စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး
၁။ သူက အများကို မြင်နိုင်တယ်။
၂။ သူ့ကို အများကမြင်နိုင်တယ်၊
၃။အများကိုလည်း အများက မြင်နိုင်စေတယ်။
ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။
စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်
Saturday, April 12, 2008
Friday, April 11, 2008
ပိတောက်ဦး နှင့် သင်္ကြန်မိုးပြေး
(၁)
အတွေးတွေ…….။ သင်္ကြန်ရောက်တော့မည် ဆိုတော့ သင်္ကြန်က ကိုယ့်ကို တော်တော်လေးကို လွမ်းမိုးနေတာပဲ ဆိုတာ ပိုသိလာမိ၏။
မလွမ်းမိုးပဲ နေမည်လား။ တကယ်တော့ ကျွန်တော်နှင့် သူ ခွဲနေခဲ့ရာတာ ကြာပြီ…………..။ သင်္ကြန်ရေ ကိုယ့်ကို မှတ်မိသေးလား….။ မင်းနဲ့ ပိတောက်တွေကို ပြန်တွေ့ချင်လှပြီ။ မိုးပြေးလေး နဲ့ အတူ ကိုယ့်ဆီ မင်းလာခဲ့မလား။ ကိုယ်ကတော့ မင်းဆီ ပြန်လာနိုင်တဲ့ အခြေအနေ ကို မရောက်သေးဘူးဆိုတာ မင်း သိတယ် မဟုတ်လား။ မင်း နဲ့ ကိုယ် ၃ နှစ် ခွဲထားရပြီး တကယ်လို့ ဒီနှစ်တာ ကိုယ့်ဆီ မင်းပြန်လာခဲ့ရင်……..။
(၂)
ယနေ့ နံနက် ၆ နာရီလောက်တွင် သင်္ကြန်မိုးနှင့် အတူ ပိတောက်ပန်း ရနံ့ တွေ သင်းပျံ့နေသည်ဟု အိပ်မက်မက်သလို၊ တကယ် ခံစားရသလို ဖြစ်ပြီး နိုးလာသည်။ နိုးလာတော့ မိမိ နေထိုင်သည့် ကလီမန်တီ တိုက်အမှတ် ၄၀၁ နားက ပိတောက်ပင်တွေကို အကုန် လိုက်စစ်ရန် အိမ်နောက်ဘက်က ပြတင်းပေါက်ဆီသို့ အပြေးထသွားကြည့်မိသည်။ တကယ်များ ပိတောက်တွေ ပွင့်နေပြီလား။ ကျွန်တော် တကယ် ပိတောက်ပန်း ရနံ့ တွေ ရနေတာလား။ ပိတောက်ရေ ၃ နှစ်ခွဲခွာ ခဲ့ရပြီး ခုမင်း ငါ့ဆီ ပြန်လာတာများလား။ ရင်ခုန်နေပြီ။ ပိတောက်တွေကို တအားကြည့်ပြီး တအား နမ်းပစ်လိုက် ချင်နေပြီ။ သို့ပေမယ့် ၆ နာရီ ကျော်လောက်တွင် အရောင်တွေကို သဲသဲကွဲကွဲ မမြင်ရသေး။ တကယ်ပွင့်နေတာဆို ဘယ်အပင်ကလည်း။ တိုက်အမှတ် ၄၀၁ မှာက ပိတောက်ပင်တွေ အတန်းလိုက်။ တောပိတောက်ရော ကုလားပိတောက်ပါ ရောယှက်လျက်။ ဒီလိုနှင့် တကယ်ပဲ ပွင့်နေတာလား၊ ငါ့စိတ်က ထင်လို့လား ဆိုပြီး အလင်းရောင် လာအောင် စောင့်ရင်း သူငယ်ချင်း ကိုတောင် ဖုန်းဆက် ပြောဖြစ်သေးသည်။ သူလည်း ကိုယ်လိုပဲ ပိတောက်တွေ အကြောင်းပြောတော့ ရင်ခုန်နေပြီတဲ့လေ။ စောင့်နေရင်း မိုးပြေးလေး တချက် ၀င်ခွေ့လိုက်တော့ ပိတောက်ပင်လည်း နည်းနည်း အလိုက်သင့် ယိမ်းယိုင် ပြီး မိုးပြေးနဲ့အတူ ပြေးဆော့ နေသလို။ ကျီစယ် နေသလိုပင်။ ပိတောက်သာ တကယ် ပွင့်နေပြီဆိုလျှင် ဒီမိုးဟာ သင်္ကြန်မိုးဖြစ်မှာပဲ ဟု တွေးမိသည်။ ပိတောက်ပန်း နှင့် မိုးကို တော်တော်ကြီးမြင်ချင်နေပြီ။ ရင်တွေလည်း ခုန်နေပြီ။ ထို့ကြောင့် အလင်းရောင် လာအောင် အ၀တ်လျှော်ရင်း ကျွန်တော် စောင့်နေလိုက်သည်။
(၃)
ကျွန်တော် က သင်္ကြန် နှင့် ပိတောက်ကို ခွဲခဲ့နေရသည်မှာ ဒီနှစ်ပါဆိုလျှင် ၄ နှစ်ပြည့်ရှိပြီ။ အရင်နှစ်တွေတုန်းက အင်ဒိုနီးရှားမှာ ဆိုတော့ ပိတောက်ကို မခံစားရ။ အင်ဒိုတွင် ပိတောက်ရှိ၏။ သို့သော် ထိုပိတောက်သည် သင်္ကြန်တွင် မပွင့်။ သူပွင့်ချင်သည် အချိန်သာ ပွင့်သည်။ ခုတော့ စင်္ကာပူမှာ။ သင်္ကြန်နှင့် ပိတောက်ကို ဒီရောက်ပြီး တခါမှ မခံစားရသေး။ ဒီနှစ်တော့ အိမ်နားမှာ ပိတောက်တွေ ရှိ၍ ပွင့်လျှင် တော်တော်ပျော်ရမှာပဲ လို့ တွေးမိပြီး သင်္ကြန်ကို ရင်ခုန်စွာ စောင့်နေခဲ့မိသည်မှာ ကြာခဲ့ပြီ မဟုတ်လား။ ဘာပဲပြောပြော အမိမြန်မာနိုင်ငံ နှင့် စွပ်ချွတ် ကြီး မတူလျှင်တောင် သင်္ကြန်ဆို ပိတောက်ပန်း နှင့် သင်္ကြန်မိုး နှင့်မှ သင်္ကြန်ပီသသည်ဟု မိမိက ထင်သည်။ ပိတောက်မရှိ၊ မိုးမရှိလျှင် သင်္ကြန်မဟုတ်သလိုပဲ ခံစားရသည်။ ငယ်စဉ်တုန်းက အညာတွင် သင်္ကြန်မိုးသည် တချို့နှစ်များတွင် မိုးပြေးလေးသာပဲ ဖြစ်သည်။ တချို့နှစ်များတွင် မုန်တိုင်းနှင့်အတူ သစ်ပင်အကိုင်းတွေကျိုးအောင် ရွာချသည့် မိုးမျိုး။ ဘယ်လို မိုးမျိုးပဲ ဖြစ်ဖြစ် သင်္ကြန်တွင် ရွာသည့် မိုးဆိုလျှင် သင်္ကြန်းမိုးဆိုပြီး ကျွန်တော် တို့တော့ အရမ်းပျော်သည်။ မိုးဦးကျရာသီ ၏ မြေသင်းနံ့ နှင့် ပိတောက် နံ့ ကို ရမှ သင်္ကြန်ကို တကယ်ပျော်ကြတာ မြန်မာ ဓလေ့ပင် မဟုတ်လား။ ထိုဓလေ့တို့ကို ငယ်စဉ်ကတည်းက အရိုးစွဲခဲ့ ရသော်လည်း အသက်ကြီးမှ ခွဲခွာ ထားရစ်ခဲ့ရသည်မှာ ယခုဆိုလျှင် ၄ နှစ်ပြည့်တော့မည်။
(၄)
၇ နာရီ ၁၅ မိနစ်လောက် အချိန်တွင်တော့ အလင်းရောင်က အရှင်းသား မြင်နေရပြီ။ စောင့်နေသည့် နောက်ဘက် ပြတင်းပေါက်မှ ပိတောက်ပင်တွေ အကုန်လုံးကို သေချာ စိစစ်မိသည်။ ဟော တွေ့ပြီဗျ….။ ပိတောက်တွေ။ တောပိတောက်ပင် မှာ ပွင့်နေသည်။ ဒါကြောင့် ဒီကောင် အဲလောက် မွေးနေတာကိုး ဟု ကောက်ချက်ချမိသည်။ ပိတောက်က နှစ်မျိုးရှိသည်မဟုတ်လား။ တောပိတောက် နဲ့ ကုလား ပိတောက် ။ ကုလားပိတောက်က လှတော့ လှပြီး ရနံ့ က မသင်းပေ။ ပြီးတော့ သူက သင်္ကြန်မဟုတ်လည်း ပွင့်ချင် ပွင့်တတ်သေးသည်။ ထို့ကြောင့် အရောင်နည်းနည်း မှိန်သော်လည်း အနံ့သင်းသည့် တောပိတောက်ကိုမှ၊သင်္ကြန်မှ တစ်နှစ်တစ်ခါ ပွင်တတ်သည့် တောပိတောက်ကိုမှ ကျွန်တော် ပိုနှစ်သက်မိသည်။ ခုတော့ တောပိတောက်တွေ တကယ် ပွင့်နေပြီ။ ဒီကောင်တွေ ကို မြင်မှပဲ စောစောက ရွာနေသည့်မိုးပြေးသည် သင်္ကြန်မိုးပြေးလေးပဲ ဟု လက်ခံမိသည်။ သင်္ကြန်မိုးပြေးလေးကလည်း သိပ်မကြာလိုက်ပေ။ ပိတောက်ပန်း၊ပိတောက်ဖူးတွေ စိုရုံလေး ပဲ ဖျန်းပက်သွားသည် ဆိုရုံလေးသာ။ သြော်…….အမိ မြန်မာပြည်ကို လည်းလွမ်းမိသည်။ အညာကို လည်း လွမ်းသည်။ ပိတောက်ကို လည်း လွမ်းသည်။ သင်္ကြန်ကို လည်း လွမ်းသည်။ ရွာပြန်ပြီးလည်း ရေပက်ချင်သည်။ ဥပုသ် လည်း စောင့်ချင်သည်။ ဝေဆာနေသောပိတောက် တမလောက်ကို အပင်ပေါ်ကိုယ်တိုင် တက်ခူးပြီး ချစ်သူ ဆီ ပိတောက် ပန်းတပွေ့ကြီး၊ ပိတောက်ခိုင်းတွေ တပွေ့ကြီးနှင့် လည်း အပြေးသွား ရေပက်ချင်သည်။ ပိတောက်ပန်းဦး နှင့် သင်္ကြန်ရေးဦးဖြင့် ကိုယ့်ချစ်သူအား အဦးဆုံး ဖျန်းပက်ချင်သည့် စိတ်ဓါတ်ကလေးသည်ပင် မြန်မာ ယောက်ျားတို့၏ ချစ်စရာ့ ဓလေ့လေးတခုဖြစ်သည်။ တက်ကြွသည့် လူငယ်ဘ၀ တုန်းက ပိတောက်နံ့ သင်းသင်း၊ လူငယ်ရနံ့ သင်းသင်း နှင့် သင်္ကြန်ကို ပျော်ခဲ့ကြတာ မှတ်မိနေမိသည်။
(၅)
အညာရေ……….ပိတောက်နဲ့ အတူ၊ သင်္ကြန်မိုးနဲ့ အတူ………သင်္ကြန်မှာ မင်းဆီ ပြန်ခဲ့ရင် မင်းရဲ့ သင်းပျံ့ တဲ့ မြေသင်း ရနံ့ နဲ့ ကိုယ့်ကို ကြိုနေမှာလား…………။ ချစ်သူရေ မင်းကိုယ် ပိတောက်တပွေ့ပေးနိုင်အောင် အညာ ကို ကိုယ့်ကို လာကြိုဖို့ ပြောထားပေးဦးနော်။
ဘာပဲပြောပြော ဒီနံနက် ဦးဦးဖျားဖျား မြင်တွေ့လိုက်ခံစားလိုက်ရသည့် ပိတောက် နှင့် သင်္ကြန်မိုးကို ချစ်သူအတွက် သိမ်းထားလိုက်သည်၊ ချစ်သူနှင့် မျှဝေလိုက်သည်ဆိုသည်ကို ချစ်သူသာ သိနိုင်မည် ဆိုလျှင် ထို ပိတောက် နှင့် သင်္ကြန်မိုးကို ချစ်သူနှင့် အတူ ခံစားခဲ့ရသည်ဟု ကျွန်တော် ၀မ်းသာမိမည်သေချာနေပါသည်။
(စကားချပ် - နောက်မှ ပိတောက်ပန်းတွေ ကို ဓါတ်ပုံရိုက်ပြီး တင်ဦးမယ်ဗျာ။ နှစ်သစ်မှာ ရွှင်လန်းပါစေ။ ကိုယ်စိတ်နှလုံး အေးချမ်းကြပါစေ)
အချိန် - ၈ နာရီ ၃၅ မိနစ်
ရက်စွဲ - ၁၁၊၀၄၊၀၈။
တန်ခူးလဆန်း ၇ရက်၊ မဟာသက္ကရာဇ် ၁၃၇၀။
နှစ်သစ်ကူးရုံးပိတ်ရက် ပထမရက်
နေရာ - ကလီမန်တီ တိုက်အမှတ် ၄၀၁
Posted by
Thein Min Htike
at
9:29 AM
6 comments Labels: ကောင်းတမန်
Thursday, April 10, 2008
သတိပြု ရှုမိစေရာ
နွေကန္တာလယ် နေခြည်ဖြာလည်း
နေ့ စဉ်မှာလေ ဆောင်နေကြသူ
ထိုထိုလူသား ခရီးသွားသော်
ပူ၏မထင် ရှေ့ သို့ နှင်။
တမူထူးခြား အရိပ်များခို
ကလောင်ကိုစွဲ အားခဲဆောင်ယူ
ထိုထိုလူသား ခရီးသွားသော်
ပူလောင်ပင်ပန်း မရွှင်လန်း။
ထို့ တူသာပင်
ဤ်ခန္ဓာကိုယ် ရုပ်နာမ်တွေများ
လောဘတဏှာ ကိလေသာပွား
လောင်နေငြားလည်း ပူ၏အေး၏
မတွေးမိစဉ် ရှေ့သို့ နှင်။
အရိပ်ထဲမှာ နေဘူးမှသာ
အေးမြဘိ၏ ခံစားသိသို့ 
နိဗ္ဗာန်ဟူဘိ ထိုသန္တိကား
ချမ်းမြေ့ တည်ကြည် မှန်ပေသည်တည့် 
ကူးခပ်စုန်ဆန် လူ့ ဘုံမှန်က
သမုဒယကြောင့်  ဒုက္ခအကျိုး
ဆိုးကျိုးပြစ်မြင် ရှစ်မဂ္ဂင်ကို
သိမြင်စေသား အို ခရီးသွား .................။
Posted by
jasmine
at
10:50 AM
1 comments Labels: Poem
Friday, April 4, 2008
ပင်လယ်ပြင်သို့ သွားပါ ။
Posted by
ခိုင်မြဲ
at
8:33 PM
Thursday, April 3, 2008
သိပ်ချစ်လို့ဖြစ်မှာပါမေ---->
မြင်ဖူးတဲ့နေကစလို့
ယစ်မူးခုံမင်နေခဲ့တာ
အာရုံအမြင်တွေ
အိပ်စက်လည်း
အိပ်မက်မှာမြင်
နှလုံးခုန်သံတိုင်း
မင်းနာမည် ပဲတင်လို့
သိပ်ချစ်လို့ ဖြစ်မှာပါ---------မေ-------->
Posted by
ကိုကြီးဇာ
at
8:45 PM
0 comments Labels: ရွှေအိမ်စည်
Wednesday, April 2, 2008
ဆိုင်ကယ်နဲ့ကားယာဉ်တိုက်မှု
ဒီကနေ့မြို့ထဲမှာရောက်နေတုန်း အဒေါ်ကြီးတစ်ယောက်ကဖုန်းလှမ်းဆက်တယ်။ သူ့မောင်လေးတစ်ယောက်(ဆိုကြပါစို့ ဧပြီလို့) ဆိုင်ကယ်နဲ့ကား မတော်တဆ ယာဉ်တိုက်မှုဖြစ်လို့တဲ့ အဲဒါနန်းတော်ဆေးရုံမှာသွားတင်တာလက်မခံဘူးတဲ့ ဆေးရုံကြီး အရေးပေါ်ဌာနမှာ အခြေအနေမကောင်းဘူးတဲ့။ အဲဒါသွားကြည့်ရအောင်ဆိုလို့ ပြန်လာပြီး သွားကြည့်ကြတယ်လေ။ လမ်းမှာအဒေါ်လေးတစ်ယောက်ကိုဝင်ခေါ်ပြီးတော့ ဆေးရုံကြီးကိုသွားတယ်။ လမ်းမှာတော့ အဒေါ်နှစ်ယောက် မျက်စိတပွတ်ပွတ်နဲ့ စိတ်မကောင်းစရာပါပဲ (မျက်စိနာနေလို့လားတော့မသိပါ)။ ဆေးရုံကြီးလည်းရောက်ရော ယာဉ်တိုက်မှုအတွက် တာဝန်ရှိရဲဝန်ထမ်းတစ်ယောက်ရောက်နေပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေလုပ်လို့။ ဆေးရုံဝန်ထမ်းတွေလည်း တွန်းလှည်းပြင်လို့ ယာဉ်တိုက်ခံရတဲ့လူနာကို တွန်းလှည်းပေါ်ပြောင်းတင်ပြီးသယ်မယ်ဆိုပြီးတော့ပေါ့။ ယာဉ်တိုက်ခံရတဲ့သူကလည်း ဒူးခေါင်းတစ်ဘက် ယောင်ကိုင်းနေပြီး ကားပေါ်ကနေတွန်းလှည်းပေါ်ကိုတင်ခါနီးမှာ နာလို့အော်နေရတယ်လေ။ တော်တော်စိတ်မကောင်းစရာပါဘဲ။ တော်သေးတာက အဒေါ်ကြီးနဲ့အဒေါ်လေးတို့ ပလက်လန် အဲ…ဟုတ်ပါဘူး ပလန်နက်က သူတို့မောင်လေး ဧပြီ မဟုတ်လို့ပေါ့လေ….. အဲဒါနဲ့ မဆုံးသေးတဲ့ ခရီးကို ဆက်လှမ်းမယ်ဆိုပြီး ဖင်နဲ့ နန်းတော်ဆေးရုံ ကိုချီတက်ကြရတာပေါ့လေ…. နန်းတော်ဆေးရုံလည်းရောက်ရော အလာကောင်းပေမယ့် စိတ်မကောင်းစရာပါပဲလေ……. ဧပြီရဲ့ဦးလေးဆိုသူဆီကဖုန်းလာတယ် ဧပြီးတစ်ယောက်တော့ ဆုံးရှာပြီးတဲ့….တော်တော်ဝမ်းနည်းဖို့ကောင်းတဲ့သတင်းပဲလေ…. ဘယ်တတ်နိုင်မလဲလေ…လောကဓံတရားကိုဘယ်လွန်ဆန်နိုင်ပါ့မလဲလေ….. နောက်ဆုံးအနေနဲ့ သူ့အမဆိုင်ကို လိုက်သွားကြတယ်လေ…. စိတ်မကောင်းစရာတစ်ခု ထပ်တွေ့လိုက်ရတာက သူ့အမ ကိုယ်တိုင်ကအဲဒီသတင်းကိုမသိသေးတာပဲလေ….. အဒေါ်ကြီးကနေပြီးတော့ အကျိုးအကြောင်းပြောပြရတာပေါ့နော်…. အဲဒီအခြေအနေလေကို မျက်လုံးထဲကနေမထွက်နိုင်လို့ သူတို့ပြောတဲ့အတိုင်းလေး ပြန်ပြောပြပါရစေ…… အဒေါ်ကြီး>>> အမမောင် ဆိုင်ကယ်နဲ့ကား မတော်တဆ ဖြစ်လို့ဆို….
ဧပြီအမ >>> အန်………. (အမှန်မှာ အန် လို့အသံမထွက်ပါ.. အန် နဲ့ ဟန် ကြားကစကားလုံးဖြစ်ပါသည် ဝမ်းကောင်းမှလာသော အသံဖြစ်ပါသည် မြန်မာအက္ခရာ သုံးဆယ့်သုံးလုံးတွင်မပါသော အသံဖြစ်ပါသည်။)
အဒေါ်ကြီး >>> အဲဒါ အခုဆုံးသွားပြီဆို
ဧပြီအမ >>> ဘာ…………( ဘာလို့အော်လိုက်တဲ့အချိန်မှာ ကျွန်တော်မမြင်ဘူးမတွေ့ဘူးသေးတဲ့ မျက်လုံးပြူး၊ မျက်စံပြူး ဆိုတာကို အဲဒီအချိန်မှပဲ မြင်ဘူးပြီး လက်နှစ်ဖက်ကလည်း သားကောင်ကိုခုန်အုပ်တော့မယ့် ကျားသစ် လက်လှမ်းလိုက်သလိုမျိုးပါပဲ………….
အဲဒီလိုနဲ့ တိုတိုပဲပြောပါရစေဗျာ… အကြောင်းစုံကတော့ April Fool လုပ်တာပါတဲ့။
ရှက်လည်းရှက်ပါသည်… ဟုတ်လည်းဟုတ်ပါဘူး။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
Posted by
အနတ္တ
at
1:28 PM
1 comments Labels: April Fool's Day, အနတ္တ
Sunday, March 30, 2008
“ ဝန်ခံပါသည် ”
တနေ့က ...
ယဉ်ယဉ်ဟု သူ့ကိုယ်သူခေါ်သော၊ ကျနော် တစ်ခါမှ မမြင်ဘူးသော ကောင်းမလေး တစ်ယောက်က စိတ်မီးအိမ်ကို ဝင်လည်ပြီး .. ကျွန်တော့်ကို မေးပါသည် ... “ ဒီစာတွေက ကိုခိုင်မြဲရေးတာတွေလားတဲ့” ..။
“ ဟုတ်လည်းဟုတ်တယ်.. မဟုတ်လည်း မဟုတ်ဘူး ” လို့ ပြန်ဖြေလိုက်ပါသည်.။
အမှန်လည်း ဤအတိုင်းပင်ဖြစ်ပါ သည်။ ရှင်းပြပါမည်..။ ကျွန်ုပ်၏ ဝါသနာတစ်ခုမှာ စာအုပ်တစ်အုပ်ကို ကြိုက်မိပြီဆိုလျှင် .. အကြိမ်ပေါင်းများစွား ဖတ်လေ့ရှိပါသည်..။ ကျွန်တော့် အကြိုက်ဆုံးစာအုပ်များထဲတွင်
ဆရာ မောင်ပေါ်ထွန်း ဘာသာပြန်ထားရေသားထားသော.. “ စိတ်တည်ငြိမ်မှု စိတ်ချမ်းသာမှူနှင့် ဘ၀အောင်မြင်မှူ” ဆိုသော စာအုပ်မှာ ရှေ့ဆုံးမှပါဝင်ပါသည်.။ မူရင်း အင်္ဂလိပ်စာအုပ် အမည်မှာ "Calm" ဟူ၍ဖြစ်သည်။ နှစ်လက်မ ပတ်လည် အိတ်ဆောင်စာအုပ်လေးဟု ဆိုပါသည်..။ ထိုစာအုပ်ကို ကြိုက်လွန်းသဖြင့် သုံးအုပ်ဝယ်ပြီး နှစ်အုပ်ကို သူငယ်ချင်းနှစ်ယောက်ကို လက်ဆောင် ပေးခဲ့ပါသည်..။ ကျန်တစ်အုပ်ကိုတော့ အိပ်ယာဘေးမှာ ထားပြီး ညအိပ်ယာဝင်တိုင်း ဖတ်သည်..။ မနက်အိပ်ယာထ အိပ်ယာထဲမှာပင် ဖတ်သည်..။ သည်လိုနှင့် စာတွေလည်း အလွတ်နီးပါ ရလာပြီး .. နောက်ပိုင်း စာအုပ်ကို သွားလေရာ သယ်သွားရင်း နှင့် ဘယ်နေရာတွင်မေ့ကျန်မိခဲ့မှန်း မသိတော့ပေ ..။ စိတ်မကောင်းစရာပင် .။
သွားတိုင်း သယ်သည်ဆိုသည်မှာ ညအိပ်ခရီးကို ဆိုလိုပါသည်..။
ဤစာအုပ်ကို စာအုပ်ဆိုင်တွေရောက်တိုင်း ပြန်ရှာနေသည်မှာ တစ်နှစ်ကျော်ခဲ့ပါပြီ ..။ အသစ်ပြန်မထွက်တော့ပေ..။
သို့သော် ..
စာအုပ်ပျောက်သွားသော်လည်း .. စာများကို ပြန်လည် အမှတ်ရနေဆဲပင်..။ ထို့ကြောင့် စိတ်မီးအိမ်မှာ မူလစာအုပ်အမည်အတိုင်း “စိတ်တည်ငြိမ်မှု စိတ်ချမ်းသာမှူနှင့် ဘ၀အောင်မြင်မှူ” ဟူ၍ပြန်လည်ဖေါ်ပြပါသည်..။
“လက်ပတ်နာရီကို ရောင်းပစ်လိုက်ပါ၊”၊ “ဖိနပ်ချွတ်ထားပါ” နှင့် “ချစ်တင်းနှောပါ” စသော စာသားများမှာ မူလအတိုင်း မှတ်မိသမျှ ပြန်လည် ဖေါ်ပြပါသည်.။ ထို့ကြောင့် .. “ဟုတ်လည်းဟုတ်တယ်” ဟု ပြောရခြင်းဖြစ်သည်..။ “ မဟုတ်လည်း မဟုတ်ဘူး” ဆိုသည်မှာ .. “ငှက်လိုကျင့်ပါ”၊ “ဖြေးဖြေးလျှောက်ပါ” နှင့် “စနစ်တကျရှုပ်ပါ” စသည်တို့မှာ ကိုယ်တိုင်ကြုံတွေ့ရသည်တို့မှ ရေးသားထားခြင်းဖြစ်သောကြောင့်ပင်..။
ခိုင်မြဲ
မှတ်ချက်။ ။ အကယ်၍များ စာဖတ်သူမိတ်ဆွေ တစ်နေရာရာတွင် မောင်ပေါ်ထွန်း၏ “ စိတ်တည်ငြိမ်မှု စိတ်ချမ်းသာမှူနှင့် ဘ၀အောင်မြင်မှူ ” စာအုပ်ကို တွေ့ရှိခဲ့ပါက ... ကျွနိုပ်အား တစ်အုပ်လောက် လက်ဆောင်ပေးပါရန် .. မေတ္တာရပ်ခံအပ်ပါသည်..။ ကျေးဇူး အထူးတင်ပါမည် ..။
Posted by
ခိုင်မြဲ
at
1:39 PM
1 comments Labels: စိတ်တည်ငြိမ်မှု စိတ်ချမ်းသာမှူနှင့် ဘ၀အောင်မြင်မှူ

