စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Thursday, October 25, 2007

ခရေ

လေဟုန်ကိုနင်း လွတ်လပ်ခြင်းနဲ့ 
ရွှင်မြူးနေလား အားကျမိရဲ့
ဘ၀စတည်းက စည်းကမ်းနဲ့အသားကျ
နေခဲ့ကြရတဲ့  မိန်းမသားဘဝ
ပင်ယံထက်က ပွင့် လွှာနွမ်းလျ
ကြွေမကျမချင်း ခြွေယူနင်းမယ့် 
သခင်ရှာဖွေ စပယ်ဘ၀ပါ ခရေ .........

လေနှင်ရာလိုက် လေတိုက်တိုင်းပါတဲ့
ပန်းခရေကြွေပန်းရယ်
မွှေးနံ့ ကြိုင်လှောက် ကြွေချိန်မရောက်ခင်
အမြင်အေးချမ်း ဘ၀င်လန်းစေတဲ့
စိမ်းမြတွေထက် လွလွဖြူဖွေး
စပယ်လေးကို တိတ်တခိုးနမ်း
ခြွေကာသရမ်းသွားလေတော့ 
ခဏတာလမ်းပေမယ့် 
တစ်ဘ၀တာ နွမ်းလျစေတဲ့
ဝေဒနာတွေပေးသွားလေသလားလို့ .....

ခရေ
ဘယ်ဆီရှောင်ပြေး အဝေးကိုတဲ့ 
ရှောင်ကာဖယ်နေ ဘယ်ချောင်မှာ
မင်းပုန်းကွယ်ဘိ လစန္ဒာသော်တာထွန်းတဲ့ 
သီတင်းကျွတ်သော်မှ ပေါ်မလာ
မျှော်အခါခါတ ပေမယ့်
မဆုံနိုင်ဘ၀လမ်းမှာမှ
မကြုံနိုင် ဓမ္မတာမြန်းသမို့
ကံကိုသာအပြစ်ဖို့ 

သြော်............
ကိုယ့် အဖြစ်မို့ ရှိပါစေတော့ 

ကိုယ့် အဖြစ်မို့  ရှိပါစေတော့ ......။ ။

( လေအဟုန်နဲ့ လွင့် ပါခဲ့ ပြီး သူ့ အရိပ်အောက်မှာခိုနေရတဲ့  စပယ်ကိုတိတ်တခိုးအနမ်းပေးကာ

ဝေးရာပြေးခဲ့တဲ့ ခရေသို့ အမှတ်တရ )

စံပယ်
(Jasmine)

[+/-] အပြည့်အစုံသို့...

Wednesday, October 24, 2007

"ကူညီလှည့်ပါ... မေခလာ"


ငယ်ခါချိန်ပြောင်း၊အခါကောင်းက
ထွန်းပျော်ဆီမီး၊ ထိန်ထိန်ညီးလျှက်
စုရုံးစိုက်လှူ၊ မီးပူဇော်သည့်
ဝါလွတ်ကင်းပ၊ ခါသမယ၀ယ်
ကိုကိုမမ၊ ညီ ညီမ မကျန်
ပျော်ပျော်ပြုံးပြုံး၊ ဂွမ်း ဆီဖုံးသို့
ရွှင်လုံးတက်ကြွ၊ ရုံးစုကြသည့်
သီတင်းကျွတ်ခါ၊ သမယ၀ယ်
ပူဇော်ဆီမီး၊ ထွန်းညှိပြီးသကာလ
စစနောက်နောက်၊ ပေါက်ပေါက်ဖောက်သို့
ရှေ့နောက်ဘယ်ညာ၊ မကြည့်ပါဘဲ
လိုရာခရီး၊ ဘေးစည်တီးလျှက်
အရောက်ပို့ဆောင်၊ ပေးခဲ့ပါ၏
ထိုသို့အကျိုးဆောင်၊ ပို့ဆောင်ရာတွင်
ဖယ်ခွာခရီး၊ ရှိခဲ့ပါမူ
ကြီးကြီးလတ်လတ်၊ချမ်းသာမပေး
မခန့်ရို့မကျိုး၊ ၀ါးလုံးထိုးသို့
မှိုချိုးမျှစ်နုတ်၊ ခွကာတုပ်လျှက်
စနောက်ပြောင်စပ်၊ ထပ်ခဲ့ပါ၏
ကာလ၀ိပတ်၊နောက်ပိုးထပ်လို့
ရာသီတွေပြောင်း၊ ချိန်ခါနှောင်းပြီး
ကျရောက်သမယ၊ ကိုယ့်အလှည့်မှာဖြင့်
ဘယ်ဆီကိုလွမ်း၊ ပုန်းရမှန်းမသိ
ကူညီလှည့်ပါ၊ မေခလာ……….



ဝါလကင်းလွတ်.. သီတင်းကျွတ် အတွက်
အနတ္တ

[+/-] အပြည့်အစုံသို့...

Tuesday, October 23, 2007

အင်ဂျင်နီယာ ဟာသများ (၁)

ဟာသ (၁)
အမေး။ ။စက်မှု နဲ့ မြို့ပြ အင်ဂျင်နီယာတွေ ဘာကွာလဲ။
အဖြေ။ ။စက်မှု အင်ဂျင်နီယာတွေ က လက်နက်တွေ ထုတ်လုပ်ပြီး၊ မြို့ပြ အင်ဂျင်နီယာတွေ က ပစ်မှတ်တွေ တည်ဆောက်ပါတယ်။

ဟာသ (၂)
ဆရာမ။ ။ဘိလပ်မြေနဲ့ ထုံး ရဲ့ ကွာခြားချက်တွေထဲက တစ်ခုလောက် ပြောပါဦး။
ကျောင်းသား။ ။ထုံးက ကွမ်းစားရင် ထည့်စားလို့ ရပြီး ဘိလပ်မြေက ကွမ်းယာထဲ ထည့်စားလို့ မရပါဘူး။

ဟာသ(၃)
သင်သည် အင်ဂျင်နီယာကောင်းတစ်ယောက်ဖြစ်ချင်လျှင် အောက်ပါ အချက်များကို လိုက်နာရပါမည်။

၁။ ဆားကစ် ဒီဇိုင်း တစ်ခုတွင် လူသုံးမများတော့သော အစိတ်အပိုင်း တစ်ခု၊ ရှာဖွေ၍ မရနိုင်သော အစိတ်အပိုင်း နှစ်ခု၊ လက်ရှိအချိန်တွင် ထုတ်လုပ်နေဆဲဖြစ်သော (ဈေးကွက်အတွင်း မရောက်သေးသော) အစိတ်အပိုင်း သုံးခု မဖြစ်မနေ ပါဝင် ရမည်။

၂။ မည်သည့် အရာကို မျှ သတ်မှတ်ချိန် အမီ နှင့် သတ်မှတ် ဘတ်ချက် အတိအကျ အတိုင်း ဆောက်လုပ် ခွင့်မရှိပေ။

၃။ အစိတ်အပိုင်းတစ်ခု နောက်ဆုံး စစ်ဆေးမှု မအောင်မြင်ချိန် ထိ ပျက်စီးမှု မဖြစ်အောင် ထိန်းသိမ်းနိုင်ရမည်။

၎။ အကယ်၍ သင် မပြုပြင်၊ မဆောင်ရွက် နိုင်လျှင် ထိုအကြောင်းအရာကို စာတင်လိုက်ပါ။

၅။ ဒီဇိုင်း အင်ဂျင်နီယာ ကောင်း တစ်ယောက်၏ အဓိကတာဝန်မှာ ထုတ်လုပ်သူအတွက် ထုတ်လုပ်မှု ခက်ခဲကြံ့ကြာစေသော၊ ဆားဗစ်အင်ဂျင်နီယာအတွက် ခေါင်းစားအောင် ကြိုးစားသော်လည်း မပြင်ဆင် နိုင်စေသော ဒီဇိုင်းများ ထုတ်လုပ်ရန် ဖြစ်ပါသည်။ သို့မဟုတ်ပါက ၄င်းတို့သည် သင်၏ ဒီဇိုင်းကို အထင်ကြီးမည် မဟုတ်ပါ။

အထက် ပါ စည်းမျဉ်းစည်းကမ်း ငါးရပ်ကို လိုက်နာ ရန် ပျက်ကွက်ပါက သင်သည် အင်ဂျင်နီယာကောင်း တစ်ယောက် မဖြစ်နိုင်ပေ။ လက်တွေ့စမ်းသပ်ကြည့်ကြပါခင်ဗျာ။


မှတ်ချက်။ ။ ဖတ်ဖူးသော ချောက်ဂျီတီအိုင် မဂ္ဂဇင်း တစ်ချို့နှင့် အင်္ဂလိပ် ဟာသများကို ကိုးကား ရေးသားပါသည်။

[+/-] အပြည့်အစုံသို့...

ဆွေးနွေးခြင်း

ကောင်းတမန်ကမေးတယ် အနတ္တ “ဒါနဲ့ ၀ါသနာ စွန့်နိုင်သွားပြီလား?”တဲ့ အနတ္တကပြောချင်ပါတယ် ၀ါသနာကိုစွန့်နိုင်ဖို့ဆိုတာလွယ်တာမှမဟုတ်တာ။ မစွန့်နိုင်သေးပါဘူးလို့ပဲပြောရမှာပေါ့။ အနတ္တထင်တာကတော့ ၀ါသနာဆိုတာ အချစ်လိုပဲလို့။ ကြားဖူးတာလေးတစ်ခုကိုနှစ်သက်တာနဲ့ပြန်ပြောပြပါရစေ…….. အချစ်ဆိုတာက ရှေးရေစက်ကြောင့်ရယ်၊ အနေနီးစပ်မှုကြောင့်ရယ်ကြောင့် ပေါက်ဖွားလာနိုင်တယ် ဆိုတာလေးပါ။ အဲဒီလိုပဲ ၀ါသနာဆိုတာက… ရှေးအထုံ(အလေ့အကျင့်)ကြောင့်ရယ်၊ အနေနီးစပ်လို့ရယ်ကြောင့် ပြန်လည်ရှင်သန်လာနိုင်တာပဲ မဟုတ်လား။
နောက်တစ်ခုက “ရဟန္တာ ကြီးက သင်္ကန်း အလှူခံရအောင် ရေအိုင် ကို မခုံတော့ပဲ ၀ါသနာ ကို စွန့်ဖို့ ကြိုးစားတာ။” လို့ပြောတယ်နော်… အနတ္တအထင်တော့ ရဟန္တာ ဆိုတာ လောဘစိတ်မရှိတော့လို့ အလှူခံရအောင်လို့ တော့မဟုတ်လောက်ဘူး။ ဒကာရဲ့လှူတန်းချင်တဲ့စိတ်(သဒ္ဒါတရား)ပျောက်သွားမှာစိုးလို့၊ သဒ္ဒါတရားပျောက်သွားရင် ကုသိုလ်လဲပျောက်သွားမှာစိုးလို့နေမှာပါ။ နောက်ပြီးအဲဒီအကြောင်းအရာနဲ့ပါတ်သက်ပြီးတောင်းပန်တဲ့အကြောင်းတင်ပေးပါအုန်းမယ် (ကောင်းတမန်နဲ့တော့မသက်ဆိုင်ပါဘူး)

အနတ္တ

[+/-] အပြည့်အစုံသို့...

"အမှားပြင်ဆင်တောင်းပန်ခြင်း"


ဝါသနာကိုစားသောအချစ် ဆိုတဲ့ထဲမှာ ၀ါသနာကို ဘုရား ကလွဲရင်ဘယ်သူမှ မစွန့်လွှတ်နိုင်သေးဘူးလို့ ပြောပြီး ရဟန်းဒါကြီး တစ်ပါးလို့ သုံးနှုန်းခဲ့ပါတယ်။ အဲဒီလိုရေးနေတဲ့အချိန်မှာ ကြားဘူးထားတာက ရဟန်းဒါကြီးဟာ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးလို့ ဆိုပြီး ကြားဘူးတာပါ။ ဒါပေမယ့် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး က မျောက်ဘ၀တော့ ရောက်ဘူးချင်ရောက်ဘူးခဲ့မယ် (ဘုရားအလောင်း မျောက်မင်းတောင်ရှိသေးတာကို)၊ ရေအိုင်(မြောင်း) တွေ့တိုင်း ခုန်မကူးလောက်ဘူးလို့ ၊ (ခုန်ကူးတယ်ဆိုတာကိုလက်မခံနိုင်လို့ )အတိအကျမရေးပဲ ရဟန်းဒါကြီးဆိုပြီးတော့ သုံးနှုန်းလိုက်တာပါ။ ရွှေပါရမီတောရဆရာတော် အရှဆန္ဒာဓိက ဟောကြားထားတဲ့ အနှိုင်းမဲ့ရဟန်း ဆိုတဲ့ တရားစာအုပ်ကလေးကိုဖတ်လိုက်ရတော့မှပဲ စိတ်ထဲ ရှင်းရှင်းလင်းလင်း ဖြစ်သွားတော့တယ်။ ဆရာတော်ဘုရား ဟောကြားထားတဲ့အထဲက သက်ဆိုင်ရာစာပိုဒ်ကလေးကို ဆရာတော်ဟောကြားတော်မှုတဲ့အတိုင်း ပြန်လည်ရေးသားတင်ပြ လိုက်ပါတယ်။ …………….
ဆရာတော်ဟောကြားထားတာကတော့…..
"မျောက်ဘ၀က လာခဲ့လို့ အရှင်သာရိပုတ္တရာ မြောင်းတွေ့ရင် ခုန်ချင်တယ်၊ ချောင်းတွေ့ရင် ခုန်ကူးချင်တယ် ဆိုတဲ့ စကားဟာ ထေရ၀ါဒ ပိဋကတ်တော်တွေမှာ လုံးဝမပါတဲ့ တစ်ဆင့်ကြား ပါးစပ်ရာဇ၀င်စကားသာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မဟာယာနကျမ်းတစ်ကျမ်း ကျမ်းမှာပါတဲ့ ဘုရားလောင်းဝါဒ စည်းရုံးသိမ်းသွင်းမှုသာဖြစ်ပါတယ်။ အရှင်သာရိပုတ္တရာကို သက်သက်သိက္ခာချတဲ့စကားပါ။ လုံးဝ မမှန်ပါဘူး။
အရှင်သာရိပုတ္တရာရဲ့ သန္တာန်မှာ တဏှာဆိုတဲ့ လောဘကိလေသာသာ ၀ါသနာအငွေ့အသက် မရှိသလောက် ကင်းစင်တာ မဟုတ်ပါဘူး။ ဒေါသ၊ မာန စတဲ့ တခြားကိလေသာတွေ အားလုံးလည်း ၀ါသနာ အငွေ့အသက် မရှိသလောက် ကင်းစင်ပါတယ်။"………...
မှားယွင်းစွာမှတ်သားမိခဲ့၊ ရေးမိခဲ့တဲ့ အတွက် ထေရ၀ါဒ ဗုဒ္ဓဘာသာ အားလုံးကို အထက်ပါစာပိုဒ်ကလေးနဲ့အတူ လေးစားစွာ တောင်းပန်အပ်ပါတယ်။

အမှောင်ကိုခွင်း၍ အလင်းဆောင်နိုင်ကျပါစေ…………..
အနတ္တ

[+/-] အပြည့်အစုံသို့...

Monday, October 22, 2007

စိတ်မီးအိမ် ကို နောက်မှ သစ်ပင်လာစိုက်မယ်။

ငါ စိတ်မီးအိမ် ဥယျာဉ်မှာ သစ်ပင်စိုက်ဖို့ လာမယ်ဆိုပြီး ပြင်ဆင်နေတုန်းမှာဘဲ(နင်တို့ထင်သလို ဘိနပ်တော့ မပြတ်သေးဘူးဟ သိလား ခုံဖိနပ်ဆိုတော့ပြတ်ချင်တာတောင် တော်တော်နဲ့ မပြတ်လို့ ငါ စိတ်ကုန်နေတာ ) ပြည်ပကနေနေပြည်တော်ကို အလုပ်ကိစ္စနဲ့ ခဏပြန်လာတဲ့ သူငယ်ချင်းတစ်ယောက်ကိုသွားတွေ့ရတယ်ဟာ သိလား.... ငါ့မှာလည်း အဲ့ဒီသူငယ်ချင်းက မင်းနေပြည်တော်ကိုတခါမှ မရောက်ဖူးတဲ့ တောသားလူလည်လေးဖြစ်နေတော့ ငါ မအားတဲ့ ကြားထဲကသူ့ဆီကို သွားတွေ့ရတာပေါ့ ... သူနေတဲ့ ပိတောက်အိမ်ရာကို ရှာရင်းရှာရင်း......... အဲ့လိုနဲ့ ငါရောက်သွားတော့ ငါ့ သယ်ရင်းကအဖျားတွေတက်ပြီး အိပ်ယာထဲမှာဘဲ လဲနေတယ်ဟာ . . . အဲ့ဒါနဲ့ ငါလည်း သူ့ကိုကုတင် ၃၀၀ ဆေးရုံမှာ လိုက်ပြပေးရတယ်ဟ . . . သနားစရာကောင်းတာက ငှက်ဖျားရောဂါမရှိတဲ့ ငါ့သယ်ရင်းကို ဆရာဝန်မက သေချာမစစ်ဘဲနဲ့ငှက်ဖျားဆေးတွေမှားပေးထားတော့ ဒီကောင်အလူးအလဲခံနေရတာပေါ့ဟာ သိလား . . .အဲ့ဒါနဲ့ ငါလည်း ည ၁၀ နာရီလောက်မှ အဆောင်ကို ပြန်ရောက်တယ်လေဟာ.....ဒါနဲ့ဘဲ စိတ်မီးအိမ် က ည ၁၀ နာရီကျော်ရင် ပိတ်ပြီထင်လို့ ငါ မလာတော့တာ။

အရိပ်

[+/-] အပြည့်အစုံသို့...

"၀ါသနာကိုစားသောအချစ်"

သီတင်းကျွတ်နဲ့ပါတ်သက်ပြီး ကဗျာတစ်ပုဒ်ရေးမလို့ပဲ ဒါပေမယ့် ရေးလို့မရဘူးဖြစ်နေတယ်။ အဲဒါနဲ့လွန်ခဲ့တဲ့ ငါးနှစ်ခြောက်နှစ်လောက်က အရူးထဖူးတဲ့အကြောင်းအရာလေးကို သွားသတိယတယ်။ အဲဒီအရူးထပြီးရေးတဲ့ အကြောင်းအရာလေးကတော့ " ၀ါသနာကိုစားတဲ့အချစ်" ဆိုပါတော့ဗျာ………..

"၀ါသနာကို စားတဲ့ အချစ်"

တခါတုန်းက ချောက် သခင်ဖိုးလှကြီး စက်မှုလက်မှုသိပ္ပံ ကျောင်းကလေးမှာ နေ့ကျောင်းသားတွေရယ်၊ ညကျောင်းသားတွေရယ်၊ ဆရာဖြစ်ကျောင်းသားတွေရယ် အားလုံးဆုံစည်းပြီး ကျောင်းတော်ဟာ အတော်စည်စည်ကားကား ရှိခဲ့ဘူးတယ်။ အမိကျောင်းတော်ရဲ့ အနောက်မြောက်ဘက်မှာတော့ ချင်တောင်မ ဆိုတဲ့ဘွဲ့နှင့် စေတီတစ်ဆူဟာ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်းပေါ်မှ သပ္ပါယ်စွာနဲ့ ယနေ့တိုင်အောင် တည်ရှိနေပါတယ်။ အမိကျောင်းတော်ကို လာရောက်ပြီး ပညာနို့ရည် သောက်စို့ ကြတဲ့သူတွေကတော့ အနယ်နယ်အရပ်ရပ်ကပေါ့ ။ ချင်တောင်မဘုရားကုန်းတော်မှာ မနက်စောစောပိုင်းနဲ့ ညနေပိုင်း၊ ညပိုင်း တို့မှာဆိုရင် ကျောင်းသူကျောင်းတို့နဲ့ စည်ကားနေတာပေါ့။ ကျောင်းဘက်နဲ့ အဆောင်ဘက်တွေကနေပြီး ချင်တောင်မဘုရားဆီကို သွားတဲ့အခါမှာ ဘုရားပေါ်မတက်ခင် ဘုရားဘက်ကိုလမ်းလေး ချိုးကွေ့လိုက်တော့ လမ်းရဲ့အရှေ့ဘက်မှာ "My Youk Tiger Hostel" ဆိုတဲ့အဆောင်လေး တစ်ဆောင်ရှိတယ်။ အဲ့ဒီအဆောင်လေးမှာ သူငယ်ချင်း သုံးယောက်အတူတကွ နေထိုင်ကြတယ်။ အဆောင်ရဲ့နာမည်လေးကိုတော့ အဆောင်မှာ အရင်နေသွားတဲ့ နောင်တော်ကြီးတွေ ပေးထားတဲ့အတိုင်းပဲ ထားရှိလိုက်ကြတယ်။ အဲ့ဒီ သူငယ်ချင်းသုံးယောက် ကတော့ အနိစ္စရယ်၊ ဒုက္ခရယ်၊ အနတ္တရယ် ဆိုပဲ…… သူတို့ဟာ တနယ်တည်း သူငယ်ချင်းတွေ နဲ့ရော တနယ်ခြားသူငယ်ချင်းတွေနဲ့ပါ ခင်ခင်မင်မင်၊ ပျော်ပျော်ရွှင်ရွှင် နဲ့ နေထိုင်ကြတယ်။ လိမ်လိမ်မာမာ ရှိတယ်လို့တော့ မဆိုနိုင်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ တခြားသူငယ်ချင်းတွေနဲ့ဆုံမိကြရင် အရက်ဝိုင်းဖွဲ့ ပြီး သောက်တတ်ကြတယ်၊ အဆောင်မှာနေတဲ့သူတွေစုပြီးတော့လဲ 21 ကစားကြသေးတာကို။ စာသင်ချိန်ပြင်ပမှာ အများဆုံးအချိန်ဖြုန်းတတ်တာကတော့ ခြင်းခတ်တယ်၊ ဘောလုံးကန်တယ်၊ Chess ကစားတယ်၊ ကောင်မလေး သူငယ်ချင်းတွေအဆောင်ကို သွားလည် တတ်ကြပါတယ်။ အနိစ္စက ခြင်းခတ်တာကိုဝါသနာပါတယ်၊ ဒုက္ခကတော့ သီချင်းဆိုတာကိုစိတ်ဝင်စားပြန်ရော အနတ္တကတော့ Chess ထိုးတာကို ၀ါသနာပါပြန်ရော…. အဲဒါပေမယ့် တစ်ဆောင်လုံးမှာတော့ Chess မထိုးတတ်သူရယ်လို့ မရှိကြဘူးပေါ့။ သူတို့အဖွဲ့ က အဆောင်မှာ ကစားရတာ အားမရရင် တခြားအဆောင်တွေမှာ သွားကစားတယ်၊ လမ်းထိပ်လဖက်ရည်ဆိုင်တွေမှာ သွားကစားနေကြတော့တာပဲ…. တခါတခါများဆိုရင်ဝါသနာအားကြီးတာတော့ မပြောနဲ့တော့ တစ်ဖွဲ့လုံးထမင်းစားဖို့မေ့၊ အိပ်ချိန်တွေမေ့နဲ့ ကစားခဲ့ကြတာပဲ။ အနတ္တ ဆိုရင် Chess ကစားဖို့အတွက် ကျွန်းပေပြားကြီးတွေကို သေချာစပ်ပြီး ရေပေါ်ပြောင်အောင်ထိုး ပေါလစ်တင်ထား တစ်ဘက်ကိုပြောင်နေအောင်ထား၊ တဘက်ကို Chess ခုံလုပ်ထားတာပဲ… အဲဒီလိုနဲ့ ရာသီတွေပြောင်း၊ သင်တန်းတွေပြီးဆုံးသွားတော့ ရေကြည်ရာ၊ မျက်နုရာ ဆိုသလိုပဲ တကွဲတပြားဆီးဖြစ်သွားကြတော့တာပေါ့။ ကံအကြောင်းပါပြီး အနတ္တဟာ မူယာဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ကျပြီး သမီးလေး မာယာကို မွေးဖွာလာတာ အခုဆိုရင် ကျောင်းနေတဲ့အရွယ်တောင်ရောက်ရှိနေပါရော….. ကလေးကျောင်းသုံးစရိတ်ကလည်း အလျှင်မမှီ၊ လူကြီးအိမ်သုံးစရိတ်ကလည်း မလောက်ရတဲ့ကြားထဲ သမီးလေးမာယာကလည်း စာကြည့်စားပွဲ ၀ယ်ပေးဖို့ ပူစာလာပြန်တော့ အကြံကုန်ဂဠုန်ဆားချက် ဆိုတဲ့အတိုင်းပဲ ဒေါ်ရွှေမူယာက ကိုအနတ္တရယ်တဲ့ တော့်ခေါင်းရင်းမှာ ဘာမှမသုံးပဲထားတဲ့ပျဉ်ပြားကြီးရှိတာပဲတဲ့ ခြေထောက်လေးချောင်းတပ်ပြီး အဲဒီပျဉ်ပြားကြီးကို အကွက်တွေအောက်က ထား၊ မှောက်ခင်းလိုက်ရင် ကလေးစာကြည့်ဖို့စားပွဲဖြစ်ပြီပေါ့ ဆိုတော့ မောင်အနတ္တလည်း အမိန့်တော်မြတ်အတိုင်းပါလို့ စိတ်ကတွေးပြီး စာကြည့်စာပွဲ စတင်လုပ်ဆောင်ရတော့တာပေါ့။အဲဒီအချိန်မှာ အနိစ္စရယ်၊ ဒုက္ခရယ်က ဘယ်ကနေဘယ်လိုဆုံ ပြီး ပေါက်ချလာတယ်မသိပါဘူး။အနတ္တလုပ်ကိုင်နေတဲ့အကြောင်းလည်းသိရော ကြားဖူးသမျှတွေထဲက တရားတိုတိုထွာထွာ လေးတွေကို နှစ်ကောင်သားပေါင်းပြီးဟောပါလေရောဗျာ……. ဟေ့ကောင်အနတ္တ တို့ဗုဒ္ဓမြတ်ဘုရားက သဗ္ဗညုတရွှေညာဏ်တော်ကိုရပြီးတဲ့နောက်မှာ ၀ဋ်ကျွေးရယ်၊ ၀ါသနာရယ်ဆိုတဲ့ ''၀'' နှစ်လုံးထဲက ၀ါသနာဆိုတဲ့ ''၀''တစ်လုံးကို ပယ်လိုက်နိုင်တယ်။ ဘုရားကလွဲပြီး ရဟန္တာပုဂ္ဂိုလ်တောင် အဲဒီ ၀ နှစ်လုံးစလုံးကို မပါယ်သတ်နိုင်သေးဘူးကွ။ တစ်ခါက ရဟန္တာပုဂ္ဂိုလ်မြတ်ကြီးကို ဒကာတစ်ယောက်က သင်္ကန်း (၃) စုံလှူမယ်လို့ရည်မှန်းပြီး ပင့်ဖိတ်တာပေါ့ ဒကာလှူဒါန်းမယ့် နေရာကို သွားတဲ့လမ်းမှာ ရေအိုင်လေးတွေရှိနေသတဲ့ ရေအိုင်တစ်ခုတွေ့တိုင်း ရဟန္တာကိုယ်တော်မြတ်ကြီးက ခုန်ကူးလိုက်သတဲ့ အဲဒါလဲ ကူးချင်လို့ကူးတာမဟုတ်ဘူး ဟိုအရင် မျောက်ဘ၀တုန်းက ခုန်ကူးခဲ့တဲ့ ၀ါသနာကို ရဟန္တဖြစ်နေတာတောင် မပါယ်သတ်နိုင်သေးလို့ ၊ မစွန့်လွတ်နိုင်သေးလို့ကူးမိတာကွ။ ဒါပေမယ့် အဲဒီဒကာကြီးက ရဟန်းရယ်၊ရှင်ဘုရင်ရယ်၊ဆင်ဖြူတော်ရယ်၊ အမျိုးသမီးရယ် ဟာ လမ်းသွားလို့ ပြေးလွှားခုန်ပေါက် သွားရင် ဣိနြေ္ဒပျက်တယ်ဆိုတာ ကိုသိလေတော့ လှူမယ့်သင်္ကန်း သုံးစုံထဲက တစ်စုံလျှော့လိုက်တာပေါ့။ နောက်ရေအိုင်လေးတစ်အိုင်တွေတော့ ၀ါသနာရဲ့စေ့ဆော်မှုကြောင့် ခုန်မိသွားပြန်ရောတဲ့၊ ဒါနဲ့ သင်္ကန်းတစ်စုံ ထပ်လျှော့လိုက်ပြန်ရော။ နောက်တစ်အိုင်လဲတွေ့ရော ရဟန်းဒါကြီးက အင်းဒီရေအိုင်မှာသာခုန်ကူးမိရင် ဒါကာကြီးက သင်္ကန်းတစ်စုံမှ လှူဖြစ်မှာ မဟုတ်တော့ဘူးလို့ စိတ်မှာတွေးပြီး ရေအိုင်ထဲလျှောက်သွားသတဲ့။ အဲဒီအကြောင်းကို ဒကာကြီးက မေးလို့သိပြီး ရဟန္တာပုဂ္ဂိုလ် မှန်းလဲသိရော သင်္ကန်း ခုနှစ်စုံလျှူလိုက်သတဲ့………..

အခုကြည့်ပါလား တို့ကောင်အနတ္တက သူ့ရဲ့ ၀ါသနာ ကို အချစ်နဲ့ အစားထိုးလိုက်ပြီး စာပွဲခုံလေးလုပ်လိုက်တာ အခုဆိုရင် Chess ခုံလေးကနေပြီ စားပွဲခုံလေးဖြစ်နေပြီလေ……….


အနတ္တ

(ကောင်းတမန်ရဲ့ သီတင်းကျွတ် အထူးဖိတ်ခေါ်ပွဲအတွက်)

[+/-] အပြည့်အစုံသို့...