စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Wednesday, August 26, 2009

စလင်းချောင်းသို့ တမ်းချင်း

 

စလင်းချောင်းနံဘေးက ငှက်တွေ

အသိုက်လိုက် ပျံဆင်းသွားကြတယ်

ဦးတည်ရာ ကိုယ်စီနဲ့ပေါ့။

 

နာကျည်းခံပြင်းရလွန်းတဲ့ ပန်းချီကားတချပ်ထဲက

သူတို့ ရုန်းထွက်လာခဲ့ရသလို ခံစားခဲ့ကြတယ်။

 

ဒါမှမဟုတ်

မယုံသင်္ကာမျက်လုံးတွေကို

သူတို့ နှုတ်ဆက်ခဲ့ရတယ်လို့ပဲ ဆိုမလား။

 

ဘာပဲပြောပြော သူတို့တောင်ပံတွေတော့

အလှီးမခံရတော့တာ သေချာပါတယ်။

 

ကျင့်ကွင်းလို့ သူတို့ခေါ်တဲ့

ဒီနေရာသစ်မှာ

ကိုယ့်နှုတ်သီးကို ကိုယ်တိုင်ဖဲ့ပြီး သွေးကြရပြန်တယ်။

 

အဲဒီ ကျင့်ကွင်းမှာ မြက်မနုပေမယ့်

ရေတော့ ကြည်နေလို့ တော်ပါသေးရဲ့။

 

နှုတ်သီးတွေ သွေးပြီးတဲ့ တနေ့

ဌာနေဟောင်းဆီ သူတို့ ပြန်(ပျံ)လိမ့်မလား။

 

အဲဒီတနေ့ အမှန်တကယ် ရှိခဲ့မယ်ဆိုရင်

သူ့တို့ နှုတ်သီးမြမြတွေနဲ့

သူ့တို့ ထားရစ်ခဲ့တဲ့ ပန်းချီကားဟောင်းလေးကို

အလှပဆုံး ပြန်ရေးဆွဲကြအုံးမလား။

 

အဲဒီနေ့ကျ

ဧရာဝတီရယ်

စလင်းချောင်းရယ်

ငှက်တွေရယ်

ဇာတ်ပေါင်းထုတ်ဖြစ်ကြရင်

ဒီရေတွေတောင် တကြိတ်ကြိတ်တိုးနေဦးမလား။

 

တကယ်ဆို

ဘာပဲဖြစ်ဖြစ်

စလင်းချောင်းဟာ

သူ့တာဝန်သူကျေလို့

ဧရာဝတီမြစ်ထဲကို

ဆက်လက်စီးဆင်းနေဆဲပါပဲ။

 

ကောင်းတမန်(သီရိကုက္ကို)
စလင်းချောင်းမှ ငှက်များ အားလုံးအတွက် လက်ဆောင်မွန်

[+/-] အပြည့်အစုံသို့...

Saturday, July 25, 2009

စဉ်းစားမိသော အတွေးများ

 

စိတ်ကူးတခုခုပေါက်လာတိုင်း၊ စိတ်ထဲ တခုခုတွေးမိတိုင်း ကျူပ်က အဲဒီအတွေးတွေကို စာအဖြစ် ချချရေးထားတတ်တယ်။ ဒီနေ့တော့ ကျူပ်အဲဒီလို ချချရေးထားဖူးတဲ့ အတွေးတွေထဲက တချို့ကို စိတ်မီးအိမ်မှာ မျှဝေလိုက်ပါတယ်။ သဘောထားတိုက်ဆိုင်ရင်လည်း ၀မ်းသာမိပါတယ်။ သို့ပေမင့် ဂေါက်ကြောင်ကြောင်အတွေးတွေလို့ ထင်ရင်လည်း ထင်ခွင့်ရှိသလို၊ သဘောမတူနိုင်ကြရင်လည်း ကွဲလွဲခွင့် အပြည့်ရှိသည်ဟုသာ ကြိုတင်ထောက်ပြထားလိုပါကြောင်း။

 

အတွေး(၁)

လောဘ လား၊ လောကလား

လောကတိုးတက်လာခြင်းဟာ လောဘကိုအရောင်ဆိုးမှုလား။ လောဘကြောင့် ပျက်သုဉ်းလာတဲ့အရင်းအမြစ်တွေ ကာကွယ်ဖို့ သုတေသနတွေ လုပ်ရပြန်တယ်။ လုပ်တော့ရော ကုန်သွားပြီးဖြစ်တဲ့ ဒီအရင်းအမြစ်တွေ ပြန်ဖြစ်လာနိုင်မလား..။ တကယ်ဆို… ဘုရားဟောအတိုင်း ရုပ်ပိုင်းဆိုင်ရာ လန်းနေမှုနောက် မလိုက်ပဲ စိတ်ပိုင်းဆိုင်ရာ လန်းနေမှုအောက်မှာ အစကတည်းက သဘာဝကြီးကို အတူတူ တန်ဖိုးထားပြီး ထိန်းထိန်းသိမ်းသိမ်းသာ နေနိုင်ခဲ့ကြမယ်ဆိုရင်..။

ခုတော့ဗျာ ဟိုးကမ္ဘာ့တဘက်ခြမ်းမှာ သဘာဝအရင်းအမြစ်တွေကို ဗုံးဗောလအော ဇွတ်သုံးချင်တိုင်း သုံးပြီး တီထွင်ထားတဲ့ ဇိမ်ခံကားပေါ်မှာတောင် ထမင်းချက်လို့ရနေတဲ့အချိန် ကျူပ်တို့ဒီဘက်ခြမ်းမှာတော့ သဘာဝတရားကို ချွေတာရလွန်းလို့ တနေ့စာ သောက်ရေသန့် နဲ့ ၀မ်းစာလေး အတွက်တောင် ပြေးလွှားနေကြရဆဲပဲဗျာ။

တကယ်ဆို ဒီကမ္ဘာကြီးကို ဘယ်သူမှ မပြုပြင်ကြပါဘူး…။ဘယ်သူမှ မကယ်တင်ကြပါဘူးလို့ ကျူပ်တော့ ထင်တယ်။

 

အတွေး(၂)

ဘုရင်နှင့် သခင်

ငါသာလျှင် ငါ၏ဘုရင်

ငါ၏သခင်

သို့သော်

ငါသည် သူ့များ၏ သခင် မဖြစ်ချင်။

(အလဟဿ ဆရာလုပ်ချင်သူများကို တွေ့လျှင် ထိုသို့ တွေးတတ်ပါသည်။)

 

အတွေး(၃)

ဘာမှမရှိ

ဤလောက၌ ရန်သူ၊မိတ်ဆွေ၊အသိ၊သူစိမ်း၊ဆရာ၊တပည့်၊ သခင်၊ကျွန်၊ဘုရင်၊လက်အောက်ငယ်သားတို့ မရှိပြီ။ အားလုံးသည် ခရီးသွားဖော်များဖြစ်၏။

(ဘုရားဟော၊လူတိုင်းသိ အတွေးစများ ဖြစ်သော်လည်း ကိုယ့်ဘာသာ ဆင်ခြင်မိမှ ပိုလို့ မြင်သည်ဟု ထင်မိပါသည်။)

 

အတွေး(၄)

လူဆိုတာ ဘာလဲ။

ငိုခြင်း၊ရယ်ခြင်း၊တမ်းတခြင်းများ ခန်းခြောက်သောနေ့..

အဲဒီနေ့မှာ လူ့အဓိပ္ပာယ်ကို ကျူပ်လိုက်ရှာနေမိတယ်ဗျာ။

(ဘာဆိုဘာမှ မခံစားချင်၊မလုပ်ချင်တော့သောအခါ လူ့အဓိပ္ပါယ်ကို ကျူပ်တကယ် ရှာနေမိတတ်ပါတယ်။)

 

အတွေး(၅)

ကလေးတယောက်လို ကျူပ်ငိုတတ်ပါရစေ

တခါတလေကျ

တွေးတတ်အောင် ဆုံးမပေးခဲ့တဲ့ လူတွေကို ကျေးဇူးမတင်ဘူး။

ဖတ်ဖူးခဲ့တဲ့ စာအုပ်တွေကိုလည်း ကျေးဇူးမတင်ဘူး။

ကျူပ်ကို ထိန်းချူပ်တတ်အောင် သင်ပေး၊လုပ်ပေးတဲ့ အရာအားလုံးကို ကျေးဇူးမတင်ဘူး။

ကျူပ်ငိုနေရင် အားပေးနှစ်သိမ့်စကားတွေ တဖွဖွပြောမနေပဲ၊ ကလေးတယောက်လို  ရှိုက်ကြီးတငင် ကူငိုပေးတတ်တဲ လူတွေကို လိုချင်မိတယ်။

(တကယ်ပါ…။ တခါတလေ အဲလို လူမျိုး ဖြစ်ချင်သလို၊ အဲလို လူမျိုးတွေလည်း ရချင်တယ်။)

 

ကောင်းတမန်(သီရိက္ကို)

[+/-] အပြည့်အစုံသို့...

Tuesday, July 21, 2009

လပေါ်ကယုန်ရုပ်လေး

လပေါ်မှာ ယုန်ရုပ်နဲ့ပါတ်သက်ပြီးတော့ ငယ်ငယ်ကတော့ ပုံပြင်တွေ၊ ကဗျာတွေ ကြားဖူးပါတယ်။ ဒါပေမယ့် စာရေးဆရာတွေ စိတ်ကူးယဉ်ပြီး ရေးကြတယ်ဆိုပြီး မှတ်ထားမိတာ... ဟိုတလောက ရွှေကျီးမြင် ဘုရားပါတ်ဖူးရင်း ပညာပျိုးခင်းကနေပြီး ဓမ္မဒါနအဖြစ်စာအုပ်တွေ အခမဲ့ဖတ်စေတာ တွေ့ခဲ့ရပါတယ်။ အနတ္တလည်း (အလကားရတယ်ဆိုပြီး.. ဟုတ်ပါဘူး) အချိန်ရတယ်ဆိုပြီး ဓမ္မဗျူဟာ စာစောင်ဖတ်ဖြစ်ခဲ့ပါတယ်။ အဲဒီထဲမှာ တစ်ကမ္ဘာကြာသည့်တိုင်အောင် မပျက်မဆီး တည်ရှိနေမယ့် အရာလေးခုကို ပြန်လည်ဖတ်ခဲ့ရ ပါတယ်။ အဲဒီအရာလေးခုကို အနတ္တကပို့စ်တင်ဖို့ရန်အတွက် နာမည်တွေအတိအကျကူးရေးမယ်ဆိုပြီး ပြန်ရှာခဲ့ ပေးမယ့် အဲဒီစာအုပ်ကိုရှာလို့မတွေ့ဘူးဖြစ်နေလို့ မှတ်မိတဲ့အတိုင်းပဲ တင်ပေးလိုက်ပါတယ်။
ကမ္ဘာတည်သမျှတည်ရှိနေမယ့် အရာလေးခုကတော့.......
(၁) ဘုရားအလောင်းငုံးမင်းဘဝ မီးကွင်းတဲ့နေရာ
(၂) အဆစ်မပါတဲ့ ကျူပင်
(၃) လပေါ်က ယုန်ရုပ်
(၄) မိုးကွင်းတဲ့နေရာ တို့ပဲဖြစ်ပါတယ်။
(၁) ဘုရားအလောင်းတော် ငုံးမင်းဘဝမှာတုန်းက သစ္စာစွမ်းအားကြောင့် မီးကွင်းခဲ့တဲ့နေရာဟာ ကပ်တစ်ကမ္ဘာ ကြာသည့်တိုင်အောင် မီးမလောင်တော့ဘူးတဲ့။ မီးကွင်းအောင်ရွတ်ဖတ်ရတဲ့ ငုံးမင်းပရိတ်တော် ရှိနေတာကြောင့် ယခုအကြောင်းအရာက ဗုဒ္ဓဘာသာဝင်တိုင်း ကြားဖူးနားဝ ရှိနေတဲ့အကြောင်းအရာပါပဲ။
(၂) ဘုရားအလောင်းတော် မျောက်မင်းဘဝမှာ မျောက်အပေါင်း ငါးရာကို ခေါင်းဆောင်ပြီး နေထိုင် သွားလာတယ်တဲ့။ ခရီးသွားတဲ့အခါမှာလည်း သူအောက်ကမျောက်အပေါင်းကို မမြင်ဘူးတဲ့ အသီး၊ မသောက်ဘူးတဲ့နေရာကရေ မစား၊မသောက်ဖို့မှာထားတယ်တဲ့။ အဲဒီလိုနဲ့ ခရီးတစ်ခုလည်းရောက်ရော မျောက်အပေါင်းက ရေစာနေတဲ့အချိန်မှာ အသားစားဘီလူးစောင့်တဲ့ ရေအိုင်တစ်ခုကိုတွေ့သတဲ့။ ရေအိုင်ကရေကို သောက်ဖို့ မျောက်မင်းထံ ခွင့်တောင်းတဲ့အခါ မျောက်မင်းက ရေအိုင်ရဲ့ပါတ်လည်မှာ လိုက်ကြည့်လိုက်တဲ့အခါမှာ ရေကန်ထဲကို ဆင်းသွားတဲ့ခြေယာသာတွေ့ပြီး ပြန်တက်လာတဲ့ခြေယာကို မတွေ့ရဘူးတဲ့။ အဲဒါကြောင့် မျောက်မင်းက ရေဆင်းသောက်ဖို့ခွင့်မပြုဘဲ အနီးအနားမှာရှိတဲ့ ကျူပင်းတစ်ပင်ကို နုတ်ခိုင်းပြီး ဘဝအဆက်ဆက်ကဖြည့်ခဲ့တဲ့ ပါရမီတွေကို တိုင်တည်ပြီးဆုတောင်းလိုက်သတဲ့ အဲဒီလိုဆုတောင်ပြီး ကျူပင်ကို နှုတ်ခမ်းမှာတွေ့ပြီး မှတ်ထုတ်လိုက်သတဲ့ အဲဒီကျူပင်နဲ့တပြိုင်တည်း တခြားကျန်တဲ့ကျူပင်တွေ အားလုံးပါ အဆစ်တွေပြုတ်ထွက်ကုန်တယ်တဲ့။ အဲဒီအချိန်ကနေစပြီး ဒီတစ်ကမ္ဘာတိုင်အောင်ကျူပင်တွေဟာ အဆစ်မပါတော့ဘူးတဲ့။ ကျူပင်တွေအဆစ်တွေလည်းပြုတ်ရော ဘုရားလောင်းမျောက်မင်းက ကျူပင်ကို ရေထဲချပြီး ကုန်ပေါ်ကနေ ရေစုပ်သောက်စေသတဲ့။ အဲဒီတော့မှပဲ တခြားမျောက်တွေက အနားကကျူပင်တွေကိုနှုတ်ယူပြီး ရေစုပ်သောက်ကြသတဲ့။ အဲဒီရေအိုင်မှာစောင့်တဲ့ ဘီးလူးကလည်း သူ့ရေအိုင်ထဲကိုဆင်းလာတဲ့ သတ္တဝါအားလုံး စားသောက်ဖို့ နတ်မင်းကြီးတွေကခွင့်ပြုထားသတဲ့။ အခုမျောက်မင်းနဲ့အပေါင်းအပါမျောက်တွေက ကုန်ပေါ်ကနေပဲ ရေသောက်ကြတာဆိုတော့ ဘီးလူးအစား မခံရဘဲ မျောက်တစ်ကောင်မှ အသက်မဆုံးရှုံးတော့ဘူးပေါ့လေ။
(၃) ဘုရားအလောင်း ယုန်မင်းဘဝမှာ တောထဲမှာ တခြားတိရိစ္ဆာန်နှစ်ကောင်းနဲ့ မိတ်ဆေဖွဲပြီး နေထိုင်သတဲ့။ အဲဒီလိုနေထိုင်ရင်းနဲ့ ယုန်မင်းဟာစဉ်းစားတဲ့အခါ သူတို့တိရိစ္ဆာန်သုံးကောင်းဟာ အစားစားတဲ့သူ မပါကြဘူးတဲ့။ အဲဒီတော့ သူတို့ဆီမှာ အသားတစုံတရာမရှိကြဘူးလေ။ ယုန်မင်းဟာ အလျှူဒါနမှာ စံပြုလောက်အောင်ကိုပဲ သဒ္ဒါတရာထက်သန်တယ်လေ။ သူတို့ဆီကိုများ အလျှူခံပုဂ္ဂိုလ်လာပြီးအလျှူခံရင် ဘုရားအလောင်းယုန်မင်းဟာ သူ့အသက်အသေခံပြီး သူ့အသားကိုလျှူဒါန်းဖို့ ဆုံးဖြတ်ထားသတဲ့။ အဲဒါကြောင့်ပဲ သိကြားမင်းရဲ့ ကျောက်ဖျာဟာ ပူပြီး တင်းလာသတဲ့။ သိကြားမင်းလည်း လူ့ပြည်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာ ယုန်မင်းရဲ့သဒ္ဒါတရားကို တွေ့ရှိသွားတာနဲ့ သူတော်စင်ယောင်ဖန်ဆင်းပြီး ယုန်မင်းတို့ အဖွဲ့ဆီကိုသွားပြီး အလျှူခံသတဲ့။ အဲဒီအခါမှာတခြားနှစ်ကောင်ဟာ သူတို့ဆီမှာရှိတဲ့ မုံလာဥတို့၊ တခြားသစ်ဥ၊ သစ်ဖုတို့ အသီးအနှံတို့ကို လျှူလိုက်သတဲ့။ သူတော်စင်ယောင်ဆောင်ထားတဲ့ သိကြားမင်းကလည်း ယုန်မင်းဆီကိုသွားပြီး အလျှူခံသတဲ့။ အဲဒီအခါမှာ ယုန်မင်းက သူတော်စင်ကိုမေးတော့ ဒီတော၊ဒီတောင်မှာ တရားအားထုတ်ဖို့ လာခဲ့တာပါလို့ဖြေလိုက်တဲ့အခါမှာ ဘုရားအလောင်းယုန်မင်းက သူတော်စင်ကို မီးဖိုတစ်ဖို ပြင်ဆင်ခိုင်းသတဲ့။ မီးဖိုလည်းအဆင်သင့်ဖြစ်ရော ယုန်မင်းဟာ အသင်သူတော်စင် အသင်ဟာသူတော်ကောင်းဖြစ်တဲ့အတွက် သူများအသက်ကို သတ်ဖြတ်ဖို့ လုပ်မှာမဟုတ်တဲ့အတွက် သူ့အသက်ကိုသူပါသာသူ မီးထဲကိုခုန်ချပြီး အဆုံးစီရင်မယ် သူ့အသားကျက်ခါမှ အသင်အနေနဲ့ ယူငှင်ပြီး စားသုံးပါ။ စားသုံးပြီး သူတော်ကောင်းတရားကို ကျင့်ကြံအားထုတ်ပါဆိုပြီး သူ့အမွေးတွေကြားမှာ ကပ်ညှိနေနိုင်တဲ့ပိုးမွှားတွေကို သုံးကြိမ်သုံးခါ ခါထုတ်ပြီး မီးထဲကို ခုန်ချသွားသတဲ့။ အဲဒီအချိန်မှာ ယုန်မင်းရဲ့ အမွေးကလေးကိုမှ မီးမလောင်တဲ့အပြင် အေးမြခြင်းကို ခံစားနေရသတဲ့။ အဲဒီအချိန်မှာ သူတော်စင်က သူဟာ သိကြားမင်းဖြစ်ကြောင်း၊ ယုန်မင်းရဲ့သဒ္ဒါတရားကို စမ်းသပ်လိုသည်အတွက်ကြောင့် ယခုကဲ့သို့ ပြုမူဆောင်ရွက်သည်ဖြစ်ကြောင်း ပြောပြသောအခါ ယုန်မင်းက အသင်ဟာ သိကြားမင်းပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် သူ့အသက်နဲ့အသားကို ပေးလျှူမည်ဖြစ်ကြောင်း ပြောပြလိုက်သောအခါ သိကြားမင်းက အနားမှာရှိတဲ့တောင်တစ်လုံးကို အဆီညှစ်ထုတ်ပြီး လပေါ်မှာ တောင်ကထွက်တဲ့အဆီနဲ့ ယုန်ရုပ်ရေဆွဲလိုက်သတဲ့ အဲဒီယုန်ရုပ်ဟာ ကပ်တစ်ကမ္ဘာကြာသည့်တိုင်အောင် တည်ရှိနေမယ်လေ။
(၄) မြတ်ဗုဒ္ဓ ဘုရားရှင် တစ်ပါးလက်ထက်မှာ သူဆင်းရဲတစ်ဦးဟာ မျက်မမြင်မိဘနှစ်ပါးကို လုပ်ကျွေးပြုစု နေသတဲ့ ဘုရားရှင်ဟာ သူဆင်းရဲကို ချီးမြှောက်လိုတဲ့အတွက်ကြောင့် သူဆင်းရဲရဲ့အိမ်ကိုသွားပြီး အိမ်မိုး သက်ကယ်တွေကို အလျှူခံခိုင်းလိုက်သတဲ့။ မျက်မမြင်မိဘနှစ်ပါးဟာ ဘုရားသားတော်တွေမှန်းသိတော့ လျှူဒါန်လိုက်သတဲ့။ သူဆင်းရဲသားပြန်ရောက်လာတဲ့အခါ ဘုရားရှင်ရဲ့ချီးမြှင့်မြှောက်စားမှုကို ဝမ်းသာပီတိ ဖြစ်နေတာ (၁၄)ရက်တိုင်တိုင် ကြာသည့်တိုင်အောင်ဆိုပဲ။ သူရဲ့ စေတနာ၊ သဒ္ဒါတရားအဟုန်ကြောင့် အဲဒီ သူဆင်းရဲ နေတဲ့နေရာဟာ အဲဒီအချိန်ကနေစပြီး တစ်ကမ္ဘာကြာသည့်တိုင်အောင် မိုးရွာလည်း မိုးမစိုဘူးတဲ့လေ.
အဲဒီအကြောင်းအရာတွေကတော့ ကောင်းတဲ့ တစ်ကမ္ဘာကြာတဲ့အရာတွေပေါ့၊ နောက် တစ်ကမ္ဘာ ကြာအောင် အဝီစိငရဲမှာ ခံနေရတာကတော့ ကံကြီးငါးပါးထိုက်တဲ့သူတွေပေါ့လေ......

[+/-] အပြည့်အစုံသို့...

Tuesday, June 30, 2009

itb သို့မဟုတ် အီတေဘေ သို့မဟုတ် ဘန်ဒွန်းနည်းပညာတက္ကသိုလ်(၁)

ဒီတပတ်တော့ စိတ်ထဲ လွမ်းလွမ်းရှိတာနဲ့ ကျူပ်တက်ဖူးခဲ့တဲ့ အင်ဒိုနီးရှားက တက္ကသိုလ်တစ်ခုအကြောင်း မိတ်ဆက် ပေးပါရစေ။

ကျူပ်နဲ့အတူ အဲဒီမှာ တက်ဖူးခဲ့ကြတဲ့ ညီငယ်လေးတွေဆီကလည်း ဆွေးနွေးတုံ့ပြန်ချက်များ ကြားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။

တက္ကသိုလ်နာမည်က ဘန်ဒွန်းနည်းပညာတက္ကသိုလ် လို့ခေါ်တယ်။ နည်းပညာနဲ့ အင်ဂျင်နီယာအပိုင်းမှာတော့ အင်ဒိုရဲ့ နာမည်အကြီးဆုံး တက္ကသိုလ် တစ်ခုပေါ့။

တည်နေရာက ဂျာဗာကျွန်းပေါ်က ဘန်ဒွန်းမြို့။ ဘန်ဒွန်းမြို့ဆိုတာ ဂျာဗာအနောက်ပိုင်းရဲ့ တောင်ထူထပ်တဲ့ဒေသမှာ တည်ရှိပါတယ်။ အဲဒီမြို့ကြီးက ပင်လယ်ရေမျက်နှာပြင်အထက် ၇၇၀ မီတာ အမြင့်မှာ ရှိပြီး လူဦးရေက ၁သန်းခွဲမက ထူထပ်တဲ့ မြို့ကြီးပါ။ ဘန်ဒွန်းမြို့က ရာသီဥတုကသမ၊ သဘာဝပန်းမာန်တွေက အင်မတန်လှ၊စီးပွားရေးက အချက်အချာကျ၊ မြို့သူမြို့သားတွေက အသားရေစိုပြေ၊ ရုပ်ဆင်းရူပကာက ချောမွေ့ နဲ့၊ နိုင်ငံရဲ့ထိပ်သီးနည်းပညာတက္ကသိုလ်ကြီးကလည်း ခန့်ခန့်ထည်ထည် ရှိနေပြန်တဲ့ တောင်ပေါ်မြို့ပေါ့။ အင်ဒိုလူမျိုးတွေ အင်မတန် နေချင်ကြတဲ့ မြို့စာရင်းထဲမှာ ထိပ်ဆုံးကပါတယ် ထင်ရဲ့။ ဘန်ဒွန်းဟာ အင်မတန်လှလွန်းတော့ ဦးနုတို့လက်ထက် ၁၉၅၅ ခုနှစ်က ပထမဆုံး အာရှ-အာဖရိက ကွန်ဖရင့်ကို အဲဒီမြို့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ခုထိအဲဒီ ကွန်ဖရင့် အမှတ်တရ အာရှ-အာဖရိကပြတိုက်ကြီးက ခမ်းခမ်းနားနား ရှိနေသေးလေရဲ့။ အဲဒီတော့ ဘန်ဒွန်းလို့ပြောလိုက်တာနဲ့ အင်မတန် ဂုဏ်ယူစရာကောင်းတဲ့ မြို့မှန်း လူတိုင်းသိကြတဲ့မြို့ပေါ့။ အဲဒီတော့ ဘန်ဒွန်းမှာ မွေးပြီး ဘန်ဒွန်းနည်းပညာတက္ကသိုလ်မှာများ ကျောင်းတဲ့နေတဲ့ ကျောင်းသူတွေဆိုတာ အင်ဒိုသားကိုကိုတိုင်း လိုချင်ကြတဲ့ အင်မတန်မွှေးတဲ့ ဘန်ဒွန်းပန်းလေးတွေပေါ့လေ။ဒါက မြို့အကြောင်းပါ။ သူ့အကြောင်း နောက်မှ ရေးပါဦးမယ်။

ဘန်ဒွန်းနည်းပညာတက္ကသိုလ်ကတော့ ဘန်ဒွန်းမြို့လယ်ခေါင်ရဲ့ မြောက်ဘက်သိပ်မဝေးတဲ့ နေရာမှာ တည်ရှိပါတယ်။ ကျောင်းဝန်းအကျယ်က ၇၇၀၀၀၀ စတုရန်းမီတာ ကျယ်သတဲ့။

အဲဒီကျောင်းကို ၁၉၂၀ ခုနှစ်က စတင်တည်ထောင်ခဲ့သတဲ့။ကျူပ်တို့ဆီမှာ အမျိုးသားကျောင်းတွေ ပေါ်ကစ အချိန်နဲ့ အတူတူပေါ့။ စဖွင့်တုန်းက အင်ဂျင်နီယာကျောင်းလို့ ရိုးရိုးပဲ နာမည် ခေါ်သတဲ့လေ။နောက်တော့ ကြားထဲမှာ ခေတ်အဆက်ဆက် နာမည်အမျိုးမျိုးပြောင်းလဲခဲ့ရပြီး နောက်ဆုံး ၁၉၅၉ ခု မတ်လ ၉ ရက်နေ့ကစလို့ ဘန်ဒွန်းနည်းပညာတက္ကသိုလ်ဆိုပြီး နာမည် တွင်ခဲ့သတဲ့။ ခုလက်ရှိ အာရှအဆင့်မှာတော့ အဆင့် ၇၁ မှာ ပြေးနေတဲ့ တက္ကသိုလ်ကြီးပါ။အရှေ့တောင်အာရှ အဆင့် မှာတော့ အဆင့် ၁၀ မှာ ရှိပါတယ်။ အင်ဒိုမှာတော့ ဘန်ဒွန်းနည်းပညာတက္ကသိုလ်ကို အီတေဘေ(Institut Teknologi Bandung) (အင်္ဂလိပ် အိုင်တီဘီကို အင်ဒိုဘာသာဖြင့် ထွက်ဆိုသောအသံ) (ဤနေရာမှစ၍ အီတေဘေဟု သုံးစွဲခေါ်ဝေါ်ပါမည်။) လို့ အတိုကောက် ခေါ်ကြတယ်။

ကျောင်းဝန်းထဲမှာတော့ ဗိသုကာလက်ရာမြောက် အဆောက်အဦးတွေနဲ့ ပြည့်နှက်နေတာပဲဗျ။

clip_image002

ပုံ၁။         ။အီတီဘေ ကျောင်းဝန်း အလယ်ပိုင်း ကို အပေါ်စီးမှ မြင်ရစဉ်

clip_image004

ပုံ၂။        ။ဗိသုကာ လက်ရာမြောက်လှသော ဌာနတစ်ခု

ပန်းမာန်တွေကလည်း နေရာတိုင်းနီးပါး စိုက်ထားတယ်။ ကျောင်းဝန်းအနီးမှာ ရေကူးကန်၊တင်းနစ်ကွင်း၊ဘောလုံးကွင်း စတာတွေပါတဲ့ ဆာဗူဂါအားကစားကွင်း အကျယ်ကြီးလည်း ရှိသေးရဲ့။

image

ပုံ၃။        ။Google Earth မှ မြင်ရသော အီတေဘေ ဘွဲ့နှင်းသဘင်ခန်းမ၊တင်းနစ်ကွင်း၊ ဘောလုံးကွင်း နှင့် ရေကူးကန်၊ ထိုတကွင်းလုံးကို ခြုံ၍ ဆာဗူဂါဟု ခေါ်ဆိုသည်။

ထင်ရှားပြီး ဗိသုကာ လက်ရာမြောက်တဲ့ နေရာတွေကတော့ ဗဟိုစာကြည့်တိုက်၊တက္ကသိုလ်အနောက်ခန်းမ၊အနုပညာဌာန နဲ့ ကျောင်းအ၀င် အနောက်ဘက်ဂိတ်ပေါက် တို့ ပဲ။

clip_image006

ပုံ၎။           ။အီတေဘေ ဗဟိုစာကြည့်တိုက်

image

ပုံ၅။           ။အီတေဘေ အနောက်ခန်းမ

clip_image010

ပုံ၆။           ။အီတေဘေ အနောက်ဘက်အ၀င်ဂိတ်

ကျောင်းအလယ်တည့်တည့်လောက်မှာ အင်ဒိုမြေပုံပါတဲ့ အင်ဒိုနီးရှားတန်ဂလန် လို့ ခေါ်တဲ့ ရေကန်လေးထဲက ရေပွားလေးတွေ ပန်းနေလေရဲ့။ အဲဒါကို ကျောင်းက စနောက်တတ်တဲ့ အင်ဒိုသား သူငယ်ချင်းတွေက အီတေဘေကြောင့် အင်ဒိုရေထဲ မြှုပ်နေပြီလို့ ဆိုလေရဲ့။ အဲ..ဆရာ၊ဆရာမတွေကတော့ အင်ဒို တချိန်တုန်းက ရေနှစ်သလိုဖြစ်နေတာကို အီတေဘေတက္ကသိုလ်ကြီးက ရေတွေ ရေပန်းနဲ့ မှုတ်ပြီး ထုတ်ပေးနေလို့ ခု တိုးတက်နေပြီလို့ ပြောကြတယ်။

clip_image012

ပုံ၆။        ။အီတေဘေ ကျောင်းအလည် အင်ဒိုနီးရှားတန်ဂလန်ရေကန် နှင့် ရေပန်း (ရေကန်ထဲ၌မြင်ရသော အစိမ်းပုပ်ရောင် အကွက်များမှာ အင်ဒိုမြေပုံ ဖြစ်ပါသည်။)

နောက် တက္ကသိုလ်ဆိုတဲ့ အင်္ဂါရပ်နဲ့ အညီဘာသာရေးအတွက် ကျောင်းသားတွေ ဘုရားရှိခိုးနိုင်မယ့် သူတို့နိုင်ငံဘာသာဖြစ်တဲ့ မူဆလင်ဘာသာ ဗလီတွေလည်း ကျောင်းနားမှာပဲ ဆောက်ပေးထားလေရဲ့။ 

ဆက်သွယ်ရေးအတွက်ကတော့ တက္ကသိုလ်စာတိုက်က လည်း ကျောင်းအနောက်ဘက်ဂိတ်မှာ ကပ်လျက်ရှိတာမို့ ဆက်သွယ်ရေးအဆင်ပြေချောမောလှပါတယ်။ ဖုန်းဆိုင်တွေ၊ ဖုန်းကဒ်ဆိုင်တွေကလည်း ကျောင်းပတ်ဝန်းကျင်မှာပဲ ရှိပါတယ်။

ငွေရေးကြေးရေးအတွက် ကျောင်းထဲမှာ BNI ဘဏ်ရှိပြီး အလိုအလျောက်ငွေထုတ်စက်တွေလည်း ကျောင်း အနောက်ဘက်ဂိတ်နားမှာပဲ ထားထား ပေးပါတယ်။

စားရေးသောက်ရေးအတွက် ကျောင်းဝန်ထမ်း၊ဆရာ၊ဆရာမ၊ကျောင်းသားကျောင်းသူတွေ အဆင်ပြေစေဖို့ ကျောင်းထဲမှာပဲ ကန်တီး ၅ခု ရှိတဲ့အပြင် ကျောင်းလေးဘက်လေးတန် ပတ်လည်မှာ အပြင်ဆိုင်တွေလည်း ပေါများလှလို့ ဈေးအသင့်အတင့်နဲ့ စားသောက်နိုင်ကြပါတယ်။

ကျန်းမာရေးအတွက် နာမကျန်းဖြစ်လာခဲ့ရင်လည်း ကျောင်းဆေးခန်း မှာ ဈေးနှုန်းချိုသာစွာ ပြလို့ရပါတယ်။ တကယ်လို့ အရေးပေါ် ဆေးရုံတင်ဖို့ လိုအပ်ခဲ့ရင် အနောက်ဂိတ်နဲ့ တခေါ်သာသာလောက် အဝေးမှာ ဘန်ဒွန်းမြို့ရဲ့ အကြီးဆုံး ဘိုရိုးမြူးယပ်စ် ဆေးရုံကြီးလည်း ရှိပါတယ်။

သီတင်းတစ်ပတ်ကုန်တဲ့ သောကြာနေ့မှာတော့ အနားယူအပန်းဖြေနိုင်ဖို့ ကျောင်းသားကပွဲတွေ၊ နိုင်ငံတကာသင်တန်းတွေ၊ သိုင်းသင်တန်း၊ ဘာသာရေးတွေ့ဆုံ ဆုတောင်းပွဲတွေ၊အလွတ်တန်း တွေ့ဆုံဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ၊ ကစားပွဲတွေ နဲ့ မြိုင်ဆိုင် စည်းကားလှသလို သောကြာနေ့တိုင်း ဖွင့်တဲ့ ပါဆာဂျွန်အပ်တ် မှာလည်း စိတ်ကြိုက်ပစ္စည်းတွေကို ဈေးဆစ် ၀ယ် နိုင်ပါသေးတယ်။

ဘာသာရပ်သင်တန်းတွေကလည်း အများကြီးပါ။ ဌာနကြီးတွေကတော့

    Faculties and Schools

    [1] Faculty of Earth Sciences and Technology

    [2] Faculty of Mathematics and Natural Sciences

    [3] Faculty of Art and Design

    [4] Faculty of Industrial Technology

    [5] Faculty of Mechanical and Aerospace Engineering

    [6] Faculty of Civil and Environmental Engineering

    [7] Faculty of Mining and Petroleum Engineering

    [8] School of Architecture, Planning, and Policy Development

    [9] School of Business and Management

    [10] School of Life Sciences and Technology

    [11] School of Electrical Engineering and Informatics

    [12] School of Pharmacy

ဆိုပြီး ဌာနကြီး ၁၂ ခု ရှိပါတယ်။ အဲဒီဌာနကြီးတွေ အောက်မှာမှ ဌာနလေးတွေ ထပ်မံခွဲထားပါသေးတယ်။

 

၁။ Faculty of Earth Sciences and Technology အောက်တွင် သင်ယူနိုင်သော ဘာသာရပ်များမှာ

  • Geological Engineering
  • Meteorology
  • Oceanography
  • Geodetic and Geomatic Engineering

၂။ Faculty of Mathematics and Natural Sciences အောက်တွင် သင်ယူနိုင်သော ဘာသာရပ်များမှာ

  • astronomy
  • Chemistry
  • Mathematics
  • physics

၃။ Faculty of Art and Design အောက်တွင် သင်ယူနိုင်သော ဘာသာရပ်များမှာ

  • Art
  • Craft
  • Interior Design
  • Industrial Design
  • Visual Communication Design
  • Art and Design

၎။ Faculty of Industrial Technology အောက်တွင် သင်ယူနိုင်သော ဘာသာရပ်များမှာ

  • Chemical Engineering Program
  • Chemical Engineering Graduate Program
  • Engineering Physics Program
  • Engineering Physics Graduate Program
  • Instrumentation & Control Program
  • Industrial Engineering Program
  • Industrial Engineering & Management Graduate Program

၅။ Faculty of Mechanical and Aerospace Engineering  အောက်တွင် သင်ယူနိုင်သော ဘာသာရပ်များမှာ

  • Mechanical Engineering
  • Materials engineering
  • Aeronautics & Astronautics

၆။ Faculty of Civil and Environmental Engineering အောက်တွင် သင်ယူနိုင်သော ဘာသာရပ်များမှာ

  • CIVIL ENGINEERING
  • ENVIRONMENTAL ENGINEERING
  • OCEAN ENGINEERING
  • HIGHWAY ENGINEERING AND DEVELOPMENT
  • PROFESSIONAL MASTER PROGRAM IN WATER RESOURCES MANAGEMENT
  • ၇။ Faculty of Mining and Petroleum Engineering အောက်တွင် သင်ယူနိုင်သော ဘာသာရပ်များမှာ

    • Mining Engineering
    • Petroleum Engineering
    • Geophysicist Engineering
    • Metallurgy Engineering
    • Geothermal
    • Mining Engineering
    • Petroleum Engineering
    • Applied Geophysics

    ၈။ School of Architecture, Planning, and Policy Development အောက်တွင် သင်ယူနိုင်သော ဘာသာရပ်များမှာ

    • Regional And City Planning
    • Architecture
    • Urban Design
    • Development Studies

    ၉။ School of Business and Management အောက်တွင်လေ့လာနိုင်သော ဘာသာရပ်များမှာ

    • Transportation
    • Business Ethics and Law
    • Operations Management
    • Business Economics
    • Accounting
    • Business Leaderships
    • Marketing Management
    • Finance
    • Strategic Decision Making and Negotiation
    • Knowledge and Innovation
    • Business Strategy
    • International Business

    ၁၀။ School of Life Sciences and Technology  အောက်တွင် လေ့လာနိုင်သော ဘာသာရပ်များမှာ

    • Biology
    • Microbiology

    ၁၁။ School of Electrical Engineering and Informatics အောက်တွင် လေ့လာနိုင်သော ဘာသာရပ်များမှာ

    image

    ၁၂။ School of Pharmacy  အောက်တွင် လေ့လာနိုင်သော ဘာသာရပ်များမှာ

  • Study Program of Pharmaceutical Science and Technology
  • Study Program of Clinical and Community Pharmacy

     

    ကဲတွေ့တဲ့ အတိုင်းပါပဲ။ နည်းပညာတက္ကသိုလ်သာ ပြောတယ် ဘာသာတော်တော်များများ ရှိပါတယ်။

    ပညာရေးအတွက်လည်း လက်တွေ့၊စာတွေ့၊သုတေသန စတာတွေကို သူ့ထက်ငါ အပြိုင်အဆိုင် ကြိုးစားလုပ်ဆောင်ကြနေလေရဲ့။ကိုယ်စာကြိုးစားနိုင်လို့ ကျောင်းကို နှစ်တိုတိုနဲ့ ဖြတ်ချင်သေးတယ်ဆိုရင် နွေရာသီရက်ရှည်ကျောင်းပိတ်ရက်မှာ ဖွင့်တဲ့ Short Semester ခေါ် သင်တန်းတိုလေးတွေလည်း တက်နိုင်ပါသေးတယ်။ ဒါဆို ကိုယ်က သူများထက် စာသင်နှစ် တစ်နှစ်စာ စောပြီးကျောင်းပြီးနိုင်ပါတယ်။ တချို့များဆို ၂ နှစ်ခွဲ၊ ၃ နှစ် နဲ့ အပြီးဖြတ်တဲ့သူတွေလည်း ရှိလေရဲ့။

    ဆိုခဲ့တဲ့ အချက်တွေနဲ့ ပြည့်စုံ၊ တက္ကသိုလ် အင်္ဂါရပ်နဲ့လည်း ကိုက်ညီ၊ ကျောင်းဝန်းကလည်း လှပစိမ်းမြ၊ ဘာသာရပ်တွေကလည်း အဆင့်မီ၊ ကျောင်းသားတွေကလည်း တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှားနဲ့ အင်မတန်ပျော်စရာကောင်းတဲ့ တက္ကသိုလ်ကြီးပါ။

    ဒါတခြား ကမ္ဘာတဘက် မဟုတ်တဲ့ ကိုယ့်ကမ္ဘာခြမ်း အရှေ့တောင်အာရှက အာရှအဆင့် ၇၁ သာရှိသေးတဲ့ တက္ကသိုလ်တစ်ခုရဲ့ အကြောင်းပါဗျာ။

    တကယ်လို့ ကိုယ့်ဆွေမျိုးသားချင်း၊တူသားနောင်မယ်လေးတွေကို စင်္ကာပူလို၊သြစတြေးလျလို နိုင်ငံတွေက ကျောင်းတွေမှာ ဈေးသိပ်ကြီးလို့ မပို့နိုင်၊မထားနိုင်ဘူးဆိုရင် ဈေးသင့်၊ပညာလည်းမြင့်တဲ့ အင်ဒိုက ဘန်ဒွန်းနည်းပညာတက္ကသိုလ်လိုကျောင်းမျိုးမှာ ထားနိုင်ရင်လည်း အဆင်ပြေနိုင်မယ် ထင်ပါတယ်။ ကုန်ကျစရိတ် နည်းနည်း နဲ့ နိုင်ငံတကာ လက်ခံနိုင်တဲ့ အဆင့်ရှိတဲ့ ပညာတွေကို သင်ယူနိုင်ခွင့်ရနိုင်တာမို့ အစားထိုး စဉ်းစားသင့်ပါတယ်။ စိတ်ဝင်စားသူများရှိပါက လျှောက်လွှာပုံစံနှင့် လိုအပ်ချက်များကို အောက်ပါလင့်ခ် တွင် ရယူနိုင်ပါကြောင်း။

    http://usm.itb.ac.id/SMI/IndexFolder.htm

    © ကောင်းတမန်(သီရိကုက္ကို)

    ၂၀၀၉ခုနှစ် ဇွန်လ ၃၀ရက်

    စင်္ကာပူစံတော်ချိန် ည၉နာရီ ၄၅ မိနစ်

  • [+/-] အပြည့်အစုံသို့...

    Tuesday, June 16, 2009

    ကိုညိမ်းကဗျာထဲက ဘော်ရိုဘူဒေါ ဘုရား

    အင်ဒိုနီးရှား နိုင်ငံ ဂျာဗားကျွန်းပေါ်က ဂျော့ဂျာမြို့ရှိ ရှေးဟောင်း ကမ္ဘာကျော် ဘော်ရိုဘူဒေါ် ဘုရား ပုံတွေပါ။

    ကိုညိမ်းရဲ့ ကဗျာလေး နဲ့ တွဲခံစားလို့ရအောင် တင်ပေးလိုက်တာပါ။

    ဓါတ်ပုံတွေကို ညီငယ် ဘုန်းကြီးဆီက ခွင့်တောင်း ကူးယူထားတာပါ။

    ဘုန်းကြီးရေ ကျေးဇူးပါပဲ။

     

    ကောင်းတမန် (သီရိကုက္ကို)

    [+/-] အပြည့်အစုံသို့...

    Monday, June 15, 2009

    အင်ဒိုနီးရှား ရောက်ခဲ့တုန်းက အမှတ်တရ ကဗျာလေးတစ်ပုဒ်ပါ။

    ဂျော့ဂျာ ခရီးသည်

    တက်ချည်တဲ့ သက်ချည်။
    မှိုင်းညို့ရီ မရာပီနဲ့
    ဂျော့ဂျာမြို့ဆီ။
    တက္ကသိုလ် ရာချီတည် (တယ်)
    ဂျာဗားနယ် အလယ်ပိုင်း။
    ရှေးရိုးရာ အင်ဒိုနီးရှား
    ကပွဲများ ခြိမ့်ခြိမ့်ညံ
    ရောက်ခဲ့ပြန် သည်တိုင်း။

    ဘောလုံးသင်း တစ်သင်းစာ။
    ရိုင်းပင်းကာ စည်းလုံးကြ
    ဂျော့ဂျာက မြန်မာ။

    အဆောင်မှာ ပေါင်းစုချက်
    ကမ်းခြေဘက် ပျော်ပွဲစား။
    အမှတ်ရ နှစ်သစ်ပွဲ
    နှဲသံမြိုင် အကင်စုံနဲ့
    ဘင်တန်ဖွဲ့ ၀ိုင်းစကား။

    ခန့်ညားလှ ဘိုရိုဗုဒေါ
    ရှုမောခဲ့ အံ့စရာ။
    မြစိမ်းရောင် ကမ္ဗလာထက်
    မိုးထြက္တဲ့ ကမ ၻာ့မဟာ။
    ရှုစားရ ရင်သပ်ပြန်
    ပရမ်ဘာနန် လွန်ကျော်ကြား။
    ကေအက်ဖ်စီ မက်ဒေါ်နယ်နဲ့
    မြို့လယ်မှာ ပါတိတ်ရွေး
    ညဈေးလဲ ရောက်သွား။

    အဆုံးတော့ ခွဲခဲ့ပြီ
    လွမ်းဆဲပင် စောင်းငဲ့လို့
    ဂျော့ဂျာရဲ့ အဝေး။
    ရည်မှန်းရာ လွန်ကြိုးစား
    အားစိုက်ပါ့ ဂျော့ဂျာအဆွေ
    မာပါစေ သာပါစေရယ်လဲ
    စဉ်အမြဲ ဆုမွန်ကောင်း
    တောင်းမိတယ်လေး။ ။
    (ဆရာရေ ---
    နောက် - တွေ့ကြသေး။)


    ကိုညိမ်း

    အညွှန်း -
    ဂျော့ဂျာ - Jogja/Jogjakarta/Yogyakarta
    မရာပီ - Merapi Volcano
    ဂျာဗား - Java
    ဘင်တန် - Bintang
    ဘိုရိုဗုဒေါ - Borobudur
    ပရမ်ဘာနန် - Prambanan
    ကေအက်ဖ်စီ - KFC
    မက်ဒေါ်နယ် - McDonald's

    [+/-] အပြည့်အစုံသို့...

    Saturday, June 13, 2009

    လုပ်သင့်တာတွေ လုပ်နိုင်ဖို့၊ စိတ်ဆန္ဒအလိုတွေ ဦးစားမပေးမိဖို့ လိုအပ်တဲ့ သမာဓိလေး

    တွေးကြည့်ရင် ကိုယ်ကိုယ့်ကို မကျေနပ်ဘူးဗျာ။

    လောကမှာကျွန်တော် အဖြစ်ချင်ဆုံးက လက်ရှိအချိန်လေးမှာ သတိလေးနဲ့ နေပြီး သမာဓိအားကောင်းသူ ဖြစ်ချင်တယ်။ ဒါဟာ ထင်သလောက် တကယ် ကို မလွယ်တဲ့ကိစ္စပါ။

    စိတ်ဆိုတာလည်း လွင့်ပါးတတ်တဲ့ သဘာဝ ရှိတော့ ခက်သား။ လွင့်ပါးတဲ့ စိတ်ကို စိတ်နဲ့ပဲ ပြန်ထိန်းရတယ်လို့ အဆုံးအမတွေ ရှိတာသိနေပါလျက်နဲ့ကို မထိန်းနိုင်ဘူး ဖြစ်နေတာပါ။

    ဥပမာ....ခု ကျွန်တော် စာတမ်းတခု ရေးစရာ ရှိတယ် ပဲ ဆိုပါတော့။ အစကတော့ ရေးနေတာပဲ။ အဲ..ရေးရင်း ခက်တဲ့နေရာ၊ စဉ်းစားရမယ့် နေရာလေးတွေ ရောက်လာတော့ မစဉ်းစားချင်တော့ဘူး။ ဦးနှောက်ကို အလုပ်မပေးချင်ပြန်ဘူး။ ပြောရရင် ဒါ အပျင်းစိတ်ဝင်လာတာပါ။ ဒီအချိန်မှာ သတိ နဲ့ သမာဓိ လွတ်သွားရင် ဘာမှကို မထိန်းနိုင်တော့ပဲ တခြား စိတ်ဆန္ဒက လိုလားနေတဲ့ တခုခု ကောက်လုပ်မိတော့တာပဲ။ ဥပမာ အင်တာနက်လိုင်းပေါ်တွင် သူငယ်ချင်းတွေနဲ့ စကားပြောခြင်း၊ အင်တာနက်စာမျက်နှာများ ကို လိုက်လံဖတ်ရှုခြင်း စတာတွေ လုပ်ဖြစ်မှာပါ။

    အဲလို စိတ်ဆန္ဒတွေက တောင်းဆိုနေတာကို လိုက်လျောမှုမပေးပဲ တိုက်ခိုက်ပြီး လုပ်စရာရှိတာ၊လုပ်သင့်တာကို ပြန်လုပ်နိုင်ဖို့ သမာဓိအား အလွန်လိုပါတယ်။ စိတ်ဆန္ဒစေခိုင်းရာနောက်ကို လိုက်မိပြီဆိုရင် လိုက်မိမှန်း သိပြီး ခဏအတွင်း အမြန်ပြင်သင့်ပါတယ်။ တကယ် လုပ်စရာရှိတဲ့ဟာ ကို ပြောင်းလုပ်နိုင်ရပါ့မယ်။ မဟုတ်ရင် လုပ်သင့်တာ အချိန်မီမလုပ်၊ ပြီးသင့်တာ အချိန်မီမပြီး ဖြစ်လာပြီးလူကို အင်မတန် စိတ်ဖိအားတွေ ဖြစ်လာစေပါမယ်။ ဒါဆို စိတ်ဖိအားဖြစ်လာလေ ပိုမလုပ်ချင်လေ။ ပိုမလုပ်ချင်လေ စိတ်ထဲရှိတာတွေ လျှောက်လုပ်လေ ဖြစ်ရင်းကနေ လူပျင်း၊ လူဖျင်း တယောက် ဖြစ်သွားနိုင်ပါ။

    ဒါကြောင့် အရေးကြီးဆုံးက ကြားထဲမှာ စိတ်ဆန္ဒက တောင်းဆိုနေတာတွေ လျှောက်မလုပ်ပဲ၊ တကယ်လုပ်မှ ပြီးမယ့် ဟာကို အကြွေးမထားပဲ ထိထိရောက်ရောက် နေထိုင် ကျင့်သုံး လုပ်ဆောင်ရပါမယ်။

    ဒါမှ ကိုယ်ဟာ တာဝန်ကျေသူ၊ စိတ်ဖိစီးမှု ကင်းသူ၊ ဘ၀ကို ပျော်ရွှင်စွာ နေထိုင်နိုင်သူ ဖြစ်လာမှာပါ။

    ကဲ..ပြောနေကြာပါတယ်။ ကျွန်တော် အခု စိတ်ဆန္ဒတောင်းဆိုမှုအရ လုပ်နေတဲ့ ဒီစာရေးတာကို ခုပဲ ရပ်ပြီး တကယ် လုပ်ရမယ့် စာတမ်းရေးတာ အပြီးဆက်ရေးလိုက်ပါဦးမယ်။

    ကောင်းတမန် (သီရိကုက္ကို)

    စင်္ကာပူစံတော်ချိန် မွန်းလွှဲ ၁ နာရီ ၄၆ မိနစ်

    ၂၀၀၉-၀၆-၁၃

    [+/-] အပြည့်အစုံသို့...