စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Sunday, January 11, 2009

ပြောမလား .. မပြောဘူးလား ...

ဟုတ်တယ်ဗျ ....
ကျွန်တော်က ကိုယ့်အကြောင်းကို ကောင်းတာ ပြောလိုက်ပြန်ရင်လည်း ..
ဒီလူ အပိုတွေ ပြောနေတာလို့ ပြောကြပြန်ရော ..။
နောက်ပြီး .. ကိုယ့်အကြောင်းကို မကောင်းတာပြောလိုက်ပြန်ရင်လည်း ..
ယုံသွားတတ်ကြတယ်ဗျ ..။
ခက်တာက ...
ဘာမှ မပြောဘဲ နေလိုက်ပြန်ရင် လည်း ...
မာနကြီး တယ်လို့ပြောကြပြန်ရော ..။
ကဲ ...
မခက်ဘူးလားဗျား ... လောကလူသားတွေ ...။

[+/-] အပြည့်အစုံသို့...

Saturday, January 10, 2009

Characteristics of stupid person

သီတဂူဆရာတော်ရဲ့တရားကို နာရလို့ လူမိုက်ဆိုတာ ဘယ်လိုလူကို ခေါ်တာလဲ ရှင်းရှင်းလင်းသိလာရပါတယ်။ အဲဒါနဲ့ လူမိုက်ရဲ့သွင်ပြင်လက္ခဏာကို ရေးပြချင်လို့ရေးပြရတာပါ။ Characteristics of stupid person ပေါ့။ ကိုယ်များလူမိုက်ရဲ့ ကာရိုက်တာတွေနဲ့များကိုက်ညီနေမလားဆိုတာ ဆန်းစစ်ကြည့်တာပေါ့။ မဟုတ်လား?

၁။ လူမိုက်တို့သည် နည်းမှန်လမ်းမှန်မဟုတ်တာတွေကို နည်းမှန်လမ်းမှန်ဟုသတ်မှတ်ပြီး ဆောင်ရွတ်တယ်။

၂။ လူမိုက်တို့သည် နည်းမှားတွေကို သူတို့နဲ့အတူလုပ်ဆောင်ရန် ဆွဲဆောင်တယ်။

၃။လူမိုက်တို့သည် နည်းလွဲနည်းမှားတွေကို အမွန်အမြတ်ထားတယ်။

၎။လူမိုက်တို့သည် နည်းလွဲနည်းမှားတွေကို မှားကြောင်းပြောပါက စိတ်ဆိုးတယ်။

ကျွန်တော်တို့ က မင်္ဂလသုတ်တော်မှာ လူမိုက်ကိုရှောင်ကျဉ်ခြင်းသည် မင်္ဂလာဖြစ်သည် လို့ ဆိုထားပေမယ့် လူမိုက်ဆိုတာ ဘယ်လို လူကို ခေါ်မှန်းမသိကြပါဘူး ဒါကြောင့် တင်ပြရခြင်းဖြစ်ပါတယ်။ လူမိုက်ကို ရှောင်ပြီး လူမိုက် ကာရိုက်တာများ မရှိအောင်နေနိုင်ကြပါစေ။

[+/-] အပြည့်အစုံသို့...

Friday, January 9, 2009

အင်ဂျင်နီယာနှင့်ချမ်းသာခြင်း

အင်ဂျင်နီယာတွေ ဖြစ်လာပြီဆိုရင် ချမ်းသာတဲ့သူတစ်ယောက်ဖြစ်မှာလား။ အဲလိုမေးရင် ဟိုလူကြီးတွေက ပြုံးနေကြမလား။ စိတ်မီးအိမ်က လူတွေပြောတာပါ။ ကျွန်တော် စာအုပ်တစ်အုပ်ကို ဖတ်လိုက်ရတယ်ဗျ။ ဒါနဲ့ပဲ စာအုပ်ထဲက အကြောင်းအရာတွေကို ကျွန်တော်နားလည်သလို သူငယ်ချင်းတွေကို ပြောပြချင်လာပါတယ်။ ပြောပြချင်လို့ ပဲ ဒီဘလော့မှာ ၀င်ပြီးရေးလိုက်ပါဦးမယ်။
ချမ်းသာခြင်းနဲ့ ပါတ်သက်ပြီး ကျွန်တော့အမြင်ပြောရမယ်ဆိုရင် လူတိုင်းက ချမ်းသာချင်ကြတယ်။ ကြွယ်ဝချင်ကြတယ် လို့ ထင်ပါတယ်။ ဟုတ်လည်းဟုတ်ပါလိမ့်မယ်နော်။ အဲဒီအခါမှာ ကျွန်တော်တို့တွေ ဘာကြောင့် ကြွယ်ဝတဲ့ ဘ၀ တစ်ခုကို မပိုင်ဆိုင်ကြရတာလဲဆိုတဲ့ မေးခွန်းတစ်ခု ပေါ်လာတယ်ဗျ။ လူတွေကို လိုက်မေးကြည့်ရင်တော့ သူတို့ အကြောင်းပြချက်တွေကို ပြောပြကြမှာဗျ။ ကျွန်တော်တို့ နိုင်ငံက လူတွေကို မေးကြည့်ရင်တော့ ဒီလိုကြားရမယ်ထင်တယ်ဗျ။ ဒီလောက်ကြိုးစား ရဲ့သားနဲ့ လူချမ်းသာမဖြစ်တာဟာ ကံကြောင့်လို့များ ပုံချကြမလားပဲ။ တကယ်တော့ ချမ်းသာတဲ့ လူတန်းစားဆိုတာ နည်းနည်းလေးပါပဲနော်။ နိုင်ငံတိုင်းမှာ လူချမ်းသာဆိုတာ လူနည်းစုပါပဲ။ လူများစုက ဆင်းရဲသားနဲ့ လူလတ်တန်းစားမဟုတ်လားဗျ။ ကျွန်တော်တို့ အင်ဂျင်နီယာ လူတန်းစားကရော ချမ်းသာတဲ့လူတွေ လူ့ မလိုင် လူပေါ်က လူတွေဖြစ်နေပြီလား။ ကျွန်တော်ကမဖြစ်သေးဘူးလို့ထင်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဟာ လုပ်ခ လစာပေါ်မှာပဲ မှီခိုနေရတယ်ဆိုတော့ လခထုတ်မယ်။ ကုန်အောင်သုံးမယ်။ နောက်ထပ်လခ ရအောင် နောက်တစ်လ အကုန်ကိုစောင့်မျှော်နေမယ်။ ဒီလိုပဲ သံသရာလည်နေမယ် ထင်တာပဲ။ လခတွေ တိုးလာတော့ရော ဘာတွေဖြစ်လာနိုင်လဲ။ အင်း သေချာတာတော့ လခတိုးရင်လည်းမချမ်းသာနိုင်ဘူးလို့ ထင်တာပဲဗျ။ လခတိုးရင်တော့ လူနေမှုအဆင့်အတန်းတော့မြင့်သွားနိုင်ပါရဲ့။ ဒါပေမယ့် လူနေမှုအဆင့်အတန်းမြင့်ခြင်းဟာ ချမ်းသာခြင်း ဧကန် ဖြစ်တယ်လို့တော့ပြောလို့မရဘူးဗျ နော်။ လခ တိုးလာရင် ကျွန်တော်တို့ ပိုပြီးသုံးဖြစ်မှာပဲဗျ။ အဲဒီတော့ ဒုံရင်းဒုံရင်းပဲ ဖြစ်မှာပါပဲဗျာ။
အဲဒီတော့ ချမ်းသာအောင်ဘယ်လို လုပ်ရပါ့။ သူတင်ပြထားပုံကတော့ ငွေကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ နားလည်ရင် ချမ်းသာဖို့ ဖြစ်နိုင်မယ်လို့ ပြောတယ်ဗျ။ အဲ ဟေ့ကောင် မင်း ပြောမှလား ငွေသုံးတာ များ.. တို့လည်းသုံးတတ်တာပေါ့လို့ ပြောကောင်းပြောနိုင်ပါတယ်။ ဟုတ်ကဲ့ ကျွန်တော်တို့တွေ ယူဆထားတာမှားပါတယ်ခင်ဗျာ။ သိသလိုနဲ့ မသိတာတွေ သိရက်နဲ့ လိုက်မလုပ်တာတွေကြောင့်ပါခင်ဗျာ။ ဒီလိုဗျ။ ငွေဆိုတာ ဘာလုပ်ဖို့လည်း ၀ယ်ဖို့ပေါ့ဗျ နော်။ ၀ယ်တဲ့အခါမှာ လူချမ်းသာများက ရပိုင်ခွင့်များကို ပိုမိုဝယ်ယူကြပြီး ဆင်းရဲသားနဲ့ လူလတ်တန်းစားများက ပေးရန်တာဝန်များကို ပိုက်ဆံပေးဝယ်ယူကြပါတယ်တဲ့ခင်ဗျာ။ အဲဒီတော့ ရပိုင်ခွင့်ဆိုတာ ဘယ်လိုအရာကို ခေါ်တာလဲ။ ရှင်းပါမယ်။ ပစ္စည်းတစ်ခုကို ၀ယ်ယူလိုက်ခြင်းအားဖြင့် ၄င်းပစ္စည်းမှ ၀င်ငွေပြန်လည်ရနိုင်သောပစ္စည်းများကို ရပိုင်ခွင့်များလို့ ခေါ်ပါတယ်ခင်ဗျာ။ ဥပမာ အစုရှယ်ယာများ။ အငှားချထားနိုင်သော အိမ်မြေ အိမ်ခန်းများ။ နောက်တစ်မျိုးက ပေးရန်တာဝန်များ ။ ဟုတ်ပါတယ်။ လူလတ်တန်းစားများနဲ့ ဆင်းရဲသားများက ပေးရန်တာဝန်များကို ငွေပေးပြီး ၀ယ်ယူနေကြပါတယ်ဆိုရင် ဟုတ်ပါ့မလား ဟေ့ကောင်လို့ မေးပါလိမ့်မည်။ ဟုတ်ပါတယ်လို့ပဲ ပြောရပါလိမ့်မယ် ခင်ဗျာ။ ပေးရန်တာဝန်များဆိုတာက ဘာလဲဆိုတာ အရင် ရှင်းပါဦးမယ်ခင်ဗျာ။ အထင်ရှားဆုံးဥမမာ က ကိုယ်ပိုင်ကားဝယ်ခြင်း သို့မဟုတ် ဆိုင်ကယ်ဝယ်ခြင်း ဖြစ်ပါတယ်။ ကားကိုဝယ်ယူလိုက်တဲ့အတွက် ပထမဦးစွာ အခွန်ဆောင်ရမှာ သေချာပါတယ်။ နောက်ပိုင်းမှာ ၀င်ငွေပြန်ရလာစရာအကြောင်း မရှိပဲ ထွက်ဖို့သာလျှင်ရှိပါတော့တယ်ခင်ဗျာ။ ဆီဖိုး။ ပြင်ဆင်စရိတ်။ အစရှိတဲ့ ငွေကုန်ပေါက်တွေပေါ့ခင်ဗျာ။ ချမ်းသာဖို့ ပထမဦးဆုံးလိုအပ်ချက်ကတော့ ရပိုင်ခွင့်များကို များများဝယ်ယူပြီး ပေးရန်တာဝန်များကို နည်းနိုင်သမျှနည်းအောင် ၀ယ်ယူဖို့ပဲဖြစ်ပါတယ်ခင်ဗျာ။
ဒီနေ့တော့ ဒီလောက်ပဲရေးပါဦးမယ်ခင်ဗျာ။ နောက်များမှာ အလျှင်းသင့်သလိုတင်ပြပါဦးမယ်ခင်ဗျာ။ ကိုယ်စိတ်ကူးနဲ့ရေးထားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်ဖတ်ဖူးသော စာအုပ်တစ်အုပ်မှ အိုင်ဒီယာများကို ပြန်လည်တင်ပြခြင်းသာဖြစ်ပါကြောင်း။ မူရင်းစာအုပ်မှာ Robert T. Kiyosaki ရဲ့ rich dad poor dad စာအုပ်ဖြစ်ပါတယ်ခင်ဗျာ။

[+/-] အပြည့်အစုံသို့...

Saturday, January 3, 2009

၂၀၀၉ နှစ်သစ် ဆုံးဖြတ်ချက်

ဒီလို နဲ့…
နှစ်သစ် အဓိဌာန်ကို
သတိပဌာန် လို သွင်း
မြှားတစင်းလို ခွင်းဖို့
အလင်းရခဲ့တော့တယ်။



၂၀၀၈ ကုန်တဲ့ည
ခုန်နေတဲ့ ရင်တစုံ နဲ့
ဖြစ်ကြောင်းအကုန် ပြန်တွေး
အမှန်ရေးကြည့်တော့……..
ငါ့ဘ၀…ကို
မလှတလှနဲ့ ဖြတ်ခဲ့မိတယ် ဆိုတာ
ငါ့ကိုယ်ငါ …၀န်ခံမိတယ်..။

လား…………လား…………….
မဟာတန်ခိုးရှိတဲ့ အချိန်တွေကို
ဒီလိုဟိုလို နဲ့ ဖြုန်းမိခဲ့ပါ့လား။

နှစ်သစ်ကို ရောက်ဖို့ တည်းတည်းလေးလို
ကဲကဲပိုပိုလေး ကိုယ်စိတ်ကိုဆွဲဆန့်
မနည်းတန့်ခဲ့ရတယ်
နှစ်ဟောင်းက အကျင့်တွေကို။

နှစ်သစ် ဆုံးဖြတ်ချက်အတွက်
သုံးသပ်ခဲ့တော့
မြေကြီးလို ခန္တီရဖို့
ဥာဏ်မီသလိုတွေးဟဲ့….တဲ့။
Attach, Detach
Accept, Reject ကို
စက္ကန့်မလှပ် စွဲမှတ်ဖို့
ငါတို့ အရှင်
အထင်ကရတစ်ပါးက
အမြင်ပြသွားခဲ့တယ်။

ဒီလို နဲ့…
နှစ်သစ် အဓိဌာန်ကို
သတိပဌာန် လို သွင်း
မြှားတစင်းလို ခွင်းဖို့
အလင်းရခဲ့တော့တယ်။

မြေကြီးဟာ
အနံ့ဆိုးဆိုး
မစင်သိုးသိုးတွေပဲ ဖြစ်ဖြစ်
ရနံ့သင်းမွှေး
ပန်းကလေးတွေပဲ ဖြစ်ဖြစ်
အရှိကို အရှိအတိုင်း
လက်ခံထားတတ်သလို။
နံလို့ detach ဖြစ်လို့
Reject မလုပ်သလို
မွှေးလို့ attach ဖြစ်လို့
Accept လည်း မလုပ်တတ်သလို။
ဘာအတွက်မှ မခံစားရတဲ့
အဖြစ်အပျက်ကို အဖြစ်အပျက် လို့
ရှုတတ်တဲ့ စိတ်ကလေး……
ဒါမှမဟုတ် ခန္တီဆိုတဲ့ သည်းခံခြင်းလေး….။

ရေဟာ
စိတ်၊ရုပ်ကြမ်းတမ်းတဲ့
လူသရမ်းတွေ ချိုးချိုး
စိတ်၊ရုပ် ပျော့ပျောင်းတဲ့
လူကောင်းတွေ ချိုးချိုး
သူ့အအေးဓါတ်ကို
အတူတူပက်ဖျန်းပေးနိုင်သလို။
ဆိုးတဲ့ လူမို့ detach ဖြစ်လို့
Reject မလုပ်သလို
ကောင်းတဲ့ သူမို့ attach ဖြစ်လို့
Accept လည်း မလုပ်တတ်သလို။
အားလုံးအတွက်
တူညီတဲ့ မေတ္တာဓါတ်ကလေး…..။

ခန္တီ နဲ့ မေတ္တာ တရား
အများဆုံး လွှမ်းခြုံနိုင်အောင်
စွမ်းကုန်ပြုလို့
ရိုးကုတ်တော့မည့်
၂၀၀၉ ဆီ။

[+/-] အပြည့်အစုံသို့...

Wednesday, December 24, 2008

ဘ၀ လှေခါး

ဘ၀ဆိုတာ
ကိုယ့်ခြေထောက်နဲ့ ကိုယ်
တက်ရတဲ့ ရိုးရိုးလှေခါးပါ။

တခါတလေမှာ
အဲဒီလှေခါးကို
ကိုယ်ကိုယ်တိုင်ပဲ
ရိုက်ချိုးဖူးကြတယ်။

တခါတလေမှာ
အဲဒီလှေခါးကို
ကိုယ်ကိုယ်တိုင်ပဲ
တည်းတည်းလေး
ချိတ်ထားတတ်သေးတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်
ချိတ်မိဖို့က အဓိကပါပဲ။

ကျိုးသွားတဲ့ လှေခါး
မချိတ်မိတဲ့ လှေခါး
တည်းတည်းလေး ချိတ်မိနေတဲ့ လှေခါး
ဘယ်လို လှေခါးဖြစ်ဖြစ်
တခါ ဖြစ်ဖူးသွားရင်
နောက်ထပ် အဲလိုမကြုံရအောင်
လုပ်ရဦးမယ်။


ဘာဖြစ်လို့လဲ ဆိုတော့
အဲဒီ ဘ၀ ဆိုတဲ့
ရိုးရိုး လှေခါးကို
ဥာဏ်၊ ၀ီရီယ နဲ့ လုံ့လ ဆိုတဲ့
ကျူပ်တို့ ခြေထောက်တွေနဲ့ တက်ပြီး
အောင်မြင်မှု ဆိုတဲ့ ပန်းတိုင်ကို
ကျူပ်တို့ ဆွတ်ခူးရဦးမှာ မို့ပါ။

ဒါပေမယ့်
ကျူပ်တို့ဟာ
ကျူပ်တို့ကိုယ်တိုင် ယုံတယ်၊
အဲဒီ လှေခါးကို တက်ကျော်နိုင်ရမယ်လို့။

ဘာပဲဖြစ်ဖြစ်
ဘ၀ဆိုတာ
ကိုယ့်ခြေထောက်နဲ့ ကိုယ်
တက်ရတဲ့ ရိုးရိုးလှေခါးလေးတခုပါ။


အိုင်ဒီယာ

သိင်္ဂီသက်

အသက်သွင်းသူ
ကောင်းတမန်




[+/-] အပြည့်အစုံသို့...

Monday, December 22, 2008

Screen Saver ဆိုတာ



ဘီလ်ဂိတ် တယောက် သေဆုံးလို့ ဘ၀ကူးဖို့ရန် သိကြားမင်း နဲ့ တွေ့နေပါတယ်။

သိကြားမင်း။ ။ ကောင်းပြီ။ ဘီလ်ဂိတ် မင်းကို နတ်ပြည် ပို့ရမလား၊ ငရဲပြည်ပို့ရမလားဆိုတာ ငါတောင် ဆုံးဖြတ်ရ တော်တော်ခက်နေတယ်ကွ။ မင်းက ကွန်ပျူတာပညာနဲ့ တကမ္ဘာလုံးကို အကျိုးပြုခဲ့လို့ အိမ်တိုင်းနီးပါးလည်း ကွန်ပျူတာတွေ နဲ့ ဖြစ်နေပြီ။ အံ့မခန်းဖွယ်ရာ အစွမ်းရှိတဲ့ Windows ဆိုတာလည်း ထွင်ပေးခဲ့သေးတယ်။ ဒီတော့ ငါလည်း မင်းအတွက် ငါ အရင်တစ်ခါမှ မလုပ်ဖူးသေးတာ လုပ်ပေးချင်တယ်။ ဒီတော့ မင်း ဘယ်ပြည်ကို သွားမလဲ ဆိုတာ မင်းစိတ်ကြိုက် ရွေးချယ်ခွင့်ပေးတယ်ဗျာ။

ဘီလ်ဂိတ်။ ။ ငရဲပြည် နဲ့ နတ်ပြည် ဘာကွာလို့လဲဗျ။

သိကြားမင်း။ ။အကောင်းဆုံးကတော့ မင်းကိုယ်တိုင် အဲဒီပြည်နှစ်ခု ကို အစမ်းကြည့်ပြီးမှ ဆုံးဖြတ်ချက်ချသင့်တယ်။ ကဲလာ..ပြောနေကြာတယ်..ငါတို့ ငရဲပြည်ကို အရင် သွားကြည့်ရအောင်။

ဘီလ်ဂိတ်လည်း အလွန်မတန် အံ့အားသင့်ရပြီလေ။ လား…..လား….သူပထမဆုံးမြင်ရတာက သဲဖြူဖြူတွေ ထူထပ်ပြီး အင်မတန် ကြည်လင်သန့်စင်နေတဲ့ ပင်လယ်ကမ်းစပ်တွေ အနားသတ်ထားတဲ့ အပြာရောင် ပင်လယ်ပြင်ကြီးက တမျှော်တခေါ်ပဲ။ အဲဒီ ကမ်းခြေတွေမှာ ထောင်သောင်းချီတဲ့ မဒီ လန်းလန်းလေးတွေ ရေကစားရင်း ရယ်လို့ မောလို့၊ ပင်လယ် စားသောက်စာတွေလည်း ပေါပါဘိသနဲ့။ နေကလည်း သာပြီး အပူချိန်က လည်း သမလို့။ အားလုံးဟာ အင်မတန် ပြည့်စုံပြီး အားရစရာတွေချည်းပဲ မြင်နေရသတဲ့။

ဘီလ်ဂိတ်။ ။ ငရဲပြည်တောင် ဒီလောက် လန်းနေတာ…။ကျူပ် နတ်ပြည်ကို ကြည့်ချင်လွန်းလို့ ထိန်းတောင် မထိန်းနိုင်တော့ဘူးဗျာ။

သိကြားမင်း။ ။ ကဲလာ…။ ဒါဆို လည်း နတ်ပြည်တက်ကြည့်ကြတာပေါ့။

ဘီလ်ဂိတ်လည်း အဖြူရောင် တိမ်ထူထူတွေနဲ့ လှပလွန်းတဲ့ ကောင်းကင်ပြာတခုလုံးရဲ့ ထောင်ပေါင်းစုံမှာ နတ်သမီးပျိုတွေ စောင်းတီးပြီး သီချင်းဆို နေတာ တွေ့သတဲ့။ သူ့စိတ်ထဲမှာ နတ်ပြည်ဟာ သာယာပါတယ်။ ဒါပေမယ့် သေချာတာက ငရဲပြည်လောက် မလန်းဘူးလို့ တွေးတောနေမိတယ် တဲ့။ ဒါကြောင့် ထွေထွေထူးထူး စဉ်းစားမနေပဲ…

ဘီလ်ဂိလ်။ ။ သိကြားမင်းကြီး……..ကဲ ကျူပ်ကို ငရဲပြည်ကိုပဲ အခုမနှေး အမြန်ပြေးခွင့်ပြုပါတော့။
လို့ပြောတော့..။

သိကြားမင်း။ ။ ကဲ မင်းစိတ်ဆန္ဒအတိုင်း ရောက်စေ။

လို့ပြောပြီး ငရဲပြည်ကို ပို့ပေးလိုက်သတဲ့။
နောက်နှစ်ပတ်အကြာမှာ သိကြားမင်းကြီးက သန်းကြွယ်သူဌေးဟောင်း ကွန်ပျူတာ ပညာရှင်ဟောင်းကြီး အဆင်ပြေမပြေ ငရဲပြည်ဆင်းပြီး အကဲလာခတ်သတဲ့။ အဲဒီ အချိန်မှာ ဘီလ်ဂိတ်ဟာ အလွန်ပူပြင်းတဲ့ မီးတောက် တွေကြား အော်ရင်း ငြီးရင်း နဲ့ ပူလောင်လွန်းတဲ့ ကျောက်ဂူ နံရံရဲရဲတွေပေါ်မှာ တောက်တက်ကပ်သလို တွယ်ကပ်နေရသတဲ့။ ပြီးတော့ ငရဲသားတွေကလည်း မီးခရင်းဂွတွေနဲ့ သူ့ကို ၀ိုင်း ထိုးပြီး သွေးသံ တရဲရဲ ဖြစ်အောင် နှိပ်စေနေသတဲ့။

သိကြားမင်း။ ။ဟေ့ကောင်.. ဘီလ်ဂိတ်..။ မင်း နေရတာ အဆင်ပြေလားကွ။

ဘီလ်ဂိတ်။ ။ ခင်ဗျားပဲ လာခံစားကြည့်ပါ့လားဗျာ။ ဒီလောက် ပူပြင်းဆိုးရွားနေတာ…….ဘာအဆင်ပြေရမလဲ…….။ ကျူပ်မျှော်လင့်ထားတာနဲ့ တော့ တခြားဆီပဲ……။ ဒါနဲ့ ငရဲပြည်က ဘာဖြစ်လို့ ကျူပ်ရောက်မှ ပြောင်းလဲသွားရတာလဲ။ ကျူပ်မလာခင် မြင်တာကတော့ လှပတဲ့ ကမ်းခြေတွေမှာ လန်းလန်း…လန်းလန်းနဲ့ မဒီတွေ ရေကစားနေကြတာလေဗျာ။

သိကြားမင်း။ ။ အို့………ဘီလ်ဂိတ်……..။ အဲဒါ ခင်ဗျား ထွင်ခဲ့တဲ့ Screen Saver လေဗျာ.။

မှတ်ချက်။ ။ နိုင်ငံခြားဟာသ ကို အဓိပ္ပာယ် ပြန်ဆိုပါသည်။

[+/-] အပြည့်အစုံသို့...

ငါ လိုချင်တာ

စစ်သားလေး တယောက်ဟာ တပ်ထဲက လမ်းပေါ်မှာ တွေ့သမျှ စာရွက်မှန်သမျှကို ကောက်ပြီး ဖြန့်ဖတ်ကြည့်လိုက်၊ ပြန်လွှင့်ပစ်လိုက်နဲ့ အလုပ်ရှုပ်နေသတဲ့။ ပါးစပ်ကလည်း

“ငါလိုချင်တာ ဒီစာရွက် မဟုတ်သေးပါဘူး”

လို့ စာရွက်တရွက် ဖတ်ပြီးတိုင်း ညည်းညူ နေသတဲ့။

တပ်ထဲက လမ်းတကာလှည့်ပတ်သွားရင်း သူအဲလို အချိန်အတော်ကြာ ထူးဆန်းစွာ ပြုမူနေတာ ဗိုလ်ကြီး တဦး တွေ့သွားပြီး သူ့ကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့ စီစဉ်ပေးလိုက်သတဲ့။ စိတ်ပညာဆရာဝန်က စစ်သားလေးဟာ စိတ်ဖောက်ပြန်ယိုယွင်းနေတာ သေချာနေလို့ စစ်တပ်မှ အနားယူခိုင်းဖို့ ဆေးစာတစ်စောင် ရေးပေးလိုက်တယ်တဲ့။

ဒီတော့မှ စစ်သားလေးက သဘောကျစွာ ပြုံးပြီး

“အင်း ငါလိုချင်တာ ဒီစာရွက်ပဲကွ “

လို့ ကြုံးဝါးပြီး စစ်တပ်ကနေ အပြေးထွက်ခွားသွားသတဲ့။

သင်ခန်းစာ။ ။ ဘ၀မှာ မည်သို့သော အခြေအနေမှ မဆို မိမိလိုချင်တာ ရရန် နည်းလမ်းများစွာ ရှိသည်။ မိမိသာ အမြင်ကျယ်၍ ဦးနှောက်ကို လွှာသုံးရန် လိုအပ်ပေသည်။



မှတ်ချက်။ ။ နိုင်ငံခြားဟာသ ကို အဓိပ္ပာယ် ပြန်ဆိုပါသည်။

[+/-] အပြည့်အစုံသို့...