုစားရတာ၊ မျက်စိတစ်ဆုံး ပင်လယ်ပြင်ကြီးကို ထိုင်ငေးခွင့်ရတာ တန်ပါသည်။
ဒါတောင် မြို့အနီးက ပရန်ဘာနန်ကျောင်းတော်၊ မရပီမီးတောင်တို့ဆီ မသွားရသေး။ ဆူလတန်ဘုရင့်နန်းတော်တွင်း ယဉ်ကျေးမှုကပွဲတစ်ပွဲသွားကြည့်ရင်း အင်ဒိုနီးရှားရိုးရာ အနုပညာ ကို မျက်ဝါးထင်ထင်မြင်ခွင့်ရသည်မှာလည်း တန်ဖိုးရှိလှသော အတွေ့အကြုံဟုပင် ဆိုပါလေတော့။
ရောက်ပြီးသိပ်မကြာခင် ညကြီးသန်းခေါင် သူငယ်ချင်းနှင့်သွားစားဖြစ်ခဲ့သော ကမ္ဘာကျော် McDonald's ဘာဂါကတော့ စင်္ကာပူကိုမမီချင်။ ဈေးကတော့များစွာသက်သာသည်။ Mall ဟုခေါ်သော စူပါ မားကတ်ထဲ အားရအောင်လျှောက်သွားပြီးနောက် နာမည်ကျော် Pizza Hut ၌ ပီဇာစားစဉ်ကလည်း ဘယ်မှာမှမရနိုင်သောဈေးနှုန်း သက်သာစွာဖြင့် တ၀ကြိတ်ခဲ့ရသေးသည်။ အဆင်ဆန်း၊ ဈေးချို၊ ပစ္စည်းစစ်သော ပါတိတ်များ၊ အံ့ချီးစရာ အုန်းခွံ၊ ကြက်ဥခွံ၊ ငွေထည်၊ ကြိမ် စသည် တို့ဖြင့်သပ်ရပ်ရှုချင်စရာဖန်တီးထားသော လက်မှုထည်များ၊ ရိုးရာရုပ်သေးရုပ်၊ စက်ဘီး၊ မြင်းလှည်း ရုပ်လေးများ၊ တံဆိပ်ကောင်းပြီး တခြားနေရာနှင့်ယှဉ်လျှင် ဈေးချိုသော အ၀တ်အစားများ။ အင်ဒိုနီးရှား၏ ရိုးရာအစဉ်အလာဓလေ့များနှင့် global brand များအလယ်တွင် တစ်ဦးချင်း individual ဆန်စွာ လှုပ်ရှားသွားလာနေသူများ ဟန်ချက်ညီနေသည့် ဆိုင်ကယ်မြို့တော် ဂျော့ဂျာပင်ဖြစ်သည်။
Yogya, အာရှ ဆိုင်ကယ်မြို့တော်
ဒီမြို့မှာ တက္ကသိုလ်ပေါင်း ၂၀၀ ကျော်ရှိတယ်ဆို ခင်ဗျားယုံမလား - ဟုသူငယ်ချင်းကပြောတော့ ဟုတ်ပါ့မလားဟု တွေးမိသေးသည်။ တကယ်လည်း နိုင်ငံတကာအဆင့် အမျိုးသား တက္ကသိုလ်ကြီးများ အပါအ၀င် တကယ့်တက္ကသိုလ်ကြီးတွေ အမှန်ပင် ထီးထီးမားမား ရှိနေပါသည်။ အင်ဒိုနီးရှား၏ အခြားအလှမ်းဝေးသောကျွန်းများမှ ကျောင်းလာတက်သူ တွေပင်များစွာ ရှိနေကြောင်း တွေ့ရသည်။ လူဦးရေ သန်း ၂၀၀ ကျော်ရှိသည်ဆိုသော အင်ဒိုနီးရှားတစ်ခွင်ကမှ ကျွန်တော် ရောက်ခဲ့ဖူးသော ဂျာဗားကျွန်း အလယ်ပိုင်းက ယော့ယကာတာ သို့မဟုတ် ဂျော့ဂျာကာတာ ဖြစ်ပါသည် ဟုသာ…
၁၂/၁၂/၀၈
ကိုညိမ်း
No comments:
Post a Comment