စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Friday, April 30, 2010

“တို့ညာမြေ”

"တို့ညာမြေ"

တို့ညာမြေလှ၊ သာစွရှု့မော၊
လွန်ကျယ်ပြောသည့်၊ ထန်းတောထန်းပင်
မြူခိုးလွင်စ......

ချွန်မြရှားစောင်း ၊ မြထနောင်းနှင့်
မန်ကျည်းတမာ ၊ ပင်လက်ပံရွှေဝါလောင်းတယ်
ပွင့်ပေါင်းဝေစီ..........

ဆက်ရက်ငယ်သာ၊ ရွှေကြိုးကြာတို့
ပင်ရောရာ ၊ မွှေကာယှက်တယ်
ရွှေကြက်ကမြူး........

တောင်သူ့ရှင် ၊ သျှောင်တစ်စောင်းနှင့်
သူ့သားမောင် သပိတ်သွင်းရန်
အားစိုက်ထွန်မြူး.........

တစ်စေ့တစ်စောင်းကြည့် ၊ရွှေကျီးလည်ပြန်
နွားပေါ်ကပျံ၊ ပင်လက်ပံပာိုထိပ်ဖျားမှာ
အိမ်ကြီးရှင် ယာလာလမ်းကို
သူလှမ်းကာ သာရှာလှတယ်
တောလေ့စခန်း........။ ။

နွယ်သဇင် (နတ်တပ်)

[+/-] အပြည့်အစုံသို့...

Saturday, February 20, 2010

အတိတ်မှ သင်ခန်းစာကို သတိရပါ။

မိတ်ဆွေ ...
သင်၏ အတိတ် အတွေ့အကြုံမှ
သင်ယူဆည်းပူးမှူ မပြုခဲ့ဘူးဆိုရင်
အတိတ်ကို အတိတ်မှာ ထားခဲ့ဖို့
ခက်ခဲနေလိမ့်မယ် ...။

သင်ယူဆည်းပူးမှူ ပြုလုပ်ပြီးတာနဲ့
အတိတ်ကို အတိတ်မှာ ထားခဲ့မယ် ဆိုရင်
ပစ္စုပ္ပန်ကို တိုးတက်အောင်
သင် ... စွမ်းဆောင်ရာ ရောက်တယ်..။

[+/-] အပြည့်အစုံသို့...

Thursday, January 7, 2010

"ရုန်းရင်းကန်ရင်း"

လေထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာ ပန်းများကျန်မည်နည်း။

လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာ မြေကြီးကျန်မည်နည်း။

ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။

အမှောင်တ၀က် လင်းတ၀က်သည်
တရက်တခါ ကြုံမြဲသာတည့်။

ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော
မုန်းသောချစ်သော သစ်သောဟောင်းသော
ကောင်းသောဆိုးသော ညှိုးသောလန်းသော
ကြမ်းသောနုသော ပူသောအေးသော
စောကြောစိတ်ဖြာ မနေသာပေ
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရကန်ရ မည်တကား။ ။

အေးငွေ
ငွေတာရီမဂ္ဂဇင်း
၁၉၇၀ပြည့်၊ ဧပြီလထုတ်

[+/-] အပြည့်အစုံသို့...

Thursday, November 19, 2009

လူ့ဘဝ ရဟန္တာ

ဆရာဦးသော်ဇင် ရေးသားထားတဲ့ “ဧတဒဂ်ဝတ္ထု“ စာအုပ်ကလေးကို ဖတ်လိုက်တဲ့အခါမှာ အနတ္တ အမှတ်မှားနေတာလေး နှစ်ခုကို သွားပြီး သတိပြုမိလိုက်တယ်။ နံပါတ်(၁) အမှတ်မှားတာကိုတော့ ဒုက္ခ၊ သုခ ဆိုပြီးတော့ သစ်ပင်လေး တစ်ပင် စိုက်ပျိုးပြီးပါပြီ။ နံပါတ်(၂) အမှတ်မှားတာကတော့ လူ့ဘဝအနေဖြင့် သူတော်ကောင်းတရား၊ နိဗ္ဗာန်ရောက်ကြောင်းတရား၊ ဝိပဿနာတရားများကို ကြိုးစားအားထုတ်ပြီး လူ့ဘဝအနေဖြင့် ရဟန္တာဖြစ်သွားလျှင် လူတို့၏အပူကြောင့် ချက်ချင်း လက်ငင်း ခန္ဓာဝန်ချုပ်ငြိမ်းပြီး ပရိနိဗ္ဗာန် ၀င်စံတော်မူရတယ်လို့မှတ်ယူထားတာ ယခုဧတဒဂ်ဝတ္ထုလေးကို ဖတ်လိုက်ရမှပဲ မိမိအမှတ်မှားတာကို သတိပြုမိတော့တယ်။ အကြောင်းအရာတွေကတော့ မဂ်ဖိုလ်ကို လျှင်မြန်စွာရသော ခိပ္ပ ဘိညအရာ၌ ဧတဒဂ် ထားတော်မူသော ဗာဟိယ ဒါရုစိယ နှင့် မဟာပညာအရာ၌ ဧတဒဂ်ထားတော်မူသော ခေမာထေရီ တို့တွင် ဖတ်ရူသိရှိနိုင်ပါသည်။ ၄င်းအကြောင်းအရာတို့ကို ယခုသိရှိရအောင် အကြောင်းအရာအချို့ကို ထုတ်နှုတ် ဖော်ပြရသော် ………………..

စာမျက်နာ(၁၂၆) - ဗာဟိယ ဒါရုစိယသည် မြတ်စွာဘုရား ဆွမ်းခံဝင်နေစဉ်အတွင်း မြို့တွင်းသို့လိုက်ပြီး တရားဟောကြားပေးပါရန် လျှောက်ထားတောင်ပန်၏ ပထမအကြိမ်နှင့်ဒုတိယအကြိမ်တို့တွင်ပါယ်ပြီး တရားသက်ဝင် ဆင်ခြင်နိုင်သောဥာဏ် ထက်သန်ရင့်သန်လာသည့်အချိန်ကို စောင့်ဆိုင်းပြီး တတိယအကြိမ် လျှောက်ထားတောင်းပန်ခါမှ ဤသို့တရားဟောကြားတော်မူပါသည်……

”သို့ဖြစ်လျှင် ဗာဟိယ သင် ဤသို့ ကျင့်၊ မြင်ရာ၌ မြင်ကာမျှဖြစ်မည်၊ ကြားရာ၌ ကြားကာမျှ ဖြစ်မည်၊ တွေ့ရာ၌ တွေ့ကာမျှ ဖြစ်မည်၊ သိရာ၌ သိကာမျှ ဖြစ်မည်ဟု ကျင့်ပါဘိ၊ ဗာဟိယ သင်ဤသို့ကျင့်လျှင် ရာဂစသည်နှင့်တကွ ဖြစ်တော့မည် မဟုတ်၊ ဗာဟိယ ထိုအခါ သင်သည် ရူပါရုံ စသည်တို့၌ နှစ်သက်တော့မည် မဟုတ်၊ ပြစ်မှားတော့မည် မဟုတ်၊ တွေဝေတော့မည် မဟုတ်၊ ဗာဟိယ ထိုအခါ သင်သည် ဤမျက်မှောက်ဘဝလည်း ဖြစ်တော့မည် မဟုတ်၊ တမလွန်ဘဝလည်း ဖြစ်တော့မည် မဟုတ်၊ ဘဝနှစ်မျိုးလုံး ဖြစ်တော့မည် မဟုတ်၊ ယင်းသည်လျှင် ဆင်းရဲ၏ အဆုံးတည်း”

ဗာဟိယသည် ဒေသနာကို အစဉ်လျှောက်၍ ဉာဏ်ကို စေလွှတ်၏ ဒေသနာ၏အဆုံး၌ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာ ဖြစ်သွား၏ ။ ထိုအခါ မြတ်စွာဘုရားအား လျှောက်ကြား၏ -

”မြတ်စွာဘုရား ကျွန်ုပ်အား အစဉ်သနားသဖြင့် ရဟန်းပြုပေးပါ”

”ဗာဟိယ သပိတ်သင်္ကန်း မရှိသူအား ဗုဒ္ဓတို့ ရဟန်းပြုပေးခြင်း မရှိပါ၊ သင် ရဟန်းပြုလိုက သပိတ်သင်္ကန်း ရှာလေဦး”…………. စသည်နှင့်

စာမျက်နှာ (၁ဂ၂၊ ၁၈၃) - ရုပ်အဆင်းလှ၍ ရုပ်အဆင်း၌ မာန်ယစ်တော်မူသော ဗိမ္ဗိသာရမင်းကြီး၏ အဂ္ဂမဟေသီ ခေမာ မိဖုရားသည် ဘုရားသခင် သီတင်းသုံးတော်မူရာ ဝေဠုဝန် ဥယျာဉ်သို့ လှည့်လည် ပျော်ပါးကစားပြီး ညချမ်းအခါ ဘုရားရှင်၏ တရားတော်ကို နာကြား၏ ……………..

“ထိုအခါ ခေမာမိဖုရားသည် ယုံမှားခြင်း ကင်းကွာလျှက် သောတာပတ္တိမဂ်မစ၍အစဉ်အတိုင်းအားဖြင့် အရဟတ္တဖိုလ်သို့ရောက်လေ၏”…………

ခေမာမိဖုရားသည် မြတ်စွာဘုရားအား ကန်တော့ပြီးလျှင် နန်းတော်သို့ပြန်၏………………

”အဘယ်မိဖုရား ဘုရားသခင်ကို ဖူးမြင်ခဲ့ပါသလော”

”မင်းကြီး သင်တို့၏ ဘုရားသခင်ကို ဖူးရခြင်းမှာ သေးငယ်ပါသည်။ ကျွန်ုပ်၏ဖူးမြင်ရခြင်းမှာ ကြီးမားလှပါသည်။ ယနေ့ပင် ကျွန်ုပ် ရဟန်းပြုချင်ပါသည်”

”မင်းကြီးလည်း အားရဝမ်းသာစွာ ရတနာအတိပြီးသော ရွှေထမ်းစင်ဖြင့် ဆောင်စေ၍ တစ်ထောင်မျှလောက်သော ဘိက္ခုနီတို့ထံ၌ ရဟန်းပြုပေး၏ ထို့နောက် မြတ်စွာဘုရားသည် လူ့အဖြစ်ကပင် ရဟန္တာဖြစ်သော ခေမာထေရီအား မဟာပညာအရာ၌ ဧတဒဂ် ထားတော်မူ၏ ။



မှတ်ချက်။ ။ ဘုရားပွင့်တော်မူစဉ်ကာလမှ ရှေ့ကမ္ဘာတစ်သိန်း အတွင်း၌ ရဟန်းမဝတ်ဘူးသူ၊ သပိတ်၊သင်္ကန်း မလျှူဘူးသူကို ဘုရားရှင်သော်မှ ဧဟိဘိက္ခူ ခေါ်ပြီး ရဟန်းပြုပေး၍ မရကြောင်း မှတ်သားဘူးပါသည်။ အကြောင်း မှန်သည်၊ မှားသည်ကို သေချာမမှတ်မိပါ။ (မည်သူမဆို အမှန်၊အမှား မှတ်ချက်ရေးပါက ကျေးဇူးတင်ပါသည်)


အမှန်တရားကို သိနိုင်ကြပါစေ……

အနတ္တ (စလင်း)

[+/-] အပြည့်အစုံသို့...

Wednesday, November 18, 2009

ဒုက္ခလား၊ သုခလား

ဆရာဦးသော်ဇင် ရေးသားထားတဲ့ “ဧတဒဂ်ဝတ္ထု“ စာအုပ်ကလေးကို ဖတ်လိုက်တဲ့အခါမှာ အနတ္တ အမှတ်မှားနေတာလေး နှစ်ခုကို သွားပြီး သတိပြုမိလိုက်တယ်။ နံပါတ်(၁) အမှတ်မှားတာကတော့ ဒုက္ခကို ဆင်းရဲခြင်း၊ သုခကို ချမ်းသာခြင်းဆိုပြီးတော့ အမြဲတမ်း မှတ်ထားတာလေ…. အရှင်ဂေါတမဘုရားလက်ထက်မှာပဲ သာဝိကာဘိက္ခုနီတို့၌ ဓမ္မကထိကအရာတွင် အမြတ်ဆုံး ဧတဒဂ်ရရှိသူ ဓမ္မဒိန္နာ(ရဟန္တာ) နှင့် ၄င်း၏ ခင်ပွန်းတော်စပ်ဖူးသူ ဝိသာခသူဌေး(အနာဂါမ်) တို့ အမေးအဖြေလေးကို ဖတ်လိုက်ရတဲ့ အခါမှာ မိမိမှတ်ထားတဲ့ဟာတွေဟာ မမှန်ပါ့လားဆိုတာကို သတိထားလိုက်မိပါတယ်။ ၄င်းတို့ကတော့ အဲဒီစာအုပ်ရဲ့ စာမျက်နှာ (၁၉၆) နှင့် (၁၉၇) မှာ ပါပါတယ်။ မှားတဲ့ အကြောင်းကို စာအုပ်ထဲမှာ ရေးထားတဲ့အတိုင်းလေးပဲ ကူးထည့်ပေးလိုက်ပါ့မယ်။ အဲဒါကတော့…..

“ အရှင်မ ခံစားမှု ဝေဒနာတို့သည် အဘယ်နည်း“ (ဟု ဝိသာခါ သူဌေးကမေးလိုက်တဲ့အခါ ဓမ္မဒိန္နာက ပြန်ဖြေလိုက်တာကတော့….. )

“ ဒါယကာ ကိုယ် စိတ်၌ဖြစ်သည့် ချမ်းမြေ့သာယာစွာခံစားခြင်းသည် သုခဝေဒနာ၊ ဆင်းရဲငြိုငြင်စွာ ခံစားရခြင်းသည် ဒုက္ခဝေဒနာ၊ သာယာသည်လည်း မဟုတ် မသာယာသည်လည်း မဟုတ်သော ခံစားခြင်းသည် ဥပေက္ခာဝေဒနာ မည်ပါသည်။“

“အရှင်မ ယင်းဝေဒနာတို့ကို မည်သို့ ခံစားပါသနည်း“

“သုခဝေဒနာသည် တည်နေဆဲအားဖြင့် ချမ်းသာ၏၊ ပြောင်းလဲသောအားဖြင့် ဆင်းရဲ၏၊ ဒုက္ခဝေဒနာသည် တည်နေဆဲအားဖြင့် ဆင်းရဲ၏၊ ပြောင်းလဲသောအားဖြင့် ချမ်းသာ၏၊ ဥပေက္ခာဝေဒနာသည် သိသောအားဖြင့် ချမ်းသာ၏၊ မသိသောအားဖြင့် ဆင်းရဲ၏ ။“

တဲ့ ဘယ်လောက်ကောင်းတဲ့ အဖြေလည်းဆိုတာ တွေးရင်းတွေးရင် တော်တော် အရသာရှိလာတယ်လေ နောက်ပြီး အကြောင်းအရာတစ်ခုကို တသတ်မှတ်တည်း မှတ်ထားရင် အဖြေဟာလည်း အမြဲမမှန်နိုင်ဘဲ အခြေအနေကို အချိန်အခါပေါ်လိုက်ပြီး အဓိပ္ပါယ်လည်း ပြောင်းလဲနိုင်တယ်ဆိုတာကို သိလိုက်ရပါတယ်။

အမှတ်မှားတာ နောက်တစ်ခုကတော့ နောက်တနေ့မှပဲ ထပ်စိုက်တော့မယ်နော် ……

အမှန်တရားကို သိနိုင်ကြပါစေ……

အနတ္တ (စလင်း)

[+/-] အပြည့်အစုံသို့...

Saturday, October 3, 2009

သီတင်းကျွတ်ပြန်ပြီ Thadigyut, Time for offering light to Buddha

သီတင်းကျွတ်ပြန်ပြီ ဆိုတော့ လွန်ခဲ့တဲ့ သီတင်းကျွတ်တွေတုန်းက စိတ်မီးအိမ်မှာ တင်ခဲ့တဲ့ ပို့စ်လေးကိုပဲ ထပ်တင်ပေးလိုက်ပါတယ်။

စိတ်မီးအိမ် နှင့် သီတင်းကျွတ်

လူမှန်းသိစ၊ ငယ်ဘ၀မှသည်
ဤပျော်ရွှင်မြူး၊ သီတင်းကျွတ်ဦးကို
ပူဇော်အထူး၊ဆီးမီးဖူးဖြင့်
တာဝတိံသာ၊နတ်ရွာမှဆင်း
လူ့ပြည်ဝန်းကို၊ ဆင်းသက်ပြန်လာ
မေတ္တာအနန္တ၊ ဖြန့်ကာချသည့်
ဗုဒ္ဓမဟာ၊ မြတ်လှစွာအား
ငါးပါးမာန်ချ၊ ၀တ်တွားခသည်၊
ပီသညီညာ၊ပြည်မြန်မာ ဓလေ့
မမေ့မှန်စွာ၊ ယနေ့တာထိ။

မြတ်သောဘုရား၊ ၀တ်တွားပြီးသော်၊
အော် မိအဖ၊ ဆရာနှင့်တကွ
ဘိုးဘွားမကျန်၊လူကြီးမှန်ကို
ဝန်ချတောင်းပန်၊ကန်တော့ပြန်သည်
ချစ်စရာ့မြန်မာ့ ဓလေ့ပါတကား။

အခ်ါသမယ၊ ဤကာလသည်
တမျိုးတမည်၊ထူးခြားပြန်၏်။
အကြောင်းမူကား၊ငယ်ပေါင်းကြီးဖော်
အဆွေတော်တို့၊မွေးမြေရပ်ရွာ
ချက်ကြွေမှာစု၊လူမှုဘဝ
ငယ်ဘ၀ကြောင်း၊နှောင်းကြောင်းမကျန်
ပြန်ပြောင်းအောက်မေ့၊ ခွင့်ခါတွေ့သည့်
အခါသမယပါတကား။

ထိုမှတဖန်၊ကြည့်ပြန်လတ်သော်
ဖော်ကောင်းဆွေမြတ်၊ လက်တွဲထပ်ယူ
တူညီဘ၀၊စိုက်ထူကြရန်
ရည်သန်စူးထား၊ထိုဆွေနှစ်ပါး
မင်္ဂလာတရား၊ထိပ်တင်ထားကာ
ထိမ်းမြားပြန်သည်၊မင်္ဂလာခါညီ
ပီသပြန်သည့်၊ဤသီတင်းကျွတ်ပါတကား။

ထိုမျှမြတ်လှ၊ခါသမယ၌
မြတ်သထက်မြတ်၊အမြတ်ထပ်ရန်
ရည်သန်ကြိုးကုတ်၊အင်းအားထုတ်၍
ဖော်ပေါင်းတစ်အုပ်၊စုဆောင်းလုပ်ကာ
အင်တာနက်လိုင်း၊ဘလော့ဂ်တိုင်းတွင်
ဆီးမီးတထိန်၊မီးတစ်အိမ်ကို
စိတ်ပေါင်းများစွာ၊စုစည်းလာ၍
ညီညာပြုံးပြုံး၊ထွန်းကာရုံးသည်
နာမသညာ၊ခေါ်ဆိုရကား
စိတ်မီးအိမ်ဟု အစုပြု။

စိတ်မီးအိမ်ဟု၊အစုပြုထား
ဥယျာဉ်ဖွားက၊သီတင်းကျွတ်ခါ
အချိန်သာတွင်၊လေးနက်မှန်စွာ
ဘုရား တရားသံဃာ၊အမြတ်ဆုံးရတနာ
မိဘ၊ဆရာပါမကျန် ငါးဖြာအနန္တအား
မီးအိမ်တခု၊သူတို့ပြု၍
လွန်စွာရိုကျိုး၊ရှိခိုးပါ၏။

ဤကျိုးအားကြောင့်၊ စိတ်မီးအိမ်သည်
ကမ္ဘာတည်သရွေ့၊တည်ပါစေသား၊
တည်စေသား။ ။

ကောင်းတမန်

[+/-] အပြည့်အစုံသို့...

Sunday, September 13, 2009

အကျဉ်းစံ

ဝေဒနာသည်တစ်ယောက်ရဲ့
အလွမ်းပွင့်ကြွေသံတွေရယ်ပါ....။
လမ်းတွေမဆုံးသေးဘူး၊
တစ်ထောင့်တစ်ညပုံပြင်လို
ဘ၀ကိုအခါခါငိုကြွေးနေရ။
ဘယ်တော့မှ ပြန်မဆုံနိုင်ခြင်းတွေက
အလွမ်းကိုဖြားယောင်နေကြ။
ကြေကွဲလွမ်းဆွတ်လိုက်တာ
ဘယ်လိုမှမေ့ဖျောက်မရနိုင်တော့
တစ်ယောက်တည်း
ကြေကွဲအခန်းကျဉ်းထဲမှာ
အလွမ်းသံစဉ်တွေညည်းတွား.....။
ခြောက်ကပ်ကပ်ပါပဲ....
ခြောက်ကပ်ကပ်နဲ့ပါပဲ........။

[+/-] အပြည့်အစုံသို့...