စင်္ကာပူမှာ ဗမာတွေ ဘယ်လောက် ပေါများနေသလဲ (၁)
စင်္ကာပူရောက် ဗမာ လူငယ် သုံးဦး MRT အစိမ်းလိုင်းစီး၍ ဗမာ ပလာဇာ သို့ သွားရင်း ရထားပေါ်တွင် စကားစမြည် ပြောဆိုနေကြ၏။ဘေးနားမှ တရုတ်လူမျိုး ပုံပေါက်၍၊ တရုတ်လူမျိုးဟု ထင်ရသော အဒေါ်ကြီးတစ်ယောက်က အသံစွာကျယ်စွာကျယ်ဖြင့် စကားပြောနေသော ထို လူငယ်သုံးဦးကို ကွက်ကြည့် ကွက်ကြည့် လုပ်နေလေ၏။ ထိုစဉ် "Red Hill" ...... "Next station: Tiong Bahru" Red Hill ဘူတာတွင် ခရီးသည်တချို့ ဆင်းသွားသဖြင့် လူငယ်သုံးဦးရှေ့က ထိုင်ခုံတလုံး လွှတ်သွားလေသည်။ လူငယ်များမှ ယဉ်ကျေးမှု အရ ဘေးမှ အဒေါ်ကြီး ထိုင်လိုက ထိုင်နိုင်ရန်အတွက် ချက်ချင်း ထိုင်ခုံတွင် ၀င်မထိုင်ပဲ နေရာပေးလိုဟန် ပြုကြ၏။ အဒေါ်ကြီးက အတန်ကြာသည် အထိ မထိုင်သဖြင့် လူငယ်သုံးဦးအနက် တစ်ဦးက ထိုင်ခုံတွင် ၀င်ထိုင်လေ၏။ ထိုအချိန်တွင် ကျန် လူငယ် နှစ်ဦး အနက် တစ်ဦးမှ နောက်လိုဟန်ဖြင့် "ဟေ့ရောင်...မင်းက ခပ်တည်တည်နဲ့ ၀င်ထိုင်နေ၊ ဘွားတော်က မင်းကို တင်းနေပြီနော်..ဟား...ဟား" သို့ရာတွင့် ဘေးမှ အဒေါ်ကြီး ဗမာသံအပြည့်ဖြင့်ပြန်ပြောလိုက်သော စကားကို ကြားလိုက်ရသောအခါ လူငယ်သုံးဦးလုံး ပါးစပ် အဟောင်းသား ဖြင့် နှုတ်ဆိတ်နေလေတော့၏။ "အမယ်လေး...မတင်းပါဘူးတော်...၊ မတင်းပါဘူး။ ထိုင်ပါ၊ ထိုင်ပါ။" ကောင်းတမန်
No comments:
Post a Comment