စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Monday, October 22, 2007

စိတ်မီးအိမ် ကို နောက်မှ သစ်ပင်လာစိုက်မယ်။

ငါ စိတ်မီးအိမ် ဥယျာဉ်မှာ သစ်ပင်စိုက်ဖို့ လာမယ်ဆိုပြီး ပြင်ဆင်နေတုန်းမှာဘဲ(နင်တို့ထင်သလို ဘိနပ်တော့ မပြတ်သေးဘူးဟ သိလား ခုံဖိနပ်ဆိုတော့ပြတ်ချင်တာတောင် တော်တော်နဲ့ မပြတ်လို့ ငါ စိတ်ကုန်နေတာ ) ပြည်ပကနေနေပြည်တော်ကို အလုပ်ကိစ္စနဲ့ ခဏပြန်လာတဲ့ သူငယ်ချင်းတစ်ယောက်ကိုသွားတွေ့ရတယ်ဟာ သိလား.... ငါ့မှာလည်း အဲ့ဒီသူငယ်ချင်းက မင်းနေပြည်တော်ကိုတခါမှ မရောက်ဖူးတဲ့ တောသားလူလည်လေးဖြစ်နေတော့ ငါ မအားတဲ့ ကြားထဲကသူ့ဆီကို သွားတွေ့ရတာပေါ့ ... သူနေတဲ့ ပိတောက်အိမ်ရာကို ရှာရင်းရှာရင်း......... အဲ့လိုနဲ့ ငါရောက်သွားတော့ ငါ့ သယ်ရင်းကအဖျားတွေတက်ပြီး အိပ်ယာထဲမှာဘဲ လဲနေတယ်ဟာ . . . အဲ့ဒါနဲ့ ငါလည်း သူ့ကိုကုတင် ၃၀၀ ဆေးရုံမှာ လိုက်ပြပေးရတယ်ဟ . . . သနားစရာကောင်းတာက ငှက်ဖျားရောဂါမရှိတဲ့ ငါ့သယ်ရင်းကို ဆရာဝန်မက သေချာမစစ်ဘဲနဲ့ငှက်ဖျားဆေးတွေမှားပေးထားတော့ ဒီကောင်အလူးအလဲခံနေရတာပေါ့ဟာ သိလား . . .အဲ့ဒါနဲ့ ငါလည်း ည ၁၀ နာရီလောက်မှ အဆောင်ကို ပြန်ရောက်တယ်လေဟာ.....ဒါနဲ့ဘဲ စိတ်မီးအိမ် က ည ၁၀ နာရီကျော်ရင် ပိတ်ပြီထင်လို့ ငါ မလာတော့တာ။

အရိပ်

[+/-] အပြည့်အစုံသို့...

"၀ါသနာကိုစားသောအချစ်"

သီတင်းကျွတ်နဲ့ပါတ်သက်ပြီး ကဗျာတစ်ပုဒ်ရေးမလို့ပဲ ဒါပေမယ့် ရေးလို့မရဘူးဖြစ်နေတယ်။ အဲဒါနဲ့လွန်ခဲ့တဲ့ ငါးနှစ်ခြောက်နှစ်လောက်က အရူးထဖူးတဲ့အကြောင်းအရာလေးကို သွားသတိယတယ်။ အဲဒီအရူးထပြီးရေးတဲ့ အကြောင်းအရာလေးကတော့ " ၀ါသနာကိုစားတဲ့အချစ်" ဆိုပါတော့ဗျာ………..

"၀ါသနာကို စားတဲ့ အချစ်"

တခါတုန်းက ချောက် သခင်ဖိုးလှကြီး စက်မှုလက်မှုသိပ္ပံ ကျောင်းကလေးမှာ နေ့ကျောင်းသားတွေရယ်၊ ညကျောင်းသားတွေရယ်၊ ဆရာဖြစ်ကျောင်းသားတွေရယ် အားလုံးဆုံစည်းပြီး ကျောင်းတော်ဟာ အတော်စည်စည်ကားကား ရှိခဲ့ဘူးတယ်။ အမိကျောင်းတော်ရဲ့ အနောက်မြောက်ဘက်မှာတော့ ချင်တောင်မ ဆိုတဲ့ဘွဲ့နှင့် စေတီတစ်ဆူဟာ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်းပေါ်မှ သပ္ပါယ်စွာနဲ့ ယနေ့တိုင်အောင် တည်ရှိနေပါတယ်။ အမိကျောင်းတော်ကို လာရောက်ပြီး ပညာနို့ရည် သောက်စို့ ကြတဲ့သူတွေကတော့ အနယ်နယ်အရပ်ရပ်ကပေါ့ ။ ချင်တောင်မဘုရားကုန်းတော်မှာ မနက်စောစောပိုင်းနဲ့ ညနေပိုင်း၊ ညပိုင်း တို့မှာဆိုရင် ကျောင်းသူကျောင်းတို့နဲ့ စည်ကားနေတာပေါ့။ ကျောင်းဘက်နဲ့ အဆောင်ဘက်တွေကနေပြီး ချင်တောင်မဘုရားဆီကို သွားတဲ့အခါမှာ ဘုရားပေါ်မတက်ခင် ဘုရားဘက်ကိုလမ်းလေး ချိုးကွေ့လိုက်တော့ လမ်းရဲ့အရှေ့ဘက်မှာ "My Youk Tiger Hostel" ဆိုတဲ့အဆောင်လေး တစ်ဆောင်ရှိတယ်။ အဲ့ဒီအဆောင်လေးမှာ သူငယ်ချင်း သုံးယောက်အတူတကွ နေထိုင်ကြတယ်။ အဆောင်ရဲ့နာမည်လေးကိုတော့ အဆောင်မှာ အရင်နေသွားတဲ့ နောင်တော်ကြီးတွေ ပေးထားတဲ့အတိုင်းပဲ ထားရှိလိုက်ကြတယ်။ အဲ့ဒီ သူငယ်ချင်းသုံးယောက် ကတော့ အနိစ္စရယ်၊ ဒုက္ခရယ်၊ အနတ္တရယ် ဆိုပဲ…… သူတို့ဟာ တနယ်တည်း သူငယ်ချင်းတွေ နဲ့ရော တနယ်ခြားသူငယ်ချင်းတွေနဲ့ပါ ခင်ခင်မင်မင်၊ ပျော်ပျော်ရွှင်ရွှင် နဲ့ နေထိုင်ကြတယ်။ လိမ်လိမ်မာမာ ရှိတယ်လို့တော့ မဆိုနိုင်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ တခြားသူငယ်ချင်းတွေနဲ့ဆုံမိကြရင် အရက်ဝိုင်းဖွဲ့ ပြီး သောက်တတ်ကြတယ်၊ အဆောင်မှာနေတဲ့သူတွေစုပြီးတော့လဲ 21 ကစားကြသေးတာကို။ စာသင်ချိန်ပြင်ပမှာ အများဆုံးအချိန်ဖြုန်းတတ်တာကတော့ ခြင်းခတ်တယ်၊ ဘောလုံးကန်တယ်၊ Chess ကစားတယ်၊ ကောင်မလေး သူငယ်ချင်းတွေအဆောင်ကို သွားလည် တတ်ကြပါတယ်။ အနိစ္စက ခြင်းခတ်တာကိုဝါသနာပါတယ်၊ ဒုက္ခကတော့ သီချင်းဆိုတာကိုစိတ်ဝင်စားပြန်ရော အနတ္တကတော့ Chess ထိုးတာကို ၀ါသနာပါပြန်ရော…. အဲဒါပေမယ့် တစ်ဆောင်လုံးမှာတော့ Chess မထိုးတတ်သူရယ်လို့ မရှိကြဘူးပေါ့။ သူတို့အဖွဲ့ က အဆောင်မှာ ကစားရတာ အားမရရင် တခြားအဆောင်တွေမှာ သွားကစားတယ်၊ လမ်းထိပ်လဖက်ရည်ဆိုင်တွေမှာ သွားကစားနေကြတော့တာပဲ…. တခါတခါများဆိုရင်ဝါသနာအားကြီးတာတော့ မပြောနဲ့တော့ တစ်ဖွဲ့လုံးထမင်းစားဖို့မေ့၊ အိပ်ချိန်တွေမေ့နဲ့ ကစားခဲ့ကြတာပဲ။ အနတ္တ ဆိုရင် Chess ကစားဖို့အတွက် ကျွန်းပေပြားကြီးတွေကို သေချာစပ်ပြီး ရေပေါ်ပြောင်အောင်ထိုး ပေါလစ်တင်ထား တစ်ဘက်ကိုပြောင်နေအောင်ထား၊ တဘက်ကို Chess ခုံလုပ်ထားတာပဲ… အဲဒီလိုနဲ့ ရာသီတွေပြောင်း၊ သင်တန်းတွေပြီးဆုံးသွားတော့ ရေကြည်ရာ၊ မျက်နုရာ ဆိုသလိုပဲ တကွဲတပြားဆီးဖြစ်သွားကြတော့တာပေါ့။ ကံအကြောင်းပါပြီး အနတ္တဟာ မူယာဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ကျပြီး သမီးလေး မာယာကို မွေးဖွာလာတာ အခုဆိုရင် ကျောင်းနေတဲ့အရွယ်တောင်ရောက်ရှိနေပါရော….. ကလေးကျောင်းသုံးစရိတ်ကလည်း အလျှင်မမှီ၊ လူကြီးအိမ်သုံးစရိတ်ကလည်း မလောက်ရတဲ့ကြားထဲ သမီးလေးမာယာကလည်း စာကြည့်စားပွဲ ၀ယ်ပေးဖို့ ပူစာလာပြန်တော့ အကြံကုန်ဂဠုန်ဆားချက် ဆိုတဲ့အတိုင်းပဲ ဒေါ်ရွှေမူယာက ကိုအနတ္တရယ်တဲ့ တော့်ခေါင်းရင်းမှာ ဘာမှမသုံးပဲထားတဲ့ပျဉ်ပြားကြီးရှိတာပဲတဲ့ ခြေထောက်လေးချောင်းတပ်ပြီး အဲဒီပျဉ်ပြားကြီးကို အကွက်တွေအောက်က ထား၊ မှောက်ခင်းလိုက်ရင် ကလေးစာကြည့်ဖို့စားပွဲဖြစ်ပြီပေါ့ ဆိုတော့ မောင်အနတ္တလည်း အမိန့်တော်မြတ်အတိုင်းပါလို့ စိတ်ကတွေးပြီး စာကြည့်စာပွဲ စတင်လုပ်ဆောင်ရတော့တာပေါ့။အဲဒီအချိန်မှာ အနိစ္စရယ်၊ ဒုက္ခရယ်က ဘယ်ကနေဘယ်လိုဆုံ ပြီး ပေါက်ချလာတယ်မသိပါဘူး။အနတ္တလုပ်ကိုင်နေတဲ့အကြောင်းလည်းသိရော ကြားဖူးသမျှတွေထဲက တရားတိုတိုထွာထွာ လေးတွေကို နှစ်ကောင်သားပေါင်းပြီးဟောပါလေရောဗျာ……. ဟေ့ကောင်အနတ္တ တို့ဗုဒ္ဓမြတ်ဘုရားက သဗ္ဗညုတရွှေညာဏ်တော်ကိုရပြီးတဲ့နောက်မှာ ၀ဋ်ကျွေးရယ်၊ ၀ါသနာရယ်ဆိုတဲ့ ''၀'' နှစ်လုံးထဲက ၀ါသနာဆိုတဲ့ ''၀''တစ်လုံးကို ပယ်လိုက်နိုင်တယ်။ ဘုရားကလွဲပြီး ရဟန္တာပုဂ္ဂိုလ်တောင် အဲဒီ ၀ နှစ်လုံးစလုံးကို မပါယ်သတ်နိုင်သေးဘူးကွ။ တစ်ခါက ရဟန္တာပုဂ္ဂိုလ်မြတ်ကြီးကို ဒကာတစ်ယောက်က သင်္ကန်း (၃) စုံလှူမယ်လို့ရည်မှန်းပြီး ပင့်ဖိတ်တာပေါ့ ဒကာလှူဒါန်းမယ့် နေရာကို သွားတဲ့လမ်းမှာ ရေအိုင်လေးတွေရှိနေသတဲ့ ရေအိုင်တစ်ခုတွေ့တိုင်း ရဟန္တာကိုယ်တော်မြတ်ကြီးက ခုန်ကူးလိုက်သတဲ့ အဲဒါလဲ ကူးချင်လို့ကူးတာမဟုတ်ဘူး ဟိုအရင် မျောက်ဘ၀တုန်းက ခုန်ကူးခဲ့တဲ့ ၀ါသနာကို ရဟန္တဖြစ်နေတာတောင် မပါယ်သတ်နိုင်သေးလို့ ၊ မစွန့်လွတ်နိုင်သေးလို့ကူးမိတာကွ။ ဒါပေမယ့် အဲဒီဒကာကြီးက ရဟန်းရယ်၊ရှင်ဘုရင်ရယ်၊ဆင်ဖြူတော်ရယ်၊ အမျိုးသမီးရယ် ဟာ လမ်းသွားလို့ ပြေးလွှားခုန်ပေါက် သွားရင် ဣိနြေ္ဒပျက်တယ်ဆိုတာ ကိုသိလေတော့ လှူမယ့်သင်္ကန်း သုံးစုံထဲက တစ်စုံလျှော့လိုက်တာပေါ့။ နောက်ရေအိုင်လေးတစ်အိုင်တွေတော့ ၀ါသနာရဲ့စေ့ဆော်မှုကြောင့် ခုန်မိသွားပြန်ရောတဲ့၊ ဒါနဲ့ သင်္ကန်းတစ်စုံ ထပ်လျှော့လိုက်ပြန်ရော။ နောက်တစ်အိုင်လဲတွေ့ရော ရဟန်းဒါကြီးက အင်းဒီရေအိုင်မှာသာခုန်ကူးမိရင် ဒါကာကြီးက သင်္ကန်းတစ်စုံမှ လှူဖြစ်မှာ မဟုတ်တော့ဘူးလို့ စိတ်မှာတွေးပြီး ရေအိုင်ထဲလျှောက်သွားသတဲ့။ အဲဒီအကြောင်းကို ဒကာကြီးက မေးလို့သိပြီး ရဟန္တာပုဂ္ဂိုလ် မှန်းလဲသိရော သင်္ကန်း ခုနှစ်စုံလျှူလိုက်သတဲ့………..

အခုကြည့်ပါလား တို့ကောင်အနတ္တက သူ့ရဲ့ ၀ါသနာ ကို အချစ်နဲ့ အစားထိုးလိုက်ပြီး စာပွဲခုံလေးလုပ်လိုက်တာ အခုဆိုရင် Chess ခုံလေးကနေပြီ စားပွဲခုံလေးဖြစ်နေပြီလေ……….


အနတ္တ

(ကောင်းတမန်ရဲ့ သီတင်းကျွတ် အထူးဖိတ်ခေါ်ပွဲအတွက်)

[+/-] အပြည့်အစုံသို့...

Sunday, October 21, 2007

သီတင်းကျွတ်အထူး ဖိတ်ခေါ်ခြင်း

အားလုံး...
မကြာမီ သီတင်းကျွတ်တော့မည်။
သီတင်းကျွတ်အမှတ်တရ အထူး post များကို သီတင်းကျွတ်လပြည့်နေ့တွင် တင်ရန် ရှိပါသဖြင့် လပြည့် နေ့အမီ တင်ပေးကြပါရန် တောင်းပန်အပ်ပါသည်။ သစ်ပင်တစ်ပင်လျှင် post တခု အနည်း ဆုံး တင်ပေးကြပါခင်ဗျာ။လာလည် ဖတ်ရှုသူများ လည်း မိမိတို့ ရေးသားမှုများ post တင်စေလိုလျှင် စိတ်မီးအိမ်ကို အမြန်ဆက်သွယ်ကြပါခင်ဗျာ။
စိတ်မီးအိမ်
ဘလော့ဂ် ဥယျာဉ်

[+/-] အပြည့်အစုံသို့...

စိတ်မီးအိမ် ကို ခံစားခြင်း


အနတ္တ ရဲ့ Time Machine ကို ဖတ်ရင်း ဒီ post ကို ရေးချင်စိတ်ပေါ်လာလို့ ရေးပြီး တင်ပေးလိုက်တာ။
စိတ်မီးအိမ် ကို စတင်ဖို့ စဉ်းစားတော့ ကျွန်တော်သူငယ်ချင်း အားလုံး ကို ဖိတ်ခေါ်ချင်တာ ရူးလို့ပါ။
ဒါနဲ့ လိုင်းပေါ်တက်သူ သူငယ်ချင်း အားလုံးကို တစ်ယောက်မကျန် ဖိတ်တယ်။ ဒီရောက်မှ ပူပူနွေးနွေး ကောက်ရတဲ့ ညီငယ်တွေလည်း ဖိတ်တာပဲ။ အင်း တိုတိုပြောရရင် အင်တာနက် ဂျပိုး သူငယ်ချင်းတိုင်းကို ဖိတ်တယ်ဗျာ။

ဒီဘလော့ဂ် ဥယျာဉ်ရဲ့ နာမည်လေးပေါ်ပေါက်လာပုံကိုလည်း ပြောပြဦးမယ်ဗျာ။ တနေ့ အရိပ်ဆိုသူ နေပူက လူတယောက်နဲ့ လိုင်းပေါ်တွေ့တုန်း ဘလော့ဂ် နာမည်ပေးရေးဆွေးနွေး ဖြစ်တယ်။ ကျွန်တော် က စိတ်ရောင်စုံ လို့ပေးဖို့ အကြုံပြုတယ်။ သူက စိတ်မီးအိမ် ဆို ပိုကောင်းမယ် လို့ ပြန် အကြုံပြုတယ်။ ဒီနာမည်လေး ကြားတာနဲ့ အဓိပ္ပာယ်လည်း အရမ်းမြောက်၊ နာမည်လေး ကလည်း လှ ဆိုတော့ သူ့ကို ဥယျာဉ် နာမည်လေးအတွက် သုံးဖြစ်ခဲ့တာ။ ဒါနဲ့ ဒီဥယျာဉ်လေးကို စိတ်မီးအိမ် လို့ ခေါ်ရတဲ့ အကြောင်းအရင်းကို ကျွန်တော် ခံစားရူးသွပ်ပြီး ဥယျာဉ်ထဲမှာ တင်ထားတယ်။ မနေ့ကပဲ အနတ္တ က သူ့ရဲ့ ရှုထောင့်တစ်မျိုးကနေ မြင်တာကို post တင်ထားတယ်။ လွတ်လပ်ကျယ်ပြောစွာ ဘောင်မခတ်ပဲ ခံစားတတ်တာ ဘလော့ဂ် သစ်ပင်စိုက်သူတွေရဲ့ အကျင့်လေးပါ။ ကျန်သစ်ပင်လေးတွေနဲ့ လာလည်သူတိုင်းရဲ့ စိတ်မီးအိမ် အပေါ် ခံစားမှုလေးတွေလည်း သိချင်တယ်ဗျာ။နည်းနည်း လောက် ၀င်ရေးသွားပါဦး။ Comment မှာဖြစ်ဖြစ်၊ ဆီဗုံးမှာ ဖြစ်ဖြစ်ပေါ့။

နောက် အနတ္တ ရဲ့ ခံစားမှုကို မဆွေးနွေးခင် သစ်ပင်လေးတွေ ကို မှာစရာရှိတာ မှာထားခဲ့ဦးမယ်။

ပထမဦးဆုံး စိတ်မီးအိမ် ဆိုတဲ့ နာမည်လေးကို စအကြုံပြုပေးခဲ့တဲ့ အရိပ် ကတော့ အခုထိ ဥယျာဉ်မှာ သစ်ပင်လာမစိုက်သေးဘူးဗျာ။ အရိပ်ကို ဖိတ်ခေါ်ပါတယ်။ မြန်မြန်လာဖို့။ (လမ်းကြောင်းမှာ ဖိနပ်ပြတ်နေရင်လည်း လှမ်းအော်ပေးနော်။ ဒီကသစ်ပင်တွေမှာ ရှိတဲ့ အသီး၊အပွင့်လေးတွေ စုရောင်းပြီး ဖိနပ်အသစ် တစ်ရံဖိုးတော့ ရမယ် ထင်တာပဲ ဟဲ..ဟဲ။) အရိပ်ဆိုတာ လိုမှန်းတော့ နေပူနေဖူးတဲ့ လူတိုင်းသိတော့ အရိပ်ဆိုတဲ့ အရိပ်လည်း သိမှာပါ။ မြန်မြန်သာပြေးခဲ့ပါတော့ဗျာ။

နောက် bro ဆိုတဲ့ သစ်ပင်ညီငယ်။ ရူးသွပ်ဖော် ရဲဘော်ဟောင်း (မဟာရန်ကုန်က ကားမှတ်တိုင် နာမည် မဟုတ်ဘူးနော်။) တစ်ယောက်ပါ။ ဒီသစ်ပင်ညီငယ် နဲ့ ကျွန်တော်နဲ့ ဆယ်စုနှစ် ရဲ့ ငါးပုံတစ်ပုံစာ ကို အပေးအယူ နှစ်ခု အပြန်အလှန်လုပ်ရင်း ကုန်လွန်စေခဲ့ဖူးပါတယ်။ အသွားနဲ့အပြန်ကို လက်လေးဖက် နဲ့ ကုလားဖန် ထိုးခဲ့တာ နှစ်ရက်တည်းရယ်။ ဒါပေမယ့် အဲဒီ နှစ်ရက်ဟာ နှစ်နှစ် ဆိုတာကို လွယ်လွယ်နဲ့ မြန်မြန် အနားသတ်ပေးလိုက်တာတော့မဟုတ်ဘူး။ ခုတော့ ဒါဟာ အတိတ်တဲ့။ မဟုတ်သလိုလို နဲ့ အဲဒါဟာ တကယ် အတိတ်ပဲဗျာ။ အင်း.bro ရေ..ညီငယ်ကို ပြောရင်းနဲ့ သတိရလာပြီဗျာ။ မနားတမ်း ပြောခဲ့ဘူးတဲ့ မိုးလင်းပေါက် စကားဝိုင်းတွေ ကို bro သစ်ပင် နဲ့ အတူ နောက်မှ ပူးပေါင်းတင်ဆက်ကြသေးတာပေါ့။ (တခြားသူတွေတော့ စိတ်ညစ်ဖို့သာ ပြင်ပေတော့၊ မဖတ်ချင်လည်း ဇွတ်တင်ထားရင် ဖတ်ရမှာပဲ မဟုတ်လား..)။

အင်း အဲလို နဲ့ ကောင်းတမန်က လိုရင်းကို မရောက်ဘူး (သူများတွေ မဝေဖန်ခင် ကိုယ့်ဘာသာ ကြိုပြောထားတာဗျ..)။ အနတ္တ ခံစားမှုကို ပြန်ဆက်မယ်။ အနတ္တ ကဆိုတယ်။ လူပုဂ္ဂိုလ်၊ အချိန် နဲ့ အကြောင်းအရာတစ်ခုစီ နဲ့ ပတ်သက်တဲ့ ရူးသွပ်မှုတွေ ကို မျှဝေရင်း ကျွန်တော်တို့ စိတ်ကလေးတွေဟာ ဒီဥယျာဉ်လေးမှာ ဆုံဆည်းရပါတယ်တဲ့။ ပြီးတော့ သူက “ဟိုတစ်ချိန်တုန်းက တွေ့ကြုံ ဖြစ်ပျက်ခဲ့တာလေးတွေကို ပြန်ပြောင်းအောက်မေ့ တမ်းတပြီး လည်းရူးလို့ရတယ်၊ အခုလက်ရှိအချိန်လေးမှာလည်း တနယ်စီဝေးကွာနေရပေမယ့် ဒီဥယျာဉ်လေးထဲမှာ လာရောက်ဆုံဆည်းလို့ရတယ် ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲနော်” တဲ့။အဲဒီ ခံစားမှုလေးကို တော်တော်ကြိုက်တယ်ဗျာ။ အနတ္တပြောသလိုပါပဲ ကျွန်တော်တို့ ဥယျာဉ်လေးဆီ အားတဲ့ အချိန်မှာလာလည်ရင်း ကျွန်တော်တို့ စိတ်ရဲ့ တပိုင်းတစ ကို ချန်အပ်ထားခဲ့ကြတာပါ။ ပြီးတော့ အဲဒီစိတ်တပိုင်းလေးဟာ ဥယျာဉ်ထဲမှာ ပြေးလွှားနေရင်း၊ နောက် တယောက် ရဲ့ စိတ်တပိုင်းနဲ့ တွေ့ဆုံပျော်မြူးလို့လည်း ရပါတယ်။စိတ်တွေ အားလုံး စုံသွားတဲ့ နေ့လည်း ရှိချင်ရှိမယ်။ အဲလိုနဲ့ ဒီဥယျာဉ်လေးထဲမှာ အချိန်ကာလ၊နေရာ နဲ့ တစ်ဦးချင်စီရဲ့ အကြောင်းကို ထင်ဟပ်စေရင်း ဥယျာဉ်ရဲ့ အသီး၊အပွင့်တွေ ရောင်စုံဝေဖြာစေဖို့ ကြိုးစားရမှာပါ။

အားလုံးစုံတဲ့အကြောင်းပြောလို့ ဟိုနေ့ က နွယ်သဇင် ကို လိုင်းပေါ်မှာ ဖြုန်းစားကြီးတွေ့ခဲ့တဲ့ အကြောင်းပြောဦးမယ်ဗျာ။ သူ့နဲ့ က တနယ်သားဆိုတော့ မတွေးချင်လည်း ကိုယ့်အကြောင်းကို တွေးရင်း အလိုလို သူ့အကြောင်းက ပါလာတာပဲ။ အဲလို မတွေးချင် တွေးချင်နဲ့ ပါလာလို့ တွေးနေတုန်း ရုတ်တရက် ကိုယ်ရွှေချော က လိုင်းပေါ်တက်လာတယ်။ ဟာ..ဘယ်လို မျက်စိလှည်လာတာလဲပေါ့။ ကျွန်တော်လည်း တွေ့တာနဲ့ ဇွတ်သစ်ပင် စိုက်ခိုင်းတော့တာပဲ။ သူက လိုင်းကို ခဏတက် လာတာတဲ့။ မကြာခင်မှာ သူ လိုင်း ရက်ရှည် ပြန် အောက်မယ်တဲ့လေ (အင်း ဥပုသ်ရက်ရှည် စောင့်တယ် ပဲ ကြားဖူတာ။ လိုင်းရက်ရှည်အောက် တယ်ဆိုတာကို ဒါပထမဆုံး ကြားဖူးခြင်းပဲ)။ အင်း..ဒီတော့လည်း အေးပေါ့ ..ဘာညာ ဆိုပြီး သူ့ကဗျာတချို့ စိတ်မီးအိမ်မှာတင်ခွင့် ပြုဖို့ တောင်းရတာပေါ့။ အင်း သူကလည်း တင်ပါတဲ့။ သစ်ပင်တွေ ကို တွေ့ရတာ ၀မ်းသာတယ်ပေါ့ဘာညာနဲ့ ပြောရင်း လိုင်းအောက်ပြန်ရောက်သွားတာပဲ။

အင်း ဒီတခါ တကယ် အကျင့်ဖျောက်ပြီး လိုရင်းကို ပြန်ဆက်မယ်။ အနတ္တ တခန်းပြန်လှည့်မယ်။ သူက ဆိုပြန်ပါတယ်။ “ “မီးအိမ်” မီးအိမ်ဆိုတာ အမှောင်ကိုခွင်းပြီး အလင်းဆောင်ပေးတဲ့ သဘောပေါ့။ ရှေးလူကြီးတွေကတော့ မီးအိမ်ကို ပညာနဲ့ နှိုင်းယှဉ် ပြောလေ့ရှိတာပဲ။မီးအိမ်က မီးကို ဘယ်လောက်ပဲ ကူးယူထွန်းညှိနေပါစေ သူ့ဆီကအလင်းရောင်ကတော့ မှေးမှိန်သွားခြင်း မရှိဘူးလေ။” ဒီခံစားမှု လေးကို လည်း ကြိုက်တယ်။ ဥယျာဉ်လေးထဲမှာ ခံစားမှုတွေ၊ရူးသွပ်မှုတွေ ကို ဘောင်ခတ် မထားခြင်းသည်ပင်လျှင် ရှုထောင့်ပေါင်းစုံကနေ အလင်းဆောင်ဖို့ ကြိုးစားနေခြင်းပါပဲ။ ဒါကြောင့် ဘောင်ခတ်မထားတဲ့ အသီးအပွင့်တွေ ကို ပေးရင်း အလင်းလည်း ဆောင်ရင်း နဲ့ စိတ်မီးအိမ်ကို ဆက်လက် ထွန်းညှိကြဖို့ တိုက်တွန်းချင်ပါတယ်။ ၀ိုင်းဝန်း စိုက်ပျိုး ဘလော့ဂ် တန်ဖိုးပေါ့။

ဝိုင်းဝန်းစိုက်ပျိုးဆိုလို့ ၀ိုင်းဝန်းစိုက်ပျိုးဖို့ ဆော်သြထားတဲ့၊ အားလုံးကို သတိယတယ်ဆို တဲ့ Peace ရေ။ သစ်ပင်လေးတွေလည်း Peace ကို သတိရနေတယ်။ ရေလာလောင်းပေးလှည့်ပါဦး။ မအားရင်လည်း ခဏတဖြုတ်ပေါ့။ Jasmine နဲ့ အတူ မမျှော်လင့်ထားချိန်မှာ လာတတ်တဲ့ အညာက ထစ်ချုန်းမိုးလေးလို လာပက်ဖျန်းလှည့်ပါဦး။သစ်ပင်တွေ ပိုမို စိမ်းလန်းသွားအောင်လို့ အမြန်လာခဲ့နော်။ Peace ရဲ့ ကဗျာ၊ ရသစာပေ ခံစားတတ်မှု ကို ကောင်းကောင်းသိတော့ သစ်ပင်လေးတွေ မြန်မြန်လာစိုက်ဖို့ ဖိတ်ခေါ်ပါတယ်။

နောက် တဆက်တည်း ဆက်သတိရတာ ကိုဖိုးသု ခေါ် ကိုဗိုလ်သု။ ဘယ်မှာလဲဗျာ။ လာလေ မြန်မြန်။ ဖိုးသု ကိုတော့ Post တွေ ကို အင်္ဂလိပ်လိုတင်ဖို့ ဖိတ်ခေါ်ရမလားပဲ။ ဟဲ..ဟဲ…။ Come and post in the garden quickly 4Thu. Where do you hide most of your works in English? The sentence we studied together! Miss! Miss! Miss! She saw seesaw on the seashore. A quick brown fox quickly jumps over the lazy dog. A talk in front of CGTI. Friendship. Life. Changes. Corner? What more? Just do I want to feel your works! Come quick and post hit!

ရှမ်းလူမျိုးမဟုတ်ပဲ ရှမ်းလူမျိုးတွေ ကို ချစ်မြတ်နိုး၊ ရှမ်းရိုးရာကို ချစ်မြတ်နိုးလို့ ရှမ်းနာမည် မပါပါအောင် မှည့်ထားတဲ့ စိုင်းအောင်မိုးရော ဘယ်လိုလဲ။ ငြိမ်လှချည့်လား။ မုန်တိုင်းလား။ လေပြေလား။ လာတော့ဗျာ။ စိုင်မနေနဲ့။ တိုက်သာ ချလိုက်တော့။ ရှမ်းတွေ မပြောဖူးတဲ့ ရှမ်းပုံပြင်တွေ များပြောမလားပေါ့။ စောင့်နေတယ်ဗျ။ ဘာပဲ ဖြစ်ဖြစ် ၀တ်ထားတဲ့ အပေါစား လက်စွပ်ကလေး တောင် မိုးကြိုးပစ်မှာ ကြောက်နေရတဲ့ ရှမ်းမဟုတ်တဲ့ ကိုရှမ်းကြီး စိုင်းအောင်မိုး။ ပြောပါဦး ပါးစပ်သေနတ်တွေအကြောင်း ကို စိတ်မီးအိမ်မှာ။

အင်း အဆုံးသတ်တော့မယ်ဗျာ။ တောင်စဉ်ရေမရ ဒီကောင် လျှောက်ပြောနေတယ်လို့ ထင်နေမှာစိုးလို့။ (တကယ်တော့ အဲလို အပြောခံရဖို့လည်း လုံလောက်နေပြီပဲဗျာ)။ မမူးပဲ ရမ်းတာ ကျွန်တော်ပဲ။ အဲ မဟုတ်ပါဘူးဗျာ။ မှားသွားလို့။ အားလုံး စုံစေချင်လို့ ရေးရင်း အဆက်အစပ် မတတ်မှုကြောင့် ဖတ်ရတာ ဒေါင့်သက်သက် ဖြစ်သွားရင် ခွှင့်လွှတ်ကြဗျာ။

မပိတ်ခင် (အဲ..ဒီကောင် ခုထိကို မပိတ်သေးဘူးလား..လိုင်းပေါ်က အော်သံ တခု) လာလည် အားပေးတဲ့ Parchuu နဲ့ အားလုံး ကိုလည်း ကျေးဇူးဆိုလိုက်ပါတယ်။ သူ့ဘလော့ဂ် မှာ ထည့်ရေးဖော်ရတဲ့ ပန်းသဇင် ( http://panntz.wordpress.com/ ) ကိုလည်း ကျေးဇူးပါပဲဗျာ။ နောက်ကြုံရင် Eidi လာပေးပါ့မယ်။ ဆမိုင်လည်း လာစားပါ့မယ်။ (နောက်တခါ ထည့်ရေးခံချင်လို့..ဟဲ..ဟဲ..၊ ဖိုးသားကတော့ ငယ်ကျင့် မပျောက်သေးဘူး..သိတယ်မဟုတ်လား…။)

အင်း ဒီတခါ တကယ် အဆုံးသတ်ပါတော့မယ် ပရိသတ်ကြီး။ (လက်ခုပ်သံများ…လိုင်းပေါ်မှ..)

ပွင့်လင်းမှု၊နွေးထွေးမှု၊ဟန်မဆောင်တတ်မှု၊ရိုးသားမှု၊လွတ်လပ်မှု၊ သိတတ်မှု၊ကူညီဖေးမမှု၊ကြိုးစားမှု တို့ နဲ့အတူ စိတ်မီးအိမ်ဟာ အနည်းဆုံးတော့ သူ့စွမ်းအား ရှိသလောက်ကြိုးစားရင်း လောကကို အလင်းပေးထွန်းညှိပေးဖို့ အထိ မလုပ်ဆောင်နိုင်ခဲ့ရင်တောင် လောကအတွက် အလင်းဆိုတာ ရှိတယ်လို့ ပြဆိုနိုင်ခဲ့ရင် ဥယျာဉ်ထဲက သစ်ပင်လေးတွေ စိုက်ပျိုးရကျိုးနပ်ပါပြီ။ ပြဆိုနိုင်ဖို့လည်း ဇွဲ၊လုံ့လ၊၀ီရီယတို့ နဲ့ ကြိုးစားသွားကြပါစို့။

စိတ်မီးအိမ် ဘလော့ဂ်ဥယျာဉ် မှ သစ်ပင်တစ်ပင်
ကောင်းတမန်

[+/-] အပြည့်အစုံသို့...

Saturday, October 20, 2007

TIME MACHINE

ထေရ၀ါဒ ဗုဒ္ဓမြတ်စွာဘုရားက စိတ် စေတနာ နဲ့ပါတ်သက်ပြီးတော့ အမျိုးမျိုး အဖုံဖုံ ဟောဖော်ကြားခဲ့ပါတယ်။ ကျွန်တော်အခုပြောချင်တာကတော့ အဲဒီလောကုတ္တရားနဲ့ပါတ်သက်နေတဲ့စိတ်အကြောင်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ဥယျာဉ်လေဖြစ်တဲ့ ”စိတ်မီးအိမ်” ဆိုတဲ့ထဲက “စိတ်” ဆိုတာနဲ့ပါတ်သက်ပြီးတော့ ကျွန်တော်ရဲ့ခံစားချက်ကလေးကိုမျှဝေခံစား လိုက်တဲ့သဘောပါပဲ။

ဒီဥယျာဉ်လေးထဲမှာ ကိုယ်စီကိုယ်ငှ ရူးသွပ်မှုလေးတွေကို ရူးချင်တိုင်းရူးကြတာပါပဲ။ အဲဒီလိုရူးသွပ်မှုတွေထဲမှာ အချိန်ကာလနဲ့ပါတ်သက်ချင်ပါတ်သက်နေမယ်၊ လူတစ်ဦးနဲ့တစ်ဦးပါတ်သက်ချင်ပါတ်သက်နေမယ်၊ အကြောင်းအရာတစ်ခုခုနဲ့ပါတ်သက်ချင်ပါတ်သက်နေမယ်ပေါ့ဗျာ…. ဘယ်လိုပဲပါတ်သက်နေပါစေ ကျွန်တော်တို့ ဖြစ်စေချင်တာကို ဘယ်လိုအရာမျိုးနဲ့မှ တာဆီး ပိတ်ပင်လိုမရတာကတော့ စိတ် ပဲဗျ……. ကျွန်တော်တို့တစ်တွေဟာ ဘ၀ပေးကံကြမ္မာအရ ကျရာနေစေရာသွား ဖြစ်နေကြပေမဲ့ ကျွန်တော်တို့ရဲ့စိတ်ကလေးဟာ ဒီဥယျာဉ်ကလေးထဲမှာ အတူတကွ လာရောက်ဆုံဆည်းကြတာပေါ့ ဟိုတစ်ချိန်တုန်းက တွေ့ကြုံ ဖြစ်ပျက်ခဲ့တာလေးတွေကို ပြန်ပြောင်းအောက်မေ့ တမ်းတပြီး လည်းရူးလို့ရတယ်၊ အခုလက်ရှိအချိန်လေးမှာလည်း တနယ်စီဝေးကွာနေရပေမယ့် ဒီဥယျာဉ်လေးထဲမှာ လာရောက်ဆုံဆည်းလို့ရတယ် ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲနော်… အဲဒါကတော့ စိတ်နဲ့ပါတ်သက်တဲ့ ခံစားချက် တစ်စိတ်တစ်ဒေသပေါ့….
“မီးအိမ်” မီးအိမ်ဆိုတာ အမှောင်ကိုခွင်းပြီး အလင်းဆောင်ပေးတဲ့ သဘောပေါ့။ ရှေးလူကြီးတွေကတော့ မီးအိမ်ကို ပညာနဲ့ နှိုင်းယှဉ် ပြောလေ့ရှိတာပဲ။ မီးအိမ်က မီးကို ဘယ်လောက်ပဲ ကူးယူထွန်းညှိနေပါစေ သူ့ဆီကအလင်းရောင်ကတော့ မှေးမှိန်သွားခြင်း မရှိဘူးလေ… အဲသလိုပဲ စိတ်မီးအိမ် ဥယျာဉ်လေးထဲကနေပြီ ကိုယ်လိုချင်တဲ့ရှု့ထောင့်ကနေ (ဥပမာ - ကောင်းတမန် ချိတ်ပေးထားတဲ့ Link တွေကနေ၊ Jasmine ရဲ့ ဘ၀ဒသန ကဗျာကနေ) ကိုယ့်အတွက်တိုးတက်မှုတစ်ခုခုဖြစ်မယ်ဆိုရင် မီးအိမ် ဆိုတဲ့ အဓိပ္ပါယ်လေး ပေါ်လွင်သွားတာပေါ့ …..

အနတ္တ

[+/-] အပြည့်အစုံသို့...

တမ်းတချင်း

သူငယ်ချင်းတို့ရေ.................

စိတ်မှာမွန်းကျပ်
အထီးကျန်ဆန်လာတဲ့အခါ
ခုံဖိနပ်တွေတခွမ်းခွမ်းစီးပြီး
ချင်တောင်မ ကုန်းပေါ်ပြေးတက်
ဧရာဝတီမြစ်ဘက်မျက်နှာလှည့်
လက်တွေကိုဆန့်တန်းမနားတမ်း
လေတွေကိုတ၀ကြီးရှူပြစ်ချင်တယ်ကွာ။

မန်းတောင်၊ဘုရားကြီးကိုရောက်တိုင်း
အဟောင်းတိုင်းစိတ်မှာတမ်းတ
လွမ်းဆွတ်သတိရစွာနဲ့သူငယ်ချင်းတို့ရေ
တို့ချင်တောင်မခြေဘ၀ကို
မှန်းဆမိတယ်ကွာ
ဘယ်လောက်လွတ်လပ်
ပျော်စရာကောင်းမလည်းဆိုတာ
အထူးပြောပြဖို့လိုမယ်
မထင်ပါဘူးကွာ။

ဖြစ်နိုင်မယ်ဆိုရင်လေ.........
ဦးပိန်တံတားမှာ
လက်တွေကိုဆန့်တန်းမနားတမ်း
ဟိုဘက်ဒီဘက်သူငယ်ချင်းတွေနဲ့
လျှောက်လှမ်းချင်တယ်ကွာ။


သူငယ်ချင်း အားလုံးကိုသတိရလျှက်
အနတ္တ

( ဘယ်သူတွေဘာပြောပြော
သူငယ်ချင်းတွေအကြောင်းတွေးရင်

ကိုယ့်အသက်တော့ မေ့သွားတာ
အမှန်ပဲဗျာ)

[+/-] အပြည့်အစုံသို့...

Friday, October 19, 2007

လိုချင်တာလေးတွေ ရှာမယ် ဆိုရင် Practice English and Find All You Want with Experts' Answers

ဒီနေ့ တော့ ပျင်းပျင်းရှိတာနဲ့ အင်တာနက်မှာ လျှောက်မွှေတာ။ စိတ်ဝင်စားစရာ ဆိုက်ဒ် လေးတွေ တွေ့လို့ ပြန်လည် ဖြန့်ဝေပေးလိုက်တယ်ဗျာ။

၁။ http://www.expertvillage.com/
သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်သူ ပညာရှင်တွေ က သင်သိချင်တာ ကို တိကျသေချာ စွာ လိုရင်း တိုရှင်း ရှင်းလင်းပြဆိုပေးပါတယ်။ ဗွီဒီယို လေးတွေနဲ့ လည်း သရုပ်ဖော်ပေးပါတယ်။
ဒီဆိုက်ဒ် လေးမှာ သင်အလိုရှိရာ ကိုရှာဖို့ Search Engine လည်း ပါပါတယ်။ ဥပမာ - အလုပ်အင်တာဗျုး ကို ဘယ် လို ထိုင် မလဲ သိချင်ရင် Job Interview ဆို ပြီး ရိုက်ထည့်လိုက်တာနဲ့ Link တွေ တက်လာပါတယ်။ ဖွင့်ကြည့်ရုံပါပဲ။
သိချင်တဲ့ နယ်ပယ်အတွကိ လည်း ဗဟုသုတ ရှာမှီးနိုင်၊ အင်္ဂလိပ်စာ Listening လည်း ကျင့်လို့ဖြစ်၊ ဗွီဒီယို နဲ့ ပါ သရုပ်ဖော်ပေးထားတော့ တော်တော်လေးကို ဇိမ်ရှိပါတယ်။ ဗွီဒီယို ဖိုင်တွေ ကလည်း အပိုင်းခွဲပေးထားတာမို့ လိုင်းဆွဲတာလည်း မနှေးစေပါဘူး။
လိုချင်တာ ကို ထည့်ရှာပြီး နည်းလမ်းရှာလို့ လွယ်စေတဲ့ ဒီဆိုက်ဒ် လေး ကတော့ အင်တာနက် ဂျိုးတွေ အကြိုက်ဖြစ်မယ်ထင်လို့ ဖြန့်ဝေလိုက်ပါတယ်။

၂။ http://www.5minuteenglish.com/
ဒီဆိုက်ဒ် မှာတော့ အင်္ဂလိပ်စာ အရေး၊အဖတ်၊အပြော အကုန် ၀င်ကျင့်လို့ရပါတယ်။ နားထောင်ဖို့ လုပ်ထားတဲ့ အပိုင်းလေးတွေ ဟာ အရမ်းကို အဆင်ပြေပါတယ်။ ၅ မိနစ် စာ ခွဲထားတဲ့ အတွက် အားလပ်ချိန်လေးတွေ (ဥပမာ - နေ့ခင်းစား စာချိန်) မှာ ခဏတဖြုတ် အပြင်းပြေ ၀င် နားထောင် လေ့ကျင့် လို့ ရပါတယ်။
ဒါကြောင့် အင်္ဂလိပ်စာ လေ့လာသူတို့ အတွက် ဆိုက်ဒ်ကောင်းတခု ဖြစ်တာကြောင့် ပြန်လည် ဖြန့်ဝေပေးလိုက်တာပါ။

၃။ http://www.china232.com/
အင်္ဂလိပ်စာ လေ့ကျင့် ဖို့ အတွက် အရမ်းကို အထောက်အကူ ဖြစ်တဲ့ ဆိုက်ဒ်လေးပါ။ တကယ် ကို ပထမနေရာ ပေးလောက်ရအောင် ကောင်းနေလို့ ပြန်လည် ဖြန့်ဝေလိုက်ပါတယ်။
သင်ခန်းစာဖိုင်တွေ ကို mp3 ဖိုင်တွေ နဲ့ download လုပ် သိမ်းထားလို့ ရတဲ့ အတွက် တော်တော် လေးကို အဆင်ပြေပါတယ်။ IPods နဲ့ Memory Stick နဲ့ သိမ်းထားချင်သူတွေ အတွက်ပေါ့။
Job interview, Romance, Office English, Special English Phrases စတာ တွေ အားလုံးကို ရှင်းလင်းတဲ့ စကားပြောခန်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ ဖြစ်အောင် တင်ပြထားတဲ့ နေရာလေးပါ။
အင်္ဂလိပ်စာ အပြောနဲ့ နားထောင် စွမ်းရည် တိုးတက်ဖို့၊ ဝေါဟာရ တိုးတက်ဖို့ ကြိုးစားနေသူတိုင်း သွားရောက်လေ့လာသင့်တဲ့ နေရာလေးမို့ ဖြန့်ဝေပေးလိုက် တယ် ဗျာ။

ကောင်းတမန်

[+/-] အပြည့်အစုံသို့...