ဗေဒါ
ဗေဒါရေ…
တချို့လူတွေက မင်းကို ချီးမွမ်းကြလိမ့်မယ်။
ဗေဒါရေ…
တချို့လူတွေက မင်းကို ကဲ့ရဲ့ကြလိမ့်မယ်။
လိုသူတွေအတွက်
မင်းဟာ လေးစားအားကျစရာပဲ..။
မင်း…
ကြမ်းတမ်းတဲ့ ရေစီးကိုလည်း အာခံ ခဲ့၊
ဝဲဂယက်မှာလည်း မနှစ်မြှုပ်သွားအောင် ရုန်းကန်ခဲ့ရဖူးပြီ…။
မင်း…
ညင်သာတဲ့ ရေစီးတွေ့လည်း အလိုက်တသင့် မျောလိုက်ရုံလေးနဲ့ မကျေနပ်ခဲ့ပြန်ဘူး။
ဒါပေမယ့် ရေစီးကို အသုံးချလို့ ကိုယ့်ခရီးကို ကိုယ်တိုင် ပဲ့တင်နိုင်ခဲ့တယ် မဟုတ်လား..။
မင်း…
ဘဲအုပ်ပေါင်းများစွာရဲ့ ရန်ကလည်း အကြိမ်ကြိမ် တိုက်ပွဲဝင် လွတ်မြောက်ခဲ့ဖူးပြီ…။
လောကဓံအတက်အကျ ကို အာခံလို့….
နူးညံ့သဲထူတဲ့ မြစ်ကမ်းခြေမှာ…
ရွှံ့ထူ ညစ်ပတ်တဲ့ ညွှန်တောထဲမှာ…
ညီးတွားငိုမြည်း မနေပဲ….
အိပ်ယာမှတ်လို့ မေးစက်ခဲ့ရဖူးတာပဲ..
အရေးကြီးတာက
ပန်းတိုင် မပျောက်ဖို့နဲ့ မြန်မြန်ရောက်ဖို့ ပဲလို့ စိတ်တေးခဲ့ရတယ် မဟုတ်လား..။
မြစ်ဆုံးတဲ့ ပင်လယ်ဝမှာ ဒီရေတိုးတာ မြင်ဖူးချင်တယ် ဆိုတဲ့
မင်းရဲ့ ပန်းတိုင်ရောက်ဖို့
လမ်းတလျှောက်မှာ တခြားအပင်တွေ၊ ရေသတ္တ၀ါတွေကို
မင်းကြောင့် မကြွေကျစေခဲ့တာလည်း မင်းစေတနာပဲလေ..။
ဒါတွေကို....ငါတို့ မှတ်တမ်းတင် လေးစားအားကျမိတာပဲကွ...။
ဟော…
မလိုသူတွေ အတွက်ကျတော့
မင်းဟာ….
ခပ်အအ ငနဲ တယောက်ပဲ…။
ကြမ်းတမ်းတဲ့ ၀ဲဂယက်မှာ မင်းကိုယ်မင်း ကြင်လည်တတ်ပြီလို့ ဘယ်လို ထင်နေပစေ
အချိန်တန်တော့ ရေစီးနဲ့ပဲ မင်းမျောနေရတာ ပဲတဲ့လေ..။
ဘဲအုပ်တွေက ထိုးဆိတ်စားသောက်လည်း
ဘာများ မင်း ကာကွယ်အား ရှိခဲ့လို့လည်း….
လှပတဲ့ မင်းပန်းပွင့်တွေ အတွက်ပဲ အေးချမ်းစွာ ရန်မလိုပဲ မင်း ဂုဏ်ယူတတ်တာ အားနည်းချက် မဟုတ်ပြန်ဘူးလား..တဲ့။
ပြီးတော့ မင်းက ကြက်တွေလိုပဲ…
ရောက်ရာ ဘ၀ မှာ ပျော်အောင် နေတတ်ရပြန်ပြီ
နေရာမရွေးမှာ ကျောချလို့
ဒါတောင် ပန်းတိုင် မပျောက်ဖို့၊ ရောက်ဖို့က ပဲ အရေးကြီးတယ်လို့ ဟစ်လုံးက ပေးနေပြန်သေး..တဲ့။
မင်း ကိုယ် ငါတို့ တကယ် သနားတယ် ဗေဒါ…တဲ့။
အခြေချ အမြစ်တွယ်လို့ ကောင်းတဲ့ မြေနေရာတွေ့ရင် မင်းက တထောက်နားလို့၊
ရေစီးကြမ်းလာရင် မျောလိုက်လိုက် နဲ့…
မင်းဘ၀က ဘာလဲ…တဲ့…။
အေး...
ငါဆိုတဲ့ ဗေဒါက တော့…
လင်ကွန်း ဟိုအရင်တုန်းက ပြောခဲ့ဖူးတဲ့ အတိုင်းပဲ…
ရန်သူနဲ့ မိတ်ဆွေ တွေဆီက မတူညီတဲ့ အသံတွေ ထွက်နေသမျှ မင်းမှန်တယ်တဲ့..။
အဲ….နှစ်ဘက်လုံးက တစ်သံတည်း အတူတူ ထွက်လာရင်တော့ မင်းမှားဖို့ များနေသတဲ့..။
မလိုသူတွေ၊ လိုသူတွေ ဘယ်လို ထင်ပစေ..
ငါဆိုတဲ့ ဗေဒါဟာ..
အချိန်တန်ရင် ငါ့လမ်း ငါသွားရမှာပဲ…
အရေးကြီးတာ ရုန်းကန်နေဖို့ပဲ…
ပန်းတိုင်ကို မပျောက်ရဘူး…၊
ရောက်ကို ရောက်ရစေမယ်…။
နှလုံးသားကို ရိုက်ဟီးလို့ ဖွင့်ထားမယ်…
ပြတင်းတံခါးကို အကျယ်ဆုံး ဖွင့်လို့..
အလင်းတန်းတိုင်းကို ၀င်လာစေပြီး
အမှောင်ထုတိုင်းကို ဖြိုချရှင်းပစ်မယ်…
တိုတောင်းတဲ့ ဘ၀အတွင်းမှာ…
ပန်းတိုင်ဆုံးအောင် မရောက်ခဲ့လည်း၊
ပန်းတိုင်ကို မြင်ခွင့်မရခဲ့လည်း..
ငါ သံဝေဂမရဘူး၊ ယူကျူံးမရလည်း ဖြစ်မှာ မဟုတ်ဘူး..
ငါ မှန်ကန်စွာ ရုန်းကန်ခံရတဲ့ တန်ဖိုးနဲ့ သိက္ခာနဲ့ တင် ကျေနပ်ပြီ…
ပြီးတော့...
လျှောက်ခဲ့ရတဲ့ လမ်းမှာ ငါ့ ပန်းပွင့် ခရမ်းပြာရောင်ကို
မြင်သူတိုင်းအတွက် ကြည်နူးမှုတွေ ပေးခဲ့ရတာလည်း ကျေနပ်စရာ တစ်ခုပဲ မဟုတ်လား...။
တကယ်ဆို..
လောကမှာ တာဝန်ကျေဖို့က အရေးကြီးဆုံးပဲ။
ငါဘယ်လောက် ခရီးရောက်လဲ၊ မရောက်သလဲ…
အကဲဖြတ်ဖို့နဲ့....
ကျန်တဲ့ အလုပ်တွေကိုတော့….ရန်သူနဲ့ မိတ်ဆွေတွေပဲ ဆက်လုပ်ကြလိမ့်ဦးမယ်…။
ကောင်းတမန်
၂၀၁၀-၁၀-၂၃
(ကျောင်းသို့သွားသည့် လမ်းဘေး ချောင်းထဲတွင် ယနေ့ မျောပါလာသော ဗေဒါပင် အစုလေးများကို မြင်၍ ပေါ်လာသော ခံစားမှုကို အခြေခံကာ ဤ ကဗျာအား ရေးဖွဲ့ပါသည်။ )
No comments:
Post a Comment