စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Tuesday, October 30, 2007

ဒို့ ချစ်ရတဲ့ ဆရာ ဆရာမ များ အကြောင်း (၂)

ဒီနေ့တော့ ကောင်းတမန် စာနည်းနည်းဆို နည်းနည်းလေးကြည့်ပြီး ကိုယ့်ဘာသာ စိတ်ကျေနပ်ချင်ယောင်ဆောင်လိုက်ပြီး ဒီစာကို ကောက်ရေးလိုက်တာ။

ဒုတိယပိုင်း အနေနဲ့ ပွင့်လင်း၊ရိုးသားပြီး တပည့်တွေ ကို သံယောဇဉ်ကြီးတတ်သူ ဆရာမတစ်ယောက်ကြောင်း ပြောချင်ပါတယ်။

အဲဒီဆရာမ က ဘုတလင်သူ။ ရုပ်က ပြတ်သားသလို စကားပြောလည်း အရမ်းပြတ်သားတယ်။ စာကိုလေးစားသလောက် အလုပ်လည်း စည်းကမ်းတကျ နဲ့ အရမ်းလုပ်တတ်သူပါ။ ကောင်းတမန် အမ်တီယူ တက်တုန်း က ဆရာမ နဲ့ စသိခဲ့ရတာပါ။

ပထမဆုံး ဆရာမ ကို စတွေ့တာ အမ်တီယူ မှာ အင်တာနက် သုံးဖို့ ကျောင်းသားအားလုံးကို စတင် ပညာပေးပွဲလေး တစ်ခုမှာပါ။ ဒီ ပညာပေးပွဲလေးကို ဆရာကြီး ဒေါက်တာ အောင်ကျော်မြတ် ဦးဆောင် မှုနဲ့ ဆရာမ ရဲ့ ပို့ချမှုတွေနဲ့ စခဲ့တာပါ။ ဂေါ်ဂယ် လောက်ကိုတောင် အထူးတဆန်း ဖြစ်နေတဲ့ သူ့တပည့်တွေ သိလိုဇောနဲ့ မေးတာတွေ ဖြေရင်း "နောက်ထပ် လင့်ခ်တွေ လိုက်ချင်ရင် လက်ပုံလေးကို ဆက်နှိပ်ပါ" လို့ မနားတမ်း စေတနာ အပြည့် နဲ့ ရှင်းပြတဲ့ ဆရာမ ကို အဲဒီပွဲလေးကနေ စတွေ့သိခဲ့တာပါ။

ဆရာမ နာမည်ကတော့ ဒေါ်ခင်လေးမြင့် လို့ ခေါ်ပါတယ်။ နာမည် က မြန်မာဆန် သလောက် ရုပ်ရည် က လည်း မဟာဆန်၊မြန်မာဆန် တဲ့ ဆရာမပါ။ အထူးသဖြင့် ဆရာမဟာ ကျောင်းသူ၊ကျောင်းသားတွေကို နှစ်လိုတဲ့ အပြုံးလေး အမြဲတမ်း လက်ဆောင် ပေးတတ်ပါတယ်။ ကျောင်းသူ၊ကျောင်းသား တွေနဲ့ မောင်နှမတွေလို ရင်းရင်းနှီးနှီး ပေါင်းတတ်ပါတယ်။ စကားပြောခါနီးရင် နာမည်ကို အရင်ခေါ်လေ့ရှိပါတယ်။ ပြီးရင် တည်တည်ကြီး ကြည့်ပြီး တည့်တည့် ပဲ ပြောတတ်တဲ့ ဆရာမကို တွေ့စ၊ သိစက တပည့်တွေ ကြောက်လည်းကြောက်၊လေးလည်း လေးစားခဲ့ရပါတယ်။

daw khin lay myint

(ပုံ) အညာတမာတန်း နှင့် မြန်မာဆန်သည့်ဆရာမ

 

ဒီလို နဲ့ အမ်တီယူ Main Building ဒုတိယထပ်က အင်တာနက် ခန်းလေးမှာ အီးမေးလ် ဘယ်လိုသုံးမလဲ၊ News group တွေနဲ့ ဘယ်လိုချိတ်မလဲ စတာတွေ ကို စိတ်ရှည်လက်ရှည် သင်ကြားပေးခဲ့ တဲ့ဆရာမကို ခုလို ဘလော့ပေါ်မှာ ကန်တော့ခွင့်ရတာ တော်တော်လေး ကို ၀မ်းသာပါတယ်။ အရေးကြီး ပြီး ဆိုက်ဒ်သိပ်ကြီးတဲ့ ဖိုင်တွေကို အချိန်ကန့်သတ်ချက် ကြောင့် လိုင်း အပြည့်အ၀ မသုံးနိုင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် ဆာဗာမှာ မနားတမ်း ထိုင်ကူး၊ စီဒီတွေ မနားတမ်း ရိုက်ပေးတဲ့ ဆရာမကို ကျွန်တော်တို့ အားလုံး အရမ်း ချစ်ကြပါတယ်။

နောက်နှစ်မှာ ကျွန်တော် တို့ အတန်းကို ဆရာမ က Computer Applicationဆိုတဲ့ဘာသာရပ် ကို အင်ဂျင်နီယာတန်းတွေအားလုံးအတွက် မိတ်ဆက်သင်ကြားပေးပါတယ်။ စာကို အမြဲတမ်း အလေးအနက် ထားတတ်တဲ့ဆရာမ က အတန်းစာတွေ ကုန်အောင် သင်ပြီးတဲ့ အချိန်မှာ ကျောင်းသားတွေ နားလည်တတ်ကျွမ်းမှု စစ်ဆေးရန် စာတမ်းအသေးစားလေးတွေ ပြုစုပြီး အတန်းရှေ့မှာ အဖတ်ခိုင်းခဲ့တာ ကို သတိရသေးတယ်။ ဘာကိုမဆို စနစ်တကျ လုပ်တတ်တဲ့ ဆရာမကို ခုအချိန်မှာ ကျေးဇူးတင်မိပါတယ်။ အတန်းရှေ့မှာ အင်္ဂလိပ်စကားမပြောသူတွေကို အင်္ဂလိပ်လို ခပ်တည်တည် ထွက်ပြောခိုင်းတော့ ရလာတဲ့ အတွေ့အကြုံတွေကို တနေ့မှာ ကျောင်းသားတွေ လုပ်ငန်းခွင် သို့မဟုတ် သက်ဆိုင်ရာနယ်ပယ်မှာ ကောင်းကောင်း အသုံးချ ဖို့ မြေတောင်မြှောက်ပေးတာပါလားလို့တွေ့းပြီး နောက်မှ တကယ်ကြုံမှ ဆရာမကို ကျေးဇူးတွေတင်လို့ဗျာ။

ဒီလို နဲ့ အမ်တီယူမြေရဲ့ ခြောက်သွေ့တဲ့ တမာတန်း နဲ့ ပင်လက်ပံ နီရဲရဲ၊ မြူနှင်းတွေ ခ တဲ့ ရေတံခွန်၊ မြခနောက် နဲ့ ရန်ကင်းတောင် တွေ၊ မိုးသည်းလွန်းရင် မလုံတတ်တဲ့ ကနောင်၊မက္ခရာ၊ပြင်စည် နဲ့ ညောင်ရမ်း၊ လှပတဲ့ ကျောင်းဆောင်၊ ကျောင်းတော်သားတွေ အားလုံးဟာ အနာဂတ်တွေ ကို အနာဂတ်မှန်းမသိအောင် ဖိစီးသိမ်းဆည်းရင်း နဲ့ နှစ်တွေ ကုန်လွန်ခဲ့ပါတယ်။ ဒီလို နဲ့ ကျွန်တော် တို့လည်း အမ်တီယူမြေကို နှုတ်ဆက်ခဲ့ရတယ်။ ဆရာမကို လည်း နှုတ်ဆက်ခဲ့ရပါတယ်။

နောက်နှစ်တွေမှာ ဆရာမလည်း မြန်မာပြည် အထက်အောက် ကူးရပြန်တယ်။ ဆရာမ နဲ့ ကျွန်တော်တို့လည်း ကွဲသွားလိုက်။ ပြန်တွေ့လိုက်။ ဟော ပြန်ကွဲလိုက်။ တခါတလေ ပြန်တွေ့လိုက်။ ခဏ တဖြုတ်ပါ။ နောက် ကျွန်တော် အဝေးတနေရာ ရောက်သွားတဲ့ အခါ ဆရာမ က မုံရွာ ကွန်ပျုတာ ဘက်မှာ ရောက်နေတယ်တဲ့။ သူ့နယ်နား နီးတဲ့ နယ်မှာ တာဝန်ထမ်းဆောင်ရတာ ဆရာမ ပျော်မှာပါလို့ တွေးမိခဲ့တယ်။ တခါတလေ ဆရာမ ဆီ က မမျှော်လင့်ချိန် မေးလ် တွေ လာတတ်တယ်။ ဆရာမ က တပည့်တွေကို အချိန်မရွေး၊ နေရာမရွေး ဂရုစိုက်ခဲ့တယ်လေ။ မေးလ်နဲ့ ဆုံးမပြန်တယ်။ စာကြိုးစားရမယ်။ သုတေသန ကို သေချာ ဖိလုပ်ရမယ်။ စသဖြင့်ပေါ့။

အဝေးတနေရာ ရောက်နေခဲ့တဲ့ ကျွန်တော်ဟာ တခါတလေ မှာ အလုပ်တွေ အရမ်းပိပြီး ဖိအားတွေများ နေရင် လုပ်လက်စ ကို ရပ်၊ရပ်နေမိတတ်ပါတယ်။ အဲလို အချိန်မျိုး ဆရာမကို လိုင်းပေါ် ခဏတွေ့ခဲ့ရင် ဆရာမဟာ သူ့တပည့်ရဲ့ ပြဿနာ တွေ ကို ဘယ်လို ဖြေရှင်းရမလဲ ဆို တာ သွန်သင်ပြန်တယ်။ တရားထိုင် ခိုင်းမယ်။စိတ်ငြိမ်ရင် အရာအားလုံး ချောမွေ့စေဖို့တဲ့။ ဆရာမရဲ့ တပည့်တယောက် အပေါ်ထားတဲ့ စေတနာပါ။ မှတ်မှတ်ရရ ကျွန်တော် အဝေးတနေရာကနေ ပြန်လာခါနီးမှာ သုတေသန လုပ်နေတုန်း တော်တော် ကြီးကို စိတ်ဓါတ်ကျစရာ တခု ကြုံခဲ့ရဖူးပါတယ်။ ဆရာမက လိုင်းပေါ်တွေ့တိုင်း ပြောတယ်။ သူတပည့်တွေကို မေတ္တာ ပို့တဲ့ အကြောင်း။ ကျွန်တော်လည်း သူ့ပို့သတဲ့ မေတ္တာကြောင့် ဘယ်လို အဆင်ပြေမယ့်အကြောင့်ပေါ့။ မိခင် ငုံးမကြီးက ငုံးဥတွေ ကို အဝေးက မေတ္တာပို့ အကောင်ပေါက်စေသလို ဆရာမလည်း ကျွန်တော်တို့ကို အဝေးကနေ အကောင်ပေါက်စေခဲ့ပါတယ်။ သုတေသန လုပ်နည်း တွေ၊ အချိန်မီ ပြီးစီးအောင် ဘယ်လို နည်းနာသုံး ဆောင်ရွက်ရမယ်ဆိုတာတွေ၊ ကျမ်းကြီးကျပ်သူနဲ့ ဆက်သွယ်နည်းတွေအားလုံးကို ဆရာမ သင်ပြပေးခဲ့ပါတယ်။

ဆရာမတို့ နေတဲ့ တိုက်ဝါ ဘက်ကို သွားလည် ခဲ့တဲ့ အချိန်တွေဟာလည်း အမှတ်တရပါ။ ခိုင်ဇော်လင်း၊ငြိမ်းဝေ တို့နဲ့ ဆရာမဆီကို သွားသွားလည်တတ်တယ်။ ဒါက အမ်တီယူတုန်းကပါ။ အစီအစဉ် မကျအောင် ရေးတတ်တာ ကိုက ကျွန်တော့ အကျင့်။ ခုကြည့် ပြောနေရင်း တခါ နောက်ကြောင်းလှည့်နေပြန်ပြီ။ အဲလို သွားလည်ရင် ဆရာမ က ကော်ဖီပူပူလေးနဲ့ ပေါင်မုန့်ထောပတ်သုတ်လေး လုပ်ကျွေးတတ်ပါတယ်။ အဲလို ညတွေဆို ကျွန်တော် တို့ စကားတွေ ဖောင်ဖွဲ့ကြတယ်။ ဆရာမက သူ့တို့ တက္ကသိုလ်တက် တုန်း က အဆောင်မှာ မိန်းကလေး တွေ ချည်း သူခိုးဖမ်းတဲ့ အကြောင်း ပြောချင်ပြောမယ်။ တခါတလေမှာ သူတို့ သုတေသန လုပ်တဲ့ အကြောင်းတွေ ပြောချင်ပြောမယ်။ ဆရာမ ရဲ့ ပွင့်လင်း ပြီး တည့်ပြောတတ်တဲ့ အကျင့်၊ သရုပ်ပေါ်အောင် ပြောဆိုတတ်တဲ့ အကျင့် တို့ကြောင့် အားလုံး ဟာ ကျွန်တော်တို့ အတွက် အမှတ်တရ စကားတွေပါ။ အဲလို မျိုးဆက် တစ်ခု ကနေ တစ်ခု ဆီကို သမိုင်းစကား ပါးစပ် နဲ့ သင်ပြပေးတတ်သေးတဲ့ ဆရာမပါ။

မှားတာလုပ်ရင် ငေါက်မယ်။ မှန်တာ လုပ်ရင် ထောက်ခံမယ်။ တပည့်တွေ ကို မောင်နှမတွေလို ဆက်ဆံမယ်။ အင်မတန် ရိုးသားအေးချမ်းမယ်။ မြန်မာဆန်တယ်။ အလုပ်စနစ်တကျ စည်းကမ်းကျနစွာ လုပ်တတ်တယ်။ တပည့်တွေ အကူအညီ လိုရင် မနားတမ်း၊မမောတမ်း လိုက်လုပ်ပေးတတ်တယ်။ အချိန်အခါ နဲ့ တပည့်တွေကို ကောင်းစွာ နားလည် ဖေးမတယ်။ အဲလို ဂုဏ်တွေ နဲ့ ဆရာမ ကို ကျွန်တော် နေပြည်တော် ကို ခဏရောက်တုန်း တွေ့ခဲ့ရသေးတယ်။ ဆရာမ ကို အားပါးတရ သွားကန်တော့ခဲ့ရတယ်။ တော်တော် ၀မ်းသာပါတယ်။ ဆရာတပည့် တွေ ထုံးစံ အတိုင်း မတွေ့တာ ကြာတေ့ စကားပြောကြတာ အားပါးတရပါပဲ။ အဲဒီည က နေပြည်တော်မှာ မှတ်မှတ်ရရ ဆရာမတို့ အဆောင်ကအပြန်၊ ဆိုင်ကယ် ကယ်ရီ မရလို့ အကြာကြီး စောင့်ခဲ့ရသေးတယ်။

ဒီလိုနဲ့ ဆရာမ ကို နေပြည်တော် မှာ ကန်တော့ နှုတ်ဆက်ပြီး ကျွန်တော်တို့လည်း လောကထဲကို ခုဆို ဆက်လက် ပျံသန်းနေကြပြန်ပါပြီ။

ခုတော့ ဆရာမကို ဘလော့ဂ်မှာ ဒီစာလေး နဲ့ အပဲ သီတင်းကျွတ်မှာ မှတ်မှတ်ရရ ကန်တော့ ပါတယ်။ တပည့်သားတွေသည် ဆရာမအပေါ်မှာ ကာယကံ၊၀စီကံ၊ မနောကံတို့မှ ပစ်မှားခဲ့သည်ရှိသော် ခွှင့်လွှတ်ကျေအေးပေးပါ ဆရာမ ခင်ဗျာ။

 

 

စာကြွင်း။     ။ဆရာမချက်ကျွေးတဲ့ မြန်မာဆန်ဆန် ထမင်း၊ဟင်းတွေ နောက်မှ လာစားဖြစ်အောင် စားဦးမယ်။

ဆရာမ ရဲ့ ဘလော့ဂ် ကို သွားရောက် လည်ပတ်ချင်သူများ မကြီးပါချူး ဆိုတဲ့ လင့်ခ်ကနေ သွားရောက်ကြပါခင်ဗျာ။

[+/-] အပြည့်အစုံသို့...

မြန်မာ့သစ်တောက်ငှက်

သည်နေ့တော့ ရွာသားတို့၏ ထုံးစံအတိုင်း လိုင်းပေါ်တွင် တောလည်ထွက်ခဲ့မိရာမှ မြန်မာ့သစ်တောက်ငှက်တို့ အကြောင်း စူးစမ်းလေ့လာမိပေသည်။

မြန်မာ့ သစ်တောက်ငှက်တို့ အကြောင်းမပြောမီ သစ်တောက်ငှက်အကြောင်း ယေဘုယျဆွေးနွေးလိုသည်။

သစ်တောက်ငှက်သည် သစ်တော၊သစ်အုပ်မှာ ပျော်မွေ့ပြီး သစ်ပင်တွေပေါ်မှာ နေထိုင်လေ့ရှိသည့် ငှက်အမျိုးအစားဖြစ်သည်။

အရွယ်အစား

သစ်တောက်ငှက်တို့ကို အသေး၊အလတ်နှင့် အလယ်အလတ်အဆင့်အကြီးစား ငှက်များ အနေဖြင့် သုံးမျိုးတွေ့နိုင်ပေသည်။ အကြီးဆုံး သစ်တောက်ငှက်သည် (၁၉) လက်မမှ (၂၁) လက်မ အထိ အရှည်ရှိပြီး (၁) ပေါင် မှ (၁.၂၅) ပေါင် အလေးချိန် ထိ ရှိသည်။ ပျမ်းမျှသက်တမ်း မှာ (၄) နှစ်မှ (၁၁) နှစ်ထိ အသက်ရှင် နေထိုင်ကြသည်။

ထူးခြားသည့် ၀ိသေသ

၎င်းတို့သည် ၄င်းတို့၏ အသက်မွေးဝမ်းကြောင်း ထူးခြားမှု နှင့် နေထိုင်ကျက်စားရာ နေရာဒေသ တို့ ကြောင့် လူသိများ ထင်ရှားသည့် ငှက်မျိုးပင်ဖြစ်သည်။ အထူးသဖြင့် ဆောက်သွားကဲ့သို့ ထက်မြက်သော နှုတ်သီးများ အသုံးချ၍ သစ်ပင်၏ပင်စည် ကို ထိုးဖောက်ကွဲအက်စေ၍ အထဲရှိ ပိုးမွှားများကို စားသုံးခြင်းဖြင့် တောင်သူလယ်သမား များကို အကူအညီပေးသည့် မိတ်ဆွေငှက်များဖြစ်ပေသည်။ ထို့ပြင် နှုတ်သီးကို အခြားအပင်ငယ်များအောက်ရှိ ပိုးမွှားများ ရှာဖွေရန် မြေကို တူးဆွခြင်း၊ အသိုက်အမြုံဆောင်လုပ်ခြင်းတို့ အတွက်လည်း အသုံးပြုကြပေသည်။

ထူးခြားသည့် ၀ိသေသမှာ ရှေ့ ဘက်သို့ ထိုးထွက်သည့် ခြေချောင်း နှစ်ချောင်း၊ ဘေးဘက် သို့မဟုတ် နောက်ဘက် သို့ ထိုးထွက်သည့် ခြေချောင်း နှစ်ချောင်း ပါရှိခြင်းပင်ဖြစ်သည်။ ယင်းဝိသေသကြောင့်ပင် ၎င်းတို့သည် ခန္ဓာကိုယ် ကို သစ်ပင် ပင်စည် ဖြင့် ထောင့်မှတ်ကျ ကျက်ခြေခတ်၍ အထက်၊ အောက် သွားလာနိုင်ကြပေသည်။

အစားအစာ

အဓိက အစားအစာမှာ အင်းဆက်ပိုးမွှားများ၊ သစ်သီးများ၊ နှင့် အခွံမာ အသီးများ ဖြစ်သည်။

အမျိုးကွဲ နှင့် အရေအတွက်

ကမ္ဘာပေါ်တွင် သစ်တောက်ငှက် မျိုးကွဲများ (၂၈) မျိုးရှိပြီး မျိုးစိတ် (၂၁၅) မျိုး ထပ်မံခွဲခြားနိုင်ပေသည်။ တိကျ သည့် သစ်တောက်ငှက် အရေအတွက် ကို ကမ္ဘာပေါ်တွင် သုတေသန ပြု ကောက်ယူထားခြင်း မရှိသေးပါ။

မိတ်လိုက်ရာသီ

အမျိုးကွဲ အမျိုးမျိုးပေါ် မူတည်၍ ကွဲပြားကြသည်။

သိုက်မြုံဥ နှင့် မျိုးပွားခြင်း

ဥ (၄) လုံး ခန့် အထိ ဥကြသည်။အမိ နှင့် အဖ တို့သည် သစ်ပင်၏ အခေါင်းတွင် အသိုက်ဆောက်၍ ဥများ ကို မျိုးပွားစေသည်။ ဥ စဥချိန်မှ အကောင်ပေါက်ချိန်အထိ (၂)ပတ်ခန့် အချိန်ယူသည်။ မွေးကင်းစ သစ်တောက်ငှက်သည် အတောင်များ မပါရှိသေးပဲ အမြင်အာရုံလည်း မရရှိသေးပေ။မွေးကင်စ သားသမီး များကို အမိ၊အဖ အနက် တစ်ကောင်မှ စောင့်ရှောက်၍ တစ်ကောင်မှာ အားလုံးအတွက် အစာရှာရပေသည်။ အကောင်ပေါက် သားငယ် များအတွက် အရွယ်ရောက်၍ အသိုက်မှ ထွက်ခွာနိုင်သည်အထိ (၂၅) ရက်မှ ရက် (၂၀) ထိ ကြာမြင့်ပေသည်။

မြန်မာနိုင်ငံတွင် တွေ့ရှိနိုင်သော သစ်တောက်ငှက် အမျိုးအစား တချို့ ကို တွေ့ရှိနိုင်သော နေရာနှင့်တကွပူးတွဲတင်ပြအပ်ပါသည်။

အမျိုးအစား

ကျက်စားရာ နေရာ

ရင်ကျား သစ်တောက်ငှက်ဝိတိုရိယတောင်
ဒါဂျီလင်း သစ်တောက်ငှက်ဝိတိုရိယတောင်

ဝမ်းဗိုက်နီညို သစ်တောက်ငှက်

ဝိတိုရိယတောင်

ခရမ်းရင်သားရှိ သစ်တောက်ငှက်ဝိတိုရိယတောင်၊ ဖုန်ကမ်ရာဇီ
လည်ချောင်းနက် သစ်တောက်ငှက်ဝိတိုရိယတောင်
ရင်ပုတ် သစ်တောက်ငှက်ရွှေစက်တော်
လည်ချောင်းပုတ် သစ်တောက်ငှက်ရွှေစက်တော်
လည်ချောင်းဖြူ သစ်တောက်ငှက်ရွှေစက်တော်
မီးခိုးဦးထိပ် သစ်တောက်ငှက်ရွှေစက်တော်
ခေါင်းညို သစ်တောက်ငှက်ဖုန်ကမ်ရာဇီ
မီးတောက်မြီး သစ်တောက်ငှက်ဖုန်ကမ်ရာဇီ
အနီရောင်အမြီး သစ်တောက်ငှက်ဖုန်ကမ်ရာဇီ
နီညိုတောင်ပံ သစ်တောက်ငှက်ဖုန်ကမ်ရာဇီ
ထူးစက်ပြောက် သစ်တောက်ငှက်-
သံခြေးရောင်ဝမ်းဗိုက် သစ်တောက်ငှက်-
ရင်ထိုး သစ်တောက်ငှက်ဖုန်ကမ်ရာဇီ
ဝါကြန့်လည်ပင်း သစ်တောက်ငှက်-
ဝါကြန့်မီးခိုး သစ်တောက်ငှက်အလောင်းတော် ကဿပ
မြဲစိမ်းကျော သစ်တောက်ငှက်
ထူးခြားကျောက်ခဲရောင် သစ်တောက်ငှက်အလောင်းတော် ကဿပ
မြဲစိမ်းကျော သုံးချောင်းထောက် သစ်တောက်ငှက်-
ထူးခြားမီးတောက်ကျော သစ်တောက်ငှက်အလောင်းတော် ကဿပ

clip_image001clip_image002

ပုံ(၁) ၀ါကြန့်မီးခိုး သစ်တောက်ငှက်ထီး ပုံ(၂) ထူးခြားကျောက်ခဲရောင် သစ်တောက်ငှက်မ

clip_image003

ပုံ(၃) ထူးခြားမီးတောက်ကျော သစ်တောက်ငှက်

မြန်မာနိုင်ငံတွင် ဖုန်ကမ်ရာဇီ၊အလောင်းတော်ကဿပ၊ ရွှေစက်တော် သည့် နယ်မြေများတွင် သစ်တောက်ငှက်များ ထူထပ်စွာ နေထိုင်ကျက်စားကြကြောင်း ဖတ်ရှုမှတ်သားရသည်။ ၎င်းစာရင်းသည် နိုင်ငံခြားသား ခရီးသွားများ၏ မှတ်တမ်းများမှ သိရှိရသဖြင့် ဖေးမဲ့တောများနှင့် ခရီးသွးတို့ စိတ်ဝင်စားသည့် နေရာများတွင်သာ ကောက်ယူမှတ်တမ်းတင်ထားကြောင်း သိသာပေသည်။ သို့ရာတွင် သဘာဝ တောတောင် ရေမြေ သစ်တောတို့ ထူထပ်သော မြန်မာနိုင်ငံတွင် သစ်တောက်ငှက် မျိုးကွဲများ ယခုထက် ပိုမိုပေါများ၍ ရှိမည်မှာ အမှန်မသွေပင်ဖြစ်သည်။ စာရေးသူနေထိုင်သည့်ကျေးရွာ၌ပင် သစ်တောက်ငှက်မျိုးများစွာ ရှိပေသည်။

အလောင်းတော် ကဿပ ကို လာလှည်သည့် ခရီးသွားဧည့်သည် ပါမောက္ခတွေသည်ပင်လျှင် အမေရိကန်နိုင်ငံ၊ ဒဲ့ဒရိတ် ပြည်နယ်၌ သစ်တောက်ငှက် သုတေသန ပြုလုပ်ရန် အလောင်းတော် ကဿပ မှ သစ်တောက်ငှက်DNA ရယူသွားချိန်တွင် ကျွန်တော်တို့ မြန်မာတွေ ဘာမှ မလုပ်နိုင်ကြသေးပေ။ ကမ္ဘာ့သိပ္ပံပညာရှင်များသည် သစ်တောက်ငှက် မျိုးကွဲများစွာ အဘယ်အကြောင်းအရင်းပေါ်တွေမူတည် ကွဲပြားခြားနားသည်ကို သိရှိရန် သုတေသန အပူတပြင်း လုပ်ဆောင်နေကြပေပြီ။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ဘာသာရပ်လေ့လာ ကျောင်းသား၊ကျောင်းသူများ အနေဖြင့် သစ်တောက်ငှက်တို့ အကြောင်းကို သုတေသန ပြုလုပ်၍ မှတ်တမ်းပြုစုအပ်ပေသည်။

( မှတ်ချက် - ဤဆောင်းပါးတွင် သုံးနှုန်းထားသော သစ်တောက်ငှက် အမည်များသည် စာရေးသူ၏ ဘာသာပြန်ဆိုမှုပင်ဖြစ်သည်။ စာရေးသူသည် လက်ရှိ သစ်တောက်ငှက်မျိုးကွဲများ ကို အမည်မပေးရသေးဟု ယူဆပါ၍ ယခုကဲ့သို့ နာမည်ပေးခြင်းဖြစ်ပါသည်။ အကယ်၍ နာမည် ပေးပြီး အဖွဲ့အစည်းဖြင့်သတ်မှတ်ထားသော နာမည်များ စနစ်တကျ ရှိပါလျှင် စောဒက တက်ကြပါရန် ဖိတ်ခေါ်ပတ်အပ်ပါသည်။

ဤဆောင်းပါးကိုစီးပွားဖြစ်အတွက် မည်သည့် နည်းဖြင့်ဖြစ်စေ အသုံးပြုလိုပါက စာရေးသူ ခွင့်ပြုချက်ယူကြရန် တောင်းပန်အပ်ပါသည်။ အကယ်၍ တစ်သီးပုဂ္ဂလိက အသုံးပြုလိုပါကဤဘလော့ဂ် အမည် ဖြစ်စေ၊စာရေးသူနာမည်ဖြစ်စေ ညွှန်းဆိုဖော်ပြရန် တောင်းပန်ပါသည်။

ဆက်လက်၍လည်း မြန်မာ့ သစ်တောက်ငှက်များ အကြောင်းကို စောင့်ကြည့် မှတ်တမ်းတင်သွားပေးပါမည်။)

အညွန်းအကိုးများ

၁။ http://www.defenders.org/wildlife_and_habitat/wildlife/woodpeckers.php

၂။ http://myanmartravelinformation.com/mti-ecotourism/alaungdaw-kathaphar.htm

၃။ http://www.birds.cornell.edu/AllAboutBirds/conservation/success/myanmar

၎။ http://bio.fsu.edu/~jameslab/woodpkr.html

၅။ http://www.pbase.com/lilwings/piciformes

၆။ http://www.birdtourasia.com/myanmarreport06.html

[+/-] အပြည့်အစုံသို့...

CGTI မှာတုန်းက ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက်ကို သတိရလို့ သူ့ရဲ့ခံစားချက်ကဗျာလေးကို အမှတ်ရမိတယ်။အခုတော့ သူဘယ်မှာလဲ မသိဘူး။

နွေတစ်ရာအောက်
ခြေရာဖျောက်လို့ ဘယ်ရောက်နေသလဲ ချစ်တဲ့နှင်း။
ဥသြအော်ငို မပျော်လိုဘူး
မိုးဦးနှောင်းလွန်
ကောင်းကင်ယုယ သူရွာချလည်း
ဘ၀ခံပြင်း ကိုယ့်ရင်တွင်းက
တမ်းတမ်းတနေ
ဆောင်းလာမှပဲ အေးပါရစေ။
အေးလျှင်ပြီးရော
မိုးရေတောမှာ မျောမပါဘူး၊
နှင်း၏ချစ်သူ ကိုယ်လိုလူက
ဘယ်သူငြိမ်းငြိမ်း မစိမ်းလန်းဘူး
ဘယ်သူလှလှ မမျှတဘူး
ဘ၀အရင် ဟိုငယ်စဉ်က
ဆောင်းလွင်ပြင်ထဲ ပျော်မွေ့မြဲမို့
နွေထဲတမ်းတ ငွေနှင်းမြဖြူ
မိုးထဲမလျှောက် နှင်းဖျောက်ဖျောက်မျှော်
ဘယ်သူခေါ်ခေါ် ကိုယ်မပျော်ခဲ့
တို့မျှော်လင့်ခြင်း
စောင့်စည်းခြင်းကြောင့်
ချိုသာနေနား ကိုယ့်အပါးသို့
ရွေ့လျားဝေဆင်း သင့်ဆောင်းတွင်းမှာ
ကောင်းခြင်းတွေ လာဝေပါ နှင်း ။
Peace

[+/-] အပြည့်အစုံသို့...

Monday, October 29, 2007

ကျေးဇူးတင်စကား

အားလုံး မင်္ဂလာပါ။

အားလုံး သီတင်းကျွတ် အတွေ့အကြုံလေးတွေ လာတင်ဖို့ ဖိတ်ခေါ်ပါတယ်။

ကျွန်တော်တော့ သီတင်းကျွတ် ကို ခြောက်ခြောက်ကပ်ကပ်နဲ့ ကုန်ဆုံးခဲ့ရတယ်ဗျာ။ ဒီမှာ တစ်ယောက်
တည်း ပျင်းနေလို့ ဘုရားတောင် မသွားလိုက်ရဘူး။ စာတွေလည်း ပိနေတယ် လေ။ ပိဆို မအားတဲ့ ကြား
တည်းက ဘလော့ဂ် ဂျိုးကပ် နေလို့ အဲလို ဖြစ်သွားတာ။

သီတင်းကျွတ် ကို ဘာမှ မလုပ်နိုင်ပေမယ့် အညာကို တော့ မှန်းပြီး ပြန်သေးတာပေါ့။ ဆီးမီးခွက်တွေ မီးငြိမ်းသွားရင် လည် ခိုးကြာတာ ကလေး အကျင့်ပေါ့။ ခုတောင် အဲဒါ ကို သတိရတော့ ပြုံးမိသေးတယ်။ ဒီလိုနဲ့ ကျွန်တော် တို့ တောင် အသက်တွေ ကြီးလာပြီးနော်။

သူငယ်ချင်းတွေရဲ့ မင်္ဂလာသတင်းတွေတော့ ဆက်တိုက်ကြားရတော့မယ် ထင်တယ်။ ဦးဦးဖျားဖျား ဈေးဦး
ဖောက်သွားတာကတော့ ဇော်ထိုက် ပေါ့ဗျာ။ ဟိုနေ့က ဒီကောင်နဲ့ လိုင်းပေါ်မှာ တော်တော် ပြောလိုက်
ရတယ်။ အားလုံး သိအောင် ပြောပေးဦးမယ်ဗျာ။ ဒီကောင် ရန်ကုန်မှာ ဆောင်ဖြစ်မယ် ပြောတယ်။ ဇော်ထိုက်ကို မသိတဲ့ လူတွေ အတွက် ပြောဦးမယ်။ သူက ကျွန်တော်နဲ့ ချောက်ဂျီတီအိုင် တုန်းက တဆောင်တည်း အတူနေ ငတ်ဖော် ငတ်ဖက် ပျော်ဖော် ပျက်ဖက် တွေပါ။ သူချက်ကျွေးတဲ့ ခရမ်း သီးရေလုံပြုတ်ဟင်း နဲ့ ကျွန်တော်ချက်ကျွေးတဲ့ ပဲဟင်း အရေကျဲ နဲ့ အတူ ကျွန်တော် တို့ သွေးသောက် ဖွဲ့ခဲ့ကြတာလေ။ ခု တော့ သူတောင် အိမ်ထောင် တစ်ခု တည်ထောင် တော့မယ်။ ဖိုးသား က တော့ သိတဲ့ အတိုင်း မလုပ်နိုင်သေးဘူးဗျာ။ မမေးကြပါနဲ့ ဘာဖြစ်လို့လဲ လို့။ ကိုယ့်အကြောင်းနဲ့ ကိုယ်မို့ လို့ပဲ ထားလိုက်။ ဒါအကောာင်းဆုံး အဖြေပဲ။ အင်း ဒီကောင့် မင်္ဂလာဆောင် ကို မတက်နိုင်တာ တော့ သိပ်မနှိပ်ဘူးဗျာ။

အားလုံး ကို ကြောငြာ ၀င်ဦးမယ်။ ကျွန်တော့် အမ တစ်ယောက် မကြီး ပါချူးဆိုတဲ့ ဘလော့ဂ် စရေးနေပြီ။ အားပေးကြပါဦး။ လာလည်သူ စာရင်းရဲ့ အပေါ်မှာ သူ့ ဘလော့ဂ်ကို လင့်ခ်တင်ပေးထားတယ်။

သီတင်းကျွတ်မှာ အားလုံး မြိုင်မြိုင်ဆိုင်ဆိုင် ၀င်ရောက် ဆင်နွှဲသွားတာကြောင့် စိတ်မီးအိမ်ဟာ အမှတ်တရဖြစ်သွားတယ်။ အဆင်ပြေတဲ့သူက သီတင်းကျွတ်ဓါတ်ပုံတွေ တင်ပေးဖို့ တောင်းဆိုချင်ပါတယ်။ မကြုံရတဲ့သူတွေ ခံစားရတာပေါ့။

သူငယ်ချင်းသစ်ပင်လေးတွေ အားလုံးလာစိုက်ပြီး သိုက်သိုက်ဝန်းဝန်းရှိသွားတာ တော်တော် ၀မ်းသာတယ်
ဗျာ။ သစ်ပင် သစ်လေးတွေ ပေါက်လာတာ တွေ့ရလို့ ၀မ်းသာပါတယ်။ သနပ်ခါး နဲ့ အိမ်မက်စိမ်း ကို ကြိုဆိုပါတယ်။ နွေးထွေးတဲ့ နေရာလေးတခု အဖြစ် စိတ်မီးအိမ်ကို ဆက်တွေ့ရမယ်ဆို တာ ယုံကြည်မှုပိုရှိလာပါတယ်။

သစ်ပင်အသစ်တွေအတွက် ခိုင်မြဲ ရဲ့ တောင်းဆိုချက်အရ သစ်ပင်စိုက်ချင်သူတွေ ဘယ်လို ပို့စ်တင်ရမလဲ ထပ်ရေးပေးလိုက်ပါတယ်။

၁။ မိမိတို့ ရေးလိုတဲ့ အကြောင်းအရာကို Micorsoft Word မှာ ဇော်ဂျီနဲ့ရေးသားပါ။

၂။ လူသစ်တွေ အနေနဲ့ http://www.blogspot.com/ သို့မဟုတ် http://www.blogger.com/ သို့ သင့်ကို ဖိတ်ခေါ်ထားသော လင့်ခ် မှတဆင့် ၀င်ရောက်ပါ။ လူဟောင်းတွေက တော့ တန်း ၀င်လာနိုင်ပါတယ်။ အကယ်၍ တိုက်ရိုက် ဖွင့်လို့မရရင် ကြော်ဆီအဖြစ် http://www.proxyhide.net/ သို့မဟုတ် http://www.youhide.com/ ကို အသုံးပြုနိုင်ပါတယ်။

၃။ http://www.blogger.com/ ကို အောင်မြင်စွာ ၀င်ရောက်လာပြီဆိုပါက ပို့စ် အသစ်တွေ တင်လိုလျှင် "New Post" ဆိုတဲ့ ခလတ်လေးကို နှိပ်ပါ။

၎။ "ဒီစာကို Select လုပ်ပြီး ရေးပါ..." လို့ တွေ့ရင် မိမိရေးသားထားသော Microsoft Word မှ စာများ ကို ကူးယူ (copy) ၍ "ဒီစာကို Select လုပ်ပြီး ရေးပါ..." ဟူသော နေရာတွင် အစားထိုးရေးချပေး (paste)ပါ။

၅။ ထို့နောက် "Publish Post" ခလုတ်ကို နှိပ်၍ တင်နိုင်ပါသည်။

၆။ သင်တင်ထားသော ပို့စ် ကောင်းကောင်း ပေါ်မပေါ်ကို "View in a new window" ကို နှိပ်၍ တိုက်ရိုက်ကြည့်ရှုစစ်ဆေးနိုင်ပါသည်။

၇။ စစ်ဆေးချက်များပေါ် မူတည်၍ လိုအပ်သည် များ ကို "Edit post" ကို နှိပ်၍ တည်းဖြတ်နိုင်ပါသည်။

မှတ်ချက်။ ။ Micorsoft Office 2007 သုံးသူများ အနေဖြင့် ဇယားများ (Table) ကို တိုက်ရိုက် ကူးယူ(copy) လုပ်၍ မီးလျှံမြေခွေး Browser (http://www.mozilla.org/) ကို သုံးပြုပြီး http://www.blogger.com/ တွင် တိုက်ရိုက် တင်နိုင်ပါသည်။

Zoundry blog writer (http://www.zoundry.com/download.html) ကို လည်း အသုံးပြုနိုင်ပါသည်။

အင်း..မဆိုင်တဲ့ အကြောင်းအရာတွေကို ဆက်တိုင်းပြောရင်းနဲ့ပဲ နားလိုက်ဦးမယ်ဗျာ။

[+/-] အပြည့်အစုံသို့...

Sunday, October 28, 2007

လူဖြစ်ရတဲ့ ဒုက္ခ

မနက်အာရုဏ်ဆန်ပြုတ်
ငုံ့လို့သာတုတ်ရ
ဆုတ်မပြန်မိဖို့အရေး
ငုံ့လို့သာလွှေးရတယ်။

(ကလေးသဘာဝမို့ တရားစခန်း တခါ ထိုင်တုန်း က ဒုက္ခ တစ်ခု ရှုမိတာကို ပြန်လည် တင်ပြတာပါ။)

[+/-] အပြည့်အစုံသို့...

Saturday, October 27, 2007

BRAIN STORM ( Part 1 )

သီတင်ကျွတ်လပြည့် အဘိဓမ္မာနေ့မှာ သဗ္ဗညုတမြတ်စွာဘုရား ဟာ တာဝတိံသာနတ်ပြည်မှာဝါ
တွင်းသုံးလပတ်လုံး အဘိဓမ္မာတရားတော်ကို ဟောကြားပြီးလူ့ပြည်ကို ပြန်လည်ဆင်းသက်လာခဲ့ပါတယ်။ မြတ်ဘုရားဆင်းသက်လာတဲ့အခါမှာ လူ့ပြည်မှနေပြီး အမွှေးနံသာဆီးမီးတွေထွန်းညှိပူဇော်ပြီးတော့ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
(ဟုတ်ပြီဒါဆိုရင် အမေး၊ အဖြေလေးနဲ့ သွားကြည့်ရအောင်ဗျာ)

> ဘာအတွက်ကိုရည်ရွယ်ပြီးကြိုဆိုကြတယ်လို့ထင်ပါသလဲ?
* မြတ်ဗုဒ္ဓဟောကြားတဲ့ သစ္စာတရားတွေကိုနာကြားချင်လို့ပေါ့။

> ဘာအတွက်သစ္စာတရားတွေကိုလူ၊နတ်၊ဗြဟ္မာတွေက နာကြားလိုကြတာလဲ?
* လောကီ၊ လောကုတ္တရား အကျိုးတရားတွေရလိုကြလို့ပေါ့။

> ဘယ်လိုလောကီ၊ လောကုတ္တရာ အကျိုးတရားတွေ ရနိုင်လို့လဲ?
* လောကီမှာဆိုရင် လူချမ်းသာ၊နတ်ချမ်းသာ၊ဗြဟ္မာ့ချမ်းသာ တွေကိုရနိုင်တဲ့ သုဂတိဘုံတွေမှာပဲ ပြန်လည်ရောက်ရှိနိုင်တဲ့အကျိုးတရားတွေရှိလို့ပေါ့။
* လောကုတ္တရာမှာဆိုရင် သောတာပန်၊ သကဒါဂါမ်၊အနာဂါမ်၊ရဟန္တာ ဖြစ်ပြီး နိဗ္ဗါန်ရောက်ကြောင်း ဖြစ်တဲ့ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်တွေရနိုင်တဲ့အကျိုးတရားရှိလို့ပေါ့။

> လူချမ်းသာ၊နတ်ချမ်းသာ၊ဗြဟ္မာ့ချမ်းသာတွေနဲ့ နိဗ္ဗါန်ချမ်းသာနဲ့ ဘာကွာသလဲ?
* ချမ်းသာသာ၊ဆင်းရဲရဲ လူဖြစ်လာမယ်ဆိုကတဲ့နေပြီသေလွန်တဲ့အထိ ဒုက္ခတွေကိုခံစားရမှာပဲ။ အဲဒီလိုပဲ နတ်ဖြစ်ရင်လဲနတ်ဒုက္ခ၊ ဗြဟ္မာဖြစ်ရင်လဲ ဗြဟ္မာဒုက္ခ ဆိုတာခံစားရအုန်းမှာပဲ။ နိဗ္ဗါန်ဆိုတာကတော့ ဒုက္ခအားလုံးချုပ်ငြိမ်းရာကိုခေါ်တာပေါ့။

> ဒုက္ခအားလုံးချုပ်ငြိမ်းရာဖြစ်တဲ့မြတ်နိဗ္ဗါန်ကိုဘယ်လိုရောက်အောင်သွားနိုင်ပါလဲ?
* ဒုက္ခအားလုံးချုပ်ငြိမ်းရာဖြစ်တဲ့မြတ်နိဗ္ဗါန်ကိုသွားတဲ့နည်းလမ်းကတော့…. နိဗ္ဗါန်ကို ကိုယ်တိုင်မျက်မှောက်ပြုပြီးဖြစ်တဲ့ဗုဒ္ဓမြတ်စွာဘုရားရဲ့ သစ္စာတရားတော်တွေကို နာကြားပြီး ရနိုင်လောက်တဲ့ ဇွဲသန်သန်နဲ့ ကျင့်ကြံအားထုတ်တဲ့နည်းလမ်းပဲပေါ့။

>>> သြော်…. ဒါကြောင့်လည်း သောင်းသောင်းဖျဖျ ကြိုဆိုကြတာကို။
အပိုင်း (၁) အနေနဲ့ရပ်နားခွင့်ပြုပါ။

အနတ္တ

[+/-] အပြည့်အစုံသို့...

NUS Scholarship Opening

သူငယ်ချင်းတို့

စင်္ကာပူ အမျိုးသား တက္ကသိုလ် က ပညာသင်ဆု လျှောက်ထားခွင့်တွေ ဖွင့်လှစ်လိုက်ပါပြီ။

မဟာတန်း (ရိုးရိုး)၊ မဟာတန်း(သုတေသန)၊ ဒေါက်တာ ဘွဲ့ အများအတွက်ခေါ်ဆိုနေပါတယ်။

လျှောက်ထားလိုသူများ အောက်ပါလိပ်စာတွင် လျှောက်ထားနိုင်ပါတယ်။

http://www.gse.nus.edu.sg/applications.html#1

[+/-] အပြည့်အစုံသို့...