စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Wednesday, December 10, 2008

နိုင်ငံရေးသမားဆိုတာ

နိုင်ငံရေးသမားတွေ အပြည့် သယ်ဆောင်လာတဲ့ ဘတ်စ် ကား တစ်စင်းဟာ လှပတဲ့ ဘိုလီးဘီးယား သဲကန္တာရ ကို ချဉ်းကပ်စ ပြုလာပါပြီ။ ဘိုလီးဘီးယား နိုင်ငံရဲ့ ရှုခင်းတွေဟာ ဘယ်လောက်များ လှပသလဲဆိုရင် ဘတ်စ်ကား မောင်းဆရာဟာ ကားမောင်းနေတယ်ဆိုတာကိုတောင် မေ့မြောရတဲ့ အထိ ရှုခင်းတွေကို တအံ့တသြ ငေးမောနေမိပါတယ်။ ဒီလိုနဲ့ ကားဟာ တောင်ခြေတ၀ိုက်မောင်နှင်းနေရင်း တောင်စောင်းကို နေ၀င်ပြီးခါစ မှာ ၀င်တိုက်မိပြီးမှောက်ပါတော့တယ်။ ကားပေါ်က နိုင်ငံရေးမားတွေလည်း သေတချို့၊ ဒဏ်ရာပြင်းထန် တဲ့လူ တချို့ နဲ့ ဒုက္ခရောက်နေကြပါတော့တယ်။ ဒီလိုနဲ့ အနီ်းချူပ်စပ် ရွာက တောင်ယာသမားအဘိုးကြီးတယောက်ဟာ အလောင်းတွေကို အကုန် မြေမြုပ်ပေးခဲ့ပါတယ်။ မနက်လင်းတော့ ရဲက အဖြစ်အပျက်ကို စုံစမ်းရင်း အဘိုးကြီးကို မေးပါတော့တယ်။
ရဲ။ ။ အဘိုးကြီး၊ ခင်ဗျား နိုင်ငံရေးသမားတွေ အကုန် မြေမြှုပ်ခဲ့လား။
အဘိုးကြီး။ ။ အင်း…။ အားလုံး မြှုပ်ခဲ့ပါတယ်။
ရဲ။ ။ ဒါဆို အားလုံး အသက်မရှိဘူးဆိုတာ ခင်ဗျား ဘယ်လို သက်သေပြမလဲ။
အဘိုးကြီး။ ။အင်း.။ ဒါက ရှင်းပါတယ်။ တချို့က လုံးဝ သေနေပြီ။ တချို့က "ကျွန်တော် မသေသေးပါဘူး။ မြေမြှုပ်မပစ်ပါနဲ့" လို့ တောင်းပန်နေတယ်လေ.။
ရဲ။ ။ ဗျာ………………။ ဒါဆို ခင်ဗျား လူအရှင်တွေကို မြေမြှုပ်ပစ်ခဲ့တာပဲ……။
အဘိုးကြီး။ ။ဟာ…ဗျာ……….။ ဘယ်ဟုတ်ပါ့မလဲ။ ခင်ဗျားလဲ သိသားနဲ့..။ နိုင်ငံရေးသမားဆိုတာ ဒီလိုပဲ ညာပြောနေကျ ဆိုတာ………။


မှတ်ချက်။ ။ နိုင်ငံခြားဟာသ ကို အဓိပ္ပာယ် ပြန်ဆိုပါသည်။

[+/-] အပြည့်အစုံသို့...

Tuesday, December 2, 2008

၂၀၀၈ ဒီဇင်ဘာ တမ်းချင်း

(၁)


လပြာသို ဆန်းခါစ

မြခွာညို ပန်းသဘာဝ နဲ့

ချမ်းကာပို ဒီဇင်ဘာလမှာ

မှန်းကာငို အညာအလှကို

လွမ်းဇရာသာ ကျကျနေရတယ်

ပြေးလို့ဖြင့် မတွေ့နိုင်ပါတကား။


အသက် တစ်နှစ်ကြီးလာပြန်ပြီ။ ဒီဇင်ဘာမှာ မွေးတဲ့ ကျွန်တော်ဟာ ဒီဇင်ဘာကို အရမ်းချစ်ပါတယ်။ ချမ်းအေးတဲ့ ဒီဇင်ဘာ ဟာ ကျွန်တော့် အတွက် ဘ၀မှာ ပြန်လိုချင် တောင့်တစရာတွေနဲ့ ပြည့်နှက်နေတတ်တယ်။


(၂)


ဒီဇင်ဘာ နံနက်ခင်းတွေဆို အညာက အမေ့အိမ်က ထမင်းကြမ်းကြော် ကို ရွာထိပ်က ဒေါ်ဒေါင်း အကြော်ဆိုင်က မွန်းနံရွက် ဒါမှမဟုတ် မြင်းခွာရက် ဒါမှမဟုတ် ကြက်သွန် ပေါင်းကြော် လေး တစ်ခု၊ နှစ်ခုလောက် နဲ့ စားတဲ့ ဓလေ့လေးကို ပြန်အလိုချင်ဆုံးပဲ။ အဲဒီ ဓလေ့ကို ကျွန်တော် ဟိုး ငယ်ငယ်လေးကတည်းက စပြီး စွဲလမ်းခဲ့မိတာပါ။ အဲဒီလို မနက်ခင်းဆို အဖေ့ ရေနွေးကြမ်းအိုးက လည်း ကျွန်တော်တို့ မောင်နှမတွေ သောက်လို့ ကုန်တာချည်းပဲ။ တချို့ မနက်တွေဆို ရှားသားမီးကြီးခဲတွေ အောက်မှာ ထန်းပင်မြစ်လေး ထိုး ဖုတ်ထားတတ်သေးတယ်။ ကျက်ရင် အခွှံနွှာပြီး နှမ်းဆီစစ်စစ် ထဲ ထိုးစိမ်ပြီး စားတော့တာပဲ။ တခါတလေတော့ ရွာတောင်ပိုင်းက ဒေါ်လေး လည်ရောင်းတဲ့ ထန်းသီးမှုန့် လေး တယောက် ၃ စိတ်စီလောက်ဝယ်ပြီး နှမ်းဆီ နဲ့ တို့စား တတ်တယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ခုဆို ကျွန်တော်က အမေ့ အိမ် နဲ့ မဝေးချင်လည်း ဝေးနေရပြီလေ။ စိတ်ထဲမှာ အညာသားက လွှဲပြီး ရန်ကုန်သား တောင် မဖြစ်ချင်ခဲ့ တဲ့ ကျွန်တော် က ခုတော့ ရန်ကုန်ထက် ဝေးတဲ့ နေရာမှာ နေနေရတယ် လေ။ ဒါပေမယ့် ကျွန်တော့ နေရာအစစ်ဟာ ဟိုးအဝေးက ဒီဇင်ဘာ နံနက်ခင်း မြူမှုန်တွေကြား ရွာသူပျို တို့ နှမ်း စီးချင် စီးနေမယ့် ဒါမှမဟုတ် ကျောင်းမသွားခင်မှာ ကျောင်းသားတချို့ နှင်းတောတိုးပြီး နွားစာရိတ်ချင် ရိတ်နေကြတဲ့ အဲဒီ သဘာဝ ပန်းချီကားချပ်လေးတခု ရှိတဲ့ အညာက နေရာလေးပါပဲ။ ဘာတွေ ဘယ်လိုပြောင်းပြောင်း ဘယ်တော့မှ ပြောင်းလဲမသွားမယ့် ကျွန်တော့် နေရာ ဟာ အဲဒီ အညာက ရခိုင်ရိုးမ အစွယ်အပွား တောင်နီတောင်ညို အခြေက ကျွန်တော် အရမ်းချစ်ရတဲ့ ကျွန်တော်တို့ ရွာလေးပါပဲ။


တောင်နီတောင်ညို ၀န်းရံခစား

သီရီကုက္ကို၊ ဤမြေသည်ကား

ကျွန်တော့် ချက်ကြွေ မွေးရပ်မြေတည်း။


ဒါကြောင့် ဒီဇင်ဘာရောက်ရင် ကျွန်တော် ရွာကို အပြေးပြန်ချင်မိတယ်။ ငယ်ငယ်တုန်းကလို အမေ့ရင်ခွင်ထဲကနေ အေးချမ်းစွာ နိုးထချင်မိတယ်။ သွားတိုက်ဆေးတွေ မလိုပဲ ဆားနဲ့ ပဲ သွားတိုက်ချင်သေးတယ်။ ပြီးရင် နံနက်စာ ကို တပ်မက်စွာလည်း စားတတ်ချင်သေးတယ်။ စားပြီးရင် ကျောင်းမသွားခင် ယာထဲ ကို အပြေးသွားပြီး နှင်းတောထဲ ဇွတ်တိုးလို့ နွားစားလည်း ရိတ်ကြဦးမယ်။ နွားစာရိတ်ပြီး ဟင်းချက်ဖို့ ရာပဲသီးတို့ ဖရုံသီးတို့ လည်း ခူးခဲ့ဦးမယ်။ ပြီးရင် နွားစာထုံးတွေ ရွက်ထမ်းပြီး ချွေးတွေ နှင်းတွေ စိုရွှဲအောင် အိမ်ကို အပြေးပြန်ရမယ်။ အိမ်ရောက်တော့ တောင်ဘက်အိမ်က အမေကြီးခင်တင့် တို့ ရေတွင်းကို သွားပြီး ရေအပြေးချိုးရမယ်။ကျွန်တော်တို့ ရေချိုးနေတုန်း အမေက ကျွန်တော်တို့ အတွက် ထမင်းဘူး ပြင်ထားမယ်။ ပြီးတာနဲ့ တခြားတရွာမှာ ရှိတဲ့ အလယ်တန်းကျောင်းလေးကို စက်ဘီး နဲ့ သွားကြရတယ်။

ဒါဟာ တချိန်တုန်းက ဆင်းရဲလှတဲ့ ငါတို့ဘ၀ လို့ ညည်းယူခဲ့ရဖူးတဲ့ ဒုက္ခ တမျိုးပါပဲ။ ကျွန်တော်တို့ ဆီမှာ ပညာသင်တယ်ဆိုတာ မြို့မှာလို ခပ်ကြော့ကြော့လေး အသာသင့် ပညာရှာခွင့်ရကြတာ မဟုတ်ပါဘူး။ ယာလုပ်ရင်း ကိုင်းထွက်ရင်း ပညာကို ယူခဲ့ရတာပါ။ အဲဒီတုန်းက ငါတို့များ ဆင်းရဲလိုက်တာ လို့ ညည်းညူခဲ့ဖူးပေမယ့် အခုတော့ အဲလို ရိုးသားကြိုးကုတ်တဲ့ သဘာဝ ကို ပြန်တည်ဆောက်ချင်မိတယ်။ ဒါပေမယ့် အရင်တုန်းက ရှိဖူးတဲ့ ရိုးကုတ်တတ်တဲ့ အေးချမ်းမှု ဟာ ခေတ်နဲ့အမှီ တိုးတက်နေတဲ့ ဘ၀နေထိုင်မှု၊ ပညာဆည်းပူးမှု နဲ့ အတူ သဟဇာတ ရှိလှစွာ ဒွန်တွဲ နေရင်တော့ ပိုကောင်းတာပေါ့။


နွားစာတထုံး စာတလုံး

နှင်းတောတိုးရင်း စာပန်းကုံး

တထောက်တရွာ အရောက်လာ

ပညာဆိုတာ ရှာရတာ။


(၃)


အဲလို အိပ်မက်တွေဟာ ကျွန်တော် ခဏခဏ မက်တတ်တဲ့ အိပ်မက်တွေပါ။ အဲဒီ အိပ်မက်ဟာ ကျွန်တော့အတွက် သစ္စာတရားဆိုလည်း ဟုတ်ပါတယ်။ နေ့ခင်း ကြောင်တောင်ကြီးမှာလည်း မက်ချင်မက်တယ်။ ဒါမှမဟုတ် ခုလို ခေတ်မှီတိုးတက်တဲ့ နေရာမှာ ကွန်ပျူတာရှေ့ ထိုင်ပြီး ဘလော့ဂ်အတွက် ပို့စ်တခု ရေးရင်းလည်း မက်ချင် မက်နေမယ်။ ဒါမှမဟုတ် ရွာဘက်ကို ချောက်မြို့ ကနေ ဟိုင်းလတ် ကားနဲ့ အမိုးပေါ်ကစီးရင်း အိမ်ပြန်ခရီးမှာ မက်ချင်လည်း မက်နေမယ့် အိပ်မက်ပါ။ အဲလို အချိန်ဆို ကျွန်တော်တို့ ရွာနား ကပ်လာရင် အဲဒီအိပ်မက်က ကျွန်တော့်ကို မျက်ရည်ဝဲအောင် လုပ်တော့တာပဲ။ ရွာနဲ့ နီးလာတာနဲ့အမျှ ရခိုင်ရိုးမ အစွယ်အပွား တောင်နီတောင်ညို တွေကို ပြာလဲ့လဲ့ ကောင်းကင် နောက်ခံထားပြီး မြင်ရတော့တာပဲ။ ငယ်ငယ်တုန်းက ပြောင်ဖူးခင်းစောင့်ရင်း လင့်စင်ပေါ်က နေ့ပေါင်းများစွာ၊ လပေါင်းများစွာ တနေ့ကုန် ထိုင် ကြည့် ဖူးတဲ့ ဒီတောင်တန်းတွေရဲ့ ကောက်ကြောင်းတွေ၊ အဖုအထစ်တွေကို ကျွန်တော် ခုထိ အလွတ်ရနေတယ်။ မမြင်ရလည်း ပုံဖော် တတ်နေတယ်။ အဲဒီ တောင်တန်းတွေဟာ ငါငယ်ငယ်တုန်းက ထင်းခွေ၊ မှိုရှာ၊ နွားစာရှာ၊ ဆေးမြစ်ဆေးဥ ရှာတဲ့ နေရာပါလားဆိုတဲ့ အသိဟာ ကျွန်တော့်ကို အရမ်းပဲ လွမ်းဆွတ် စေပါတယ်။ အမေ့အတွက် ဆေးမြစ်ဆိုလည်း ဘယ်တောင်နားက ဘယ်တောမှာ ရှိတယ်ဆို တာ ကျွန်တော် အခုထက်ထိ အလွတ်ရနေဆဲပဲလေ။ အင်ကြင်းပန်းတွေ ဘယ်ချောင်မှာပေါတယ်၊ ရင်ခတ်ပန်းတို့ ဘယ်အဆွယ်မှာ ရှိမယ်၊ လွန်ဆန် တွေ ဘယ်ကြောမှာ ပေါတယ် က အစ၊ ဇီးဖြူသီး၊ ဖန်ခါးသီးတို့ ရှိတတ်တဲ့ နေရာတွေ၊ မှိုပေါက်တတ်တဲ့ တောတွေ အားလုံးကို ကျွန်တော် ခုထိ သတိရနေဆဲပါ။ အဲလို ကျွန်တော် နဲ့ ပွေ့ဖက် ရင်းနှီးခဲ့ရတဲ့ တောင်တန်းတွေ ရဲ့ အထိအတွေ့ကို ကျွန်တော် မြို့ ပြကနေ ပြန်လာတိုင်း အငမ်းမရ လိုချင်မိတယ်။

လိုင်းကားပေါ်က နေ သူတို့ ကို စပြီး မြင်ရရင် ကျွန်တော် မျက်ရည် ၀ဲရတော့တာပါပဲ။ သူတို့လည်း ကျွန်တော် ကို မှတ်မိ နေဦးမယ် သေချာပါတယ်။


ရခိုင်ရိုးမ တောင်အစွယ်

အမောင် ဘာတွေ ရှာခဲ့မယ်။

အမေ့အတွက် ဆေးတမြစ်

အမအတွက် ပန်းတပွင့်။


(၄)


သားငယ်ဟာ အမေ့ ရင်ခွင်မှာ ငယ်စဉ်က ပြေးလွှားဆော့ကစားခဲ့တော့ အမေ့ဟာ သူ့သွေးသားကို ရင်နှစ်မခြား ထာဝရ မကွဲကာ အမြဲသာ အတူရှိနေစေချင်တာတဲ့လေ။ ဒါပေမယ့် အသက်ကြီးလာတာနဲ့ အမျှ အဲဒီ သားငယ်ဟာ သူ ပြေးလွှားဆော့ကစား ဖူးတဲ့ အမေ့ရင်ခွင်ကို သတိမရ နိုင်အောင် လောက တာဝန်တွေ ထမ်းပိုးပြီး တိုးတက်မှုတွေ ရှာချင် ရှာနေလိမ့်မယ်။ ဒါမှ မဟုတ် သတိရသည့်တိုင် တစ်နှစ် တစ်ခါတောင် ပြန်လာနိုင်လောက်အောင် အခြေအနေ မပေးပဲ ဖြစ်ချင် ဖြစ်နေလိမ့်မယ်။

ဒါပေမယ့် အမေဆိုသူ တို့ ရဲ့ ရင်မှာတော့ အဲဒီ သူတို့ ပြေးလွှားဆော့ကစားခဲ့ဖူးတဲ့ ရင်အစုံ ရှိနေသမျှ သားတွေကို နေ့တိုင်း လွမ်းဆွတ် နေရဦးမှာပါပဲ။ ကျွန်တော် သိပါတယ် အမေ။ အမေ ကို လွမ်းတိုင်းလည်း မျက်ရည်ဝေရပါတယ် အမေ။ ဒါပေမယ့် အခြေအနေ ပေးအောင် သားစောင့်ရဦးမယ်လေ အမေ။ အမေရယ် ကျွန်တော် ချစ်တဲ့ အမေ နဲ့ အတူ ကျွန်တော် ကို ချစ်တဲ့ ဒုတိယအမေ အဲဒီ တောင်နီ တောင်ညို တောင်တန်းတွေကို လည်း ကျွန်တော် လွမ်းတယ်။

အမေတို့ နှစ်ယောက် ဒီကြားထဲမှာ ကျန်းမာရေးကို ဂရုစိုက်နော်။ ရာသီဥတုဒဏ် ကလည်း ကာကွယ်ကြနော်။

တနေ့နေ့ မှာ ကျွန်တော် အမေ့စကားတွေကို ပြန်ဖြေနိုင်မှာပါ။ အဲ..မဖြေနိုင်ခင် စပ်ကြားတော့ အမေ့ပြောဖူးတဲ့ စကားတွေပဲ သား နားထဲ ပဲ့တင် ထပ်နေပါတယ် အမေ

သားရယ်……….မင်း အမေ့ တို့ နဲ့ အတူ ရွာမှာ လယ်ထွန် မစားနိုင်ဘူးလား……..။

ဆိုတဲ့ အမေ့စကားပါ။

အမေ ယုံပါ။ အဲဒီ အချိန်ထိ အမေ ရှိနေသေးရင် သားပြချင် တယ် အမေ့ကို။ အမေ့ မွေးပေးခဲ့ တဲ့ အမေ့သားဟာ အမေ့ဂုဏ်ကို ဆောင်၊ အမေ့ရွာ ရဲ့ ဂုဏ်ကို ဆောင် ပြီး ရွာအတွက် ၊ နယ်အတွက် ဂုဏ်ယူရသူ တယောက် ဖြစ်ပြီး ပြန်လာတဲ့ တနေ့ အမေ သာ ရှိနေသေးရင် သား အမေ နဲ့ အတူ လယ်ပဲ စိုက်စားတော့မယ် အမေ………..။


ရိုးလှ တဲ့ ဘဝ

လယ်ယာကိုပဲ

သူတို့ထွန်

အေးချမ်းတဲ့ဘဝ

သဘာဝ နဲ့

ချစ်ခြင်းပဲ အကဲပို

အမေဆိုဖူးတဲ့

သားဆိုတာ

အမေ့အတွက် အားဖြစ်အောင်

အမေ့သားမောင်

ရိုးကုတ်တော့မယ် အမေ။



ကောင်းတမန် (စင်္ကာပူ စံတော်ချိန် ညနေ ၆ နာရီ ၅၀ မိနစ်၊၂၀၀၈-၁၂-၀၂။)



ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

ကိန်းဂဏန်းတို့၏ အလွန်မှာ…….

တခါတလေကျ

ကိန်းဂဏန်းတွေနဲ့

ခုနှစ်သက္ကရာဇ်တွေကို

ကြောက်နေသလိုပဲ။


တခါတလေမှာ

နေထွက်ချိန်ကို ခံစားတတ်တယ်။


တခါတလေကျ

နေ၀င်ချိန်မှ ပိုလှသလို ခံစားမိတယ်။


မထူးခြား၊ မပြောင်မြောက်ချင်ရင်နေပါ။

ကိုယ်ပိုင်အလင်းတော့ ရှိချင်တယ်။


ဘာပဲပြောပြောလေ

နေက ၀င်ချိန် ထွက်ချိန်တိုင်းမှာ

အလင်းတော့ ရှိနေသေးတယ်။


နေ၀င်သွားလည်း

တကယ်က ၀င်သွားတာမှ မဟုတ်တာ။

တခြားဘက်မှာ လင်းနေတယ်ဆိုတာ

မမေ့နဲ့လေ။


လောကရဲ့ တရားတွေကို

ငါတို့ လိုက်ကြမလား။


ဒါမှမဟုတ်

လောကရဲ့ မဆုံးနိုင်တဲ့

ရေယာဉ်ကြောမှာပဲ

မျောလိုက်ကြမလား။


ဒီမေးခွန်းတွေ

တွေးစရာတွေနဲ့ အတူ

မင်းနဲ့ငါ

တစ်နှစ်ကြီးခဲ့ရပြန်ပြီ။


ရင့်ကျက်လာသလား

ကိုယ့်ကိုယ်ကိုတောင် မသိတော့ဘူးဗျာ။


ဘာပဲပြောပြော

ပြောင်မြောက်စရာ မဟုတ်ရင်တောင်

ကိုယ့်ပိုင်အလင်းတွေ ရှိနိုင်ခဲ့ရင်.။


မင်းရဲ့ အောင်မြင်အေးချမ်းမှုဟာ

ငါ့ဘ၀ ကို လွှမ်းမိုး ကူညီနိုင်ခဲ့သလို

ငါတို့ ရဲ့ ခြေလှမ်းတိုင်းဟာ

ဟန်ချက် အတူတူ အမြဲရှိနေလိမ့်မယ် လို့

ငါယုံတယ်။


ကောင်းတမန် (၂၀၀၈-၁၂-၀၂။ စကာင်္ပူစံတော်ချိန် ၁၂ နာရီ ၂၉ မိနစ်)


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Sunday, October 26, 2008

ရေးသင့်၊မရေးသင့်

ကဗျာရေးမယ်.....

ဟုတ်တယ်၊ ငါအချစ်ကဗျာတစ်ပုဒ်ရေးဦးမယ်။

ရေးရင်းနဲ့ လွမ်းလာတော့မယ်...

လွမ်းရင်းနဲ့ ဆွေးလာတော့မယ်....

ဆွေးရင်းနဲ့ မျက်ရည်တွေစီးလာမယ်....

ပါတ်ဝန်းကျင်နဲ့(ကဗျာတစ်ပုဒ်စာ)အဆက်ပျက်သွားမယ်..

ခဏသာရူးသွပ်သွားမယ်.....

ဘာဆိုဘာမှကို မမြင်ရတော့ဘူး ....

ဘာဆိုဘာမှကို မသိတော့ဘူး...

စိတ်တွေကဗျာထဲမှာပဲ နစ်မြုတ်သွားမယ်....

စာသားတွေစဉ်းစားပြီး အချိန်တွေကုန်လိမ့်မယ်...

မဖြစ်သေးဘူး....

ရေးလို့မဖြစ်သေးဘူး...

ငါ အလုပ်တွေရှိသေးတယ်..။ ။

[+/-] အပြည့်အစုံသို့...

Thursday, October 23, 2008

ရူးသွပ်ခြင်း

တစ်ရက်လေးပဲနော် .....
ဒါပေမယ့် ..... လွမ်းတတ်ခဲ့သူ
ကိုယ့်အတွက်တော့ ခံစားရတာ
ရူးမတတ်ပဲကွာ .....
ဒါကို အချစ်လို့သတ်မှတ်ထားရင်
ကိုယ်မင်းကို .....

ရော်ရွက်ရင့်
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Saturday, October 18, 2008

အတွေးများ

အချိန်တွေက ပြောင်းလဲ နေတယ် ဆိုတာ စဉ်းစားကြည့်မိတယ်။


တခါတလေမှာ စိတ်ထဲမှာ ဖြစ်နေတာတွေ အကုန် အန်ချချင်မိတယ်။

အဲလို အန်ချဖို့တောင် အချိန်မရှိခဲ့ရင်။ ဒါမှမဟုတ် အန်ချတာကို နားထောင်မယ့်သူများ မရှိခဲ့ရင်။ ဘ၀အတွက် ဖြေစရာ ထွက်ပေါက်လေးတောင် မရှိသလိုဖြစ်နေတတ်ပြန်တယ်။

ဒီလိုနဲ့ လူတိုင်းပြောပြောနေတတ်တဲ့ ဒီလိုပါပဲ ဆိုတဲ့ စကားစုလေး ပြောဖို့တောင် ဒီလိုပါပဲ ဖြစ်နေတတ်ပြီ။ ဒါဆို လူဆိုတာ သဘာဝလား။ သဘာဝ ထက် ဘာသာလဲ။ သဘာဝကို စဉ်းစားသင့်ပြန်ပြီ။

သဘာဝမှာ အရာရာဟာ သဘာဝပဲ။ ဥပမာ မြစ် ဆိုပါစို့။ ကောက်ကွေ့ တဲ့ မြစ်ပဲ ဖြစ်ဖြစ်၊ ရိုးစင်းတဲ့ မြစ်ပဲ ဖြစ်ဖြစ် ချောင်းလက်တက်တွေက စတင် တယ်တဲ့။ ပြီးတော့ ပင်လယ်၊သမုဒ္ဒရာ ရောက်သွားရင် အားလုံး အတူတူပဲ တဲ့။ ကျယ်ပြောတဲ့ သဘော၊တူညီတဲ့ သဘော နဲ့ လောက ကို အလှဆင်တယ်တဲ့။ တကယ်တော့ သဘာဝတခု ဖြစ်တဲ့ ပထ၀ီဝင် မြေကြီးက အလေးနက်ဆုံးဖြစ်မယ်ထင်တယ်။ တွေးကြည့်တာပါ။ ဘာပဲဖြစ်ဖြစ် ချောင်းတွေဆိုတာ မြေကြီးမရှိရင် မရှိနိုင်သလို၊ မြစ်တွေ လည်း ဒီသဘောပါပဲ။ လှပကျယ်ပြောတဲ့ မဟာ သမုဒ္ဒရာတွေ ကို ထမ်းပိုးထားတာလည်း ဒီမဟာပထ၀ီမြေကြီးပဲ ဖြစ်နေပြန်တယ်။ အဲဒါဆို မြေကြီးဟာ အရေးကြီးဆုံးလား။ ဒီလို လည်း မဟုတ်ပြန်ဘူးလေ။

မြေကြီးတာ ရှိပြီး နေမင်း ကြီး မရှိရင်လည်း ရာသီဥတု မရှိနိုင်သလို မြစ်တွေ၊ချောင်းတွေ လည်း မရှိပြန်ဘူး။ ဒါဆို နေမင်းကြီးက အားလုံးကို ဖန်တီးနေတာလား။


တကယ်တွေးရင်း မဟုတ်ပြန်ဘူးလေ။ ဘာဖြစ်လို့လဲ ဆိုတော့ နေမင်းရှိပြီး လေထု မရှိရင် ပူချင်သလောက်ပူ၊လင်းချင်သလောက်လင်း ရာသီဥတုဆိုတာ ဖြစ်မလာနိုင်ဘူးလေ။

ဒါဆို ဘာက ဘာကို ထိန်းချူပ်တာလဲ။ သေချာ စဉ်းစားကြည့်ရင် ဘယ်တခုတည်းသော အရာကမှ ဤလောက ကို ဖြစ်ထွန်းပေးနိုင်စွမ်း မရှိပြန်ဘူး။ ဒါဆိုဘယ်လိုလဲ။


နောက်ဆုံးအဖြေက အပြန်အလှန်တည်ရှိနေမှု နဲ့ အပြန်အလှန် မှီခိုနေမှု လို့ ပြောရမယ် ထင်တယ်။ အဲဒီ ထဲက ဟန်ချက်တခုခု လွှဲသွားရင် ကမ္ဘာကြီးလည်း တခုခု ဖြစ်မယ်။ ဒါပေမယ့် အဲဒီ ဟန်ချက်ပျက်မှု က နေမင်းကြီးကိုတော့ သိပ်ပြီး ထိရောက်မှု မပြင်းနိုင်ဖူးလို့ ထင်ရပြန်တယ်။ ဒါဆို ကမ္ဘာကြီးလုံးလုံးပျက်သွားရင် နေမင်း ဘာဖြစ်မလဲ။ လေထု ရော ဘယ်လို နေမလဲ။ တခြား ဂြိုလ်တွေ နဲ့ စင်္ကြာဝဠာ တခုလုံး ရောဘယ်လို နေမလဲ။ အသေအချာ မပြောနိုင်ပေမယ့် ကမ္ဘာပျက်သလို၊ ဒီပြင် စင်္ကြာဝဠာထဲက အရာအားလုံး ပြိုင်တူပျက်ကြရင်တော့ ဒီစင်္ကြာဝဠ ကြီးရဲ့ ဟန်ချက်ပျက်နိုင်သလို၊ လုံးလုံးလဲ ပျက်သွားနိုင်ပြန်တယ်။ ဒါဆို အခြားစင်္ကြ၀ဠာတွေလည်း ခုလို ပြိုင်ပျက်ကြရင် ဘာဖြစ်မလဲ။

အဲဒါဟာ အားလုံးရဲ့ အဆုံးသတ်နေ့ဖြစ်မယ်ထင်တယ်။ တွေးနိုင်သလောက် ချဲ့တွေးကြည့်တာပါ။


ဒါဆို မြစ်တွေက ကောက်ကွေ့လည်း ဒီသဘော၊ ဖြောင့်လည်း ဒီသဘောပဲ။နေမင်းနဲ့ စင်္ကြ၀ဠာလည်း ဒီသဘောပဲ။ နောက်ဆုံး စဥ်းစားတော့ အားလုံးဟာ သင်္ခါရ ဖြစ်သလို နတ္ထိပဲ ဖြစ်နေပြန်တယ်။


ဒါဆို လူသားတွေရော ဘယ်လိုလဲ။ လူသားဟာ စိတ်ကလေး တစ်ခု ရှိနေတာပဲ ပိုပြန်တယ်။ ဒါဆို စိတ်က ရုပ်ပိုင်းဆိုင်ရာထက် ဘာတွေ ပိုစွမ်းသလဲ။ ရှင်းရှင်းလေးပါ။ ဖြစ်ချင်တိုင်း ဖြစ်နေပြီး၊ပျက်ချင်တိုင်း ပျက်နေတဲ့ ရုပ်ကို စိတ်က သာ နိုင်အောင် ထိန်းနေနိုင်ရင် ကိုယ့်တကိုယ်ရေ ကမ္ဘာလေးကတော့ အေးချမ်းနေမှာ အမှန်ပဲ။ ဒါဆို စင်္ကြာဝဠာတွေ တစ်ခုလုံး ဆုံးသွားတဲ့နေ့မှာ အဲဒီ စိတ်နဲ့ ကိုယ်ဟာ ဘယ်လို ပျက်စီးသွားမလဲ ဆိုတာ ဘယ်သူမှ မတွေးနိုင်၊ မသိနိုင်ပြန်ဘူး။


အကောင်းဆုံးက တော့ တကယ်ကို အနှစ်သာရ ရှိရှိ နဲ့ အတွင်းကျတဲ့ အေးချမ်းမှု အစစ် လူတိုင်းလူတိုင်းမှာ ရှိနေဖို့ပဲ ထင်တယ်။ခုအချိန်လေးမှာ အေးချမ်းနေဖို့ အရေးကြီးဆုံးပဲထင်တယ်။ ဒါပေမယ့် တဦးချင်တောင် ဖြစ်နိုင်၊ ရနိုင်ဖို့ ခဲယဉ်းရင် လူတိုင်းအတွက်ဆိုတာ ဘယ်လိုမှ မလွယ်ကူပြန်ဘူးလေ။ ဒါဆို အကောင်းဆုံးက ဘာလုပ်မလဲ။ တစ်ကိုယ်ရေ အေးချမ်းမှု ကို ရှာရမလား။ သေချာတာက တစ်ကိုယ်တည်း အေးချမ်းနေလို့ မဖြစ်ပြန်ဘူး။ အနည်းဆုံးတော့ ကိုယ့်ပတ်ဝန်းကျင်လေးပါ အေးချမ်းဖို့ လိုပြန်တယ်။


ဒါဆို အရင်ဆုံး တစ်ကိုယ်ရေ အေးချမ်းမှု ကို ရှာ။ မိမိကိုယ်တိုင်က အရင် လွှတ်မြောက်စေရမယ်။ ပြီးမှ အနီးကလူတွေ ကိုလည်း အေးချမ်းအောင် ကူညီနိုင်ရမယ်။ သူတို့ကို်လည်း သူတို့ ကိုယ်တိုင်က လွှတ်မြောက်ဖို့ ကူညီရမယ်။ ဒါဆို အဲလို ကနေ တဖြည်းဖြည်း ပြောင်းလဲယူလာရင် နောက်ဆုံးမှာ တကယ် တလောကလုံး အေးချမ်းမှု အတွက် ကိုယ်က အနည်းအပါးဖြစ်ဖြစ် ကိုယ့်တာဝန် ကို ထမ်းနေသလို ခံစားရမယ် ထင်တယ်။


ဒါ့အတွက် အရင်ဆုံးလုပ်သင့်တာတွေ တန်းစီ စဉ်းစာလိုက်တော့ အဖြေက ရှင်းရှင်းလေးပဲ။

၁။ လောကီကို မစွန့်နိုင်သေးသမျှ ကိုယ်ကျရာ နေရာမှာ ကျရာ အလုပ်ကို တာဝန် ကျေနေရမယ်။

၂။ မိမိပတ်ဝန်းကျင်မှာ တန်းဖိုးရှိတဲ့လူ၊ တကယ် ဦးကြိုချင်စရာ ကောင်းတဲ့လူဖြစ်အောင် လုပ်ရမယ်။

၃။ အပြန်အလှန်လေးစားပြီးကူညီရမယ်။

ဒီအခြေခံ အချက်သုံးခု သာ တကယ် ဖော်ဆောင်နိုင်ရင် အားလုံးဟာ ကိုယ့်အတွက် အေးချမ်းလာတော့မယ်။ တကယ်တမ်း ဖော်ဆောင်ဖို့ ဆိုရင် ပထမဆုံး ကိုယ်မကြိုက်တဲ့၊ ကိုယ့်စိတ် ထဲကဖြစ်ချင်တာနဲ့ ဖီလာဆန့်ကျင်ဖြစ်တဲ့ အလုပ်ကြိုးစားမှု ကနေ စရမယ်။ အချိန်ပြည့် ကိုယ်စွမ်း၊ဥာဏ်စွမ်းရှိသမျှ အဲဒီအထဲမှာစိတ်မြုပ်ပြီး လုပ်ရတော့မယ်။


ဒါဆို အန်ချစရာတွေဟာ ကိုယ့်အတွက် မဟုတ်ပဲ အများအတွက် ဖြစ်လာတော့မယ်။ ကိုယ်ရဲ့ ဖိစီးမှုများလို့ အန်ချလိုမှုဟာ ကိုယ်က အားလုံးကို နိုင်နေအောင် ကြိုးစားလို့ အောင်မြင်မှုအတွက်သူများတွေ အန်ချ ချီးမွမ်းရမယ့် အရာမျိုးဖြစ်လာတော့မယ်။


ဒါပေမယ့် အဲလို အချိန်သာ ရောက်နိုင်ခဲ့ရင် အဲဒီ ချီးမွမ်းမှုမျိုးနဲ့ သာတဲ့ တစ်ကိုယ်ရေ အတွင်းကျ အေးချမ်းမှု လေးနဲ့ ပဲ ကိုယ်ကပျော်မွေ့ နေတော့မယ် ထင်တယ်။


ပထမတော့ ကြိုးစားကြည့်ကြတာပေါ့ဗျာ။ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားနဲ့ အချိန်ပြည့် ကြိုးစားကြတာပေါ့။


လောကသားတွေ အေးချမ်းပါစေ။ နှလုံးသား အနာ၊စိတ်အနာ ကင်းကြပါစေ။

[+/-] အပြည့်အစုံသို့...

Tuesday, October 14, 2008

သီတင်းကျွတ် နှင့် စိတ်မီးအိမ်

သီတင်းကျွတ်ပြန်ပြီဗျာ...။
ဒါပေမယ့် အားလုံးလည်း လုပ်ငန်းတာဝန်တွေ နဲ့ မအားကျလို့ တွေ့ဖို့လည်း မဖြစ်နိုင်၊ ပို့စ်လေးတွေ တင်ဖို့တောင် မအားနိုင်ဖြစ်နေကြမယ် ထင်ပါတယ်။
ဒီတော့ မနှစ်က ကျွန်တော် သီတင်းကျွတ်အမှတ်တရ စပ်ထားတဲ့ ကဗျာလေးပဲ ပြန်တင်ပေးလိုက်တယ်။
သီတင်းကျွတ်မှာ အားလုံးကို ကာယကံ၊၀စီကံ နှင့် မနောကံ တို့မှ ပြစ်မှားမိသည်ရှိသော် ခွင့်လွှတ်ကျေအေးပေးဖို့ တောင်းပန်အပ်ပါတယ်။

..........................................................................................................................................
လူမှန်းသိစ၊ ငယ်ဘ၀မှသည်
ဤပျော်ရွှင်မြူး၊ သီတင်းကျွတ်ဦးကို
ပူဇော်အထူး၊ဆီးမီးဖူးဖြင့်
တာဝတိံသာ၊နတ်ရွာမှဆင်း
လူ့ပြည်ဝန်းကို၊ ဆင်းသက်ပြန်လာ
မေတ္တာအနန္တ၊ ဖြန့်ကာချသည့်
ဗုဒ္ဓမဟာ၊ မြတ်လှစွာအား
ငါးပါးမာန်ချ၊ ၀တ်တွားခသည်၊
ပီသညီညာ၊ပြည်မြန်မာ ဓလေ့
မမေ့မှန်စွာ၊ ယနေ့တာထိ။

မြတ်သောဘုရား၊ ၀တ်တွားပြီးသော်၊
အော် မိအဖ၊ ဆရာနှင့်တကွ
ဘိုးဘွားမကျန်၊လူကြီးမှန်ကို
ဝန်ချတောင်းပန်၊ကန်တော့ပြန်သည်
ချစ်စရာ့မြန်မာ့ ဓလေ့ပါတကား။

အခ်ါသမယ၊ ဤကာလသည်
တမျိုးတမည်၊ထူးခြားပြန်၏်။
အကြောင်းမူကား၊ငယ်ပေါင်းကြီးဖော်
အဆွေတော်တို့၊မွေးမြေရပ်ရွာ
ချက်ကြွေမှာစု၊လူမှုဘဝ
ငယ်ဘ၀ကြောင်း၊နှောင်းကြောင်းမကျန်
ပြန်ပြောင်းအောက်မေ့၊ ခွင့်ခါတွေ့သည့်
အခါသမယပါတကား။

ထိုမှတဖန်၊ကြည့်ပြန်လတ်သော်
ဖော်ကောင်းဆွေမြတ်၊ လက်တွဲထပ်ယူ
တူညီဘ၀၊စိုက်ထူကြရန်
ရည်သန်စူးထား၊ထိုဆွေနှစ်ပါး
မင်္ဂလာတရား၊ထိပ်တင်ထားကာ
ထိမ်းမြားပြန်သည်၊မင်္ဂလာခါညီ
ပီသပြန်သည့်၊ဤသီတင်းကျွတ်ပါတကား။

ထိုမျှမြတ်လှ၊ခါသမယ၌
မြတ်သထက်မြတ်၊အမြတ်ထပ်ရန်
ရည်သန်ကြိုးကုတ်၊အင်းအားထုတ်၍
ဖော်ပေါင်းတစ်အုပ်၊စုဆောင်းလုပ်ကာ
အင်တာနက်လိုင်း၊ဘလော့ဂ်တိုင်းတွင်
ဆီးမီးတထိန်၊မီးတစ်အိမ်ကို
စိတ်ပေါင်းများစွာ၊စုစည်းလာ၍
ညီညာပြုံးပြုံး၊ထွန်းကာရုံးသည်
နာမသညာ၊ခေါ်ဆိုရကား
စိတ်မီးအိမ်ဟု အစုပြု။

စိတ်မီးအိမ်ဟု၊အစုပြုထား
ဥယျာဉ်ဖွားက၊သီတင်းကျွတ်ခါ
အချိန်သာတွင်၊လေးနက်မှန်စွာ
ဘုရား တရားသံဃာ၊အမြတ်ဆုံးရတနာ
မိဘ၊ဆရာပါမကျန် ငါးဖြာအနန္တအား
မီးအိမ်တခု၊သူတို့ပြု၍
လွန်စွာရိုကျိုး၊ရှိခိုးပါ၏။

ဤကျိုးအားကြောင့်၊ စိတ်မီးအိမ်သည်
ကမ္ဘာတည်သရွေ့၊တည်ပါစေသား၊
တည်စေသား။ ။

ကောင်းတမန်
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...