စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Saturday, August 30, 2008

ဘ၀ကို တိုးတိတ်စွာ ငိုရှိုက်နေသူ


(၁)

ည……..။
ဒီည……….။
ကျူပ် အိပ်မပျော်ပြန်ဘူး………..။
ကျူပ်သိတယ်…………………….။
အဲဒါဆို ခါတိုင်းလို ကျူပ်ဟာ ဒီည အိပ်မက်ထဲမှာ ကျူပ် အမျိုးအဆွေ တွေ အိမ်မှာ ကျွန်တစ်ယောက်လို အလုပ်ကိစ္စတွေ သိမ်းကျူံး လုပ်နေလိမ့်ဦးမယ်။ အဆူ အငေါက်လည်း ခံ နေရလိမ့်ဦးမယ်…….။
ည အချိန်မတော်ကြီးမှ အလုပ်ပြီးလို့ အမေ့အိမ်ပြန်၊ အမေ နဲ့ မျက်နှာချင်း အပ်ပြီး ကျောင်းတက်ဖို့ အမျိုးတွေ ပေးလိုက်တဲ့ ပိုက်ဆံ ကို ရေရင်း ကျူပ်တို့ ငိုကြွေးနေလိမ့်ဦးမယ်။ ကောင်းကင် က ကြယ်တွေက ကျူပ်တို့ ကို သနားလို့ အဲဒီည မှာ တိုးတိတ်စွာ နေကြလိမ့်မယ်။တကယ်ဆို သူတို့တွေ ကျူပ်က ကူလီထမ်း သာသာပဲ ဆိုတာ မပြောရက်လို့ နှုတ်ဆိတ် နေကြတာဖြစ်မယ်။
ကျူပ်ဘ၀ က မနာသင့်ပဲနဲ့ အဲလောက် ကို နာကျည်းခဲ့ရတယ်ဗျာ။

(၂)

အိပ်မက်…….။
ဒီလို အိပ်မက် တွေ………..။
ကျူပ်ဘ၀ ကို ခြောက်လှန့် ခဲ့တာ ဟိုး…ငယ်ငယ်လေး ကတည်းကပါ…………။
ကျူပ်သိတယ်။ ဒီလိုညမျိုးဆို….ဒီလို အိပ်မက်တွေ ကျူပ်မက် လိမ့်ဦးမယ်……..။
ကျူပ်အမေ လည်း မက်နေလောက်တယ်။

ည……..။
ခုလိုညမျိုး…။
ကျူပ်ငယ်ငယ်ကတည်းက ကြောက်တယ်။

ဘ၀…….။
ခုလို ဘ၀မျိုး…။
ကျူပ်ငယ်ငယ်ကတည်းက ကြောက်တယ်။

(၃)
စိတ်မီးအိမ်….ရာ……….။
ရင်းနှီးလွန်းလို့ပါဗျာ………….။
ကျူပ် မင်းကို ဒီညတော့ ကျူပ်ရင်ကို ဖွင့်ချ ပြတော့မယ်။ကျူပ်ခု ဖွင့်ပြမယ့် ကျူပ်ဘ၀ ဟာ ခင်ဗျားအတွက် ယုံချင်စရာ ဖြစ်ချင်မှ ဖြစ်မယ်။ မဖြစ်နိုင်ဘူးလို့လည်း ခင်ဗျား ထင်ချင် ထင်လိမ့်မယ်။ ဒါပေမယ့် ကျူပ်မညာပါဘူး။ ကျူပ် ခင်ဗျားကို ဖွင့်ပြောလိုက်ရရင်ကို သက်သာပါပြီ…။ ဒါဆို စိတ်ပေါ့သွားအောင် ဘာလို့ စောစော ရင်မဖွင့်တာလဲ လို့ ကျူပ်ကို မေးဦးမှာလား စိတ်မီးအိမ်…။ မမေးပါနဲ့ဗျာ။ ကျူပ်က တိုးတိတ်စွာ ငိုရှိုက်ခြင်းတွေ ကို ဘ၀နဲ့ရင်းပြီး သင်လာ၊တတ်လာ ခဲ့ရတဲ့ ကောင်ပါဗျာ။ တခါတလေ သူများတွေလို ကျုယ်လောင်စွာ ငိုတတ်ချင်တယ်။ ဒါပေမယ့် ကျူပ် ရိုးရိုးလေး နဲ့ ကို ကျယ်လောင်စွာ မငိုတတ်ခဲ့တာပါ။

ထားပါ……….။
ကျူပ်ဘ၀အကြောင်း ကို ပဲ ခင်ဗျား နားထောင်ပေးပါဦး။ အားလုံးပြောရင် ခင်ဗျား ၀တ္ထုရှည်တစ်ပုဒ် ဖတ်ရသလို အချိန်ကုန်နေမှာစိုးလို့ ကျူပ်ဘ၀ ခံစားချက်တွေကို သိုသပ်စွာ၊ တိုးတိတ်စွာပဲ အကျဉ်းချုံး ငိုညည်းလိုက်တယ်ဗျာ။

တခုတော့ ကြိုတင် သတိပေးမယ်ဗျာ။ ဒါ ကောင်းတမန် ရဲ့ တကယ့်ဘ၀လားလို့ ပြန်မမေးကြေးနော် စိတ်မီးအိမ်………..။

(၄)
ကျူပ်ဘ၀ ကို သုံးပုံ ပုံရင် သူများတွေလို ပထမ အရွယ် ပညာရှာ၊ ဒုတိယ အရွယ် ဥစ္စာရှာ၊ တတိယအရွယ် တရားရှာ ဆိုတာ ဖြစ်မှ ဖြစ်လှပါ့မလားလို့ ကျူပ်ကြောက်နေမိတယ်။

အဲ…ခု ကျူပ်က ဒုတိယ အရွယ် ထဲမှာ…ဆိုတာ ခင်ဗျား သိပါတယ်။ ဒါပေမယ့် ကျူပ် ဥစ္စာ ရှာတဲ့ အဆင့်ကို မရောက်သေးဘူး။ ကျူပ် ဒါကို တွေးမိတော့ ငါ့ဘ၀များ တခုခု မှားယွင်းနေလား ဆိုပြီး စစ်ကြည့်မိတယ်။ ဘ၀ ကို သေချာ ခွဲခြမ်း စိတ်ဖြာ ကြည့်မိတယ်။

ကျူပ်ထင်တယ်။ ကျူပ် ဖြတ်သန်း ခဲ့ရတဲ့ ဘ၀ ဟာ တိုးတိတ်စွာ ငိုရှိုက်ခဲ့ ခြင်း တွေ နဲ့ ပဲ ပြည့်နှက် နေခဲ့တယ် ဆိုတာ။ ကျူပ်ငယ်ငယ်ကတည်းက တိုးတိတ်စွာ ငိုရှိုက်တတ်ခြင်း ကို ရခဲ့တယ်။ အဲဒီတုန်းက ဘာကြောင့် ကျူပ် အဲလို တတ်ခဲ့ မှန်း ကျူပ် မသိခဲ့ ရိုး အမှန်။ ဘ၀ ကြောင့် လို့ ပဲ ပုံချ ခဲ့ မိတယ် ထင်တယ်။ ဒီလို နဲ့ ကျူပ်ဟာ ကလေးဘ၀၊ လူပျိုပေါက်ဘ၀ နဲ့ ခု လူပျို မဟိုင်းတဟိုင်း ဘ၀ တွေကို တိုးတိတ်စွာ ငိုရှိုက်ရင်း ကုန်ခဲ့တယ် လို့ ဆိုရမှာပဲ။

နာကျည်းချက်တွေက တကယ် ကျူပ်ဘ၀ မှာ များခဲ့တယ်။
ဆွေမျိုးတွေက ကျူပ်ဆို မချစ်ဘူး။
ပတ်ဝန်းကျင်က ဘာမှ ဖြစ်လာနိုင်စရာ မရှိတဲ့ ကျူပ်လို ကောင်လေးကို ဘာကြောင့် စရိတ်ကုန်ခံ ကျောင်းထားရတာလဲလို့ ကျူပ် အမေ နဲ့ အဖေ ကို မေးငေါ့ ခဲ့ကြတယ်။
ဦးလေး အရင်းက တောင် ကျူပ်ကို ဂရုမစိုက် ခဲ့ဘူးဗျာ။
ချမ်းသာ ကြွယ်ဝ တဲ့ ကျူပ်တို့ အမျိုးအသိုင်းအ၀ိုင်း ကြားမှာ မွဲတေလှတဲ့ ကျူပ်တို့မိသားစု ရှိနေတာ ကိုက သူတို့ အတွက် အရှက်တခု လို့ ဗြောင်ဖွင့်ပြောဖူး တဲ့ အမျိုး တွေ ကြောင့် ဟိုး..နုနယ် လှတဲ့ ကျူပ် ကလေးဘ၀ ကို တကယ် ပဲ တိုးတိတ်စွာ ငိုရှိုက်မှု၊ အလိုမကျမှု နဲ့ မကျေနပ်မှု တွေ ကို စတင်ပေးအပ်ခဲ့တယ်။
ဒါပေမယ့် ကျူပ် ကျူပ်ကိုယ့်ကို အံ့သြမိတာက ကျူပ် သူတို့ အားလုံးကို သွေး နဲ့ ကို ချစ်မိနေတာ။ ဘယ်လိုမှ စိတ်မနာ ခဲ့တာ ပဲ။ ဒါပေမယ့် ဘ၀ကိုတော့ ကျူပ်က နာကျည်းတယ်။
ကျူပ်ဘ၀မှာ ဘယ်တော့မှ မမေ့တော့မယ့် နေ့က ကျူပ်ဒေါ်ကြီးတယောက် ရွှေထည်။ငွေထည် လက်ဝတ်ပစ္စည်းတွေ ယူလာပြီး ကျူပ်တို့ နောက်ထပ် ဒေါ်ကြီးတစ်ယောက်ရဲ့ မြေးအလှူပွဲမှာ ဟန်ဝတ်ပြဖို့ လာငှားတဲ့ နေ့ပဲ။
ကျူပ်နာကျည်းလိုက်တာဗျာ……..။ ပြန်တွေးရမှာတောင် ခါးသီးတယ်။
ကျူပ်ဒေါ်ကြီး ပြောသွားတာ ကျူပ်နားထဲမှာ ခုထိ အစိမ်းလိုက် ပြန်ကြားမိသေးတယ်။

“ငါတို့ ချမ်းသာတဲ့ အမျိုးအ၀ိုင်းထဲမှာ နင်တို့လို သောက်မွဲတွေ ရှိတယ်လို့ အပြောမခံနိုင်ဘူး။ ငါတို့ သိက္ခာအကျ မခံ နိုင်ဘူး။ ရော့ ဒီပစ္စည်းတွေ ယူထား။ အလှူနေ့ကျ ရင် အားလုံး ဝေပြီး ၀တ်လာခဲ့။ ဒါမှ ငါတို့ သူဌေးမျိုး ဂုဏ်မပျက်မှာ။”

(၅)

ဒါပေမယ့် ကျူပ် ကိုယ့်ဘ၀ ကို တကယ် သိခဲ့တယ်။
တကယ် နာခဲ့ပါတယ်။
ကျူပ် အရာရာ ကို ကြိုးစားခဲ့တယ်။
ဒါပေမယ့် ကြိုးစားမှုတွေက ရလာဒ် တွေ ပေးချိန်မှာ ကျူပ်ဟာ ဘ၀ ကို ကျယ်လောင်စွာ မရယ်တတ်ခဲ့ပြန်ဘူး။ ထူးဆန်းစွာ၊ တိုးတိတ်စွာ ကျူပ် ဆက် ငိုရှိုက်နေမိတယ်။ တကယ်ပါ ကျူပ်ဘ၀ ကို နားလည် တဲ့ ရင်းနှီး တဲ့ သူတွေ၊ ဟိုး ငယ်ဘ၀ အကြောင်း အကုန် သိတဲ့ လူတွေ.. ကျူပ်တိုးတိတ်စွာ ခုထိ ငိုနေတယ် ဆိုတာ ခင်ဗျားတို့ သိများ သိနေဦးမလားလို့ ကျူပ် တခါတလေ တွေးရှက်မိပြန်တယ်။
စိတ်မီးအိမ်…..ရေ ခင်ဗျားကတော့ ကျူပ်နဲ့ သိတာ တစ်နှစ်ပဲ ရှိသေးတော့ ကျူပ် ကို နားမှ လည်နိုင်ပါ့မလားဗျာ။

ဘာပဲ ဖြစ်ဖြစ်လေ။ ကျူပ် ဘ၀ ကို နေတတ်ရမယ်။
အမေ က ပြောဖူးတယ်။ ကျူပ်တို့ဟာ တိုးတိတ်စွာ ငိုရှိုက်ရတဲ့ ရက်တွေ ကုန်ခန်းရင် ကျယ်လောင်စွာ ရယ်မော နိုင်ကြလိမ့်မယ် လို့။ ကျူပ်တို့ မောင်နှမတွေ ဘ၀ကို ကျယ်လောင်စွာ ရယ်မော နိုင်စေဖို့ဟာ ကျူပ်အမေ သူဆင်းရဲ မကြီးရဲ့ ထာဝရ အိပ်မက်ပါ။ သူ့အိပ်မက် အတွက်အမေဟာ တိုးတိတ်စွာ ငိုရှိုက်ခဲ့ ရလွန်းခဲ့ သလို ကျူပ်တို့ တိုးတိတ်စွာ ငိုရှိုက်နေခဲ့ရင်လည်း တိုးတက်စွာပဲ မသိချင်ယောင် ဆောင်ပေးခဲ့တယ်။ တခါတလေ ကျူပ်တွေးမိတယ်။ အမေ ပြောတဲ့ ဘ၀ ကို ကျယ်လောင်စွာ ရယ်မောခြင်း ဆိုတာ ကျူပ်ဘ၀မှာ တတ်ရော တတ်ပါ့ဦးမလားလို့။ ဘာဖြစ်လို့ လဲ ဆိုတော့ ခုထက်ထိတောင် ကျူပ် မရယ်တတ်သေးလို့ပဲ။ ဒါမှမဟုတ် ကျူပ်ဘ၀ ကို ကျယ်လောင်စွာ မရယ်တတ်ခင်မှာ အမေ နဲ့ အဖေ ဟာ ကျူပ်တို့ကို ထားခဲ့ပြီး သူတို့ ဘ၀ ကို တိုးတိတ်စွာ နှုတ်ဆက် သွားမလား လို့ ကျူပ် တွေးပြီး ပူနေမိပြန်တယ်။

(၆)

ဘာပဲ ဖြစ်ဖြစ်လေ……………………………………………………………………။
..........................................................................................။
ကျူပ်တကယ် ပြောတာပါဗျာ……………………………………………………..။
.........................................................................................။
ဖြစ်နိုင်မယ် ဆိုရင်………..

ကျူပ်ဘ၀ ကို ……

တိုးတိတ်စွာ မငိုရှိုက်ချင်သလို….

အမြဲတမ်းလည်း ကျယ်လောင်စွာ မရယ်မောချင်ဘူး….။

အဲဒါအပြင်……..

ကျူပ်၊အမေ၊အဖေ နဲ့ မောင်နှမတွေ
တိုးတိတ်စွာ ဘ၀ ကို မနှုတ်ဆက်ခင်………..
အေးချမ်းစွာ ဘ၀ ကို နေသွားစေချင်သေးတယ်……။


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Monday, August 25, 2008

အလွမ်းများ……..

Photobucket" border="0" alt="" />


တမ်းတစွာဖြင့်
ချစ်သူ့ပုံရိပ်
မျက်ဝန်းမှတဆင့်
ရင်ထဲရောက်ရှိ
ထိုစဉ်ခဏ
အလွမ်းဖြစ်…..

ရင်ခုန်စွာဖြင့်
ချစ်သူ့စကား
ပြန်လည်ကြားစဉ်
နှလုံးသားထဲ
ပဲ့တင်ထပ်သွား
ထိုစဉ်ခဏ
အလွမ်းဖြစ်…..

ဝေးနေစဉ်ခဏ
အချိန်ကာလများ
ခံစားချက်ကြောင့်
ဖြစ်ပေါ်တတ်သော
အလွမ်းမျာကို
မုန်းမိသည်။…


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Sunday, August 24, 2008

.............အကျယ်ကြီး................

တစ်ခါက ဆန္ဒမဲပေးဖို့ စည်းရုံးရေးမှူးတစ်ယောက်ဟာ ကျေးတောရွာကလေး တစ်ခုကို ရောက်လာခဲ့သတဲ့။ သူလာရောက်ပြီး မယ်ဆွယ်ဖို့ရောက်လာတဲ့ အဲဒီရွာကလေးဟာ ရှေးရိုးရာ တောင်ယာလုပ်ငန်းကိုပဲ လုပ်ကိုင်ပြီး ရိုးသားအေးဆေးစွာ အသက်မွေး နေထိုင်ကြသတဲ့။ ပညာတတ်ရယ်လို့လည်း မရှိ။ ဗဟုသုတကလည်း နည်းပါး ပြီးတော့ အကြောင်းအရာတစ်ခုကို လှေနံဓါးထစ်မှတ်သား ထားကြတဲ့သူတွေပေါ့လေ။ အဲဒီတောရွာလေးမှာ စည်းရုံးရေးမှူးက မဲဆွယ်ပြီး အာဘောင်အာရင်သန်သန်နဲ့ ဟောပြောနေတာကို အောက်က ရွာသားတွေက မျက်လုံးလေးပြူးပြီးနားထောင်းနေကြတာပေါ့လေ။ အဲဒီတော့ စည်းရုံးရေးမှူးက အင်း…… ရွာကလူတွေကတော့ ထောက်လည်းမထောက်ခံဘူး။ ဆန့်လည်းမဆန့်ကျင်ဘူး။ ဘာလုပ်ရမလဲ ဘာပြောရမလဲမသိတော့ သူက ဆက်ပြော ရတာပေါ့။ အဲဒီလိုပြောနေရင်းနဲ့ အခုကျွန်တော်ပြောဆိုနေတာကို ထောက်ခံကြတယ်ဆိုရင် အားလုံး အကျယ်ကြီး သုံးခွန်းအော်ပေးပါလို့လေ။ အဲဒါနဲ စကားလည်းဆုံးရော အောက်မှာလာရောက်နားထောင်း နေကြတဲ့ ရွာသားတွေက အော်ပြောလိုက်ကြတယ်။

အကျယ်ကြီး……........ အကျယ်ကြီး…………………. အကျယ်ကြီး ………………………….

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...


အနတ္တ

[+/-] အပြည့်အစုံသို့...

Thursday, August 21, 2008

မျှမျှတတ ဖြစ်ချင်သူ

တရားသူကြီး ၀ိန်းအာသာမှာ စားသောက်ဆိုင်တစ်ဆိုင်တွင် အမှုတစ်ခုနှင့် ပတ်သက်ပြီး တရားလိုရှေ့နေတို့ကို အလွတ်သဘောခေါ်ယူတွေ့ဆုံ၏ ။ လူစုံသော် ရှေ့နေများက ၀ိန်းအာသာကို မေးခွန်းထုတ်သည် ။
ရှေ့နေများ ။ ။ ဆရာ ကျွန်တော်တို့ကို ခေါ်တဲ့ကိစ္စလေး အမိန့်ရှိပါဦး ။
ဝိန်းအာသာ ချက်ချင်းအဖြေမပေး ။ ရေတစ်ခွက်ငှဲ့သောက်သည် ။သက်ပြင်းတစ်ချက်ချသည် ။ ပြီးမှပြန်ပြော၏ ။
ဝိန်းအာသာ ။ ။ ကမ်းပို့စ် ၊ မောင်ရင်ဟာ တရားလိုရှေ့နေ ။မင်းဘက်ကိုအနိုင်ရဖို့အတွက် ကိုယ့်ကိုဒေါ်လာ ၁၅၀၀၀ လာကန့်တော့တယ် ။ လီယွန် မင်းကတော့ ကျွန်တော် တရားခံရဲ့ ရှေ့နေပါလို့ဆိုပြီး ကိုယ့်ကို ဒေါ်လာ ၁၀၀၀၀ ပူဇော်တယ် ။ ဟုတ်တယ်နော် ။
ရှေ့နေများ မျက်နှာပျက်သွားကြသည် ။ ၀ိန်းအာသာကို အဖြေပေး၏ ။
ရှေ့နေများ။ ။ဟုတ်....ဟုတ်ပါတယ်ခင်မျာ ။ အဲ့ဒါ......။
ဝိန်းအာသာ။ ။ကိုယ်ဟာ တရားသဖြင့် လုပ်ရတာကိုပဲ နှစ်သက်တယ် ။ ဒီတော့.......။
ရှေ့နေများ ခေါင်းစိုက်ကျသွားကုန်သည် ။ ၀ိန်းအာသာမှာ စကားမဆက်တော့ပဲ ၄င်း၏လက်ဆွဲအိတ်အတွင်းမှ ဒေါ်လာ ၅၀၀၀ ကို ရေတွက်ထုတ်ယူ၏ ။ ပြီးသော် ရှေ့နေကမ်ဒပို့စ်ထံ ကမ်းပေးရင်းပြော၏ ။
ဝိန်အာသာ ။ ။ ကိုယ်ဟာ မျှမျှတတသမားဆိုတာ မောင်ရင်တို့သိစေချင်လို့ခေါ်တွေ့တာ ။ ရော့ ကမ်းပို့စ်၊ မင်းက ၅၀၀၀ ပိုနေတယ် ။ ပြန်ယူလိုက် ။

[+/-] အပြည့်အစုံသို့...

ငါ မဟုတ်သော ငါ


လူတစ်ချို့ကပြောကြတယ်
မင်းနဲ့ငါ့ကို ခွဲလို့မရဘူးတဲ့


တခါတခါ မင်းအကြောင်းတွေးနေရင်
ဘယ်သူမှမသိတဲ့ ငါ့ဒိုင်ယာရီကို
ငါပြန်ဖတ်နေမိသလိုပါပဲ

တခါတခါ နေ့စဉ်မှတ်တမ်းရေးနေရင်
မင်းအကြောင်းတွေကို စာစီကုံးသလိုပါပဲလား

မင်းနဲ့ငါ ကိုသေချာစဉ်းစားနေရင်ပဲ
ငါအသက်ရှင်နေတာ ငါ့အတွက်လား
ဒါမှမဟုတ် မင်းအတွက်လား

ငါကိုယ်ငါ သေချာမဝေခွဲနိုင်တာလား
မင်းနဲ့ငါ့ကို သေချာ မခွဲခြားနိုင်တာလား

လူအများက ပြောကြပါတယ်
လူဆိုတာ ကို့ကိုယ်ကို အချစ်ဆုံးတဲ့
အဲဒီစကားသာမှန်ခဲ့ရင်တော့…..
ငါအချစ်ဆုံးက မင်းလေးပေါ့ စိတ်မီးအိမ်ရယ်…..

မှတ်ချက်။ ။ ငါသည် အနတ္တ မဟုတ်ပါ။ ဥယျာဉ်မှူးများသာ ဖြစ်ပါသည်။
မင်းသည် စာဖတ်သူမဟုတ်ပါ။ စိတ်မီးအိမ်သာ ဖြစ်ပါသည်။

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Tuesday, August 19, 2008

စိတ်မီးအိမ်အတွက် အမှတ်တရ..

ဒီနေ့ Chatting ထဲမှာ အရိပ် လေးစားယုံကြည်ရသော မကြီးပါချူးနဲ့ စိတ်မီးအိမ် အကြောင်း စကားပြောဖြစ်ကြတယ်….. ဆွေးနွေး ဖြစ် တာကတော့ အခုတလော စိတ်မီးအိမ်ဥယျာဉ်လေး ခြောက်သွေ့နေတဲ့အကြောင်းပေါ့နော်.... စိတ်မီးအိမ်ကို သံယောဇဉ်ရှိသူတွေ အတွက်တော့ အားတဲ့အချိန် ဥယျာဉ်လေးမှာ ခဏတာလာရောက် အပန်းဖြေရင်း ပိုစ့်အသစ်လေးတွေလည်း ပျော်ပျော်ရွှင်ရွင် ဖတ်ချင် ကြတာပေါ့လေ… ဖြစ်နိုင်ရင် ဥယျာဉ်မှူးတွေလည်း အချိန်ရမယ်ဆိုရင်တော့ အခွင့်သင့်တိုင်း အသစ်အသစ်လေးတွေဖန်တီးနိုင်ရင် အကောင်းဆုံးပါပဲလို့ တောင်းဆိုပါတယ်…အချိန်အကြာကြီးတော့ ပစ်မထားသင့်ပါဘူးနော်.. ဟုတ်တယ်မို့လား…
စိတ်မီးအိမ်ဆိုတဲ့ ဥယျာဉ်လေးကို ကိုကြီးကောင်းတမန်ရဲ့ အသိပေးကမ်းလှမ်းချက်အရ စတင်သိရှိခဲ့တဲ့ အချိန်ကစပြီးတော့ ပိုစ့်လေးတွေ မတင်ရသေးခင်အချိန်ကတည်းကပေါ့နော် အရိပ် ကိုယ်တိုင်လည်း စိတ်ပါဝင်စားမှုတွေနဲ့ နေ့စဉ်ရက်ဆက် စိတ်အပန်းဖြေရင်း ရောက်ရှိ ခဲ့ပါတယ်… ဒီနေ့ထိ (ကွန်နက်ရှင်မရတဲ့နေ့တွေကလွဲလို့ပေါ့) ကွန်ပြူတာရှေ့ရောက်တာနဲ့ အရင်းဆုံးသတိရတာ စိတ်မီးအိမ်မှာ ဘာသစ်ပင်လေးတွေပေါက်နေမလဲ ဆိုတဲ့ အတွေးတွေနဲ့ပေါ့… ဒီလိုနဲ့ပဲ သံယောဇဉ်များစွာဖြင့် သူငယ်ချင်းတွေနဲ့ ဆုံတွေ့ကြရင်း အေးမြတဲ့ မေတ္တာတရားတွေနဲ့ တစ်ယောက်ကိုတစ်ယောက် အားပေးအဖော်ပြုခဲ့တဲ့ နေရာလေးတခုဟာ စိတ်မီးအိမ်ပါပဲ.. အခုလည်း စိတ်မီးအိမ် ကို တန်ဘိုးထားမြတ်နိုးတဲ့အနေနဲ့ အရိပ် ရဲ့ ခံစားမှုလေးတွေကို ကဗျာအဖြစ် ဖွဲ့သီလိုက်ပါတယ်…အရိပ်ရဲ့အကျင့်က ရင်ထဲ မှာရှိနေတာကို ပေါ်လွင်အောင် ဖော်ပြမပေးတော့ လေးနက်တဲ့ခံစားချက်တွေဟာ အဓိပ္ပာယ်ပြည့်စုံနိုင်မှာမဟုတ်ဘူးဆိုတာ သိပါတယ်… ဒါပေမဲ့လည်း သူငယ်ချင်းအားလုံး မျှဝေခံစားနားလည်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်.. စိတ်မီးအိမ်ကို အသက်သွင်း ဖန်တီးပေးခဲ့ သော သူငယ်ချင်းများကို အထူးကျေးဇူးတင်ရှိပါတယ်…


“ စိတ်မီးအိမ် ”

ငါ ၀မ်းနည်းမိတိုင်း
မင်းကိုရင်ဖွင့်ခဲ့သလို
ငါပျော်ရွှင်ခဲ့တိုင်းလည်း
မင်းကို မျှဝေခံစားပေးခဲ့မိတယ်..

မိုးလင်းတိုင်း
မင်းဆီကိုရောက်ခဲ့သလို
မိုးချုပ်တိုင်းလည်း
မင်းကို နှုတ်ဆက်ခဲ့ရတယ်….

နေ့ရက်တွေတိုင်း
ဥယျာဉ်အရိပ်ထဲမှာ
ဘ၀အမောတချို့ ဖြေဖျောက်ခဲ့သလို
အေးမြတဲ့ မေတ္တာတရားတွေလည်း
ငါခံစားရရှိခဲ့ပါတယ်….

ငါ့ဆီက
အရောင်စုံလင်တဲ့ ခံစားမှုတွေ ပေးခဲ့မိပေမဲ့
မင်းဆီက
ကြင်နာနွေးထွေးမှုတွေပဲ ငါ ရရှိခဲ့ပါတယ်.
စိတ်မီးအိမ်ရယ်…...

အရိပ်

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Saturday, August 16, 2008

ယဉ်ကျေးသိမ်မွေ့ပါ ..။

မည်သည့် အချိန် ... မည်သည့် နေရာ ...
မည်သူနှင့် မဆို ...
ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံပါ ..။
ထိုသို့ ပြုလုပ်သည့်အတွက်
အများဆုံး အကျိုးခံစားရမည့်သူမှာ ...
သင်သာ လျှင်ဖြစ်သည်ကို သတိရပါ ..။

ခိုင်မြဲ

[+/-] အပြည့်အစုံသို့...