စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Friday, October 26, 2007

အမှတ်တရ စကားစု

စိတ်မီးအိမ်မှာ သစ်ပင်စိုက်ခိုင်းကြပေမယ့် မျိုးစေ့တွေက နှစ်ချို့နေလို့ မစိုက်နိုင်ခဲ့ဘူး။ အခုလည်း သစ်ပင်အသစ် မစိုက်နိုင်လို့ စိတ်မကောင်းပါဘူး။ သစ်ပင်တွေ အများကြီး စိုက်ထားတဲ့ အတွက် အသီးအပွင့်တွေ ခူးလိုက်ရတာ မောသွားတာပဲ။ သူငယ်ချင်းတို့ရေ ငါကတော့ နင်တို့လောက် သစ်ပင် မစိုက်နိုင်ဘူးဟာ။ အဟောင်းထဲက အကောင်းတစ်ပင်ပဲ စိုက်ပေးလိုက်တယ်။

ဖန်မီးအိမ်
သူ့အဆင်းသည် နေမင်းပမာ
သော်တာအလား မ၀င်းငြားလည်း
သူ့အားကိုယ်မာန် သူပိုင်ဟန်ဖြင့်
သူသန်ရာမှ လောကကို
အလှဆင်လို ဟန်တကား။
ဆရာတင်မိုး

မင်းဘယ်သူလဲဆိုတဲ့ အခွင့်အရေးကို အသုံးချပြီး ကိုယ့်ထက်အခွင့်အရေး နည်းတဲ့ သူတွေကို အကူအညီပေးနိုင်အောင် ကြိုးစားရမယ်တဲ့။ နယ်(လ်)ဆင်မန်တဲလား က ပြောဖူးတယ်။ အဲသည်လိုဘဲ စိတ်မီးအိမ်က ဥယျာဉ်မှူးတွေ အားလုံး လောကကောင်းကျိုးကို တစ်ထောင့်တစ်နေရာကနေ သယ်ပိုးနိုင်ကြပါစေလို့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ ၀ါလကင်းလွတ် သီတင်းကျွတ်မှာ မီးပုံးလေး လွှတ်တင်ပေးလိုက်ပါတယ်။
နွယ်


[+/-] အပြည့်အစုံသို့...

Thursday, October 25, 2007

သီတင်းကျွတ် နှင့် စိတ်မီးအိမ်


လူမှန်းသိစ၊ ငယ်ဘ၀မှသည်
ဤပျော်ရွှင်မြူး၊ သီတင်းကျွတ်ဦးကို
ပူဇော်အထူး၊ဆီးမီးဖူးဖြင့်
တာဝတိံသာ၊နတ်ရွာမှဆင်း
လူ့ပြည်ဝန်းကို၊ ဆင်းသက်ပြန်လာ
မေတ္တာအနန္တ၊ ဖြန့်ကာချသည့်
ဗုဒ္ဓမဟာ၊ မြတ်လှစွာအား
ငါးပါးမာန်ချ၊ ၀တ်တွားခသည်၊
ပီသညီညာ၊ပြည်မြန်မာ ဓလေ့
မမေ့မှန်စွာ၊ ယနေ့တာထိ။

မြတ်သောဘုရား၊ ၀တ်တွားပြီးသော်၊
အော် မိအဖ၊ ဆရာနှင့်တကွ
ဘိုးဘွားမကျန်၊လူကြီးမှန်ကို
ဝန်ချတောင်းပန်၊ကန်တော့ပြန်သည်
ချစ်စရာ့မြန်မာ့ ဓလေ့ပါတကား။

အခ်ါသမယ၊ ဤကာလသည်
တမျိုးတမည်၊ထူးခြားပြန်၏်။
အကြောင်းမူကား၊ငယ်ပေါင်းကြီးဖော်
အဆွေတော်တို့၊မွေးမြေရပ်ရွာ
ချက်ကြွေမှာစု၊လူမှုဘဝ
ငယ်ဘ၀ကြောင်း၊နှောင်းကြောင်းမကျန်
ပြန်ပြောင်းအောက်မေ့၊ ခွင့်ခါတွေ့သည့်
အခါသမယပါတကား။

ထိုမှတဖန်၊ကြည့်ပြန်လတ်သော်
ဖော်ကောင်းဆွေမြတ်၊ လက်တွဲထပ်ယူ
တူညီဘ၀၊စိုက်ထူကြရန်
ရည်သန်စူးထား၊ထိုဆွေနှစ်ပါး
မင်္ဂလာတရား၊ထိပ်တင်ထားကာ
ထိမ်းမြားပြန်သည်၊မင်္ဂလာခါညီ
ပီသပြန်သည့်၊ဤသီတင်းကျွတ်ပါတကား။

ထိုမျှမြတ်လှ၊ခါသမယ၌
မြတ်သထက်မြတ်၊အမြတ်ထပ်ရန်
ရည်သန်ကြိုးကုတ်၊အင်းအားထုတ်၍
ဖော်ပေါင်းတစ်အုပ်၊စုဆောင်းလုပ်ကာ
အင်တာနက်လိုင်း၊ဘလော့ဂ်တိုင်းတွင်
ဆီးမီးတထိန်၊မီးတစ်အိမ်ကို
စိတ်ပေါင်းများစွာ၊စုစည်းလာ၍
ညီညာပြုံးပြုံး၊ထွန်းကာရုံးသည်
နာမသညာ၊ခေါ်ဆိုရကား
စိတ်မီးအိမ်ဟု အစုပြု။

စိတ်မီးအိမ်ဟု၊အစုပြုထား
ဥယျာဉ်ဖွားက၊သီတင်းကျွတ်ခါ
အချိန်သာတွင်၊လေးနက်မှန်စွာ
ဘုရား တရားသံဃာ၊အမြတ်ဆုံးရတနာ
မိဘ၊ဆရာပါမကျန် ငါးဖြာအနန္တအား
မီးအိမ်တခု၊သူတို့ပြု၍
လွန်စွာရိုကျိုး၊ရှိခိုးပါ၏။

ဤကျိုးအားကြောင့်၊ စိတ်မီးအိမ်သည်
ကမ္ဘာတည်သရွေ့၊တည်ပါစေသား၊
တည်စေသား။ ။

[+/-] အပြည့်အစုံသို့...

ခရေ

လေဟုန်ကိုနင်း လွတ်လပ်ခြင်းနဲ့ 
ရွှင်မြူးနေလား အားကျမိရဲ့
ဘ၀စတည်းက စည်းကမ်းနဲ့အသားကျ
နေခဲ့ကြရတဲ့  မိန်းမသားဘဝ
ပင်ယံထက်က ပွင့် လွှာနွမ်းလျ
ကြွေမကျမချင်း ခြွေယူနင်းမယ့် 
သခင်ရှာဖွေ စပယ်ဘ၀ပါ ခရေ .........

လေနှင်ရာလိုက် လေတိုက်တိုင်းပါတဲ့
ပန်းခရေကြွေပန်းရယ်
မွှေးနံ့ ကြိုင်လှောက် ကြွေချိန်မရောက်ခင်
အမြင်အေးချမ်း ဘ၀င်လန်းစေတဲ့
စိမ်းမြတွေထက် လွလွဖြူဖွေး
စပယ်လေးကို တိတ်တခိုးနမ်း
ခြွေကာသရမ်းသွားလေတော့ 
ခဏတာလမ်းပေမယ့် 
တစ်ဘ၀တာ နွမ်းလျစေတဲ့
ဝေဒနာတွေပေးသွားလေသလားလို့ .....

ခရေ
ဘယ်ဆီရှောင်ပြေး အဝေးကိုတဲ့ 
ရှောင်ကာဖယ်နေ ဘယ်ချောင်မှာ
မင်းပုန်းကွယ်ဘိ လစန္ဒာသော်တာထွန်းတဲ့ 
သီတင်းကျွတ်သော်မှ ပေါ်မလာ
မျှော်အခါခါတ ပေမယ့်
မဆုံနိုင်ဘ၀လမ်းမှာမှ
မကြုံနိုင် ဓမ္မတာမြန်းသမို့
ကံကိုသာအပြစ်ဖို့ 

သြော်............
ကိုယ့် အဖြစ်မို့ ရှိပါစေတော့ 

ကိုယ့် အဖြစ်မို့  ရှိပါစေတော့ ......။ ။

( လေအဟုန်နဲ့ လွင့် ပါခဲ့ ပြီး သူ့ အရိပ်အောက်မှာခိုနေရတဲ့  စပယ်ကိုတိတ်တခိုးအနမ်းပေးကာ

ဝေးရာပြေးခဲ့တဲ့ ခရေသို့ အမှတ်တရ )

စံပယ်
(Jasmine)

[+/-] အပြည့်အစုံသို့...

Wednesday, October 24, 2007

"ကူညီလှည့်ပါ... မေခလာ"


ငယ်ခါချိန်ပြောင်း၊အခါကောင်းက
ထွန်းပျော်ဆီမီး၊ ထိန်ထိန်ညီးလျှက်
စုရုံးစိုက်လှူ၊ မီးပူဇော်သည့်
ဝါလွတ်ကင်းပ၊ ခါသမယ၀ယ်
ကိုကိုမမ၊ ညီ ညီမ မကျန်
ပျော်ပျော်ပြုံးပြုံး၊ ဂွမ်း ဆီဖုံးသို့
ရွှင်လုံးတက်ကြွ၊ ရုံးစုကြသည့်
သီတင်းကျွတ်ခါ၊ သမယ၀ယ်
ပူဇော်ဆီမီး၊ ထွန်းညှိပြီးသကာလ
စစနောက်နောက်၊ ပေါက်ပေါက်ဖောက်သို့
ရှေ့နောက်ဘယ်ညာ၊ မကြည့်ပါဘဲ
လိုရာခရီး၊ ဘေးစည်တီးလျှက်
အရောက်ပို့ဆောင်၊ ပေးခဲ့ပါ၏
ထိုသို့အကျိုးဆောင်၊ ပို့ဆောင်ရာတွင်
ဖယ်ခွာခရီး၊ ရှိခဲ့ပါမူ
ကြီးကြီးလတ်လတ်၊ချမ်းသာမပေး
မခန့်ရို့မကျိုး၊ ၀ါးလုံးထိုးသို့
မှိုချိုးမျှစ်နုတ်၊ ခွကာတုပ်လျှက်
စနောက်ပြောင်စပ်၊ ထပ်ခဲ့ပါ၏
ကာလ၀ိပတ်၊နောက်ပိုးထပ်လို့
ရာသီတွေပြောင်း၊ ချိန်ခါနှောင်းပြီး
ကျရောက်သမယ၊ ကိုယ့်အလှည့်မှာဖြင့်
ဘယ်ဆီကိုလွမ်း၊ ပုန်းရမှန်းမသိ
ကူညီလှည့်ပါ၊ မေခလာ……….



ဝါလကင်းလွတ်.. သီတင်းကျွတ် အတွက်
အနတ္တ

[+/-] အပြည့်အစုံသို့...

Tuesday, October 23, 2007

အင်ဂျင်နီယာ ဟာသများ (၁)

ဟာသ (၁)
အမေး။ ။စက်မှု နဲ့ မြို့ပြ အင်ဂျင်နီယာတွေ ဘာကွာလဲ။
အဖြေ။ ။စက်မှု အင်ဂျင်နီယာတွေ က လက်နက်တွေ ထုတ်လုပ်ပြီး၊ မြို့ပြ အင်ဂျင်နီယာတွေ က ပစ်မှတ်တွေ တည်ဆောက်ပါတယ်။

ဟာသ (၂)
ဆရာမ။ ။ဘိလပ်မြေနဲ့ ထုံး ရဲ့ ကွာခြားချက်တွေထဲက တစ်ခုလောက် ပြောပါဦး။
ကျောင်းသား။ ။ထုံးက ကွမ်းစားရင် ထည့်စားလို့ ရပြီး ဘိလပ်မြေက ကွမ်းယာထဲ ထည့်စားလို့ မရပါဘူး။

ဟာသ(၃)
သင်သည် အင်ဂျင်နီယာကောင်းတစ်ယောက်ဖြစ်ချင်လျှင် အောက်ပါ အချက်များကို လိုက်နာရပါမည်။

၁။ ဆားကစ် ဒီဇိုင်း တစ်ခုတွင် လူသုံးမများတော့သော အစိတ်အပိုင်း တစ်ခု၊ ရှာဖွေ၍ မရနိုင်သော အစိတ်အပိုင်း နှစ်ခု၊ လက်ရှိအချိန်တွင် ထုတ်လုပ်နေဆဲဖြစ်သော (ဈေးကွက်အတွင်း မရောက်သေးသော) အစိတ်အပိုင်း သုံးခု မဖြစ်မနေ ပါဝင် ရမည်။

၂။ မည်သည့် အရာကို မျှ သတ်မှတ်ချိန် အမီ နှင့် သတ်မှတ် ဘတ်ချက် အတိအကျ အတိုင်း ဆောက်လုပ် ခွင့်မရှိပေ။

၃။ အစိတ်အပိုင်းတစ်ခု နောက်ဆုံး စစ်ဆေးမှု မအောင်မြင်ချိန် ထိ ပျက်စီးမှု မဖြစ်အောင် ထိန်းသိမ်းနိုင်ရမည်။

၎။ အကယ်၍ သင် မပြုပြင်၊ မဆောင်ရွက် နိုင်လျှင် ထိုအကြောင်းအရာကို စာတင်လိုက်ပါ။

၅။ ဒီဇိုင်း အင်ဂျင်နီယာ ကောင်း တစ်ယောက်၏ အဓိကတာဝန်မှာ ထုတ်လုပ်သူအတွက် ထုတ်လုပ်မှု ခက်ခဲကြံ့ကြာစေသော၊ ဆားဗစ်အင်ဂျင်နီယာအတွက် ခေါင်းစားအောင် ကြိုးစားသော်လည်း မပြင်ဆင် နိုင်စေသော ဒီဇိုင်းများ ထုတ်လုပ်ရန် ဖြစ်ပါသည်။ သို့မဟုတ်ပါက ၄င်းတို့သည် သင်၏ ဒီဇိုင်းကို အထင်ကြီးမည် မဟုတ်ပါ။

အထက် ပါ စည်းမျဉ်းစည်းကမ်း ငါးရပ်ကို လိုက်နာ ရန် ပျက်ကွက်ပါက သင်သည် အင်ဂျင်နီယာကောင်း တစ်ယောက် မဖြစ်နိုင်ပေ။ လက်တွေ့စမ်းသပ်ကြည့်ကြပါခင်ဗျာ။


မှတ်ချက်။ ။ ဖတ်ဖူးသော ချောက်ဂျီတီအိုင် မဂ္ဂဇင်း တစ်ချို့နှင့် အင်္ဂလိပ် ဟာသများကို ကိုးကား ရေးသားပါသည်။

[+/-] အပြည့်အစုံသို့...

ဆွေးနွေးခြင်း

ကောင်းတမန်ကမေးတယ် အနတ္တ “ဒါနဲ့ ၀ါသနာ စွန့်နိုင်သွားပြီလား?”တဲ့ အနတ္တကပြောချင်ပါတယ် ၀ါသနာကိုစွန့်နိုင်ဖို့ဆိုတာလွယ်တာမှမဟုတ်တာ။ မစွန့်နိုင်သေးပါဘူးလို့ပဲပြောရမှာပေါ့။ အနတ္တထင်တာကတော့ ၀ါသနာဆိုတာ အချစ်လိုပဲလို့။ ကြားဖူးတာလေးတစ်ခုကိုနှစ်သက်တာနဲ့ပြန်ပြောပြပါရစေ…….. အချစ်ဆိုတာက ရှေးရေစက်ကြောင့်ရယ်၊ အနေနီးစပ်မှုကြောင့်ရယ်ကြောင့် ပေါက်ဖွားလာနိုင်တယ် ဆိုတာလေးပါ။ အဲဒီလိုပဲ ၀ါသနာဆိုတာက… ရှေးအထုံ(အလေ့အကျင့်)ကြောင့်ရယ်၊ အနေနီးစပ်လို့ရယ်ကြောင့် ပြန်လည်ရှင်သန်လာနိုင်တာပဲ မဟုတ်လား။
နောက်တစ်ခုက “ရဟန္တာ ကြီးက သင်္ကန်း အလှူခံရအောင် ရေအိုင် ကို မခုံတော့ပဲ ၀ါသနာ ကို စွန့်ဖို့ ကြိုးစားတာ။” လို့ပြောတယ်နော်… အနတ္တအထင်တော့ ရဟန္တာ ဆိုတာ လောဘစိတ်မရှိတော့လို့ အလှူခံရအောင်လို့ တော့မဟုတ်လောက်ဘူး။ ဒကာရဲ့လှူတန်းချင်တဲ့စိတ်(သဒ္ဒါတရား)ပျောက်သွားမှာစိုးလို့၊ သဒ္ဒါတရားပျောက်သွားရင် ကုသိုလ်လဲပျောက်သွားမှာစိုးလို့နေမှာပါ။ နောက်ပြီးအဲဒီအကြောင်းအရာနဲ့ပါတ်သက်ပြီးတောင်းပန်တဲ့အကြောင်းတင်ပေးပါအုန်းမယ် (ကောင်းတမန်နဲ့တော့မသက်ဆိုင်ပါဘူး)

အနတ္တ

[+/-] အပြည့်အစုံသို့...

"အမှားပြင်ဆင်တောင်းပန်ခြင်း"


ဝါသနာကိုစားသောအချစ် ဆိုတဲ့ထဲမှာ ၀ါသနာကို ဘုရား ကလွဲရင်ဘယ်သူမှ မစွန့်လွှတ်နိုင်သေးဘူးလို့ ပြောပြီး ရဟန်းဒါကြီး တစ်ပါးလို့ သုံးနှုန်းခဲ့ပါတယ်။ အဲဒီလိုရေးနေတဲ့အချိန်မှာ ကြားဘူးထားတာက ရဟန်းဒါကြီးဟာ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးလို့ ဆိုပြီး ကြားဘူးတာပါ။ ဒါပေမယ့် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး က မျောက်ဘ၀တော့ ရောက်ဘူးချင်ရောက်ဘူးခဲ့မယ် (ဘုရားအလောင်း မျောက်မင်းတောင်ရှိသေးတာကို)၊ ရေအိုင်(မြောင်း) တွေ့တိုင်း ခုန်မကူးလောက်ဘူးလို့ ၊ (ခုန်ကူးတယ်ဆိုတာကိုလက်မခံနိုင်လို့ )အတိအကျမရေးပဲ ရဟန်းဒါကြီးဆိုပြီးတော့ သုံးနှုန်းလိုက်တာပါ။ ရွှေပါရမီတောရဆရာတော် အရှဆန္ဒာဓိက ဟောကြားထားတဲ့ အနှိုင်းမဲ့ရဟန်း ဆိုတဲ့ တရားစာအုပ်ကလေးကိုဖတ်လိုက်ရတော့မှပဲ စိတ်ထဲ ရှင်းရှင်းလင်းလင်း ဖြစ်သွားတော့တယ်။ ဆရာတော်ဘုရား ဟောကြားထားတဲ့အထဲက သက်ဆိုင်ရာစာပိုဒ်ကလေးကို ဆရာတော်ဟောကြားတော်မှုတဲ့အတိုင်း ပြန်လည်ရေးသားတင်ပြ လိုက်ပါတယ်။ …………….
ဆရာတော်ဟောကြားထားတာကတော့…..
"မျောက်ဘ၀က လာခဲ့လို့ အရှင်သာရိပုတ္တရာ မြောင်းတွေ့ရင် ခုန်ချင်တယ်၊ ချောင်းတွေ့ရင် ခုန်ကူးချင်တယ် ဆိုတဲ့ စကားဟာ ထေရ၀ါဒ ပိဋကတ်တော်တွေမှာ လုံးဝမပါတဲ့ တစ်ဆင့်ကြား ပါးစပ်ရာဇ၀င်စကားသာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မဟာယာနကျမ်းတစ်ကျမ်း ကျမ်းမှာပါတဲ့ ဘုရားလောင်းဝါဒ စည်းရုံးသိမ်းသွင်းမှုသာဖြစ်ပါတယ်။ အရှင်သာရိပုတ္တရာကို သက်သက်သိက္ခာချတဲ့စကားပါ။ လုံးဝ မမှန်ပါဘူး။
အရှင်သာရိပုတ္တရာရဲ့ သန္တာန်မှာ တဏှာဆိုတဲ့ လောဘကိလေသာသာ ၀ါသနာအငွေ့အသက် မရှိသလောက် ကင်းစင်တာ မဟုတ်ပါဘူး။ ဒေါသ၊ မာန စတဲ့ တခြားကိလေသာတွေ အားလုံးလည်း ၀ါသနာ အငွေ့အသက် မရှိသလောက် ကင်းစင်ပါတယ်။"………...
မှားယွင်းစွာမှတ်သားမိခဲ့၊ ရေးမိခဲ့တဲ့ အတွက် ထေရ၀ါဒ ဗုဒ္ဓဘာသာ အားလုံးကို အထက်ပါစာပိုဒ်ကလေးနဲ့အတူ လေးစားစွာ တောင်းပန်အပ်ပါတယ်။

အမှောင်ကိုခွင်း၍ အလင်းဆောင်နိုင်ကျပါစေ…………..
အနတ္တ

[+/-] အပြည့်အစုံသို့...